ခင်ပွန်းနှင့်ဇနီး ညဘက်စကားပြောကြခြင်း ( ၁ )
Vol. 2 Ch. 28
သူ မှတ်မိသလောက်ဆို မနှစ်က တော်ဝင်ညစာစားပွဲတွင်၊
ဖန့်ချွမ်ကျိုးသည် သူ၏ ဇနီး၊ အကြီးဆုံးသမီးဖြစ်သူ ဖန့်မင်ကျူးနှင့်အတူ ပွဲတက်လာကြသည်။ ဧကရာဇ်ရွှင်းဝူသည် ဖန့်မင်ကျူးအား အကြည့်တစ်ချက်နှင့်ပင် သဘောကျသွားခဲ့၏။
သောက်စားနေကြသည်ကို အခွင့်ကောင်းယူကာ ဧကရာဇ်ရွှင်းဝူသည် အရှက်မရှိဘဲ ပစ္စည်းသိမ်းသလို ဖန့်မင်ကျူးအား သူ၏ မောင်းမဆောင်ထဲ သိမ်းပိုက်ချင်လိုသည်။
သို့သော် မထင်မှတ်ထားစွာပင် ဖန့်မင်ကျူးသည် ဧကရာဇ်ရွှင်းဝူ၏ ကြင်နာသော ရည်ရွယ်ချက်ကို သူမတွင် စေ့စပ်ထားသောလူရှိသည်ဟုဆိုကာ ထင်ထင်ပေါ်ပေါ်ပဲ ငြင်းဆန်ခဲ့သည်။
ဖန့်ချွမ်ကျိုးသည်လည်း သူ့သမီးကို မောင်းမဆောင်ထဲဝင်ကာ တခြားသော အမျိုးသမီးများစွာနှင့် မယှဉ်ပြိုင်စေလိုပေ။ ထို့ကြောင့် သူက ဖန့်မင်ကျူးအတွက် ဒူးထောက်ကာ တောင်းဆိုပေးခဲ့သည်။
များစွာသော အရာရှိများရှေ့တည့်တည့်တွင် ဧကရာဇ်ရွှင်းဝူသည် သူမအား အတင်းအကြပ် သိမ်းပိုက်၍ မရပေ။ ထို့ကြောင့် အင်တင်တင်ဖြင့် လွှတ်ပေးခဲ့ရသည်။
တော်ဝင်ညစာစားပွဲပြီးသည့် ဒုတိယမြောက်နေ့တွင်ပဲ ဖန့်မင်ကျူးသည် တစ်စုံတစ်ယောက်နှင့် အလောတကြီး လက်ထပ်သွားခဲ့၏။
မော့ကျိုးယွီ၏ ဧကရာဇ်အပေါ် နားလည်ထားမှုအရ ဧကရာဇ်သည် ထိုအရာကို အငြှိုးအတေးထားကာ အခွင့်ကောင်းရသည်နှင့် ဖန့်မိသားစုပိုင်ဆိုင်မှုများကို သိမ်းဆည်းကာ နယ်နှင်ဒဏ် ပေးလိုက်ခြင်းဖြင့် သူ့ကို ပြဿနာအားလုံး ခေါင်းပုံချလိုက်ခြင်းပင်။
လီမိသားစုနှင့် ဟယ်မိသားစုအတွက်တော့ ထိုလူများသည် မော့ကျိုးယွီနှင့် အဆင်မပြေဖြစ်ဖူးလေရာ ဧကရာဇ်က ထိုလူများကို သူနှင့်အတူ နယ်နှင်ဒဏ်ပေးရသည့် ရည်ရွယ်ချက်ကို သိနိုင်ပေသည်။
ဟဲကျစ်ယန်က ဆက်တွေးနေသေးသည်ကို မြင်ပြီး သူသည် သူမ၏ လက်ချောင်းလေးကို ဆွဲလိုက်၏။
ဟဲကျစ်ယန် လှည့်ကြည့်လိုက်သောအခါ သူက တိုးတိုးလေး ပြောလိုက်သည်။ “နောက်ပိုင်း အခွင့်အရေးရမှ ဒီမိသားစုကိစ္စတွေ ပြောပြမယ်။”
မော့ကျိုစယွီ ပြောသည်ကို ကြားပြီးနောက် ထိုလူက အခြေအနေကို သဘောပေါက်သွားပြီဖြစ်ကြောင်း သူမ သိလိုက်၏။
တစ်ယောက်ယောက်က ကောင်းကောင်း သဘောပေါက်သွားပြီဖြစ်သောကြောင့် မော့မိသားစုက ဘာမှမသိသည့်ပုံစံ မဖြစ်တော့ပေ။ ဟဲကျစ်ယန်သည်လည်း အများကြီး ဝင်မပါလိုပေ။
