← Chapters

အမွှေးတိုင်တစ်ချောင်းစာ အချိန်ပေးမယ်

Vol. 2 Ch. 17

အမွှေးတိုင်တစ်ချောင်းစာ အချိန်ပေးမယ်

Vol. 2 Ch. 17

ဟဲကျစ်ယန်သည် အမြဲ သတိရှိ၏။ သူမ ဘယ်နေရာသို့သွားပါစေ ပတ်ဝန်းကျင်ကို အရင် စူးစမ်းလေ့ ရှိသည်။

ဤအရာက ကိစ္စကြီးတော့ မဟုတ်ပေ။

အကျဉ်းသား အများစုမှာ မော့မိသားစုဝင်များကို ရန်လိုသောအကြည့်များဖြင့် ကြည့်နေကြသည်။

သူမ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ထင်သောကြောင့် ဟဲကျစ်ယန်သည် မျက်လုံးများကိုပွတ်ကာ နောက်တစ်ခေါင်ထပ် ကြည့်လိုက်သည်။ သို့သော် ယခင်ပုံစံအတိုင်းပင်။

တစ်ချို့လူများမှာ သူတို့ကိုသူတို့ မထိန်းနိုင်တော့ဘဲ မော့မိသားစုအား ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုကြတော့သည်။

“မော့ကျိုးယွီ နင်က မိသားစုတစ်ခုလုံးကို သေစေခဲ့တဲ့ နမိတ်မကောင်းတဲ့ကောင်ပဲ။ အခုလဲ ငါတို့ကိုပါ ဆွဲခေါ်လာပြန်ပြီ”

“မော့မိသားစုဝင်တွေ နင်တို့ အသေဆိုးနဲ့ သေပါစေ”

“မင်းကြောင့်သာ မဟုတ်ရင် ဟယ်မိသားစုက ဘယ်လိုလုပ် ဒီလိုမမျှတတဲ့ ဘေးဆိုးကြီး ခံစားရမှာလဲ”

“….”

ထိုလူများက စိတ်အားထက်သန်စွာ ဆဲဆိုနေကြသည်ကို ကြားသော်လဲ အရာရှိများက လုံးဝ မတားဆီးကြပေ။

ထို့ကြောင့်ပင် ဒီဘူများကို မော့မိသားစုနှင့်အတူ ပြည်နှင်ဒဏ်ပေးခြင်းမှာ မော့မိသားစုကို ပိုမိုခက်ခဲစေရန် ဧကရာဇ်ဟူသော မိစ္ဆာကောင်က တမင်လုပ်ခဲ့သည်ဟု ဟဲကျစ်ယန် ကောက်ချက်ချလိုက်၏။

သို့သော် သူမ ဘယ်လိုပဲ တွေးကြည့်ပါစေ၊ အဘယ့်ကြောင့် ထိုလူများက မော့ကျိုးယွီအား နိမိတ်‌မကောင်းတဲ့ကောင်ဟု ခေါ်နေလဲ သူမ နားမလည်နိုင်ပေ။

ကြည့်ရသည်မှာ ထိုလူများနှင့်သာဆိုပါက ခရီးစဉ်က ပျင်းရမည့်ပုံ မပေါ်ပေ။

မော့ကျိုးယွီသည် ဆဲဆိုနေသံများကို နားထောင်ရင်း ထိုလူများကို ကြာပွတ်နှင့် ထမရိုက်မိစေရန် ကိုယ့်ကိုယ်ကို စိတ်ထိန်းထားရ၏။

သို့သော် ဘယ်သူကများ သူ့ကို ကျိန်ဆဲနေသလဲဆိုတာလဲ သိချင်နေမိသေးသည်။

ထို့ကြောင့် သူသည် ခန္ဓာကိုယ်ကို အနည်းငယ်ရွှေ့ကာ အသံလာရာသို့ မျက်လုံးလေး မှေးကြည့်လိုက်သည်။

ထိုလူများထဲမှ တစ်ချို့မှာ အရာရှိများဖြစ်သည်ကို သူ မှတ်မိလိုက်၏။

သူ အများကြီးတွေးနေဖို့ပင် မလိုတော့ပေ။ ဆဲဆိုနေသူများမှာ ထိုလူများ၏ မိသားစုဝင်များပင်။

