ဒါက ဆင်းရဲနေလို့ပဲပေါ့။
Vol. 2 Ch. 15
ထိုသို့ပြောပြီးနောက် ချောင်ရန်သည် သူ့နောက်မှ အရာရှိများအား စကားတစ်ချို့ ခပ်တိုးတိုးပြောလိုက်သည်။ အရာရှိများက ချက်ချင်း ပြေးထွက်သွား၏။
မကြာခင်ပင် ထိုအရာရှိများသည် ခက်ထန်သောမျက်နှာရှိသည့် မိန်းမကြီးများကို ခေါ်ဆာင်ကာ ပြန်လာခဲ့သည်။
မိန်းမကြီးတစ်ယောက်ချင်းစီ၏ လက်ထဲတွင် အထုပ်ကြီးတစ်ထုပ်ကို ကိုင်ထားကြသည်။
ချောင်ရန်က အမိန့်ပေးလိုက်၏။ “သူတို့ခန္ဓာကိုယ်တွေကို ရှာဖွေကြစမ်း။ တစ်ယောက်ယောက်ကများ မနာခံဘူးဆို ခေါင်းဖြတ်ပစ်လိုက်”
“ဟုတ်ကဲ့” မိန်းမကြီးများက တစ်ညီတစ်ညာထဲ ဖြေလိုက်ပြီး အမျိုးသမီးများထံသို့ လျှောက်လာကြသည်။
မော့ဟန်ယွဲ့သည် သခင်မကြီးမော့၏နောက်သို့ ဝင်ပုန်းလိုက်မိ၏။
“အမေ ဟန်ယွဲ့ ကြောက်တယ်”
သခင်မကြီးမော့က တည်ငြိမ်စွာ ပြောလိုက်သည်။ “မတ်မတ်ရပ်နေစမ်း။ မော့မိသားစုဘိုးဘေးတွေရဲ့ မျက်နှာကို မပျက်ရစေနဲ့”
ထိုစကားကြောင့် မော့ဟန်ယွဲ့မှာ မျက်ရည်များကျနေသော်လည်း ကြောက်ကြောက်ဖြင့် မတ်မတ်ရပ်လိုက်သည်။
မိန်းမကြီးများက နည်းနည်းလေးမှ ညှာတာမှု မရှိပေ။ ပိုပြီး စေ့စေ့စပ်စပ်ရှာဖွေနိုင်ရန်အတွက် သူမတို့အား အနီးရှိ အခန်းလွတ်တစ်ခုထဲသို့ ခေါ်သွားကာ အဝတ်အစားများ အကုန်ချွတ်ခိုင်းပြီး ရှာဖွေလေသည်။
ထိုသို့ရှာဖွေသောကြောင့် ဟဲကျစ်ယန်၏ နည်းလမ်းအတိုင်း ဖွက်ယူထားသော ငွေစက္ကူများသည်လည်း အကုန်ပေါ်သွားတော့သည်။
ခြွင်းချက်မရှိဘဲ အိတ်ထဲတွင် ဖွက်ထားသော ဘဏ်စာရွက်များကို ရှာတွေ့သွားသည့်အပြင် ခေါင်းပေါ်ရှိ ရတနာများကိုပါ အကုန်လုံး သိမ်းယူသွားခဲ့သည်။
ထိုအရာကိုမြင်ပြီး ဟဲကျစ်ယန်သည် သူမ၏ ဆေးခန်းလေးက သူမနှင့်အတူ ပါလာသောကြောင့် အလွန်စိတ်သက်သာရာရသွားရသည်။ ထိုဆေးခန်းလေးကြောင့်သာ ရှိသမျှ အရာအားလုံးကို စိတ်ပူစရာမလိုဘဲ သယ်သွားနိုင်ခြင်းပင်။
နောက်ဆုံးတွင် ထိုမိန်းမကြီးများသည် မော့မိသားစု အမျိုးသမီးများ၏ ပိုးထည်ဝတ်စုံများကိုပင် ချွတ်ယူကာ သူမတို့ သယ်လာသော ပိတ်ကြမ်းစများနှင့် လဲလှယ်၍ ဝတ်ဆင်စေခဲ့သည်။
ထိုအဝတ်အစားများမှာ မွဲညစ်ပြီး ပေတူးနေရုံသာမက အဖာပေါင်းများစွာလဲ ရှိနေသေးသည်။ မရီးများမှာ အလွန် ဒုက္ခများသွားကြ၏။
အဋ္ဌမမရီးက မနှစ်မြို့စွာ ပြောလိုက်သည်။ “ကျွန်မတို့အဝတ်အစားတွေက ဘယ်လောက်မှ တန်တာ မဟုတ်ဘူး။ ရှင်တို့ ယူသွားလို့ မရဘူး”
