ငွေလက်စွပ်မြွေ
Vol. 2 Ch. 20
နှစ်ဖက်လုံးက ရှေ့မတိုးနောက်မဆုတ် ရှိနေကြ၏။
ဟဲကျစ်ယန်လည်း မလှုပ်ရှားပေ။ ထိုအရာရှိများကို ကြောက်နေသောကြောင့် မဟုတ်ဘဲ ကိစ္စကို မလိုအပ်ဘဲ ကြီးမသွားစေချင်သောကြောင့်ပင်။
သွားရမည့်လမ်းခရီးက အရှည်ကြီး ကျန်သေးသည်။ ဤကဲ့သို့သော ကိစ္စသေးသေးလေးအပေါ် ပြဿနာကြီးရှာလိုက်မိပါက မော့မိသားစုအတွက် အကျိုးမရှိနိုင်ပေ။
လက်နက်များ မချသေးသော အရာရှိများသည် သခင်မကြီးမော့နှင့် ဟဲကျစ်ယန်၏ အရှိန်အဝါဖြင့် တားမြစ်ခြင်းကို ခံလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ကြောက်တတ်သော မော့ဟန်ယွဲ့အပါအဝင် တခြားသော အမျိုးသမီးများလဲ ရောက်ရှိလာကြသည်။
သူမတို့က အနည်းငယ် ကြောက်ရွံ့နေသေးသော်လဲ သူမတို့၏ ယောက္ခမနှင့် နဝမ ယောင်းမလေးကို ထောက်ခံရန် မားမားမတ်မတ် ရပ်တည်ခဲ့ကြသည်။
ထိုအကြပ်အတည်းကြားတွင် ရှဲ့မိသားစုမှလွဲ၍ ကျန်သည့် မိသားစုသုံးခုမှ လူများက စကားပြောလာကြ၏။
“အရာရှိကြီး မော့အမျိုးသမီးတွေ အရူးလုပ်တာ မခံပါနဲ့။ သူတို့က ခင်ဗျားတို့ကို စိတ်ရှုပ်ထွေးသွားအောင်လုပ်ပြီး ဒီကိစ္စကို ရှောင်ထွက်ချင်နေတာ”
“သူပြောတာမှန်တယ်။ မော့မိသားစုကို ထောက်ပံ့ထားတာ မော့သခင်ကြီးနဲ့ သူ့သားရှစ်ယောက်ပါ။
သူတို့သာ စစ်ပွဲထဲမှာ မသေဆုံးခဲ့ဘူးဆိုရင် ဒီသစ္စာဖောက် မော့ကျိုးယွီကြောင့် ဒေါသထွက်ပြီး သေသွားလောက်ပါတယ်။
ကျွန်တော်တို့တောင် မော့ကျိုးယွီကြောင့် ဆွဲထည့်ခံရတာ။ ဒီလိုလူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဘယ်နည်းနဲ့မှ အဆင်ပြေမှာ မဟုတ်ဘူး”
“မှန်တယ်။ မော့အမျိုးသမီးတွေက မော့ကျိုးယွီ ပြောသမျှ ယုံနေကြတာ။ သူတို့ထဲမှာ လူကောင်းတစ်ယောက်မှ မပါဘူး”
“အရာရှိကြီး သူတို့ကိုရိုက်ပါ၊ မညှာတာပါနဲ့”
ရှဲ့မိသားစုမှာ တိတ်ဆိတ်နေကြသည်။ သူတို့လည်း မော့မိသားစုကို မုန်းတီးသော်လဲ ဤကိစ္စက ရှဲ့ဖန်းကြောင့် ဖြစ်ရခြင်းဖြစ်ပြီး မော့မိသားစုက ရှဲ့ဖန်းကို ကူညီခြင်းအားဖြင့် သူတို့အား တစ်ဖက်လှည့်နှင့် ကူညီပေးနေခြင်း ဖြစ်သည်။
တွေးကြည့်ပြီးနောက် ရှဲ့ထျန်းဟိုင်သည် တရားမျှတစွာပြောလိုက်၏။
