← Chapters

ဆေးပင်များ စုစည်းခြင်း

Vol. 2 Ch. 21

ဆေးပင်များ စုစည်းခြင်း

Vol. 2 Ch. 21

မော့ကျိုးယွီသည် အစပိုင်းတွင် သူမက ဟဲကျစ်ယန်အစစ် ဟုတ် မဟုတ် သံသယဝင်ခဲ့သေးသည်။ သို့သော် သူမ၏ မိဘများက သူမကို လာတွေ့ကြသည်ကို မြင်ပြီးနောက် သူမက ဟဲမိသားစု၏ သမီးဖြစ်ကြောင်း သေချာသွားရသည်။

မော့ကျိုးယွီက အတွေးထဲ နစ်မျောနေစဉ် ဟဲကျစ်ယန်ကတော့ ခြုံပုတ်တွေထဲ ဂရုတစိုက် ရှာဖွေနေသည်။

ထိုမြွေများက အဆိပ်ရှိသော်လဲ သူ့ခန္ဓာကိုယ်ကတော့ ရတနာများဖြင့် ပြည့်နေသည်။ ထိုမြွေမျိုး များများရှာတွေ့လေ ကောင်းလေပင်။

ထိုအခါ မြွေ၏အဆိပ်ကို နည်းလမ်းရှာကာ ထုတ်ယူပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် အသုံးပြုနိုင်ပေသည်။

တခြားမိသားစုမှ လူများသည်လဲ ဟဲကျစ်ယန်နှင့် အရာရှိများက မြွေကို ဖမ်းဆီးလိုက်ကြသည်ကို မြင်ထားကြ၏။

အနီးအနားတွင် တခြားမြွေများ ရှိနေသည်ဟု သံသယဖြစ်မိသောကြောင့် အမျိုးသမီးများနှင့် ကလေးများမှာ ကြောက်လန့်စွာ အော်ဟစ်ကြတော့သည်။

ယောက်ျားကြီးများမှာ ညအိပ်နေတုန်း မြွေကိုက်မှာ စိုးရိမ်သောကြောင့် မတတ်နိုင်တော့ဘဲ ဟဲကျစ်ယန်၏ နည်းလမ်းအတိုင်းပင် အနီးရှိ ခြုံပုတ်များကို ရှာဖွေရတော့သည်။

အရာရှိများမှာ သူတို့၏ လုပ်ရပ်ကို မတားဆီးပေ။ သူတို့အားလုံး ဒီည ဒီမှာပဲ စခန်းချကြမှာဖြစ်သောကြောင့် အန္တရာယ်ကင်းလေ ပိုကောင်းလေပင်။

သို့သော် အကျဉ်းသားများသည် သူတို့မျက်လုံးအောက်မှ ထွက်သွားလို့ မရပေ။

တကယ်တော့ ဟဲကျစ်ယန်သည် အနီးအနားကို ရှာဖွေလိုခြင်းမှာ တခြားရည်ရွယ်ချက်လဲ ရှိနေသေးသည်။

အခုလေးတင် သူမနှင့် အရာရှိများ စကားများခဲ့ကြသည့် နေရာ၏ အနီးနားရှိ ခြုံပုတ်များတွင် ဆေးပင်များကို သူမ တွေ့ခဲ့ရ၏။

ပြည်နှင်ဒဏ် ပေးခံရသည့် ခရီးလမ်းတွင် သူမ၏ မိသားစုက ကိုက်ခဲနာကျင်မှုတချို့ မဖြစ်ပါဘူးဟု အတိအကျ မပြောနိုင်ပေ။ သူတို့အတွက် သူမ၏ နေရာလွတ်ထဲမှ ခေတ်ပေါ်ဆေးဝါးများ သုံးစွဲ၍ မရပေ။

အမေးခံရလျှင် ဘယ်လိုဖြေရှင်းရမလဲ သူမ၏ ဦးနှောက်လေး ပူနေအောင် စဉ်းစားရပေလိမ့်မည်။

သို့သော် ဆေးပင်ရိုင်းများကို စုစည်းထားပါက ထိုကိစ္စများကို ဖြေရှင်းပြီးသား ဖြစ်ပေလိမ့်မည်။

ဤဆေးပင်များက ရောဂါကို အရှင်းမကုပေးနိုင်သော်လဲ သူမ၏ နေရာလွတ်ထဲမှ ဆေးများ ထုတ်ယူနိုင်ဖို့ အကြောင်းပြချက်ကောင်း ဖြစ်လာမည်ပင်။

ဟဲကျစ်ယန်သည် ဆေးပင်များ ရှာနေသောကြောင့် တခြားလူများထက် နောက်ကျနေခဲ့သည်။

ဟဲကျစ်ယန်က နောက်တွင်ကျန်ခဲ့သောကြောင့် မရီးများနှင့် မော့ဟန်ယွဲ့မှာ သူမများ တစ်ခုခုဖြစ်နေပြီလားဟု စတင်စိတ်ပူလာကြသည်။