မိန်းမကြီးက သူမ၏ အဝါရောင်သွားများကို လှစ်ဟကာ နှာခေါင်းရှုံ့လိုက်သည်။ “နင်တို့ရဲ့ အခုလက်ရှိ အခြေအနေကို ကြည့်ပါဦး။ ခန္ဓာကိုယ်ကို အရှက်လုံရုံ အဝတ်အစားရှိရင်ပဲ ကောင်းလှပြီမဟုတ်ဘူးလား။ ဘာများထပ်လိုချင်ရသေးတာလဲ”
အဋ္ဌမ မရီးက ပြန်ပြောချင်သော်လဲ သခင်မကြီးမော့က ဝင်တားလိုက်သည်။
“ကျောင်းရှီ ထပ်မပြောနဲ့တော့”
ထို့နောက် သခင်မကြီးမော့သည် အဖာရာအပြည့်နှင့် ဝတ်စုံကိုလှမ်းယူကာ ဝတ်ဆင်လိုက်၏။
ဟဲကျစ်ယန်သည်လည်း ဂရုစိုက်မနေပေ။ သခင်မကြီးမော့ ပြောသလိုပင် ဝတ်စုံ တစ်စုံအား ကောက်ယူကာ ဝတ်လိုက်သည်။
တခြား မရီးများနှင့် မော့ဟန်ယွဲ့သည်လည်း နှလုံးသားထဲမှ ဒေါသကိုမြိုသိပ်သည်းခံကာ ဝတ်စုံတစ်စုံစီ ယူလိုက်ကြသည်။
ကံကောင်းစွာပင် သူမတို့စီးထားသော ဖိနပ်များကိုတော့ ချွတ်ယူသွားခြင်း မရှိပေ။
သူမတို့ အဝတ်အစားများ လဲပြီးသောအခါမှ ထိုမိန်းမကြီးများသည် စစ်ပွဲတွင်း လုယက်ထားသလိုမျိုး အကုန်လုံးကိုပိုက်ကာ လှည့်ထွက်သွားကြသည်။
သူမတို့သည် သိမ်းဆည်းရသော ဘဏ်စာရွက်များ လက်ဝတ်ရတနာများကို ချောင်ရန်အား အကုန်အပ်လိုက်ကြ၏။
မိန်းမကြီးများ အပ်လာသည့် ငွေချောင်း တစ်ထောင်ကျော် တန်ဖိုးရှိသော ဘဏ်စာရွက်များကို မြင်ပြီးနောက် ချောင်ရန်သည် ထိုစာရွက်များအား သူ့လက်မောင်းကြားထဲ ထည့်လိုက်၏။ လက်ဝတ်ရတနာများကိုမူ အဆင်သင့် ပြင်ဆင်ထားသော သစ်သားဘူးလေးထဲသို့ ထည့်လိုက်သည်။
ဖွက်ထားသော ဘဏ်စာရွက်များ သိမ်းဆည်းခံလိုက်ရသောကြောင့် မရီးများမှာ မျှော်လင့်ချက် ကင်းမဲ့သွားကြသည်။
ပိုက်ဆံသာမရှိလျှင် အနောက်မြောက်အရပ်သို့ ခရီးဆက်ရမည်မှာ သူမတို့အတွက် အလွန်ခက်ခဲပေလိမ့်မည်။
သခင်မကြီးမော့လည်း သူမ၏ ယခင်စိတ်တည်ငြိမ်မှုများ ပျောက်ဆုံးသွားပြီဖြစ်သည်။ လက်ထဲမှာ ပိုက်ဆံမရှိဘဲ လမ်းတစ်လျှောက်က လောဘကြီးတဲ့ အဲ့ဒီအရာရှိတွေရဲ့ လက်ထဲ လာဘ်ထိုးဖို့ ဘယ်လိုလုပ်ကြမလဲ။
အမျိုးသမီးများမှာ အလွန်စိတ်ပျက်နေကြစဉ် ဝန်ကြီးအိမ်တော်ကို ဝင်ရောက်ရှာဖွေသော လူများမှာ တစ်ယောက်ပြီးတစ်ယောက် ပြန်လာကြ၏။
သူတို့ပြန်လာပြီး တင်ပြသောသတင်းမှာ ချောင်ရန်အား ဒေါသထွက်သွားစေသည်။
“စစ်သူကြီးချောင်ကို တင်ပြပါတယ်။ ကာကွယ်ရေးဝန်ကြီးရဲ့ ဘဏ္ဍာတိုက်ထဲမှာ ဘာမှမရှိပါဘူး”
“မင်း ဘာပြောလိုက်တယ်” ချောင်ရန်သည် ကြားလိုက်ရသော စကားအား မယုံကြည်နိုင်ပေ။
