ဒါကို မော့အမျိုးသမီးတစ်ယောက်လို ကြည့်သင့်တယ်
Vol. 2 Ch. 19
မော့ဟန်ယွဲ့သည် သခင်မကြီးမော့အား မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်သည်။
“အမေ သမီးမှာ ဘယ်လိုလုပ် ငွေရှိမှာလဲ”
“ငွေ မရှိဘူးဆိုရင် စားလို့ရတဲ့ဟာကိုပဲစား” သခင်မကြီးမော့သည် သမီးဖြစ်သူအား သနားမနေဘဲ ပြောလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမ ဖွက်ယူထားသော ငွေအားလုံးသည် မော့မိသားစုအိမ်မှ မထွက်ခင် ရှာဖွေခံရပြီး သိမ်းခံလိုက်ပြီ ဖြစ်သောကြောင့် သူမတွင် ငွေတစ်ပြားမှ မရှိပေ။
ချွေးမများတွင် ငွေအနည်းငယ်ရှိသော်လဲ အကြီးတစ်ယောက်အနေနှင့် အငယ်များထံမှ ငွေကို ယူမသုံးနိုင်ပေ။
“အမေ ကျွန်မမှာ ငွေနည်းနည်းရှိပါတယ်။ အရာရှိတွေဆီကနေ ဂျုံဖြူပေါင်မုန့်နည်းနည်း သွားဝယ်လိုက်မယ်လေ”
ပုံမှန်အားဖြင့် ချစ်စရာကောင်းပြီး ပျော်ရွှင်တတ်သော ယောင်းမလေးက စားစရာမရှိသောကြောင့် ငိုနေရသည်ကိုကြည့်ကာ တတိယ မရီးမှာ အလွန် စိတ်မချမ်းမသာဖြစ်သွားရသည်။
“မရီး စိတ်မပူပါနဲ့။ တခြားလူတွေ ဘာလုပ်မလဲ အရင်ကြည့်ကြရအောင်ပါ။”
ဤသည်မှာ ဟဲကျစ်ယန်၏ အတွေးပင်။ နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ငွေချောင်းအားလုံး သူမ၏ နေရာလွတ်ထဲတွင် ရှိသောကြောင့် သူမ၏ မိသားစုစားဖို့ရန်အတွက် ဂျုံဖြူပေါင်မုန့် တချို့ဝယ်ရန် ငြီးတွားနေဖို့ မလိုပေ။
သူမတို့က ပြည်နှင်ဒဏ် ပေးခံရတာ တစ်ရက်သာရှိသေးသောကြောင့် အရာရှိများနှင့် တခြားသော အကျဉ်းသားများ၏ အခြေအနေကို သေချာမသိသေးပေ။ ထို့ကြောင့် သူမ၏ လုပ်နိုင်စွမ်းကို များစွာမဖော်ပြလိုခြင်းသာဖြစ်သည်။
“သမီးပြောတာ မှန်တယ်။ အရင်စောင့်ကြည့်ကြရအောင်” သခင်မကြီးမော့သည် ဟဲကျစ်ယန်၏ အကြံကို သဘောတူလိုက်၏။
မော့မိသားစုသည် ဘာမှမလုပ်ဘဲ လိမ်လိမ်မာမာလေး နာခံကာ အခြေအနေကိုသာ စောင့်ကြည့်နေကြသည်။
ထိုသို့ပြောရလျှင် တခြားသော ပြည်နှင်ဒဏ်ပေးခံရသည့် မိသားစု လေးခုမှာ အမှန်တကယ် ကံဆိုးလှသည်။
သူတို့သည်လည်း ဘာသတိပေးခြင်းမှ မရှိဘဲနှင့် မော့မိသားစုနှင့် တစ်ချိန်တည်းပင် အမိန့်စာကို ရရှိခဲ့တာ ပြည်နှင်ဒဏ် ပေးခံခဲ့ရသည်။ ထိုအရာမှာ ဧကရာဇ်ရွှင်းဝူ၏ ပေါက်တတ်ကရ စိတ်ကူးပင်။