“မော့ကျိုးယွီ ဘာလုပ်ခဲ့လဲ ငါဂရုမစိုက်ဘူး။ ငါသိတာကတော့ ဒီ အကာအကွယ်မဲ့နေတဲ့ အမျိုးသမီးတွေက သူရဲကောင်းတွေရဲ့ မိန်းမတွေ ဖြစ်ခဲ့တာပဲ။
သူမတို့ရဲ့ ယောက်ျားတွေက တာ့ရွှင်းနိုင်ငံတော်ကို ကာကွယ်ဖို့အတွက်နဲ့ စစ်မြေပြင်မှာ သေဆုံးသွားရတယ်ဆိုတာ အမှန်တရားပဲ”
ဟယ်၊ လီနှင့် ဖန့် မိသားစုများသည် အစပိုင်းတွင် ရှဲ့မိသားစုက သူတို့နှင့်အတူ ရပ်တည်ပေးမည်ဟု ထင်ခဲ့ကြ၏။ သူတို့၏ ပစ္စည်းဥစ္စာများ သိမ်းယူခံရကာ ပြည်နှင်ဒဏ် ပေးခံရအောင် လုပ်ခဲ့သည့် ထိုဘုံရန်သူကြီးဘက်က တုံးအစွာ ပြောပေးလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ထို့နောက် မိသားစု သုံးခုလုံးသည် သူတို့၏ စကားလုံးများကို ရှဲ့မိသားစုဆီ ပြောင်းလိုက်တော့သည်။
“ရှဲ့ထျန်းဟိုင် မင်းရဲ့ တစ်မိသားစုလုံး ပြည်နှင်ဒဏ်ပေးခံရတာ မမေ့လိုက်နဲ့”
“ရှဲ့ချောင်၊ ရှဲ့မင် မင်းတို့အဖေက အသက်ကြီးလာလို့ ဦးနှောက်မကောင်းတော့တာဖြစ်မယ်။ သူ့ကို မြန်မြန်ပြန်ခေါ်သွားကြ၊ ဝင်မပါစေနဲ့”
အခြေအနေက ဝရုန်းသုန်းကား ဖြစ်လာတာကို မြင်ပြီးနောက် အရာရှိများက မြန်မြန် အော်ဟစ်လိုက်ကြ၏။
“တိတ်ကြစမ်း။ မင်းတို့အားလုံး အရိုက်ခံချင်နေကြတာလား။”
ထိုစကားကြောင့် အကုန်လုံး တမဟုတ်ချင်း ငြိမ်ကျသွားကြသည်။
သူတို့အားလုံးသည် အရာရှိများ ဘယ်လိုရိုက်သည်ကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးဖြစ်သောကြောင့် ထိုကဲ့သို့ မခံစားလိုပေ။
ထိုအချိန်တွင် အရာရှိခေါင်းဆောင် ဖမ်းဝမ်က ရုတ်တရတ် အော်ဟစ်ကာ ညာဘက်ခြေသလုံးကို ကိုင်ရင်း လဲကျသွားသည်။
“အား .. မြွေကြီး “
အရာရှိများမှာ လက်နက်များကိုကိုင်ပြီး ချက်ချင်းပင် သတိအပြည့်နှင့် ဖြစ်သွားကြသည်။
ဟဲကျစ်ယန်၏ မူလရည်ရွယ်ချက်မှာ ဤအရာရှိများနှင့် တည့်အောင် ပေါင်းသင်းထားရန် ဖြစ်သည်။ လမ်းတွင် သူမတို့အား စောင့်ရှောက်မည့်လူရှိပါက မော့မိသားစုအတွက် အသက်ရှင်ရန် အခွင့်အလမ်း ပိုများပေသည်။
အခု ဖြစ်လာသော အရာအား သူမ မမျှော်လင့်ထားမိသော်လဲ သူမ၏ မရီးကိုတော့ မကယ်တင်လို့ မရပေ။
အခုပဲ ဖမ်းဝမ်က မြွေကိုက်ခံလိုက်ရသောကြောင့် ဟဲကျစ်ယန်သည် သူမအတွက် အခွင့်အလမ်းရောက်လာပြီဟု တွေးလိုက်၏။
အရာရှိများက လက်နက်များ ကိုင်ဆောင်ကာ မြွေကို လှည့်ပတ်ရှာဖွေနေကြစဉ် ဟဲကျစ်ယန်လက်ထဲမှ ကြာပွတ်က လေထဲသို့ ရောက်သွား၏။