အရာရှိများက ရှက်ရွံ့စွာ ထပ်ပြောလိုက်၏။ “စစ်သူကြီးချောင်၊ ဘဏ္ဍာတိုက်ထဲမှာ ဘာဆို ဘာမှ မရှိပါဘူး”
“စစ်သူကြီးချောင်၊ ဘဏ္ဍာတိုက်ထဲမှာ ဘာမှမရှိရုံတင် မဟုတ်ပါဘူး။ စားဖိုဆောင်ထဲမှာလဲ ဘာမှမရှိပါဘူး” တခြားအရာရှိ တစ်ယောက်က ထပ်ပြောလိုက်သည်။
ချောင်ရန်သည် ဒေါသတကြီးဖြင့် အမျိုးသမီးများကို ကြည့်လိုက်၏။ “ပြောစမ်း။ နိုင်ငံတော်ကို ကာကွယ်ရတဲ့ မှူးမတ်ကြီးအိမ်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို မင်းတို့ ဘယ်ဆီ ရွှေ့ထားလိုက်တာလဲ”
သခင်မကြီးမော့က အလေးအနက် ပြန်ဖြေလိုက်သည်။ “စစ်သူကြီးချောင်၊ အရှင်မင်းကြီးက ဒီနေ့ပဲ အမိန့်တော်ကို ထုတ်ပြန်လိုက်တာပါ။ ကျွန်မရဲ့ မော့မိသားစုက ပစ္စည်းတွေ ကြိုရွှေ့ထားဖို့ တွေးနိုင်နေပါ့မလား”
သခက်မကြီးမော့၏ စကားက အဓိပ္ပါယ်ရှိသည်ဟု ချောင်ရန် တွေ့လိုက်၏။
သို့သော် နိုင်ငံတော်ကို ကာကွယ်နေရသည့် ကာကွယ်ရေးဝန်ကြီးအိမ်တော်အနေဖြင့် ဒီလောက်ထိ ဆင်းရဲလိမ့်မည်ဟု သူမယုံကြည်ခဲ့ပေ။
မော့ကျိုးယွီက အမြဲတမ်း အနက်ရောင်ဝတ်စုံပဲ ဝတ်ပြီးတော့ အင်္ကျီမလဲတာ အံ့ဩစရာမရှိတော့ပါဘူး။
ဒါက ဆင်းရဲနေလို့ပဲပေါ့။
မော့ကျိုးယွီ သိတတ်စအရွယ်ကတည်းက မော့မိသားစုသည် သူ့အကိုများအတွက် အသုဘသာ ခဏခဏပြင်ဆင်ခဲ့ရသည်ကို ချောင်ရန် မေ့သွားသည်။
မော့ကျိုးယွီသည် နိုင်ငံအတွက် သေဆုံးသွားသော သူ့အကိုများအတွက် အမြဲတမ်း အနက်ရောင်ဝတ်ဆင်ခြင်းသာဖြစ်သည်။
သူ့မှာ အနက်ရောင်အင်္ကျီတစ်စုံပဲရှိခြင်း မဟုတ်ပေ၊ အင်္ကျီပုံစံများက အကုန်တူနေခြင်းသာဖြစ်၏။
ထိူအကြောင်း တွေးကြည့်ပြီးနောက် ချောင်ရန်သည် မော့မိသားစုရှေ့တွင် သူက ချမ်းသာသည်ဟု ခံစားလိုက်ရ၏။
“ပြည်ထောင်စုအတွက် ကာကွယ်ပေးရတဲ့ ဝန်ကြီးအိမ်တော်က အခွံလွတ်ကြီးဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး။ မင်းတို့လို မိန်းမတွေ ဘယ် ငွေရှာနိုင်ပါ့မလဲလေ”
အရာရှိတစ်ယောက်က ထောက်ခံလိုက်၏။ “စစ်သူကြီးချောင်ပြောတာ မှန်ပါတယ်”
ချောင်ရန်က ဒီလို အဖားခံရတာကို ကြိုက်ပေသည်။ သူသည် မျက်လုံးတစ်ချက်သာ ကစားလိုက်ပြီး စစ်ဆေးမှုကို ပြီးဆုံးစေလိုက်၏။ ထို့နောက် သူက အမိန့်ပေးလိုက်သည်။
“မင်းတို့တွေ သိမ်းထားတဲ့ပစ္စည်းတွေနဲ့ ကျွန်တွေကို အရင်စောင့်ကြပ်ပြီး ဧကရာဇ်ရဲ့ အမိန့်ကို စောင့်နေကြ”
“ကျန်တဲ့လူတွေကတော့ အကျဉ်းသားတွေကို မြို့ပြင်ပို့ဆောင်ဖို့ တာဝန်ယူကြ”