“ကောင်းပြီ” သူမ စကားပြန်ပြောလိုက်သည်။ မော့ကျိုးယွီ ပြောပြသည်ဖြစ်စေ မပြောပြသည်ဖြစ်စေ ကိစ္စမရှိပေ။
သူမ၏ ကိုယ်ပိုင်ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ချမှတ်ပြီးသားပင်။ ထိုအရာက မော့ကျိုးယွီတစ်ယောက် ပြည်နှင်ဒဏ် ခရီးလမ်းတွင် မသေဖို့သာဖြစ်သည်။
ဒုတိယမရီးသည် သူမ သိသလောက် အကုန်ရှင်းပြပြီးပြီဟု ခံစားရသောကြောင့် ဇနီးမောင်နှံနှစ်ဦး၏ အနားယူခြင်းကို ဆက်မနှောင့်ယှက်ချင်တော့ပေ။
“ယောင်းမလေးနဲ့ မတ်လေး၊ ကျွန်မ သွားနားတော့မယ်နော်။”
ဟဲကျစ်ယန်သည် မော့ကျိုးယွီ ခဏအပြင်ထွက်နိုင်ရန်အတွက်သာ လှည်းပေါ်သို့ တက်လာခြင်းဖြစ်ပြီး အခု ထိုအရာက အောင်မြင်သွားပြီဖြစ်သောကြောင့် သူမတို့နှစ်ယောက် ကသိကအောက် ဖြစ်မနေစေရန် ခွဲနေသင့်ပေသည်။
သို့သော် သူမက ခဏသာလှဲပြီး ထွက်သွားပါက ဆန်းတာ့ကျိုး အမှန်တကယ် သံသယဝင်ပေလိမ့်မည်။
ကူကယ်ရာမဲ့စွာပင် သူမသည် မူလအနေအထားလေးအတိုင်းသာ တောင့်တောင့်လေး လှဲလိုက်၏။
သူမ သက်တောင့်သက်သာ အိပ်နိုင်စေရန် မော့ကျိုးယွီသည် ဘေးဘက်သို့ နည်းနည်းတိုးပေးလိုက်သည်။
ခရီးကြောင့် ပင်ပန်းနေသော်လဲ ယခုအချိန်တွင် ဟဲကျစ်ယန် အိပ်မပျော်နိုင်ခဲ့ပေ။
မော့ကျိုးယွီက သူမ အိပ်မပျော်သည်ကို သတိထားမိသွားပြီး လေသံဖျော့ဖျော့လေးနှင့် မေးလိုက်သည်။
“အိပ်မပျော်ဘူးလား။”
“အမ်း” ဟဲကျစ်ယန် အသံပြုလိုက်၏။
“မရီးပြောသွားတာကြောင့်လား” မော့ကျိုးယွီ မေးလိုက်သည်။
“ထင်တာပဲ” ဟဲကျစ်ယန်သည် သူမ ဘာလို့အိပ်မပျော်နိုင်လဲဆိုတာ နားမလည်ပေ။ ရုတ်တရတ်ကြီး ထူးဆန်းသော နေရာဆီ ရောက်လာသောကြောင့် ကျင့်သားမရသေးတာ ဖြစ်နိုင်ပေသည်။
သို့သော် သူမသည် ထိုအကြောင်းအရာများအား မော့ကျိုးယွီကို ပြောမပြချင်ပေ။
မော့ကျိုးယွီသည် သေချာသဘောမပေါက်ဘဲ သူမ၏ လေသံကိုသာ နားထောင်ပြီးနောက် ဟဲကျစ်ယန်က သူ့ကို ပြောမပြချင်လို့ ရှောင်နေမှန်း သဘောမပေါက်ခဲ့ပေ။
“ဟယ်မိသားစုနဲ့ လီမိသားစုက ကိုယ်နဲ့ ပြဿနာလေးတွေ ရှိဖူးတယ်။”
မော့ကျိုးယွီက စကားစပြောလာပြီး ဟဲကျစ်ယန်သည်လည်း သူမ၏ အိပ်မပျော်နိုင်ခြင်းနှင့် ပက်သက်ပြီး အကြံကောင်းမရှိသောကြောင့် သူ ပြောပြသည်ကိုသာ ဂရုတစိုက် နားထောင်လိုက်သည်။
“ဘယ်လိုပြဿနာလဲ။”