အကြီးဆုံး မရီးက ထိုင်မနေနိုင်တော့ပေ။

“ကျွန်မ နဝမ ယောင်းမလေးကို သွားကြည့်လိုက်မယ်”

“ကျွန်မရောပဲ”

“ကျွန်မရောပဲ”

တခြား မရီးများကလဲ ချက်ချင်း ထရပ်လိုက်ကြ၏။

မော့ဟန်ယွဲ့သည် သခင်မကြီးမော့အား ကြည့်လိုက်ပြီး သူမ အမေက မကန့်ကွက်သောကြောင့် သူမလည်း အဖွဲ့ထဲဝင်လိုက်သည်။

အဖွဲ့မှာ ဟဲကျစ်ယန်ဆီ ပြေးသွားလိုက်ပြီး သူမ၏ အဝတ်အစားများဖြင့် မြက်ပုံကြီးကို သယ်ထားသော ဟဲကျစ်ယန်အား တွေ့လိုက်ကြသည်။

“နဝမ ယောင်းမလေး၊ မြွေရှာနေတာ မဟုတ်ဘူးလား။ ဘာလို့ မြက်တွေ အများကြီး နှုတ်လာတာလဲ” မော့ဟန်ယွဲ့က မေးလိုက်သည်။

“ဒါတွေအကုန်လုံးက အသုံးများတဲ့ ဆေးပင်တွေပဲ။ ကျွန်မတို့ လမ်းမှာ လိုမယ်ထင်လို့ နှုတ်လာခဲ့လိုက်တာလေ။”

မော့ဟန်ယွဲ့သည် ထိုမြက်ပင်များက ဆေးပင်များဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူမ မျက်လုံးများ ဝိုင်းစက်သွားသည်။

“နဝမ ယောင်းမလေး၊ ဒါတွေက ဆေးပင်တွေပေါ့ ဟုတ်လား။”

ဟဲကျစ်ယန်သည် ခေါင်းငြိမ့်လိုက်ပြီး အပင်တစ်ပင်ကိုယူကာ ‌စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။ “ဒါကို ခုတီးဇယ်လို့ခေါ်တယ်။ အပူကို ရှင်းထုတ်ပေးပြီး အဆိပ်အတောက်ပြေစေတဲ့ သဘာဝရှိတယ်။ ဒါက ချဲ့ချွမ်းချောင်ပဲ။ ဒါက အဖျားကို ကုသရင် သုံးတယ် ဟင်းချက်ရင်လဲ ထည့်သုံးကြတယ် ......”

မော့ဟန်ယွဲ့သည် နဝမ ယောင်းမ၏ စကားကို နားထောင်ရင်း ပို၍ ပို၍ စိတ်ဝင်စားလာခဲ့သည်။

“နဝမ ယောင်းမလေး၊ အစ်မပြောတဲ့ ဆေးပင်တွေ အကုန်လုံး ကျွန်မ မှတ်မိသွားပြီ။ ကျွန်မ ကူပြီး ရှာပေးမယ်။”

မရီး ၈ ယောက်သည် မော့ဟန်ယွဲ့ကဲ့သို့ မေးခွန်းအများကြီး မမေးကြသော်လဲ ဟဲကျစ်ယန် ရှင်းပြသည်ကိုတော့ သေချာလေး နားထောင်ကြသည်။

“နဝမ ယောင်းမလေး ကျွန်မတို့လဲ ကူညီမယ်။”

အရာရှိများက ပြန်လာတော့ဟု ခေါ်သည့်အချိန်ထိ အဆိပ်ရှိမြွေကို မတွေ့ခဲ့ရပေ။ သို့သော် မော့အမျိုးသမီး ၁၀ ယောက်မှာ ဆေးပင်အများအပြားကို စုဆောင်းကာ သယ်လာကြသည်။

ထိုအချိန်တွင် မော့ဟန်ယွဲ့သည် အစောပိုင်းကဖြစ်ခဲ့သော စိတ်ညစ်စရာကို မေ့သွားပြီဖြစ်သည်။ သူမက သခင်မကြီးမော့ အနားသို့သွားကာ ကြွားတော့သည်။

“အမေ သမီးရှာခဲ့တဲ့ ဆေးပင်‌တွေ ကြည့်ပါဦး။”

သခင်မကြီးမော့က သူမအား ကြင်နာစွာဖြင့် ခေါင်းလေးကို သပ်ပေးလိုက်သည်။

“မင်းရဲ့ နဝမ ယောင်းမက ဉာဏ်ကောင်းတယ်။ နောက်ဆို သူ့ဆီက ‌များများသင်ယူသင့်တယ်။”