ထိုသို့ပြောပြီးနောက် ချောင်ရန်သည် ဟဲကျစ်ယန်အား လှည့်ကြည့်ဖို့လဲ မမေ့ပေ။ ထို့နောက် အင်တင်တင်ဖြင့် ထွက်ခွားသွားသည်။
ဟဲကျစ်ယန်မှာ ထိုအကြည့်ကြောင့် ရွံရှာသွားရသည်။
အရာရှိများက ချောင်ရန်ထွက်ခွာသည်ကို ကြည့်နေကြသည်ကို အခွင့်ကောင်းယူကာ သူမ လူအုပ်ထဲမှ ချက်ချင်း ထွက်လာလိုက်သည်။
လူများက သူမကို မမြင်နိုင်သည့် တစ်နေရာသို့သွားကာ စကတ်ကိုမပြီး သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်လိုက်သည်။
သူမ၏ နေရာလွတ်ထဲသို့ စိတ်ဖြင့် ဝင်ရောက်လိုက်ပြီး သူမ သိမ်းဆည်းထားခဲ့သော စနိုက်ပါရိုင်ဖယ်တစ်လက်ကို ထုတ်ယူလိုက်သည်။
ကျည်ဖြည့်ပြီးပြီ၊ ချိန်ထားပြီ။
မြင်ကွင်းမှာ ချောင်ရန်၏ အနောက်ဘက် ခေါင်းတည့်တည့်ကို ချိန်ရွယ်ထား၏။
ချောင်ရန်သည် ကာကွယ်ရေးဝန်ကြီးအိမ်တော်မှ ထွက်ခွာပြီး မြင်းပေါ်တက်လိုက်သည်နှင့် သူမ သေနတ်မောင်းကို ဆွဲလိုက်တော့သည်။
ဘန်း ဆိုသော အသံနှင့်အတူ ခုနက မော့မိသားစုရှေ့တွင် မောက်မာနေခဲ့သော ချောင်ရန်သည် တစ်ဖက်သို့လဲသွားကာ မြင်းပေါ်မှ ချက်ချင်း ပြုတ်ကျသွားတော့သည်။
သေနတ်ပစ်ပြီး ချက်ချင်းပင် ဟဲကျစ်ယန်သည် သူမ၏ နေရာလွတ်ထဲသို့ ဝင်ပုန်းလိုက်၏။
သေနတ်သံမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သည်ဖြစ်ရာ လူများက အသံထွက်ရာနေရာကို ရှာဖွေကြမှာဖြစ်သည်
သူမသည် နေရာလွတ်ထဲတွင် ခဏပုန်းနေပြီးမှ လူများအာရုံပြောင်းသွားသောအခါ ပြန်ထွက်လာဖို့ စီစဉ်ထားသည်။
ချောင်ရန်က သူမ၏ သည်းခံနိုင်စွမ်းကို ခဏခဏလာစနေသောကြောင့်သာ မဟုတ်ပါက ဟဲကျစ်ယန်လည်း ဒီလိုအချိန်တွင် ပြဿနာများ မလုပ်ချင်ခဲ့ပေ။
ဒီလိုလူအတွက်ကတော့ သူအသက်ရှင်နေတဲ့ မိနစ်တိုင်းက အောက်ဆီဂျင်တွေကို အလကားဖြုန်းတီးပစ်နေတာပဲလေ။
သို့သော် သူမ မသိခဲ့သည်မှာ အရိပ်ထဲတွင် ပုန်းနေသော မော့ကျိုးယွီက သူမ၏ လုပ်ရပ်အားလုံးကို မြင်သွားခဲ့ခြင်းပင်။
ဒီမိန်းမက တကယ်ပဲ ဘယ်သူလဲ၊ ပြီးတော့ သူမမှာ ဒီလောက်အားကောင်းတဲ့ လက်နက် ဘယ်လိုလုပ်ရှိနေတာလဲ။
အဲ့ဒါအပြင် သူမက နေရာမှာတင် ပျောက်သွားသေးတယ် ...
နတ်ဘုရားလား။
မော့ကျိုးယွီသည် ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်၏။ ဒီနှစ်ရက်အတွင်း ဟဲကျစ်ယန်၏ လုပ်ရပ်များမှာ သူ့အသိဉာဏ်စွမ်းကို ကျော်လွန်နေသည်ဟုပင် ခံစားလိုက်ရသည်။