သူတို့ ဘာလို့ သူ့ကို ဆဲနေတာလဲဆိုတာကို နားမလည်နိုင်ပေ။

မော့ကျိုးယွီသည် ထိုလူများနှင့် ကတောက်ကဆဖြစ်ခဲ့ဖူးလားဟု သေချာပြန်တွေးကြည့်လိုက်၏။

မကြာခင်ပင် သူ သေချာသော အဖြေအား ရရှိသွားသည်။

သူတို့ထဲမှ ဟယ်မျိုးရိုးနှင့်တစ်ယောက်သည် အခွန်ဝန်ကြီးဌာန၏ ဒုဝန်ကြီးဖြစ်ခဲ့ဖူးသည်။ နယ်စပ်တွင် မော့ကျိုးယွီ စစ်တိုက်နေစဉ်က ထိုလူက ရိက္ခာဝေမျှပေးဖို့ တာဝန်ရှိသောလူပင်။

သို့သော် ဟယ်ကျီယွမ်သဘ် ရိက္ခာများကို သူ၏ကိုယ်တိုင်ဝေစုထဲ ထည့်ခဲ့၏။ ထိုကိစ္စကို သေချာစုံစမ်းရန် ဧကရာဇ်ရွှင်းဝူအား မော့ကျိုးယွီ တင်ပြခဲ့ဖူးပေသည်။

ဟန်လင်းကျောင်းတော်မှ စာပြုစုသူ လီလျန့်လဲ ဤနေရာတွင် ရှိနေသည်။ သူ မြို့တော်သို့ ပြန်ရောက်ရောက်ချင်း လီလျန့်သည် မော့ကျိုးယွီအား သူ၏ တရားမဝင်သမီးကို ကိုယ်လုပ်တော်အဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့သည်။ မော့ကျိုးယွီက သူ့ကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။

ထိုအရာမှလွဲ၍ လီလျန့်နှင့် သူသည် တခြား ပတ်သက်မှု မရှိခဲ့ပေ။

သူ့အား စိတ်အားထက်သန်စွာ ကျိန်ဆဲနေသူတစ်ယောက်မှာ စစ်ဘက်ရေးရာဌာန၏ ဒုဝန်ကြီး ဖန့်ချွမ်ကျိုးပင်။

ဖန့်ချွမ်ကျိုးသည် စစ်ဘက်‌ရေးရာဌာန၏ ဒုဝန်ကြီးဖြစ်ပြီး မော့ကျိုးယွီနှင့် တစ်ခါမှ အဆက်အစပ် မလုပ်ဖူးပေ။

သူနှင့် ဟဲကျစ်ယန်သည် ထိုလူများက သူ့အား အဘယ့်ကြောင့် နိမိတ်ဆိုးဟု ခေါ်နေကြလဲ နားမလည်နိုင် ဖြစ်နေကြ၏။

ဖြစ်နိုင်တာက ဧကရာဇ်က သူတို့ကို ပြစ်ဒဏ်ချတဲ့အခါ မော့ကျိုးယွီကြောင့်ဆိုပြီး ဆွဲထည့်ခဲ့တာများလား။

မော့ကျိုးယွီ အံ့ဩနေစဉ်ပင် သူ၏ မရီး ရှဲ့ဖန်က ဆဲဆိုနေသူများထံ မျက်ရည်များဖြင့် ပြေးသွားလိုက်သည်။

“အဖေ၊ အမေ၊ အကိုကြီး၊ မောင်လေး အဖေတို့ရော အကုန် ပြစ်ဒဏ်ချခံရတာလား”

သူမ၏ အရင်းနှီးဆုံး မိသားစုဝင်များက သူမကို လာမတွေ့နိုင်တာ မဆန်းတော့ပေ။

အဖေရှဲ့၏ မျက်နှာမှာ စိတ်ပူမှုအပြည့်ပင်။ သူ့သမီးအား အရုပ်ဆိုးသော အပြုံးတစ်ခုသာ ထုတ်ပြလိုက်နိုင်သည်။

“အဖေ အမှားလုပ်မိလို့ ဧကရာဇ်မင်းမြတ်က အပြစ်ပေးတာပါကွယ်”

“အဖေ မလိမ်နဲ့တော့။ ရှဲ့မိသားစုက ဝန်ကြီးအိမ်တော်ကြောင့် ဆွဲချခံလိုက်ရတာပဲ။ အစ်မကို ဘာလို့ ဖုံးကွယ်ထားမှာလဲ” ရှဲ့မင်သည် သစ်သားလှည်းပေါ်တွင် လဲလျောင်းနေသော မော့ကျိုးယွီအား မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။

ရှဲ့ဖန်က အသေးစိတ် မေးတော့မည့်အချိန်တွင် အဖေရှဲ့က ရှဲ့မင်အား ‌ဆူလိုက်၏။

“ရှဲ့မင် ပါးစပ်ပိတ်ထားစမ်း၊ ဒါ မင်းဝင်ပြောရမဲ့နေရာ မဟုတ်ဘူး”

