ဒီကိစ္စကို ဖြေရှင်းနိုင်ခဲ့လို့ နဝမ မတ်လေးနဲ့ ယောင်းမလေးကို ကျေးဇူးတင်ပါတယ်
Vol. 1 Ch. 11
ဟဲကျစ်ယန်သည် အဘွားချန်ထံမှ သတင်းပေးချက်ကို ကြားရသည်နှင့် အခြေအနေကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးသားပင်။
ထိုအစေခံနှစ်ယောက်မှာ သောက်ရေထဲတွင် အဆိပ်ခံခဲ့ရတာဖြစ်ပြီး သူမတို့ သောက်မည့် ဆန်ပြုတ်ထဲတွင်လည်း အဆိပ်ရှိနေမည်မှာ သေချာသလောက်ပင်။ တစ်စုံတစ်ယောက်က ရေတွင်းကို အဆိပ်ခပ်သွားခြင်း ဖြစ်နိုင်ပေသည်။
“အမေ မီးဖိုချောင်လေးထဲမှာ သုံးတဲ့ ရေတွေက ဘယ်ကလဲ”
“အမေတို့ ခြံဝန်းအနောက်က ရေတွင်းထဲကပါ”
အများကြီး တွေးမနေတော့ဘဲ ဟဲကျစ်ယန်သည် ရေတွင်းရှိရာသို့ ချက်ချင်း မြန်မြန် လျှောက်သွားလိုက်၏။
ဟဲကျစ်ယန်သည် ရေတစ်ပုံးကိုခပ်လိုက်ပြီး ရေကို သူမ၏ လက်ချောင်းများနှင့် ထိကြည့်ကာ လက်ချောင်းထိပ် နှစ်ခုကို ပွတ်သပ်ပြီး အနံ့ခံကြည့်လိုက်သည်။
လူတိုင်းမှာ ဟဲကျစ်ယန်၏ တရစပ် လုပ်ရပ်များကို အသက်အောင့်ကာ ကြည့်နေကြသည်။
သူမက သစ်သားရေပုံးကို ဘေးသို့ ချလိုက်သောအခါမှ သခင်မကြီးမော့က အမြန်မေးလိုက်၏။ “ရေထဲမှာ အဆိပ်ရှိနေတာလား”
ဟဲကျစ်ယန်သည် အလွန် လေးနက်စွာ ပြောလိုက်သည်။ “အဆိပ်က ဒီရေတွင်းထဲကပဲ”
ထိုစကားကိုကြားပြီးနောက် သခင်မကြီးမော့ ချက်ချင်းပဲ မျက်မှောင်ကြုံ့လိုက်သည်။
ကာကွယ်ရေးဝန်ကြီး အိမ်တော်က ဆင်းရဲဒုက္ခထဲ ကျရောက်တော့မည်ဖြစ်သော်လည်း အိမ်တော်သခင်မတစ်ယောက်အနေနှင့် သူမတွင် လုပ်ပိုင်ခွင့် ဩဇာအာဏာ အပြည့် ရှိနေသေးသည်။
“တစ်ယောက်ယောက် ချက်ချင်း သွားစုံစမ်းကြည့်စမ်း။ ဒီအဆိပ်ခပ်တာရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ ငါသိချင်တယ်”
ခြံဝန်းအတွင်းရှိ အိမ်အကူများက ချက်ချင်းပဲ လုပ်ဆောင်ကြပြီး သိပ်မကြာခင်ပင် တစ်စုံတစ်ယောက်က သတင်းပို့လာ၏။
“သခင်မကြီး၊ အဘွားလျှို့ သူ့အခန်းထဲမှာ ကြိုးဆွဲချပြီး သေဆုံးနေပါတယ်”
အိမ်တော်တွင်းရှိ သခင်မများနှင့်အတူ သခင်မကြီးမော့သည် အစေခံတန်းလျားသို့ ချက်ချင်း သွားလိုက်ကြသည်။
