ကျွန်မ ဒီမှာရှိနေသရွေ့ မော့မိသားစုဝင် တစ်ယောက်မှ လျော့မသွားစေရဘူး
Vol. 1 Ch. 13
သူတို့အားလုံး တိကျတဲ့သတင်းတစ်ခုကို ရလိုက်ပြီမှန်း ရှင်းရှင်းလင်းလင်း သိနေကြသည်။ သူတို့ တတ်နိုင်သည့်အရာမှာ ထိုင်စောင့်ဖို့သာ။
ဧကရာဇ်က အိမ်တော်ကို ခိုးယူဖျက်ဆီးဖို့ လူတွေ လွှတ်လိုက်မှာကို စောင့်နေကြရုံသာဖြစ်သည်။
…..
နန်းတော်တွင်းရှိ ရွှေရောင်ဟောခန်းမကြီးထဲတွင်။
ဧကရာဇ်ရွှင်းဝူသည် ဒေါသတကြီး အော်ဟစ်လိုက်၏။
“မင်းတို့လို အသုံးမကျတဲ့ အရက်ဂျိုးတွေနဲ့ ဆန်အိတ်တွေကို ပျိုးထောင်ပေးထားတာ ဘာသုံးစားရလဲ အသုံးမကျတဲ့ကောင်တွေ။ နိုင်ငံ့ဘဏ္ဍာတိုက်က ဓားပြတိုက်ခံရပြီး အကုန်လုံး ပြာကျသွားအောင် မီးရှို့ခံလိုက်ရသေးတယ်။ မင်းတို့ ဘာစောက်သုံးကျလဲ”
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများမှာ ငုံးများလို ခေါင်းငုံ့ထားကြပြီး ဘာမှမပြောရဲကြပေ။
ဘယ်သူကများ နိုင်ငံ့ဘဏ္ဍာတိုက်ကို ဓားပြတိုက်ပြီး မီးရှို့နိုင်စွမ်း ရှိတာလဲဆိုတာ သူတို့လဲ ပဟေဠိဖြစ်နေကြသည်။
ဧကရာဇ်ရွှင်းဝူ၏ ဒေါသကို သိနေကြသောကြောင့်သာ ဒီအချိန်တွင် ဘယ်သူကမှ စကားမပြောရဲကြပေ။ သူတို့ အထိုးခံရတဲ့ သဲအိတ် ဖြစ်လာပေလိမ့်မည်။
နောက်ဆုံးတွင် အကြီးဆုံးမင်းသား မင်းသားဟန်က ဂရုတစိုက် သတိပေးလိုက်သည်။
“ဖခမည်းတော်ရဲ့ နဂါးကိုယ်တော်ကို ထိန်းသိမ်းတော်မူပါ။ ပြီးတော့ ဒီနေ့ ဖြေရှင်းရမဲ့ အရေးကြီးကိစ္စတစ်ခုလဲ ရှိနေသေးတယ်။ နိုင်ငံ့ဘဏ္ဍာတိုက် ဓားပြတိုက်ခံရတဲ့ ကိစ္စက ဖြေးဖြေးချင်း စစ်ဆေးလို့ရပါတယ်”
ထိုသတိပေးချက်ကြောင့် ဧကရာဇ်ရွှင်းဝူသည် ချက်ချင်းပင် ဒေါသမှ စိတ်ငြိမ်သွားရ၏။
သူ့ကို သတိပေးသည့် မင်းသားဟန်ပြောတာ မှန်ပေသည်။ သူ ဒီနေ့ ကိုင်တွယ်ရမည့် အရေးကြီးကိစ္စ တစ်ခု ရှိနေသေးသည်။
ဧကရာဇ်ရွှင်းဝူသည် ဒေါသကို ဖိနှိပ်လိုက်ပြီး အနီးရှိ ကုန်းကုန်းကိုခေါ်ကာ မော့ကျိုးယွီက နိုင်ငံတော်ကို ပုန်ကန်ကာ တိုင်းပြည်ကို သစ္စာဖောက်သည်ဟုစွပ်စွဲထားသော အမိန့်စာစောင်ကို ထုတ်ပြန်လိုက်၏။
အရာရှိအများစုမှာ ဒီကိစ္စကို သိရှိနေပြီးဖြစ်သောကြောင့် အများကြီး ထိတ်လန့်မသွားကြပေ။
တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်က လူတစ်ယောက်ကို ကောင်းကောင်းမနေစေချင်ဘူးဆိုရင် သူ မကြိုက်တဲ့လူတိုင်း လည်ပင်းဆေးပြီး စောင့်နေရုံသာဖြစ်သည်။
သို့သော် သိနှင့်နေကြပြီးသား လူများမှာ ဧကရာဇ်၏ လူယွုတော် အရာရှိ အနည်းငယ်သာဖြစ်ကြသညါ။ ဟဲယွမ်မင်သည်လည်း သူများတီးတိုးပြောနေတာကို တိုပ်တိုပ်ဆိုင်ဆိုင် ကြားခဲ့ခြင်းပင်။ ထိုအခါမှသာ တစ်ယောက်ယောက်ကို တိတ်တိတ်လေးရှာပြီး ကာကွယ်ရေးဝန်ကြီးအိမ်တော်ကို သတင်းပို့စေခဲ့ခြင်းပင်။
သတင်းပို့ပေးခြင်းက ဘာကိုမှ ပြောင်းလဲစေမှာ မဟုတ်မှန်း သူသိနေသည်။ မော့မိသားစုက တစ်ခုခုကို ကြိုတင်ပြင်ဆင်ထားစေချင်ရုံသာဖြစ်၏။ ထိုမှသာ ပြည်နှင်ဒဏ်ခရီးလမ်းတွင် ကူကယ်ရာမဲ့ မဖြစ်မှာ ဖြစ်သည်။
ဧကရာဇ်ရွှင်းဝူသည် ကာကွယ်ရေးဝန်ကြီးကို အမှန်တကယ် ရင်ဆိုင်နေပြီဖြစ်သည်။
အရာရှိများ အလွန်အမင်း သံသယမဝင်စေရန်အတွက် သူသည် တစ်ခြား အရေးမပါသော အရာရှိလေးများကို ကာကွယ်ရေးဝန်ကြီးနှင့်အတူ ပူးပေါင်း ဆောင်ရွက်သည်ဟုဆိုတာ ဖမ်းဆီးထားပြီးဖြစ်သည်။
သူတို့၏ ပြစ်မှုများကို မော့ကျိုးယွီနှင့် ဆက်စပ်လိုက်တော့သည် ...
ထိုသို့လုပ်ခြင်းဖြင့် ဧကရာဇ် ရွှင်းဝူကို အကျိုးအမြတ် ၃ ခု ရသွားစေသည်။
ပထမတစ်ခုမှာ ကာကွယ်ရေးဝန်ကြီး၏ ပြစ်မှုများကို ထင်ရှားပြလိုက်ခြင်းပင်။
ဒုတိယတစ်ခုမှာ မော့ကျိုးယွီအတွက် အသနားခံပေးမည့် အရာရှိများအား ပါးစပ်ပိတ်သွားစေသည်။
တတိယတစ်ခုမှာ ပြည်နှင်ဒဏ်ခရီးတွင် မော့ကျိုးယွီအတွက် ပိုခက်ခဲစေပေမည်။
သူ့အကြံအစည်မှာ အမှန်တကယ်ပင် စင်းလုံးချောလှ၏။ အမိန့်စာ ကြေငြာလိုက်သည်နှင့် နန်းတော်တစ်ခုလုံး တိတ်ဆိတ်သွားကြသည်။ တစ်ချို့ အရာရှိများမှာ မော့ကျိုးယွီအစား ခံပြင်းနေကြသည်ကိုလည်း တွေ့နိုင်ပေသည်။
ဧကရာဇ်ရွှင်းဝူသည် ထိုအရာများကို ဂရုမစိုက်ပေ။ မော့ကျိုးယွီအား အေးအေးဆေးဆေး ကိုင်တွယ်နိုင်သရွေ့ ကျန်တာ ကိစ္စမရှိပေ။
ဧကရာဇ်ရွှင်းဝူသည် မော့ကျိုးယွီထံမှ ဆူပူခံရဖူးသော စစ်သူကြီးချောင်ရန်အား ကာကွယ်ရေးဝန်ကြီးအိမ်တော်ကို ရှာဖွေသိမ်းဆည်းရန် တမင်တကာ စေလွှတ်လိုက်၏။
သူ့ရည်ရွယ်ချက်မှာ မော့ကျိုးယွီ၏ အခြေအနေများကို ပိုခက်ခဲသွားစေချင်၍ဖြစ်သည်။
…..