ထို့ကြောင့်ပင် ထိုမိသားစု ၄ ခုမှာ ငွေတစ်ပြားမှမရှိပေ။
ပြည်နှင်ဒဏ်ပေးခံရသူများကို လိုက်ပို့ရသော အလုပ်သည် ပုံမှန်အားဖြင့် အကျိုးအမြတ်များသော အလုပ်ပင်။
သူတို့သည် အကျဉ်းသားများကို လိုက်ပို့သော ဆွေမျိုးများအား ပျော်ပျော်ကြီးပင် လက်သင့်ခံပေးကြသည်။
ထိုမှသာ အကျဉ်းသားများတွင် ပိုက်ဆံပါလာမည်ဖြစ်သည်။
အကျဉ်းသားများတွင် ပိုက်ဆံပါလာလျှင် လိုက်ပို့သော အရာရှိများ အကျိုးဖြစ်ထွန်းပေမည်။
သို့သော် ပေါင်မုန့်ဖြူက ငွေတစ်ချောင်း နှစ်ချောင်း ကျသင့်မည်ဟု အော်ပြီးသော်လဲ ဘယ်သူကမှ ပိုက်ဆံနှင့် ထွက်မဝယ်ကြပေ။
ဒေါသထွက်သွားသောကြောင့် အရာရှိများသည် တစ်ယောက်လျှင် တစ်ခုစီ အလကားပေးသော ဂျုံကြမ်းပေါင်မုန့်ကို တစ်ယောက် တစ်ဝက်သို့ လျှော့ချပစ်လိုက်တော့သည်။
မော့မိသားစုတွင် မော့ကျိုးယွီမှလွဲ၍ ကျန်လူများမှာ မိန်းမသားများဖြစ်ကြသောကြောင့် အစားအများကြီးမစားကြရာ အဆင်ပြေပေသည်။
မရီးများမှာ ထိုအရာက ပေါင်မုန့်တစ်ဝက်ပဲဖြစ်ပါစေ သူမတို့ ငတ်မသေသရွေ့ အဆင်ပြေသည်ဟု တွေးလိုက်ကြသည်။
သို့သော် ပေါင်မုန့်များကို လက်ခံရရှိလိုက်သောအခါ သူမတို့ မျက်လုံးပြူးသွားရသည်။
ဂျုံကြမ်းပေါင်မုန့်မှာ ကျောက်ခဲ့ကဲ့သို့ပင် မာကျောနေပြီး ကိုက်ကြည့်ရုံဖြင့် သွားများကွဲသွားနိုင်ပေသည်။
“အမေ ပေါင်မုန့်တွေက အရမ်းမာတယ်။ သမီး မကိုက်နိုင်ဘူး။” မော့ဟန်ယွဲ့က ထပ်ငိုတော့သည်။
“ဟုတ်တယ် အမေ ခရီးစဉ်တစ်လျှောက်လုံးသာ ဒီလိုပေါင်မုန့်တွေအပေါ် မှီခိုနေရရင် အစာငတ်လို့ မသေဘဲ နင်ပြီး သေသွားမှာ စိတ်ပူမိတယ်။”
“အမေ ကျွန်မနဲ့ တတိယမရီးမှာ ငွေနည်းနည်းရှိပါတယ်။ ကျွန်မတို့ ဂျုံဖြူပေါင်မုန့် နည်းနည်း သွားဝယ်လိုက်မယ်လေ”
သမီးဖြစ်သူနှင့် ချွေးမတို့၏ စကားကိုကြားပြီး သခင်မကြီးမော့သည် ပုံမှန်လိုပင် ဟဲကျစ်ယန်အား ကြည့်လိုက်သည်။
အိမ်တော်ထဲသို့ လက်ထပ်ခါစဖြစ်သော ဤချွေးမအကြောင်း သူမ သေချာမသိသေးသော်လဲ ဟဲကျစ်ယန်တွင် အကြံဉာဏ်များ ရှိနေသည်ကို သခင်မကြီးမော့ သိပေသည်။
ဟဲကျစ်ယန်သည် သခင်မကြီးမော့အား ဖြည်းညှင်းစွာ ခေါင်းယမ်းပြလိုက်၏။