“ဟုတ်ကဲ့ပါ အမေ”

အလင်းရောင်လေး ရှိနေတုန်း မရီးများနှင့် မော့ဟန်ယွဲ့သည် ဟဲကျစ်ယန် ညွှန်ကြားသည့်အတိုင်း ဆေးပင်များကို အမျိုးအစားခွဲကာ သန့်ရှင်းရန် လုပ်ဆောင်ခဲ့ကြသည်။

တခြားမိသားစုမှ လူများမှာ မော့မိသားစု၏ လုပ်ရပ်ကို မထီမဲ့မြင် ကြည့်နေကြ၏။

“မော့မိသားစုကတော့ ဗိုက်ဆာလွန်းလို့ ရူးသွားပြီပဲ။ ဒီလောက် မြက်တွေ အများကြီး ပြန်သယ်လာတယ်။ သူတို့ အဲ့ဒါတွေကို စားမလို့တော့ မဟုတ်ဘူးမလား”

“ကျစ် ကျစ် သူတို့ တအားတုံးတာပဲ။ အဲ့အပင်တွေက အဆိပ်ရှိနေမှာ မကြောက်ကြဘူးလား”

“အဲ့ဒါတွေက အဆိပ်ရှိနေရင် ပိုတောင်ကောင်းသေးတယ်။ မော့မိသားစု အဆိပ်မိပြီး သေသွားရင် ငါတို့အတွက် လက်စားချေပြီးသား ဖြစ်တာပေါ့”

နေရာက ဝေးနေသောကြောင့် မော့မိသားစုမှာ ထိုစကားသံများကို မကြားရပေ။

ဟဲကျစ်ယန်သည် ဆေးပင်များကို အမျိုးအစားခွဲပြီး မြေပြင်ပေါ် စီစီရီရီ ချပြီးနောက် အရာရှိများနေရာဘက်မှ အော်သံကို ကြားလိုက်ရသည်။

“ခေါင်းဆောင် ဘာဖြစ်တာလဲ။”

“တစ်ယောက်ယောက် လာကြစမ်း။ ခေါင်းဆောင် အသက်မရှူနိုင်တော့ဘူး ...”

လူတိုင်းက အရာရှိများရှိရာသို့ ကြည့်လိုက်ကြသည်။

အရာရှိများစွာက ဖမ်းဝမ်အား ဝန်းရံထားကြသည်ကို တွေ့လိုက်ရ၏။

“ခေါင်းဆောင်ကို ကိုက်သွားတဲ့မြွေက တကယ်ကြီး အဆိပ်ရှိတာလား”

ထိုသံသယ ဝင်လိုက်သည်နှင့် အရာရှိများမှာ ဟဲကျစ်ယန်၏ သတိပေးစကားကို သတိရလိုက်ကြသည်။

တစ်ယောက်က ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချလိုက်၏။

“မြန်မြန်လုပ် ခေါင်းဆောင်ကို အဲ့ဒီ မော့မိန်းကလေးဆီ သယ်သွားကြ”

အသက်အန္တရာယ်နှင့် ကြုံနေရသောကြောင့် နှောင့်နှေးနေလို့ မရပေ။ သူတို့က ချက်ချင်းပင် ဖမ်းဝမ်အား မော့မိသားစုရှိရာသို့ ခေါ်လာလိုက်သည်။

သူတို့၏ အကြည့်များမှာ ဟဲကျစ်‌ယန်အပေါ်တွင် တစ်ညီတစ်ညွတ်တည်းပင်။

“ဟဲမိန်းကလေး လုပ်နိုင်သလောက် လုပ်ပေးလိုက်ပါ” သခင်မကြီးမော့က ပြောလိုက်သည်။

ဟဲကျစ်ယန်သည် ခုနလေးတင် မော့အမျိုးသမီးများအား ဆေးဘက်ဝင်အပင်များ စုစည်းခိုင်းခဲ့သောကြောင့် သူမတွင် ဆေးပညာအသိရှိနေမှာ အသေအချာပင်။

သို့သော် အဆိပ်ရှိမြွေ ကိုက်ခံရသော ဖမ်းဝမ်၏ အခြေအနေမှာ ဆေးပညာအသိ နည်းနည်းလေးဖြင့် ကုသ၍ မရနိုင်ပေ။

ဖမ်းဝမ်သာ အမှန်တကယ် သေဆုံးသွားပါက ဤအရာရှိများသည် တခြားလူကို အပြစ်တင်မည့်အစား ဟဲကျစ်ယန်အပေါ်သို့သာ အကုန်အပြစ်ပုံချပေလိမ့်မည်။