ရှဲ့မင်သည် သူ့အဖေအား မကျေမနပ်ကြည့်ကာ ပါးစပ်ကို ပိတ်ထားလိုက်ရ၏။

မရီးသည်လည်း ထိုအခြေအနေများကို နားလည်ပေသည်။ ထို့အပြင် လူအများကြီးက ရှဲ့မိသားစုကို ကြည့်နေကြသောကြောင့် သူမ အမှန်တရားကို သိချင်လျှင်ပင် ဤအချိန်တွင်တော့ စိတ်မရှည်၍ မရပေ။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်သည် မရီးက သူမ၏ မိသားစုထံသို့ ပြေးသွားသည်ကို မြင်ပြီးနောက် ဇာတ်လမ်းကို နားထောင်ရန် သေချာနားစွင့်ထားလိုက်သော်လဲ အဖေရှဲ့က သတိကြီးကြီးရှိသောကြောင့် နှစ်ယောက်သား ဘာမှမကြားလိုက်ရပေ။

မရီးကဲ့သို့ပင် သူတို့လဲ ဘာတွေများ အတိအကျဖြစ်ခဲ့လဲဆိုတာကို သိရရန် တခြားအခွင့်အလမ်း ရှာမှရပေမည်။

အမေမော့ကတော့ တည်ငြိမ်နေသည်။ သူမ၏ ခမည်းခမက်များကို တွေ့သောအခါ သူတို့ သူမအား ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ သူမဘက်က ယဉ်ကျေးစွာ ခေါင်းငြိမ့်ပြီး နှုတ်ဆက်လိုက်သည်။

အရာရှိများက အကျဉ်းသားများကို လွှဲပေးပြီးနောက် မော့မိသားစုအား ကျိန်ဆဲနေသူများကို ဝတ်ကျေတန်းကျေ ရပ်တန့်ပေးလိုက်သည်။

ဤလူများမှာ သူတို့ကိုသူတို့ အပြစ်သားစစ်စစ်ဟု မမြင်နိုင်သေးပေ။ အရာရှိများက အပြစ်တင်သောအခါ သူတို့က မနာခံသလို ကျေလဲမကျေနပ်ကြပေ။

သူတို့က အရာရှိများကို တစ်ခွန်းပြီးတစ်ခွန်း ပြန်ပြောကြ၏။

အရာရှိများ၏ မျက်လုံးထဲတွင် ဤလူများက သေလူနှင့်မခြားသောကြောင့် သည်းမခံကြပေ။

တစ်ချို့က ချက်ချင်းပဲ ကြိမ်လုံးကိုထုတ်ကာ အများဆုံးဆဲဆိုနေကြသူများအား ရိုက်လိုက်ကြ၏။

“အသက်ရှင်ရတာ ပင်ပန်းနေပြီထင်တယ်။ အနောက်မြောက်အရပ်ကို အသက်ရှင်လျက် မရောက်ချင်တော့ရင်လဲ ပြောလေ”

သူတို့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသော ကြိမ်တံကြောင့် ချက်ချင်းပင် အသိဝင်လာကြသည်။

သာမန်လူများ ဝတ်တာထက်ပင်ဆိုးသော ကောက်ရိုးအဝတ်ကြမ်းကို ပြန်ကြည့်ပြီးနောက် သူတို့မိသားစုများ ပိုင်ဆိုင်မှု သိမ်းခံရပြီး ပြည်နှင်ဒဏ်ခံရသည်ကို လက်မခံချင်သော်လဲ လက်ခံလိုက်ရတော့သည်။

သို့သော် သူတို့သည် မော့မိသားစုကိုတော့ စိုက်ကြည့်နေကြဆဲပင်။

အမေမော့ဦးဆောင်သော မော့အမျိုးသမီးများကတော့ သူတို့ကို ဂရုတောင်မစိုက်ပေ။

ထို့ကြောင့် သူတို့သည် ဝါဂွမ်းကိုသာ ထိုးမိသလို ခံစားလိုက်ရသည်။

အရာရှိက အော်လိုက်သည်။ “အချိန်စော‌တုန်းလေး မြန်မြန်ခရီးနှင်ကြရအောင်”