ထိုကြာပွတ်က တန်းတန်းမတ်မတ်ပင် မြွေ၏ အားနည်းချက်ကို သွားရိုက်လိုက်မိသည်။
ဤခန္ဓာကိုယ်က အားနည်းသည်ဖြစ်ရာ သူမ၏ အရင်ဘဝက ခန္ဓာကိုယ်လောက် ခွန်အားမသုံးနိုင်ပေ။
သူမ မြွေကို ရိုက်လိုက်မိသော်လဲ မြွေက ဆက်သွားနေဆဲပင်၊ သို့သော် သွားနှုန်းကတော့ ပို၍ နှေးကွေးသွားသည်။
သူမ၏ ရိုက်ချက်ကြောင့် အရာရှိများက မြွေကို တွေ့ရှိခဲ့ကြသည်။ အရာရှိတစ်ယောက်က ဓားကိုမြှောက်ကာ မြွေကို သတ်လိုက်တော့သည်။
ဟဲကျစ်ယန်သည် မြွေကို ကိုယ်တိုင် သတ်မပေးနိုင်ခဲ့သော်လဲ သူမ၏ ပူးပေါင်းမှုကြောင့် မြွေကို သတ်နိုင်ခဲ့ခြင်း ဖြစ်၏။
သူမသာ မြွေကို ချက်ချင်း မတွေ့ခဲ့ပါက တခြားအရာရှိများလဲ အကိုက်ခံရမလား မခံရမလား သေချာမပြောနိုင်ပေ။
သို့သော် နှစ်ပေါင်းများစွာ အကျင့်ဖြစ်နေသောကြောင့် အကျဉ်းသားတစ်ဦးအပေါ်တွင် သူတို့ မပျော့ပျောင်းပေးနိုင်ပေ။
ထို့အပြင် သူမက သူတို့အား အမှန်တကယ် ကူညီသည်လား မတော်တဆလား ဘယ်သူမှမသိနိုင်ပေ။
ဟဲကျစ်ယန်သည် ထိုအရာရှိများ၏ မျက်နှာအမူအရာကို ဂရုစိုက်မနေပေ။ ထို့အစား သူမသည် မြွေကိုသာ အာရုံစိုက်လိုပ်၏။
ဤမြွေအမျိုးအစားကို သူမ သိပေသည်။ ဤမြွေက အလွန် အဆိပ်ပြင်းသော ငွေလက်စွပ်မြွေ ဖြစ်သည်။
ငွေလက်စွပ်မြွေ၏ အဆိပ်က အာရုံကြော လုပ်ဆောင်မှုစနစ်ကို ပျက်ပြားစေသော အဆိပ်မျိုး ဖြစ်သည်။
အကိုက်ခံရပြီး မကြာခင်ပင် အကိုက်ခံရသော နေရာတွင် နာကျင်လာမှာဖြစ်သော်လဲ နာကျင်မှုက မသိသာလှပေ။ များသောအားဖြင့် ထုံကျင်ခြင်း၊ လှုပ်ရှားမှုပုံစံ ဖရိုဖရဲဖြစ်လာခြင်း၊ မျက်လုံးသူငယ်အိမ် ကျယ်လာခြင်း၊ လေဖြတ်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ အသက်ရှူလမ်းကြောင်း ပျက်စီးခြင်းနှင့် တခြားသော လက္ခဏာများမှာ အကိုက်ခံရပြီး နာရီပိုင်းအတွင်း ပေါ်လာမည်ဖြစ်သည်။
အချိန်မှီ ကုသမှု မခံယူပါက အစက်ဆုံးနိုင်ပေသည်။
ဆရာဝန်တစ်ယောက်အနေနှင့် ဟဲကျစ်ယန်သည် သူတို့အား ကြင်နာစွာ သတိပေးလိုက်၏။
“ဒီမြွေက အရမ်း အဆိပ်ပြင်းတယ်။ အဆိပ်ပျံ့တာကို ကာကွယ်ဖို့ဆိုရင် သူ့ရဲ့ ဒူးအထက်ကို ကြိုးနဲ့စည်းဖို့လိုတယ်။ ရှင်တို့ ကြိုးတစ်ချောင်း ရှာလိုက်ဦး ပြီးရင် ...”