“ဟယ်ကျီယွမ်က အရင်တုန်းက စစ်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးလေ။ ကိုယ် စစ်ပွဲကို ဦးဆောင်ရတော့ စစ်ပွဲအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေကို သူ့အိပ်ကပ်ထဲ ထည့်ရဖို့ တမင်တကာ ဖျက်ချပစ်လိုက်တာ။ အဲ့တုန်းက ကိုယ်က ကိစ္စအကုန်လုံးကို ဧကရာဇ်ဆီ တင်ပြခဲ့တယ်။
ဧကရာဇ်ကလဲ လူတွေလွှတ်ပြီး သေချာစုံစမ်းခဲ့တယ်၊ ဒါပေမဲ့ ဒီလိုကိစ္စကြီးအတွက်တောင် ဧကရာဇ်က ဟယ်ကျီယွမ်ကို ရာထူးချရုံပဲချတာ ဘာလို့လဲတော့ ကိုယ်လဲ နားမလည်ဘူး။ သူက စစ်ရေးဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ်ကနေ ဒုဝန်ကြီးအဖြစ် ရာထူးလျော့သွားတယ်။”
မော့ကျိုးယွီ၏ စကားကိုနားထောက်ပြီးနောက် ဟဲကျစ်ယန် စိတ်ထဲတွင် ထင်မြင်ချက် တချို့ ပေါ်လာခဲ့သည်။
“ရှင် ပြောသလိုဆို ဧကရာဇ်က မော့မိသားစုကို ကိုင်တွယ်ဖို့ ကြိုစဉ်းစားထားတဲ့ပုံပဲ။ သူက ဟယ်ကျီယွမ်ကို ချက်ချင်း မကိုင်တွယ်လိုက်ဘူး။ ရှင့်ကို ပိုခက်ခဲအောင်လုပ်ဖို့ တမင်သက်သက် ထားထားတာ”
မော့ကျိုးယွီသည် ဤမိန်းကလေး ကိစ္စများကို ဒီလောက် စေ့စေ့စပ်စပ် တွေးတတ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူ့တုန်းကဆို တစ်ရက်တိတိ စဉ်းစားပြီးခါမှ အသေးစိတ် ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာကာ ထိုအဖြေကို ရှင်းရှင်းလင်းလင်း ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်သည်။
ဟဲကျစ်ယန်က ပုံမှန် မဟုတ်ဘူးဟု သူ ပို၍ ခံစားလာရ၏။
သူမတို့ ဒီလောက်ထိ စကားပြောပြီးပြီဖြစ်သောကြောင့် ဟဲကျစ်ယန်က စကားဆက်လိုက်သည်။
“လီမိသားစုနဲ့ကိစ္စကရော”
လီမိသားစုနှင့် အဆင်မပြေသည့်အကြောင်း ကိစ္စဆီ ရောက်လာသောအခါ မော့ကျိုးယွီသည် တခဏခန့် ဘယ်လိုပြောရမလဲမသိ ဖြစ်သွားရသည်။
ခဏတာတွေဝေနေပြီးနောက် အမှန်အတိုင်းသာ ပြောပြဖို့ ဆုံးဖြတ်လိုက်၏။
“လီမိသားစုနဲ့ အဆင်မပြေရတဲ့ကိစ္စက လီရို့အာကြောင့် စတင်ခဲ့တာလို့ ပြောရမှာပဲ။”
မော့ကျိုးယွီ၏ ရှုပ်ထွေးနေသော စကားလုံးများကြောင့် သူနှင့် လီရို့အာက တစ်ခုခု ပက်သက်နေသလိုပင်။
ထို့ကြောင့်ပင် ဟဲကျစ်ယန်မှာ ပို၍ သိချင်လာရ၏။
“ရှင်တို့နှစ်ယောက်က ဘာတွေလဲ။”
တစ်ချိန်တည်းမှာပင် ဟဲကျစ်ယန်သည် လီရို့အာက မူလကိုယ်အား မော့ကျိုးယွီအကြောင်း ပြောပြဖူးသလားဟု မူလကိုယ်၏ မှတ်ဉာဏ်ထဲ ရှာဖွေကြည့်လိုက်သည်။
သူမ၏ ခေါင်းလေး နာကျင်နေသည်အထိ မှတ်ဉာဏ်များကို ရှာဖွေနေသော်လဲ ဘာမှထွက်မဘာခဲ့ပေ။