“အမေ စိတ်မရှည်မဖြစ်ပါနဲ့။ နောက်ထပ် နည်းနည်း စောင့်ကြည့်ပါဦး။”
သူမ စကားပြောပြီးပြီးချင်းပင် အနီးရှိ ရှဲ့မိသားစုမှ ကလေးအော်ငိုသံ ထွက်လာခဲ့သည်။
ဒုတိယမရီးသည် ချက်ချင်းပဲ ပြေးထွက်သွား၏။
“အကိုကြီး လင်းအာ ဘာဖြစ်တာလဲ”
ရှဲ့ချောင်၏ မျက်လုံးများမှာ နာကျည်းမှုအပြည့်ပင်။ သူသည် ရှဲ့ဖန်းဆီသို့ လက်ဖြန့်ပြလိုက်၏။
“လင်းအာရဲ့ နဲ့နေတဲ့ ငယ်သွားလေးက ပေါင်မုန့်ကို ကိုက်မိတာနဲ့ ကျိုးသွားတာ”
ကြည့်လိုက်သောအခါ ငါးနှစ်သားအရွယ် ရှဲ့လင်း၏ နှုတ်ခမ်းထောင့်တွင် သွေးစများကို တွေ့လိုက်ရသည်။
ရှဲ့လင်းသည် ရှဲ့မိသားစု၏ တစ်ဦးတည်းသော မြေးလေးဖြစ်ပြီး ကလေးလေးသည် ငယ်စဉ်ကတည်းက လိမ္မာရေးခြားရှိကာ ရည်မွန်ပေသည်။
ရှဲ့ဖန်းသည် မော့အာ့လန်ကို လက်ထပ်ပြီး ၃ လအကြာတွင်ပဲ မော့အာ့လန်သည် စစ်ပွဲတွင် သေဆုံးသွားပြီဟူသော ကြေကွဲစရာ သတင်းကို ကြားသိလိုက်ရသည်
ကံမကောင်းစွာပင် လက်ထပ်ပြီးနောက် သူမတွင် ကိုယ်တိုင်ကလေးရအောင် မလုပ်နိုင်ခဲ့ပေ။
ဒီဘဝတော့ ကလေးမရနိုင်တော့ဘူးဆိုတာ သိသောကြောင့် ရှဲ့ဖန်းသည် သူမ၏ လိမ္မာသိတတ်ပြီး နာခံတတ်သော တူလေးအား စိတ်နှလုံးသားအပြည့်ဖြင့် ချစ်ခင်ပေးခဲ့သည်။ သူမ အသက်ကြီးလာသောအချိန်တွင်လည်း တူလေးက စောင့်ရှောက်ပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့၏။
ထို့ကြောင့် ရှဲ့လင်းအပေါ် ထားရှိသော ရှဲ့ဖန်း၏ မေတ္တာများမှာ ပုံမှန် အဒေါ်နှင့် တူလေးထက် ပိုလေးနက်ပေသည်။
ကလေးက ငိုရင်းနှင့် သူ့ပါးစပ်ထောင့်မှ ကျလာသော သွေးများကိုကြည့်ရင်း ရှဲ့ဖန်း၏ နှလုံးသားမှာ မခံမရပ်နိုင်အောင် နာကျင်လာရသည်။
သူမသည် ရှဲ့လင်းလက်ထဲမှ ပေါင်မုန့်ကြမ်းကို ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။ ထို့နောက် အရာရှိများဘက်လို့လှည့်ကာ အော်ဟစ်တော့သည်။
“ငါတို့က ပြည်နှင်ဒဏ်ပေးခံရတယ်ဆိုပေမဲ့ သေဒဏ်ပေးခံရတာ မဟုတ်ဘူး။ ငါတို့မှာ အသက်ရှင်ရမဲ့ အခွင့်အရေး အပြည့်အဝရှိနေတုန်းပဲ။
ဒီလောက် ကျောက်ခဲတွေလို မာနေတဲ့ ပေါင်မုန့်ကိုပေးတာ ဦးနှောက်ရှိတဲ့လူဆို စားလို့မရတာ သိပါတယ်။ အနောက်မြောက်အရပ်ဆီ အသက်ရှင်လျက်ရောက်ဖို့ ဘယ်လိုလုပ်ရမှာလဲ”