“ခဏလေးစောင့်ပါဦး ရပ်ပါဦး ...” ရထားလုံးမောင်းသူက လှမ်းအော်လိုက်သည်။

အရာရှိများအပါအဝင် အားလုံးပဲ လှည့်ကြည့်လိုက်ကြသည်။

ရထားလုံးသည် လူအုပ်ကြီးရှေ့တွင် ရပ်သွား၏။

ရထားလုံးမောင်းသူက ချက်ချင်း ခုန်ဆင်းကာ လိုက်ကာကို မ,တင်ပေးလိုက်သည်။

မျက်နှာအား ကွယ်ထားသော လူနှစ်ယောက် ရထားလုံးထဲမှ ထွက်လာကြ၏။

သူတို့၏ ပုံစံအရ အသက်အရွယ်ကြီးသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်။

ရထားလုံးပေါ်မှ ဆင်းသည်နှင့် သူတို့သည် လူအုပ်ထဲ ရှာဖွေလိုက်ကြပြီး နောက်ဆုံး ဟဲကျစ်ယန်ထံတွင် အကြည့်ဆုံးသွားကြသည်။

ဟဲယွမ်မင်က မြန်မြန်ပင် ငွေချောင်းကြီး တစ်ချောင်းကို အဖွဲ့ခေါင်းဆောင်ထံ ကေးလိုက်သည်။

သူက သူ၏ပုံစံအမှန်ကို ဖော်ပြချက်ပုံမရဘဲ အရာရှိအား ယဉ်ကျေးစွာ ပြောလိုက်သည်။

“ကျွန်တော့်ကို နည်းနည်းလောက် မျက်နှာသာ ပေးလို့ ရမလား”

အရာရှိက ငွေချောင်းအား လက်ထဲတွင် ချိန်ဆကြည့်လိုက်သည်။

“အမွှေးတိုင်တစ်ချောင်းထွန်းစာ အချိန်ရမယ် မြန်မြန်လုပ်”

“ကောင်းပါပြီ” ဟဲယွမ်မင် ပြန်ဖြေလိုက်ပြီး လင်ရွှယ်ယန်ကိုဆွဲကာ ဟဲကျစ်ယန်ဆီသို့ အမြန်လျှောက်လာကြသည်။

အမေမော့အနီးမှ ဖြတ်သွားသောအခါ ဟဲယွမ်မင်သည် မျက်နှာအား ဖုံးကွယ်ထားသော အဝတ်စကို တမင်ဆွဲချလိုက်၏။

အမေမော့က သူ့ကို ချက်ချင်း မှတ်မိသွားကာ တခြားလူများကို အဝေးသို့ခေါ်ထုတ်သွားပြီး ဟဲကျစ်ယန်တစ်ယောက်ထဲကိုသာ ချန်ထားပေးခဲ့သည်။

သူမ၏ သမီးလေးအား အပြစ်သားအဝတ်အစားများနှင့် မြင်လိုက်ရသောအခါ လင်ရွှယ်ယန်သည် ပုလဲကြိုးလေးတစ်ကုံး ပြတ်ကျသွားသလိုပင် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာတော့သည်။

သူမသည် ဟဲကျစ်ယန်၏ သေးသွယ်သော ခန္ဓာကိုယ်လေးအား တင်ကြပ်စွာ ဖက်ထားပြီး ငိုရှိုက်ရင်း ပြောလိုက်သည်။ “ယန်ယန် အမေမှားခဲ့တာပါကွယ်၊ အမေနဲ့ အဖေ သမီးကို မော့မိသားစုထဲ လက်ဆက်ပေးဖို့ အတင်းအကြပ် မလုပ်ခဲ့သင့်ဘူး ... အမေ့ အမှားတွေပါ....”

သူမ၏ အရင်ဘဝတွင် ဟဲကျစ်ယန်သည် မိဘများက ကွာရှင်းထားပြီး သူမ သိတတ်စအရွယ်ကတည်းက မိဘများ၏ မျက်လုံးထဲတွင် သူမက ဒုက္ခကြီးသာ ဖြစ်ခဲ့သည်။

သူမသည် မိဘများထံမှ သေးငယ်သော ချစ်ခြင်းမေတ္တာလေး တစ်စွန်းတစ်စကိုတောင် မခံစားခဲ့ဖူးပေ။

အခု မူလကိုယ်၏ မိခင်ထံမှ တင်းကြပ်စွာ ဖက်ခံထားရသောကြောင့် ခံစားချက်က အနည်းငယ် ထူးဆန်းနေသော်လဲ သူမ မငြင်းပယ်ခဲ့ပေ။

ဟဲကျစ်ယန်သည် အကြိမ်များစွာ လက်ကို မြှောက်လိုက်ချလိုက် လုပ်နေပြီးနောက်မှ လင်ရွှယ်ယန်၏ ကျောပြင်သို့တင်ကာ ဖွဖွလေး ပုတ်ပေးလိုက်သည်။

All Chapters