လီရို့အာ
Vol. 2 Ch. 22
ဖမ်းဝမ်သည် ငွေလက်စွပ်မြွေကြောင့် အဆိပ်သင့်နေမှန်း သူမ သိသော်လဲ သေသေချာချာသတိထားပြီး ကုသနိုင်ဖို့ သေချာသည်ကို အတည်ပြုရပေလိမ့်မည်။
ဖမ်းဝမ်၏ရှေ့တွင် ခြေချိတ်ထိုင်လိုက်ပြီး ဟဲကျစ်ယန်သည် ပထမဆုံးအနေဖြင့် ဖမ်းဝမ်၏ မျက်ခွံကိုဖွင့်ကာ မျက်စိသူငယ်အိမ်ကိုကြည့်ပြီး စစ်ဆေးလိုက်သည်။ ထို့နောက်မှ သူ့ခြေထောက်က ဒဏ်ရာကို စစ်ဆေးလိုက်၏။
ဖမ်းဝမ်၏ လက်ရှိအခြေအနေအရဆိုလျှင် နောက်နာရီဝက်လောက်မှသာ သူမကို လာရှာပါက ကယ်တင်နိုင်တော့မည် မဟုတ်ပေ။
ကံကောင်းစွာပင် သူမ၏ ဆေးရုံထဲတွင် မှန်ကန်သည့် မြွေဆိပ်ဖြေဆေး အနည်းငယ် ရှိနေသေးသည်။
သူမနှင့် တွေ့ဆုံရခြင်းကြောင့် ဖမ်းဝမ်တစ်ယောက် သေချိန်မတိုင်မှီ မသေသွားသဖြင့် ကံကောင်းသည်ဟု ဆိုရပေမည်။
သူ့ကို ကြည့်ရှုစစ်ဆေးပြီးနောက် ဟဲကျစ်ယန်သည် ဖြေးညှင်းစွာ ထရပ်လိုက်ပြီး ဆေးပင်များ စီထားသော နေရာဆီသို့ ထွက်လာခဲ့လိုက်သည်။
သူမသည် အရသာခါးသော နဂါးသည်းခြေဆေးပင်ကို ယူကာ ထက်ဝက်ချိုးလိုက်၏။
ဟဲကျစ်ယန်သည် ထိုဆေးပင်အား သူမကို ခဏက အော်ခဲ့သော ကျန်းချင်လက်ထဲသို့ ထည့်ပေးလိုက်သည်။
နဂါးသည်းခြေဆေးပင်သည် မြွေဆိပ်ကို အမှန်တကယ် ကုမပေးနိုင်သော်လဲ သူမက လွယ်လွယ်နှင့် ကျေအေးမပေးတတ်သော လူမျိုးပင်။
“ဒါကို ဝါးပြီးတော့ ခြေထောက်က အနာကို အုံပေးလိုက်” သူမက ပြောလိုက်၏။
ကျန်းချင်က မလုပ်ချင်ပေ။
“ဒီဆေးပင်ကို ဝါးမဲ့အစား ကျောက်ခဲနဲ့ပဲ ထုလိုက်ရင်ရော”
“ကျောက်ခဲတဲ့ထုလိုက်မယ်ဆိုရင် ဆေးအာနိသင်က လျော့သွားလိမ့်မယ်” ဟဲကျစ်ယန် စိတ်မရှည်တော့ပေ။
ကျန်းချင်သည် သူ့ခေါင်းဆောင်၏ အသက်အတွက် ဤဆေးပင်ကို ဝါးကိုဝါးရတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
သို့သော် သူသည် ဟဲကျစ်ယန်အား အပြည့်အဝ မယုံကြည်နိုင်သေးပေ။
“မင်းကို ခုနက အော်ထားလို့ လက်စားချေတဲ့အနေနဲ့ အဆိပ်ရှိတဲ့ အပင်ကို တမင်ဝါးခိုင်းနေတာတော့ မဟုတ်ဘူးမလား”
ဟဲကျစ်ယန် မျက်လုံးကိုသာ လှိမ့်လိုက်တော့သည်။ ဒီအရာရှိက ဒီလောက်စိတ်ပူတတ်မည်ဟု မထင်ထားပေ။