“အဆိပ်ရှိတဲ့မြွေတွေက ဘာလို့ ဒီလောက်များနေမှာလဲ။ အဲ့ဒါကသာ တကယ် အဆိပ်ပြင်းတယ်ဆို ငါ အခုဆို လျှောက်သွားနေနိုင်မှာတဲ့လား။
ငါ ခုနက ပြောပြီးပြီ။ ဒဏ်ရာက နာတောင် မနာတော့ဘူး။ ဘာမှ မဖြစ်ဘူး။”
သူ အဆင်ပြေသည်ဆိုတာကို ပြသရန် ဖမ်းဝမ်က မတ်တပ်ရပ်ပြလိုက်၏။
“ဟေး မင်း အဲ့မြွေကို သိမ်းထားလိုက်။ ဒီညတော့ ညစာကောင်းလေး ရပြီပေါ့ကွာ။”
ဖမ်းဝမ်၏ ပုံစံကို မြင်လိုက်ရပြီးနောက် ဟဲကျစ်ယန်သည် အေးအေးဆေးဆေးပင် ပါးစပ်ပိတ်လိုက်တော့သည်။
သူမ ပြောသင့်သည်ကို ပြောပြီးပြီဖြစ်သည်။ သူတို့က သူမကို မယုံတာတော့ သူမလဲ ဘာမှဆက်လုပ်ပေးလို့မရပေ။
အဲ့လူတွေ သူမကို လာတောင်းပန်မဲ့ အချိန်ကို စောင့်နေရုံသာ။
အဲ့ကျမှ အတင်းလုပ်ခိုင်းဖို့ မကြိုးစားနဲ့။
ဟဲကျစ်ယန်က ပြန်လှည့်လိုက်သည်။ “အမေ ပြန်သွားကြစို့။”
“ကောင်းပြီ။ အကုန်လုံး ပြန်သွားကြတော့။” သခင်မကြီးမော့၏ စကားအတိုင်း အမျိုးသမီးများအားလုံး နေရာသို့ ပြန်လာခဲ့ကြသည်။
ဖြစ်ခဲ့သည့်ကိစ္စတွင် ဟဲကျစ်ယန်က မြွေကို ရှာပေးနိုင်ခဲ့သောကြောင့် အရာရှိများက အရင်ကိစ္စကို ဆက်မရှုပ်တော့ဘဲ လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။
သူမတို့ ထိုင်ပြီးပြီးချင်း ဒုတိယ မရီးက ဟဲကျစ်ယန်နား ရောက်လာကာ နောင်တရစွာ ပြောလိုက်သည်။
“ယောင်းမလေး ကျွန်မကို အရိုက်ခံရလွတ်အောင် ကူညီပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။”
“ဒုတိယ မရီး၊ ကျွန်မတို့က တစ်အိမ်တည်းသားတွေပဲလေ။ ကူညီပေးရမှာပေါ့။”
“ဒါတွေ အကုန်လုံး ကျွန်မ စိတ်မြန်လက်မြန် လုပ်မိလို့ပဲ။ အရာရှိတွေက လူတွေကိုရိုက်တယ်ဆိုတာ သိပေမဲ့ ကျွန်မ တူလေးအတွက် တရားမျှတမှုလိုချင်လို့ ဖြစ်သွားတာပါ။”