ထုပ်တန်းတွင် ချိတ်ဆွဲလျက် အသက်မဲ့နေပြီဖြစ်သော အဘွားလျို့၏ အလောင်းအား တွေ့လိုက်ရ၏။
သခင်မကြီးမော့သည် အစေခံများအား အဘွားလျို့၏ အလောင်းကို အောက်သို့ချရန် အမိန့်ပေးလိုက်သည်။
သူမရှေ့ရှိ အရာအားလုံးကို တစ်ချက်ကြည့်ပြီးနောက် ဟဲကျစ်ယန်၏ ပထမဆုံးအတွေးမှာ အဘွားလျို့က ကြောက်လို့ သူမကိုယ်သူမ သတ်သေသွားတာဟုပင်။
ထိုသို့သာဆိုပါက ဤကိစ္စ၏ နောက်ကွယ်မှလူသည် ကာကွယ်ရေးဝန်ကြီး အိမ်တော်၏ ရန်သူဖြစ်နိုင်သည်။
သမိုင်းမှတ်တမ်းများထဲတွင် ဧကရာဇ်၏ မော့မိသားစုအပေါ် ကြောက်ရွံ့မှုကလွဲ၍ သူတို့အပေါ် မကျေနပ်နေသော တခြားလူများကို ဖော်ပြမထားခဲ့ပေ။
သို့သော် ဧကရာဇ်မင်းမြတ်သည် မော့မိသားစုအား ပြည်နှင်ဒဏ်ပေးရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် တစ်စုံတစ်ယောက်ကို စေလွှတ်ကာ အဆိပ်ခတ်ခိုင်းရန် မလိုအပ်တော့ပေ။
ဒါဆို ဒီကိစ္စနောက်ကွယ်က ဘယ်သူဖြစ်နိုင်လဲ။
သူမ တွေးနေစဉ်ပင် သခင်မကြီးမော့သည် အိမ်တော်၏ သခင်မဟူသော အာဏာကိုသုံးကာ တစ်စုံတစ်ယောက်အား အဘွားလျို့၏ ခန္ဓာကိုယ်နှင့် ပိုင်ဆိုင်မှုများကို စစ်ဆေးခိုင်းနေသည်။
အဘွားလျို့၏ ကိုယ်ပေါ်တွင် ကြေးပြားအနည်းငယ်မှလွဲ၍ ဘာမှမရှိပေ။
သို့သော် သူမ၏ အိပ်ရာထောင့်တွင် စက္ကူထုပ်လေး တစ်ထုပ်ကို တွေ့ရှိခဲ့ကြ၏။
အစေခံများက စက္ကူထုပ်ကို သခင်မကြီးမော့ဆီ ယူဆောင်လာကြသည်။
သခင်မကြီးမော့သည် စက္ကူထုပ်ကိုယူကာ အားလုံးရှေ့တွင် ဂရုတစိုက် ဖွင့်လိုက်သည်။
အထုပ်ထဲတွင် ဘာမှမရှိတော့သော်လဲ စက္ကူတွင် ကပ်ကျန်နေခဲ့သော အမှုန့်ဖြူလေးများကြောင့် ဒီအိတ်ထဲတွင် ဆေးတစ်မျိုးမျိုး ရှိခဲ့လိမ့်မည်ဟု ခန့်မှန်းမိပေသည်။
အတိတ်တုန်းကသာဆိုပါက သခင်မကြီးမော့သည် ချက်ချင်းပဲ သမားတော်ခေါ်ကာ စစ်ဆေးခိုင်းမည်ဖြစ်သည်။
သို့သော် ဒီနေ့ကတော့ ထူးခြားနေသည်။ မော့ကျိုးယွီသည် မနေ့ညက ဆိုးရွားစွာ ရိုက်ခံခဲ့ရသော်လည်း သမားတော်မပင့်နိုင်ခဲ့ပေ။ အခု တစ်ယောက်ယောက်အား ခေါ်လျှင်လည်း အချည်းနှီးသာ ဖြစ်ပေလိမ့်မည်။
အခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဟု သူမ တွေးနေစဉ်ပင် ဟဲကျစ်ယန်က ရှေ့သို့ တိုးလာ၏။
“အမေ ကျွန်မ ဆေးပညာအနည်းငယ် တတ်ကျွမ်းပါတယ်။ ကျွန်မကို ကြည့်ခွင့်ပေးနိုင်မလား”
သခင်မကြီးမော့သည် ဟဲကျစ်ယန်အားကြည့်ကာ ခဏတာ တုံ့ဆိုင်းသွားသော်လည်း သူမလက်ထဲသို့ ထိုစက္ကူထုပ်ကို ပေးလိုက်သည်။
“ဒါက အဆိပ်နဲ့တူတယ်။ သတိထားပါ”
ဟဲကျစ်ယန်သည် စက္ကူထုပ်ကို ယူကာ နှာခေါင်းအောက်တွင် ခဏအနံ့ခံလိုက်ပြီး ထို့နောက် လက်ချောင်းထိပ်ဖြင့် ပွတ်ကြည့်လိုက်သည်။
ထို့နောက် သခင်မကြီးမော့အားကြည့်ကာ ပြောလိုက်၏။ “အမေ ဒါက ရေတွင်းထဲက အဆိပ်ပါပဲ”
ထိုစကားကို ကြားသောအခါ သခင်မကြီးမော့သည် လက်သီးကို ကျစ်နေအောင် ဆုပ်လိုက်မိ၏။ “လျို့က သူမ ငယ်ငယ်လေးထဲက ငါ့ဘေးမှာ ခစားလာခဲ့တာ၊ ငါ သူမအပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံပေးခဲ့ပါတယ်။ သူမ ဘာလို့ဒီလိုမျိုး လုပ်ရတာလဲ”
“အမေ အဘွားလျို့ နောက်မှာ သူမကို စည်းရုံးသွားတဲ့ တစ်ယောက်ယောက် ရှိရမယ်” ဟဲကျစ်ယန်သည် သူမအား သတိပေးလိုက်၏။
“ဒီလို ကိစ္စမျိုးအတွက် စည်းရုံးဖို့ ဘယ်သူကများ မော့မိသားစုကို ဒီလောက် မုန်းတီးနေရတာလဲ” သခင်မကြီးမော့မှာ နောက်ကွယ်ကလူ ဘယ်သူလဲဆိုတာ မခန့်မှန်းနိုင်ပေ။
သို့သော် သူမသည် အခုလောလောဆယ်တွင် ကာကွယ်ရေးဝန်ကြီးအိမ်တော်က ပြဿနာများဖြင့် ရှုပ်နေသောကြောင့် ဒီကိစ္စကို ကောင်းကောင်း မစုံစမ်းနိုင်မှန်း သူမ သိနေပေသည်။
သခင်မကြီးမော့က သက်ပြင်းချလိုက်၏။ “ဒီကိစ္စကို ခဏထားလိုက်ဦး၊ ပြီးမှ ကျိုးယွီနဲ့ ဆွေးနွေးကြမယ်”
ထိုအချိန်တွင် အားလုံးမှာ ဟဲကျစ်ယန်အား ကျေးဇူးတင်စွာ ကြည့်လိုက်ကြသည်။
“ညီမလေးကျစ်ယန်၊ ဆန်ပြုတ်ထဲက အဆိပ်ကို အချိန်မှီ ရှာတွေ့သွားလို့ တကယ်ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ တစ်မိသားစုလုံးကို ကယ်တင်လိုက်နိုင်တယ်” အကြီးဆုံးမရီးက ပထမဆုံး ကျေးဇူးတင်စကား ပြောလိုက်၏။
“ဟုတ်တယ်၊ ကျေးဇူးပါ ညီမလေးကျစ်ယန်။ ငါတို့ ဒီဒုက္ခကြီးကို ဖြတ်ကျော်နိုင်ခဲ့ပြီ”