“ရှင်ကြောက်တယ်ဆိုရင် မလုပ်နဲ့။ ရှင့်ခေါင်းဆောင်ရဲ့ အသက်က ကျွန်မနဲ့လဲ ဘာမှဆိုင်တာမဟုတ်ဘူး”
ထိုအရာကိုမြင်ပြီးနောက် ဆန်းတာ့ကျိုးက အမြန်ပြောလိုက်၏။ “ကျန်းချင် ခေါင်းဆောင်ရဲ့ အသက်အတွက် ဟဲအမျိုးသမီးပြောသလို မြန်မြန်လုပ်စမ်းပါ”
ကျန်းချင်၏ မျက်နှာမှာ ရှုံ့တွနေပြီး သူ့ကိုယ်သူ စတေးရန်အတွက် အဆင်သင့်ဖြစ်နေခဲ့သည်။
သူက နဂါးသည်းခြေဆေးပက်ကို ဝါးတော့မည့်အချိန်တွင် လီမိသားစုဘက်မှ မိန်းမငယ်လေးတစ်ယောက် အမြန်ပြေးထွက်လာ၏။
“အရာရှိကြီး ဟဲကျစ်ယန်ပြောတာ နားမထောင်ပါနဲ့။ သူမက ဆေးအကြောင်း ဘာမှ သိတာ မဟုတ်ဘူး။ သူမ လှည့်စားတာ မခံပါနဲ့။”
ဟဲကျစ်ယန်သည် ရုတ်တရတ် ရောက်လာသောသူအား တစ်ချက်ကြည့်ကာ မူလကိုယ်၏ မှတ်ဉာဏ်များမှတစ်ဆင့် ရှာဖွေလိုက်ရာ သူမနှင့် သိနေကြောင်း တွေ့လိုက်ရသည်။
လီမိသားစုရဲ့ သခင်မလေး လီရို့အာ ဖြစ်၏။
မူလကိုယ်၏ တစ်ဦးတည်းသော သူငယ်ချင်းကောင်းပင်။ ဟဲကျစ်ယန်သည် သူမအား အကြည့်တစ်ချက်နှင့်ပင် သတိရသွားသည်။
ထို့အပြင် မူလကိုယ်က မော့မိသားစုထဲ လက်ထပ်ရန် အကြောက်အကန် ငြင်းဆိုနေခြင်းမှာ ဤလီရို့အာ၏ စနက်ကြောင့်ပင်။
လီရို့အာသည် မော့မိသားစုနှင့် လက်ထပ်လိုက်သော ဘယ်မိန်းမ,မဆို မုဆိုးမသာ ဖြစ်လာလိမ့်မည်ဟု အမြဲပြောနေခဲ့ခြင်းကြောင့် မူလဟဲကျစ်ယန်မှာ မော့မိသားစုကို လက်ထပ်ရန် ငြင်းဆိုနေခဲ့၏။
သူမက သူမ၏ငယ်ရွယ်စဉ်အချိန်များကို မုဆိုးမတစ်ယောက်အနေဖြင့် မနေထိုင်လိုပေ။
အတိုချုပ်ရသော် လီရို့အာက မူလကိုယ်နဲ့ ဘာအကြောင်းပဲပြောပြော မုဆိုးမဆိုသော စကားကို အမြဲထည့်ပြောပေသည်။
ထို့ကြောင့်ပင် မူလကိုယ်သည် မော့မိသားစုထဲသို့ လက်ထပ်ရမည်ကို ကြောက်ရွံ့လာပြီး နောက်ဆုံးတွင် ဟဲယွမ်မင်နှင့် ဇနီးက ဆေးခပ်လိုက်ရသည်အထိ ဖြစ်လာစေခဲ့သည်။
မူလကိုယ်၏ သေဆုံးမှုမှာ ဤလီရို့အာနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ဟု ပြောရပေသည်။
ထိုအကြောင်းကြောင့် လီရို့အာကို ကြည့်နေသော ဟဲကျစ်ယန်၏ မျက်လုံးများမှာ ပို၍စူးရှလာသည်။ ထို့အပြင် သူမသည် သူငယ်ချင်းကောင်းတစ်ယောက်၏ အပြုအမူနှင့် မလျော်ညီစွာ သူမအား ဆွဲချရန် ကြိုးပမ်းနေခဲ့သည်။