သခင်မကြီးမော့သည် အမျိုးသမီး မိသားစုဝင်များနှင့်အတူ မင်္ဂလာအခန်းထဲတွင် စောင့်ဆိုင်းနေကြ၏။
နေ့လည်ကျော်တော့မည် ဖြစ်သော်လဲ ဘာလှုပ်ရှားမှုမှ မတွေ့ရသေးပေ။
သူမသည် အခုထိ ကုတင်ပေါ် လဲလျောင်းနေရသော မော့ကျိုးယွီကိုကြည့်ကာ စိတ်ပူနေမိသည်။
“ကျိုးယွီ မင်းရဲ့ ခန့်မှန်းချက်နဲ့ သတင်းတွေ မှားနေတာများလား”
မော့ကျိုးယွီ ပြန်မဖြေခင် အစေခံတစ်ယောက်က အလောတကြီး သတင်းပို့လာသည်။
“မှူးမတ်ကြီး သခင်မကြီး မကောင်းတော့ဘူး။ အိမ်တော်ကို ဝိုင်းခံထားရပြီ။ စစ်သူကြီးချောင်က ဦးဆောင်လာတာပါ”
ထိုစကားကိုကြားပြီးနောက် သခင်မကြီးမော့သည် မျက်လုံးကိုမှိတ်ကာ ရေရွတ်လိုက်၏။ “အာ .. ငါ အရမ်းတွေ မမျှော်ခဲ့သင့်ဘူး”
ဘာဖြစ်နေမှန်း မသိသေးသော မော့ဟန်ယွဲ့မှာ သခင်မကြီးမော့၏ လက်ကိုဆွဲလိုက်သည်။
“အမေ ဘာတွေများဖြစ်နေတာလဲ”
မရီးရှစ်ယောက်သည်လည်း သခင်မကြီးမော့ကို ကြည့်လိုက်ပြီး အလွန်စိတ်ပူနေကြ၏။
“သူတို့လာပြီဆိုမှတော့ တည်တည်ငြိမ်ငြိမ်ပဲ ရင်ဆိုင်ရနှာပေါ့။ လူတိုင်းပဲ ငါနဲ့အတူ လိုက်ခဲ့ကြ”
လူတိုင်းက သခင်မကြီးမော့နောက် လိုက်သွားကြသည်ကို တွေ့ပြီး ဟဲကျစ်ယန်သည် အခုထိ မလှုပ်နိုင်သေးသော မော့ကျိုးယွီကို ကြည့်လိုက်သည်။
“စိတ်မပူနဲ့ ကိစ္စတွေ ဖြေရှင်းဖို့ ကျွန်မ အမေ့ကို ကူလိုက်မယ်”
မော့ကျိုးယွီမှာ မေ့မျောချင်ယောင်ဆောင်နေသည် ဖြစ်သောကြောင့် သူ အပြင်ထွက်လို့မရပေ။
မော့ကျိုးယွီ၏ မျက်လုံးများကမူ အထီးကျန်ခြင်းနှင့် ကိုယ့်ကိုယ်ကို လှောင်ပြောင်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
သူသည် ဟဲကျစ်ယန်၏ စကားလုံးများကို ကျေးဇူးတင်လိုက်၏။
“သူတို့ကို မလိုအပ်တဲ့ ပြဿနာတွေ မရှာဖို့နဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ပြောလိုက်ဦး”
အရာအားလုံးက ဒီအခြေအနေထိ ဖြစ်လာပြီးနောက် အဆင်ပြေသွားလိမ့်မည်ဟု မော့ကျိုးယွီ မမျှော်လင့်ရဲတော့ပေ။ သူတို့အားလုံး ပြည်နှင်ဒဏ်ခရီးဆီသို့ ဘေးကင်းကင်းနှင့် သွားနိုင်ဖို့သာ မျှော်လင့်မိသည်။
“ကောင်းပြီ။ ကျွန်မရှိနေသရွေ့ မော့မိသားစုရဲ့ လူတစ်ယောက်တောင် လျော့မသွားစေရဘူးလို့ အာမခံပါတယ်”