ဟဲကျစ်ယန်သည်လည်း ဤမရီးက စိတ်မြန်လက်မြန်ရှိတာ သတိထားမိပေသည်။
သူမက ရဲ့ဖန်းကို အပြစ်မတင်သော်လဲ သတိတော့ပေးရမည်ဖြစ်သည်။
“ဒုတိယ မရီး၊ ကျွန်မတို့ရဲ့ အခြေအနေက အရင်ကနဲ့ အများကြီး ကွာခြားသွားပြီ။ တစ်ခုခုမလုပ်ခင် အကုန်လုံးနဲ့ အရင် တိုင်ပင်တာ အကောင်းဆုံးပဲ”
“ယောင်းမလေး စိတ်မပူပါနဲ့။ အခုကစပြီး တစ်ခုခုမလုပ်ခင် ယောင်းမလေးနဲ့ အမေ့ကို အရင်ပြောပါမယ်”
ဟဲကျစ်ယန်လည်း သတိပေးတာ လုံလောက်သွားပြီဟု ခံစားလိုက်ရ၏။
သူမ မတ်တပ်ထကာ ကိုယ်ပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်သည်။
“ကျွန်မတို့နားမှာ ချုံတွေချည်းပဲ။ တခြားမြွေတွေ ထပ်ပေါ်လာနိုင်သေးတယ်။ ကျွန်မ တစ်ချက်ကြည့်ကြည့်ဦးမယ်။”
ဟဲကျစ်ယန်၏ စကားကိုကြားပြီးနောက် မော့ကျိုးယွီမှာ သူမအကြောင်း ပို၍ပင် သိချင်လာရသည်။
နှစ်အတော်ကြာ သူနှင့် စေ့စပ်ထားခဲ့သော ထိုမိန်းကလေးအကြောင်းကို သူ ဘာမှ မသိခဲ့ပေ။
မော့ကျိုးယွီ၏ စိတ်ထဲတွင် ဟဲကျစ်ယန်မှာ အလွန်အလိုလိုက်ခံထားရသည့် ဦးနှောက်မရှိသော မိန်းမငယ်လေးသာ ဖြစ်သည်။
သို့သော် တစ်ရက်တာမျှသာ စကားပြောကြည့်ပြီးနောက် ဤအမျိုးသမီးသည် သူမတွင် ရှိနေသင့်သော စရိုက်လက္ခဏာများကို နည်းနည်းလေးပင် မပြသခဲ့ပေ။
ထို့အပြင် သူမသည် နိုင်ငံ့ဘဏ္ဍာတိုက်ကြီးကို အပြောင်သိမ်းနိုင်သည့် အရည်အချင်းလဲ ရှိနေပြီး ချောင်ရန်ကို တစ်ချက်တည်းနှင့် သတ်နိုင်ခဲ့သော လက်နက်မျိုးလဲ ရှိနေခဲ့သည်။ ဒါက မကြုံစဖူးပင်။ မော့ကျိုးယွီတစ်ယောက် သူ့ဦးနှောက်ကို ဘယ်လောက်ပဲ အသုံးချပါစေ နောက်ကွယ်မှ အကြောင်းရင်းကို မစဉ်းစားနိုင်ခဲ့ပေ။
ထို့ပြင် သူမပါးစပ်မှ ထွက်လာသော စကားလုံးများသည် ထက်မြတ်ပြီး ပြင်းထန်လှ၏။ တရားရုံးတော်မှ ထက်မြတ်သော အရာရှိများနှင့် တန်းတူပင်။