ဤသည်မှာ လီရို့အာက မော့ကျိုးယွီအကြောင်း မူလကိုယ်ရှေ့တွင် တစ်ခါမှ မပြောဖူးသည့် သက်သေပင်။
“ကိုယ်တို့ ဘာမှမပတ်သက်ကြပါဘူး” မော့ကျိုးယွီက ပြတ်ပြတ်သားသားဖြေလိုက်သည်။
“ဒါဆို လီမိသားနဲ့ ရန်စက ဘာလို့ သူမဆီကနေ အစပြုတယ်လို့ ပြောရတာလဲ”
ဟဲကျစ်ယန်၏ အတည်ပြုချင်နေသော မေးခွန်းကြောင့် မော့ကျိုးယွီမှာ ဒီကောင်မလေး မနာလိုဖြစ်နေပြီဟု ခံစားမိလိုက်၏။
ထို့ကြောင့် သူ အလျင်အမြန် ရှင်းပြလိုက်သည်။
“သူမရဲ့ ရထားလုံးက ထိန်းမရဖြစ်ပြီး လမ်းပေါ်မှာ ရှုပ်ရှုပ်ထွေးထွေးတွေ ဖြစ်သွားဖူးတယ်။ အဲ့တုန်းက မြင်းကိုထိန်းနိုင်ဖို့ ကိုယ် ဝင်ကူပေးခဲ့ဖူးတာ။
အဲ့ဒီအချိန်တုန်းက ကိုယ်လဲ အဖြစ်အပျက်ကို အများကြီး မတွေးလိုက်ဘူးလေ။ အကုန်ပြီးသွားပြီလို့ ထင်လိုက်ပေမဲ့ မထင်မှတ်ဘဲ နောက်တစ်နေ့ကျ လီလျန့်က လက်ဆောင်ပဏာတွေနဲ့ ကိုယ့်ဆီ ရောက်ချလာတော့တာပဲ။ အဲ့ဒါတွေက သူ့သမီးက သူမရဲ့ အသက်ကို ကိုယ်ကူညီပေးခဲ့တာအတွက် ကျေးဇူးတင်တာတွေပါတဲ့။
ပြီးတော့ သူက လီရို့အာကို အိမ်တော်ဆီ ကိုယ်လုပ်တော်အနေနဲ့ပို့ဖို့ ကမ်းလှမ်းလာတယ်လေ။ မင်းနဲ့ ထိမ်းမြားဖို့ ကတိကဝတ်ရှိထားပြီး မော့မိသားစုက ယောက်ျားတွေကလဲ ကိုယ်လုပ်တော် မယူကြတာ စည်းကမ်းပဲမို့လို့ ကိုယ် အဲ့ဒီနေရာမှာပဲ ငြင်းခဲ့တာ။
ကိုယ် သူ့ကိုငြင်းလိုက်တုန်းက လီလျန့်က ပုံမှန်ပါပဲ။ ဒါပေမဲ့ နောက် ၃ ရက်ကြာတော့ ကိုယ် အပြင်ထွက်တဲ့အခါ လီရို့အာနဲ့ ထပ်တွေ့ပြန်တယ်။
သူမက အိမ်တော်အပြင်ဘက်မှာ တမင်စောင့်နေတာလို့တောင် ပြောလို့ရတယ်။
ကိုယ် သူမကို အရေးမလုပ်ဘဲ ထွက်သွားမလို့လုပ်ပေမဲ့ သူမရဲ့ အစေခံနှစ်ယောက်က ကိုယ့်လမ်းကို ပိတ်ရပ်ထားတာ။
လီရို့အာပြောတာက ကိုယ်တို့နှစ်ယောက် ခန္ဓာကိုယ်ချင်းထိတွေ့ဖူးပြီမို့ သူမကို တာဝန်ယူရမယ်တဲ့။
ကိုယ် သူမရဲ့မြင်းကို ကူထိန်းပေးတုန်းက သူမနဲ့ အသားချင်း ထိခဲ့တာမျိုး လုံးဝ မရှိခဲ့ဘူး။ အဲ့ဒါ သူမ သေချာပေါက် အရှက်မရှိတာပဲ။
အဲ့ဒါကြောင့်မို့ ကိုယ်လဲ သူမကို မျက်နှာသာမပေးတော့ဘဲ ရှင်းလဲ မရှင်းပြတော့ဘူး။ ဒီတိုင်းပဲ မြင်းစီးပြီး ထွက်လာခဲ့လိုက်တာ။
အဲ့ဒါပြီးနောက်တော့ လီလျန့်က ကိုယ့်ကို အရာရာတိုင်းမှာ လိုက်ဆန့်ကျင်နေတော့တာပဲ။ ကိုယ် ဘာပဲပြောပြော သူက ဆန့်ကျင်ဘက်ကိုပြောတယ်။
လီရို့အာရဲ့ ကိစ္စကလွဲရင် လီလျန့်ကို တခြားဟာ ရန်မစမိဘူးလို့ ထင်တာပဲ ...”