အသုံးမကျသော ဧကရာဇ်ထံမှ မှားယွင်းစွပ်စွဲခံရသည့် သူရဲကောင်းကြီးနှင့် သူ့မိသားစုကို မျက်မြင်ကိုယ်တွေ့ မြင်ရပြီးနောက် ဟဲကျစ်ယန်သည်လည်း နှလုံးသားထဲ လေးလံလာရသည်။
သို့သော် အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး ဒီနေ့အဖြစ်အပျက်နှင့်ပတ်သက်၍ အကောင်းဆုံး ရင်ဆိုင်သွားရန် ဆုံးဖြတ်လိုက်သည်။
ဟဲကျစ်ယန်သည် သခင်မကြီးမော့တို့အဖွဲ့ကို မှီအောင် ခပ်မြန်မြန်လေး သွားလိုက်၏။
သူမတို့ ထွက်သွားပြီး မကြာခင်ပင် ခြေသံများ ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် ကျေးကျွန်တစ်ချို့၏ တောင်းပန်တိုးလျှိုးနေသံများကိုလဲ ကြားလိုက်ရ၏။
အရာရှိဝတ်စုံများဝတ်ထားသော ယောက်ျားသုံးဆယ်ခန့်၏ အလယ်၌ စိတ်ကြီးဝင်နေသော ချောင်ရန်က ရှေ့ဆုံးမှ လမ်းလျှောက်လာခဲ့သည်။
ထိုလူများ ရောက်မလာခင်ပင် တစ်ယောက်က အော်လိုက်၏။ “မလှုပ်နဲ့။ ငါတို့က ဧကရာဇ်ရဲ့ တရားဝင်အမိန့်အရ စစ်ဆေးသိမ်းဆည်းဖို့ လာခဲ့တာ”
သခင်မကြီးမော့က ပထမဆုံး ရပ်တန့်လိုက်သည်။ ထိုလူများ နီးကပ်လာသည်ကိုကြည့်ရင်း သူမ တည်ငြိမ်ဟန်ဆောင်လိုက်၏။
မော့ဟန်ယွဲ့မှာ ကြောက်လွန်းသဖြင့် သူမမိခင်၏ လက်ကို တင်းနေအောင်ကိုင်ထားပြီး အသက်ပင် ရဲရဲမရှူရဲပေ။
မရီးရှစ်ယောက်မှာ မနေ့ညက မော့မိသားစုအဖြစ် ရှင်သန်ပြီး မော့မိသားစု၏ တစ္ဆေပဲ အဖြစ်ခံမည်ဟု ရဲရဲဝံ့ဝံ့ ကြွေးကြော်ခဲ့ကြသော်လည်း လက်တွေ့အခြေအနေနှင့် ကြုံတွေ့လိုက်ရသောအခါ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။
ဟဲကျစ်ယန်တစ်ယောက်သာ အဖွဲ့၏ နောက်ဆုံးတွင် ရပ်ရင်း အသံလဲမထွက် လှုပ်လဲမလှုပ်ဘဲ ထိုအရာရှိများအား တည့်တည့်စိုက်ကြည့်နေခဲ့သည်။
တစ်ချိန်တည်းပင် သူမသည် နေရာလွတ်ထဲမှ ချွန်ထက်သော ဓားမြှောင်တစ်ချောင်းကိုထုတ်ကာ လက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်၏။
သူမသည် မော့မိသားစု၏ လုံခြုံရေးကို ကာကွယ်ရန် ပြင်ဆင်ထားခြင်းပင်။
ချောင်ရန်က အမိန့်စာကိုကိုင်ရင်း မောက်မာစွာ ရှေ့သို့ထွက်လာသည်။
“မော့မိသားစု အမိန့်ကိုနာခံစေ”
သူ ပြောပြီးနောက် ချောင်ရန်၏မျက်လုံးများက အနီးနားဝန်းကျင်ကို ကစားလိုက်သည်။