“ညီမလေးကျစ်ယန်ကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်”
“ညီမလေးကျစ်ယန်က တကယ်ကို ထူးချွန်တာပဲ”
“…”
ဟဲကျစ်ယန်သည် သူမ ရိုးရိုးသားသား လုပ်ပေးလိုက်တာဖြစ်ပြီး ကျေးဇူးတင်ခံလို၍မဟုတ်ပေ။ သူမ၏ မရီးများက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြသည်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ “ကျွန်မတို့က မိသားစုတွေပဲ။ အဲ့လောက်ကြီး မယဉ်ကျေးပါနဲ့”
သခင်မကြီးမော့သည် အခုထိ ထိတ်လန့်နေသေးသော သူမ၏ ချွေးမများကိုကြည့်ကာ မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်၏။ “ချွေးမငယ်ကျစ်ယန်ပြောတာ မှန်တယ်။ ငါတို့က တစ်မိသားစုတည်းပဲ။ တကယ်ကျေးဇူးတင်တယ်ဆိုရင် နောက်ပိုင်းကျ အပြုအမူနဲ့ ပြန်သက်သေပြပေးကြပါ”
သူမတို့၏ ယောက္ခမကြီးက လေးလေးနက်နက် ပြောနေသည်ကိုမြင်ပြီး ချွေးမများမှာ ချက်ချင်းပင် တိတ်သွားကြသည်။
သခင်မကြီးမော့က အမိန့်ပေးလိုက်သည်။ “အရင်ဆုံး လျို့ရဲ့အလောင်းကို ရှင်းလင်းလိုက်။ ပြီးရင် တခြားခြံဝန်းထဲက ရေတွင်းထဲက ရေငင်ပြီး မနက်စာကို ပြန်ပြင်ဆင်ကြ”
သူမတို့ ဒီနေ့သာ ပြည်နှင်ဒဏ်ပေးခံရပါက နောက်ပိုင်းတွင် ထမင်းကောင်း တစ်နပ် စားရဖို့က ခက်ခဲသွားပြီဖြစ်သည်၊ ထို့ကြောင့် ဒီအချိန်တွင် ကောင်းကောင်း စားသောက်ထားရမည်ဟု တွေးလိုက်၏။
အစေခံများက သူမ၏ အမိန့်အတိုင်း ချက်ချင်း လုပ်ဆောင်ကြတော့သည်။
သခင်မကြီးမော့သည် အမျိုးသမီးများနှင့်အတူ ဟောခန်းမထဲ ပြန်လာခဲ့ကြသည်။
“မနေ့ညက မင်းတို့ရဲ့ ပြင်ဆင်မှုတွေ ဘယ်လိုအခြေအနေရှိလဲ” အစေခံများက မနက်စာပြန်လည် ပြင်ဆင်နေစဉ် သခင်မကြီးမော့က မေးမြန်းလိုက်သည်။
“အမေ ညီမလေးကျစ်ယန် ပြောထားသလိုပဲ ကျွန်မရဲ့ အတွင်းဝတ်ထဲမှာ အိပ်ကပ်လေး ကပ်ချုပ်ပြီး ငွေစာရွက်ကို ပိုးထည်နဲ့ပတ်ပြီး ထည့်ထားပါပြီ” မရီးတစ်ယောက်က ပြောလိုက်သည်။
“အမေ ကျွန်မအတွက်လည်း ပြင်ဆင်ပြီးပါပြီ”
“ကျွန်မလည်း ပြင်ဆင်ပြီးပါပြီ”
မရီးရှစ်ယောက်လုံးက သူမတို့ လိုအပ်တာကို ပြင်ဆင်ပြီးပြီဖြစ်ကြောင်း ပြောလိုက်ကြသည်။