ဟဲကျစ်ယန်သည်လည်း သူမ ယောက္ခမ၏ သတိပေးစကားနောက်ကွယ်က အဓိပ္ပါယ်ကို နားလည်ပေသည်။

“အမေ စိတ်မပူပါနဲ့။ ကျွန်မ လွယ်လွယ်နဲ့ ကြားမဝင်ပါဘူး”

သူမ ပြောပြီးနောက် အရာရှိများမှာ ဖမ်းဝမ်အား မော့မိသားစုနေရာတွင် ချလိုက်ကြ၏။

“အမျိုးသမီးဟဲ မင်းရဲ့ မြွေကိုက်ခံရရင် ကုသရမဲ့နည်းလမ်းကို ပြန်ပြောပြဦး”

ဟဲကျစ်ယန်သည် ထိုလူများကိုကြည့်ကာ တမင်တကာ ခပ်ဖြေးဖြေးလေး ပြောလိုက်သည်။

“ကျွန်မပြောတဲ့နည်းက မြွေကိုက်ကိုက်ပြီးချင်းလုပ်မှ အသုံးဝင်တာပါ”

“ဒါဆို ငါတို့ အခုဘာလုပ်ရမှာလဲ” ‌အရာရှိက စိုးရိမ်နေခဲ့သည်။

ဟဲကျစ်ယန်သည် အဆိပ်ရှိမြွေ အကိုက်ခံရပြီးနောက် လူတစ်ယောက်က မြန်မြန်မသေကြောင်း သိထားသည်။

ထို့ကြောင့် သူမ၏ လှုပ်ရှားမှုများကို တမင်နှေးနှေးလေး ပြုလုပ်ကာ ဖမ်းဝမ်ဆီသို့ လိပ်ကလေးလို သွကာ အရာရှိများ ပိုစိတ်ပူအောင် လုပ်လိုက်သည်။

သေချာပေါက်ပင် သူမ၏ နှေးကွေးနေသော ပုံစံကိုမြင်ပြီး အရာရှိမှာ ဒေ့သထွက်လာ၏။

“မြန်မြန်လာစမ်းပါ။ ဘာလုပ်သင့်တာလဲ။ ဘာလုပ်ရမှာလဲ။”

လူတိုင်း အလျင်လိုနေသော်လဲ ဟဲကျစ်ယန်က အေးအေးဆေးဆေးပင်။ သူမက နေရာတွင် ရပ်ကာ မလှုပ်တော့ပေ။

“ရှင်တို့က အခု ကျွန်မကို အကူအညီတောင်းနေရတာလေ။ ဒီပုံစံက လူတစ်ယောက်ကို အကူအညီတောင်းတဲ့ ပုံစံလား။”

ဤအရာရှိများမှာ အကျဉ်းသားများကို လွှမ်းမိုးပြီး ကြွားဝါရတာ အလေ့အကျင့်ဖြစ်နေပြီဖြစ်သည်။ ဟဲကျစ်ယန်ကတော့ သူတို့ကို မကျေမနပ်ဖြစ်စေချင်ပေသည်။

သွားရမည့်လမ်းက ဝေးလွန်းသေးသည်။ သူတို့မျက်နှာကို နေ့တိုင်း ကြည့်မနေချင်ပေ။

ဒီအခွင့်‌အရေးကိုယူကာ သူမ ဟဲကျစ်ယန်က သူတို့ လွယ်လွယ်နဲ့ ခြိမ်းခြောက်လို့ ရမဲ့လူမဟုတ်ကြောင်း ပြသချင်သည်။

ထိုအချင်းအရာကို မြင်ပြီးနောက် ကျန်းချင်သည် ဆက်လက်ဆူဆဲချင်နေပြီး သူ့ခါးတွင် ပတ်ထားသော ကြာပွတ်ဆီသို့ လက်က အလိုလို ရောက်သွားမိသည်။

ဆန်းတာ့ကျိုးက သူ့အား ချက်ချင်းတားလိုက်၏။

“ခေါင်းဆောင်ရဲ့ အသက်က အရေးကြီးဆုံးပဲ”

ကျန်းချင်သည် သူ့လုပ်ရပ်ကို ချက်ချင်းရပ်ကာ ဟဲကျစ်ယန်အား ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သော်လဲ ဘာမှ ထပ်မပြောတော့ပေ။

ဆန်းတာ့ကျိုးက မတ်တပ်ရပ်လိုက်၏။ “မင်းလိုချင်တာ ပြောပါ”

ဟဲကျစ်ယန်သည် ညှိနှိုင်းဖို့ကို အလျင်စလိုဖြစ်မနေပေ။ ကျွမ်းကျင်သော ဆရာဝန်တစ်ယောက်အနေနှင့် သူမသည် လူနာ၏ အခြေအနေကို အရင်ဆုံး နားလည်အောင် လုပ်ရမှာ ဖြစ်သည်။

All Chapters