“ဧကရာဇ်ရဲ့ အမိန့်စာလာပို့တာကို ကာကွယ်ရေးဝန်ကြီးက ကိုယ်တိုင်ထွက်ပြီး လက်မခံဘူးပေါ့ ဘယ်လောက်တောင် လေးစားမှုမရှိလိုက်သလဲ”
စကားပြောပြီးနောက် သူ့နောက်မှ အရာရှိကို ကြည့်လိုက်သည်။
“မင်း သွားပြီးတော့ ကာကွယ်ရေးဝန်ကြီးကို အမိန့်စာလက်ခံဖို့ ဖိတ်ခေါ်လာခဲ့”
ထိုအရာရှိက အိမ်တော်ထဲသို့ ပြေးဝင်တော့မည်ကို မြင်ပြီး သခင်မကြီးမော့က သူ့ကိုအမြန်တားလိုက်သည်။
“မှူးမတ်ကြီးက မနေ့က ဧကရာဇ်အမျက်တော်ရှခံရပြီး ကြိမ်ဒဏ် ငါးဆယ် အပေးခံထားရပါတယ်။ အခုထိ မေ့မြောနေတုန်းမို့ အမိန့်စာကို ထွက်လက်မခံပါဘူး”
ချောင်ရန်သည်လည်း မော့ကျိုးယွီ အပြင်ထွက်မလာတာ ဤအချက်ကြောင့်ဟု သိရှိပြီးသားပင်။ သူက မော့မိသားစုကို အခြေအနေတွေ ပိုခက်ခဲအောင် လုပ်ချင်ရုံသာဖြစ်သည်။
“ဘာ၊ မင်းတို့ပြောတာ မှူးမတ်ကြီးက မနေ့ညက ဧကရာဇ်ဆီက ရိုက်ခံထားရတယ်ပေါ့”
သူသည် ထိုကိစ္စကို မသိဟန်ဆောင်ကာ စိတ်ထဲတွင်တော့ ပျော်မြူးနေရင်း သူ့အမူအရာကို ချဲ့ကားလိုက်သည်။
သခင်မကြီးမော့က အေးစက်စွာ နှာမှုတ်လိုက်၏။ “စစ်သူကြီးချောင်၊ ရှင်လဲ နန်းတော်ရဲ့ အရေးပါတဲ့ အရာရှိကြီးပဲ။ အမိန့်စာကိုသာ ပြန်လိုက်ပါ။ လဲကျနေပြီးသားလူကို ထပ်ထိုးနှက်နေဖို့ မလိုပါဘူး”
အကြီးဆုံးမရီးကလဲ သတ္တိရှိရှိ ပြောလိုက်သည်။ “မြို့တော်မှာရှိတဲ့လူတိုင်း မော့မိသားစုမှာ နဝမ မတ်လေးကလွဲရင် ကျန်တာ အမျိုးသမီးတွေချည်းပဲဆိုတာ သိကြတယ်။ ရှင့်ရဲ့ အာဏာပါဝါတွေကို အမျိုးသမီးတစ်အုပ်စုအပေါ် ပြသနေတာ သတင်းသာပျံ့သွားလို့ကတော့ ကြည့်လို့မကောင်းပေဘူး”
“မှန်တယ်။ ငါတို့က အခုနိမ့်ကျနေတယ်ဆိုပေမဲ့ ငါတို့မိဘရင်းဘက်က မိသားစုအကုန်လုံး နန်းတော်မှာ အမှုထမ်းတွေချည်းပဲ။ သူတိူ့ာ ဒီသတင်းကိုကြားသွားရင်..” တတိယ မရီးကလဲ ထပ်ပြောလိုက်သည်။
ချောင်ရန်သည်လည်း ဒီဟာက အကျိုးအကြောင်းဆီလျော်နေသည်ကို သိပေသည်။
အမျိုးသမီးများကို အနိုင်ကျင့်ခြင်း အထူးသဖြင့် နောက်ခံရှိနေသော အမျိုးသမီးများကို အနိုင်ကျင့်မိပါက ထိုသတင်းက အလွယ်လေး ပျံ့သွားနိုင်သည်။
“ဒီလိုဆိုမှတော့ ဒီစစ်သူကြီးက ကိစ္စတွေကို ခက်ခဲအောင် မလုပ်တော့ဘူး။ မော့မိသားစု အမိန့်စာကို လက်ခံစေ”