“လီရို့အာ နင်က ငါ ဆေးတွေအကြောင်း မသိဘူးလို့ပြောမှတော့ အရာရှိကြီးရဲ့ အဆိပ်ကို နင် ဘာဖြစ်လို့ လာမကုပေးတာလဲ။”
ဟဲကျစ်ယန်သည် ပြောပြီးနောက် ပြန်လှည့်သွားလိုက်၏။
လီရို့အာမှာ ဟဲကျစ်ယန်၏ အပြုအမူကြောင့် ခဏတာ ကြောင်အနေခဲ့ရသည်။
သူမ သိသော ဟဲကျစ်ယန်မှာ သူမ၏ ပြောစကားအား အမြဲတစေ နာခံတတ်ပြီး ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးပေ။
မော့မိသားစုထဲ လက်ထပ်လိုက်ဖို့ လုံးဝ စိတ်ပိုင်းဖြတ်ပြီးနေလို့များလား။
လီရို့အာက အတွေးထဲ နစ်မြောနေချိန်တွင် ဆန်းတာ့ကျိုးက သူမအား မနှစ်မြို့စွာ ကြည့်လိုက်သည်။
“ပြဿနာလာရှာနေတာလား။ မင်းက ဘယ်သူလဲ။”
လီရို့အာ သတိပြန်ဝင်သွား၏။
“အရာရှိကြီး ကျွန်မ အမှန်အတိုင်း ပြောတာပါ။ ကျွန်မက ဟဲကျစ်ယန်နဲ့ အမြဲအတူရှိနေခဲ့တာ ဒါပေမဲ့ သူမ ဆေးပညာတတ်တယ်လို့ တစ်ခါမှ မကြားဖူးဘူး။ သူမ လှည့်စားတာ မခံပါနဲ့။”
လီရို့အာ၏ လေးနက်သော စကားများကိုကြားပြီးနောက် အရာရှိများသည် ခဏတာ တုံ့ဆိုင်းသွားကြ၏။
သို့သော် သေတော့မလိုဖြစ်နေသော ဖမ်းဝမ်ကိုကြည့်ကာ သူတို့ ကူကယ်ရာမဲ့သလို ခံစားလိုက်ကြရသည်။
အထူးသဖြင့် ဒီလို တောကြီးမျက်မည်းထဲတွင် သမားတော်ခေါ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။
အရာရှိများသည် တညီတညွတ်တည်း တိုင်ပင်လိုက်ပြီးနောက် မြက်မျကို ဆုပ်ကိုင်ကာ ဟဲကျစ်ယန်အား ဆက်ကုသခွင့်ပေးရန် ဆုံးဖြတ်လိုက်တော့သည်။
ကျန်းချင်က ဟဲကျစ်ယန်အား ပြန်ခေါ်လိုက်သည်။ “မိန်းကလေးဟဲ ပြန်လာပြီး အဆိပ်ကို ကုသပေးပါ။”
ဟဲကျစ်ယန် ရပ်လိုက်ပြီး နောက်သို့ ပြန်လှည့်ကာ လီရို့အာကို စတင်စိုက်ကြည့်လိုက်သည်။
သူမက လှောင်ပြုံးလေးနှင့် ပြောလိုက်၏။ “လီရို့အာက ကျွန်မ ဆေးပညာကို မသိဘူးလို့ ပြောတယ်။ သူ့ကို ကုနိုင်မဲ့အစား သတ်ပစ်သလို ဖြစ်သွားမှာကို မကြောက်ဘူးလား။”
ထိုစကားကြောင့် ကျန်းချင်၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။
ဤတစ်ကြိမ်တော့ သူ့ဒေါသများမှာ လီရို့အာအပေါ်သို့ ကျရောက်သွား၏။