သခင်မကြီးမော့ ခေါင်းငြိမ့်လိုက်ပြီး “ကောင်းပြီ၊ တစ်ခုခုဖြစ်လာခဲ့ရင် မင်းတို့အားလုံး ပါးနပ်ရမယ်နော်”
မွေးကတည်းက ရိုးသားနုံအသော မော့ဟန်ယွဲ့မှာ သူမ၏ အမေနှင့် မရီးများ ဘာကိုပြောနေလဲ နားမလည်ခဲ့ပေ။
“အမေ၊ မရီးတို့ ဘာတွေ ပြင်ဆင်နေကြတာလဲ”
သခင်မကြီးမော့သည် သူမ၏ အပြစ်ကင်းစင်သော သမီးလေးကိုကြည့်လိုက်သော်လည်း အဖြစ်မှန်ကို မပြောပြသေးရန် ဆုံးဖြတ်လိုက်သည်။
“ဟန်ယွဲ့က ငယ်သေးတော့ ဘာကိုမှ စိတ်ပူစရာ မလိုသေးပါဘူးကွယ်”
မော့ဟန်ယွဲ့ အနည်းငယ် စိတ်မကောင်းဖြစ်မိသော်လည်း သူမ၏ မိခင်က ဒီနေ့ စိတ်အခြေအနေကောင်းမနေမှန်း သိနေသည်။ သူမကို စိတ်တိုမှာစိုးသောကြောင့် ငြိမ်ငြိမ်လေးသာ ထိုင်နေလိုက်၏။
ထို့နောက် အစေခံများက အသစ်ပြင်ဆင်ထားသော မနက်စာကို ယူဆောင်လာကြသည်။
ဟဲကျစ်ယန် စစ်ဆေးကြည့်လိုက်ပြီး အန္တရာယ်ကင်းသည်ဆိုမှ အကုန်လုံး စားသောက်ကြတော့သည်။
သို့သော် စားသောက်နေစဉ် လေထုကတော့ ထူးခြားနေခဲ့၏။
လူတိုင်းမှာ စိတ်ဓာတ်ကျနေပုံပေါ်ပြီး ဤတစ်နပ်က အားလုံးအတွက် နောက်ဆုံး ထမင်းတစ်နပ်လိုပင်။
ဟဲကျစ်ယန်သည် ဘာမှ များများစားစား မပြောတော့ဘဲ ဆန်ပြုတ်ကို မြန်မြန်လက်စသတ်ကာ ထရပ်လိုက်သည်။
“အမေ၊ ကျွန်မယောက်ျားအတွက် အစားအစာနည်းနည်း ပြန်ယူသွားလိုက်ပါမယ်”
သူမသည် မော့ကျိုးယွီနှင့် မြန်မြန်တွေ့ချင်နေခဲ့သည်။ လျို့ဖော့ကျီးအား အဆိပ်ခတ်ဖို့ စေခိုင်းသည့် နောက်ကွယ်ကလူကို အခုထိ မသိရသေးပေ။
မော့ကျိုးယွီထံမှ အဖြေရကောင်းရနိုင်ပေသည်။
မင်္ဂလာခန်းထဲတွင် မော့ကျိုးယွီသည် ယခင်ပုံစံအတိုင်း လဲလျောင်းလျက်ပင်။
ဟဲကျစ်ယန် ပြန်လာသည်ကို မြင်သောအခါ သူက မေးလိုက်၏။ “အပြင်မှာ တစ်ခုခုဖြစ်နေတာလား”
ဟဲကျစ်ယန်သည် ခုတင်နှင့်သိပ်မဝေးသော စားပွဲတွင် စားစရာကို တင်လိုက်သည်။
“အများကြီးတော့ မဖြစ်ပါဘူး ဒါပေမဲ့ အမေ့ခြံဝန်းထဲက ရေတွင်းကို တစ်ယောက်ယောက် အဆိပ်ခတ်သွားတယ်။ ကံကောင်းလို့ ကျွန်မ အချိန်မီလေး ရှာတွေ့လိုက်လို့ပဲ။ မဟုတ်ရင် အိမ်ထဲကလူတိုင်း အသက်အန္တရာယ်ကြုံနေရလောက်ပြီ”