ဟဲကျစ်ယန်သည် ကိစ္စများက အဆိုးဘက်သို့ ရောက်သွားသည်ကို သိလိုက်ပြီး ဒုတိယမရီးဆီသို့ ချက်ချင်းပြေးသွားလိုက်သည်။
အဘယ်ကြောင့်ဆိုသော် ဒုတိယမရီးက သူတို့ကို ပြန်အော်လိုက်သောအခါ အရာရှိများက ကြာပွတ်ကို ထုတ်လိုက်သည်ကို ဟဲကျစ်ယန် အမြန်တွေ့လိုက်သောကြောင့်ပင်။
သူမ အချိန်လေး မှီလိုက်ရုံပင်။
ရှဲ့ဖန်းပေါ်သို့ ကျလာတော့မည့် ကြာပွတ်ကိုမြင်ပြီး သူမသည် ရှေ့သို့လှမ်းကာ ကြာပွတ်အဖျားကို အသာလေးဆုပ်ကိုင်လိုက်ပြီး ရှဲ့ဖန်းတစ်ယောက် ဒဏ်ရာ အနာရခြင်းမှ ကယ်ဆယ်လိုက်နိုင်၏။
ဤအရာရှိများမှာ အကျဉ်းသားများကို လိုက်ပို့နေသည်မှာ နှစ်ပေါင်းများသွာကြာပြီဖြစ်သည်။ သို့သော် အကျဉ်းသားမိန်းမငယ်တစ်ဦးမှ သူတို့ကို ဝင်တားခံလိုက်ရသည်မှာ ပထမဆုံးအကြိမ်ပင်။
အရာရှိ၏မျက်နှာမှာ အလွန်မည်းမှောင်သွားပြီး သူ၏ဒေါသများကို ဟဲကျစ်ယန်ဆီသို့ ပုံချကာ သူမကို ဆဲရေးလိုက်၏။
လှည်းပေါ်တွင် လဲလျောင်းနေရင်း ဖြစ်သမျှ အကုန်နားထောင်နေရသော မော့ကျိုးယွီမှာ ဒေါသကြောင့် မီးခဲလို ပူလောင်နေသည်။
သူ လှဲနေရာမှထပြီး တားတော့မလို့ပင်။
သူ၏ တောင့်တင်းသွားသော ခန္ဓာကိုယ်ကို သခင်မကြီးမော့က သတိပြုမိသွားကာ ကျောကို ခပ်ဖွဖွပုတ်ပေးပြီး အလျင်စလို မလုပ်ရန် သတိပေးလိုက်သည်။
မော့ကျိုးယွီအား ဖျောင်းဖျပြီးနောက် သခင်မကြီးမော့သည် သူမ၏ ချွေးမနှစ်ယောက်ဘေးသို့ သွားရပ်လိုက်သည်။
သခင်မကြီးမော့၏ အသိတရားထဲတွင် မော့မိသားစု ယောက်ျားသားများမှာ သူရဲကောင်းများဖြစ်သည်နှင့်အညီ မိန်းမများသည်လဲ သူရဲဘောကြောင်မနေဘဲ ကိစ္စများကို မျက်နှာချင်းဆိုင်ရဲရပေမည်။
ရှဲ့ဖန်းသည် သူမ၏ အလျင်စလိုလုပ်မှုကြောင့် ပြဿနာဖြစ်စေခဲ့သည်ကို သတိပြုမိသွားပြီး အရာရှိက သူမ၏ နဝမ ယောင်းမလေးကို ကြာပွတ်ဖြင့် ရိုက်လိုက်သည်ကို ကြည့်ပြီး သူမရှေ့တွင် ချက်ချင်း ဝင်ကာပေးလိုက်၏။
“အဲ့ကိစ္စက ကျွန်မပြောလို့ဖြစ်တာပါ။ ရှင့်ဒေါသကို ကျွန်မရဲ့ နဝမ ယောင်းမလေးအပေါ် ပုံမချပါနဲ့”
ဟဲကျစ်ယန်သည် ထိုအရာရှိအား ရင်ဆိုင်ရန် အဆင်သင့်ပြင်ပြီးသားဖြစ်သော်လဲ မထင်မှတ်ထားစွာပင် ဒုတိယမရီးက ဝင်ကာပေးတာ ခံလိုက်ရ၏။