မော့ကျိုးယွီ ရှင်းပြသည်ကို နားထောင်ပြီးနောက် ဟဲကျစ်ယန်သည် ကိစ္စတစ်ခုကို သတိရလိုက်၏။ လီရို့အာသည် သူမနှင့် တမင်ရင်းနှီးအောင်လုပ်ကာ မော့မိသားစု မကောင်းကြောင်းများကို နေ့တိုင်း ပြောပြီး သူမ နောင်တရစေရန် တမင်လုပ်ဆောင်ခဲ့သည်။ သူမက ထိုလက်ထပ်ပွဲကို ငြင်းဆန်မှသာ လီရို့အာက မော့မိသားစုထဲ လက်ထပ်နိုင်မှာ ဖြစ်သည်။
“ရှင်ပြောတာက ဒီနှစ်အစောပိုင်းမှာ ဖြစ်ခဲ့တာလား။”
“မင်းလဲ အဲ့အကြောင်းသိတယ်လား” မော့ကျိုးယွီက ပြန်မေးလိုက်သည်။
သူမတို့ ဒီလောက်အထိ ပြောပြီးပြီဖြစ်သောကြောင့် ဟဲကျစ်ယန်လည်း မဖုံးကွယ်ချင်တော့ပေ။
လီရို့အာက သူမအား မော့မိသားစုထဲ လက်မထပ်ရန် ဘယ်လိုသွေးဆောင်ခဲ့ကြောင်း အသေးစိတ် ပြောပြလိုက်သည်။ ထိုအချင်းအရာမှာ မော့ကျိုးယွီက လီရို့အာကို ငြင်းပြီး နောက်ပိုင်း ဖြစ်လာခြင်းပင်။
ထိုအကြောင်းကို ကြားပြီးနောက် မော့ကျိုးယွီ၏ အနက်ရောင်မျက်လုံးများ လေးနက်သွားကြသည်။
“မိန်းမငယ်လေးတစ်ယောက်မှာ ဒီလို ယုတ်မာတဲ့ အကြံတွေ ရှိနေမယ် မထင်ထားခဲ့ဘူး။ တကယ် စက်ဆုပ်ဖို့ကောင်းတာပဲ။”
“စက်ဆုပ်စရာကောင်းတာကတော့ တကယ်ပဲ။ အရင်ကဆို ကျွန်မရှေ့မှာ ကျွန်မကို ဂရုစိုက်ဟန်ဆောင်ခဲ့တာ ဒါပေမဲ့ အခု ပြည်နှင်ဒဏ်ပေးခံရတာ တစ်ရက်ပဲ ရှိသေးတယ်၊ ပုံစံအမှန်က ချက်ချင်း ပေါ်လာတာပဲ။”
လီရို့အာအကြောင်းပြောရလျှင် ဟဲကျစ်ယန်သည် သူမအား အလွန်အထင်သေးပေသည်။
ထိုမိန်းကလေးသည် ဟဲကျစ်ယန် အထင်အသေးဆုံး စက်ဆုပ်ဖွယ်ဇာတ်ကောင်ပင်။
ဟဲကျစ်ယန် မပျော်ရွှင်သည်ကိုမြင်ပြီး မော့ကျိုးယွီသည် ထိုအရာက သူနှင့် လီရို့အာ၏ အခြေအမြစ် မရှိသော ဆက်ဆံရေးကြောင့်ဟု ထင်မိသွား၏။
လေထုကို ပြေလျော့စေရန်အတွက် သူဆက်ပြောလိုက်သည်။ “ကိုယ် မင်းအဖေရဲ့ စာကို ဖတ်ကြည့်ပြီးပြီ။”