သူမသည် စိတ်ပူစွာဖြင့် ဒုတိယ မရီး၏ အင်္ကျီကိုဆွဲကာ သူမနောက်သို့ ပို့လိုက်သည်။ ထို့နောက် သူမသည် လက်တစ်ဖက်တည်းဖြင့် ရိုက်လာသော ကြာပွတ်ကို ဖမ်းလိုက်သည်။
ထို့နောက် ဟဲကျစ်ယန်သည် အားသေချာထည့်ကာ ကြာပွတ်ကို ပရာရှိလက်ထဲမှ လွတ်သွားအောင် ဆောင်ဆွဲလိုက်ပြီး သူမလက်ထဲ ရောက်လာအောင် လုပ်လိုက်သည်။
အကျဉ်းသားများကို ရန်စကာ ပွဲကြည့်ဖို့ပြင်နေရင်း အေးအေးဆေးဆေး ဂျုံဖြူပေါင်မုန့်ထိုင်စားနေကြသော တခြားအရာရှိများသည်လည်း သူတို့အဖော်၏ ကြာပွတ်က အလုခံလိုက်သည်ကိုကြည့်ကာ ဖျော်ဖြေမှုကို ဆက်ကြည့်မနေနိုင်တော့ဘဲ မတ်တပ်ရပ်လိုက်ကြသည်။
လက်ထဲမှ ပေါင်မုန့်ကိုချကာ ခါးကြားမှ ဓားများကိုထုတ်ပြီး အမျိုးသမီး ၃ ယောက်အား ချိန်ရွယ်ထားလိုက်ကြသည်။
ဟဲကျစ်ယန်၏ စိတ်ဓာတ်များ မြင့်တက်လာခဲ့သည်။
“နင်တို့ လူယုတ်မာတစ်အုပ်၊ ငါတို့ရဲ့ မော့မိသားစုက သူတို့ခေါင်းတွေကို စတေးခံပြီး နင်နဲ့ နင်တို့ရဲ့မိသားစုတွေ ဒီနေ့လို အေးအေးချမ်းချမ်းနေနိုင်အောင် လုပ်ပေးခဲ့ရတာ။
အခု ငါတို့ရဲ့ မော့မိသားစုက ထောင်ချောက်ဆင်ခံရပြီး ဒီလိုနိမ့်ကျသွားတော့ နင်တို့တွေက နိမ့်ကျနေတဲ့လူကို လာဖိတယ်ပေါ့၊ နင်တို့ရဲ့ အစွမ်းအစတွေကို အားနည်းတဲ့ အမျိုးသမီးတွေအပေါ် လာပြနေတာပေါ့ ဟုတ်လား။
နင်တို့ရဲ့ သနားစရာကောင်းတဲ့ အကျင့်တွေကို ကြည့်စမ်းပါဦး၊ နင်တို့ ဒါပဲလုပ်တတ်တာလား။ နင်တို့ကိုသာ ရန်သူ့တပ်တွေနဲ့ ရင်ဆိုင်ဖို့ စစ်ပွဲထဲလွှတ်လိုက်ရင် နင်တို့ခေါင်းတွေ အရင်ကတည်းက အိမ်ဆီ ပြန်လိမ့်လာပြီးသား ဖြစ်မှာတောင် ကြောက်ရတယ်”
ဟဲကျစ်ယန်၏ စကားများမှာ အမှန်တရားကို သွားထိုးနှက်လိုက်သလိုပင်။ သခင်မကြီးမော့သည် ချက်ချင်းပင် သွေးများဆူပွက်လာရ၏။
“မှန်တဲ့စကားပဲ။ မော့အမျိုးသမီးဆိုတာ ဒီလိုပဲဖြစ်ရမယ်။”
သူမပြောပြီးနောက် သခင်မကြီးမော့သည် အရာရှိများ၏ မျက်နှာကို အကဲခတ်လိုက်၏။
အရာရှိအားလုံးမှာ ဆိုးသွမ်းသူများ မဟုတ်ကြပေ။ တစ်ချို့မှာ ဓားများကို တိတ်တဆိတ် ပြန်သိမ်းလိုက်ကြပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။