“အရာရှိတွေရဲ့ ကိစ္စကို ဝင်စွက်ဖက်ရအောင် မင်းကိုယ်မင်း ဘယ်သူလို့ထင်နေတာလဲ။ အသက်ရှင်ရတာ ပျင်းနေပြီထင်တယ်။”
သူဒေါသများကို ထုတ်ဖော်ရန် ကျန်းချင်သည် ခါးတွင်ပတ်ထားသော ကြာပွတ်ကိုဖြုတ်ကာ လီရို့အာကို အားရပါးရ လွှဲရိုက်ချလိုက်တော့သည်။
“အား ...” လီရို့အာသည် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထိုအချိန်တွင် အသက် ၃၀ကျော် အမျိုးသမီးတစ်ယောက်က လီမိသားစုဘက်က ပြေးထွက်လာသည်။
ထိုအမျိုးသမီးသည် ကြောက်ရွံ့စွာဖြင့် လီရို့အာကို ကာထားရင်း လေသံလေးဖြင့် တောင်းပန်စကားဆိုလိုက်၏။
“အရာရှိကြီး ကျွန်မရဲ့ သခင်မလေးက အကောင်းအဆိုး မသိတတ်လို့ပါ။ အရာရှိကြီးကပဲ သဘောထားကြီးပြီး ခွင့်လွှတ်ပေးပါ ဆရာရယ်”
အရိုက်ခံရပြီးနောက် တဆစ်ဆစ် နာကျင်မှုက လီရို့အာအား ဤအရာသည် ဟဲကျစ်ယန်ကြောင့် ဖြစ်ရတာဟု သတိပေးနေသလိုပင်။
ဟဲကျစ်ယန်ရဲ့ အလိမ်အညာကြောင့်သာ မဟုတ်ရင် အရာရှိက သူမကို ဘာလို့ ရိုက်မှာလဲ။
ဟဲကျစ်ယန်သည် သူမ၏ မျက်လုံးထောင့်မှ လီရို့အာသည် သူမအား မုန်းတီးစွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
သူမသည် ဘေးကို တစ်ချက်ကြည့်လိုက်ကာ ကျန်းချင်အားပြောလိုက်သည်။ “အရာရှိကြီး ခုနကပဲ အဆိပ်ပင်ဖြစ်နေမှာ စိတ်ပူနေတာ မဟုတ်ဘူးလား။”
ကျန်းချင်၏ သူမစကားကြောင့် အနည်းငယ် ခေါင်းရှုပ်သွားကာ မသိလိုက်ဘဲ ခေါင်းငြိမ့်လိုက်သည်။
ဟဲကျစ်ယန်သည် အခုထိ စိတ်တိုနေသေးသော လီရို့အာကို ပြန်ကြည့်လိုက်သည်။
“တကယ်တော့ ဆေးပင်ကို ဘယ်သူဝါးဝါး ပြဿနာမရှိပါဘူး”
ကျန်းချင်မှာ ချက်ချင်းပင် သဘောပေါက်သွားပြီး ဟဲကျစ်ယန်၏ ဉာဏ်ကောင်းမှုကို တိတ်တဆိတ် ချီးကျူးလိုက်သည်။
သူ ဘာလို့ ဒါကို မတွေးမိတာလဲ။
ကျန်းချင်သည် တုံ့ဆိုင်းမနေတော့ဘဲ နဂါးသည်းခြေဆေးပင်အား လီရို့အာလက်ထဲ ထည့်လိုက်တော့သည်။
“ဆက်အရိုက်မခံချင်ရင် ဝါးလိုက်”
လီရို့အာမှာ မဝါးချင်သော်လဲ ငြင်းလဲမငြင်းဆန်ရဲပေ။
သူမသည် လူတိုင်းရှေ့တွင် နဂါးသည်းခြေဆေးပင်အား သနားစရာကောင်းစွာ ဝါးရတော့သည်။
နဂိုကတည်းက မလှပသော သူမ၏ မျက်နှာမှာ ပို၍ပင် ရှုံ့တွလာခဲ့၏။
ဒီဆေးပင်ကြီးက ခါးလိုက်တာ ...
သို့သော် လီရို့အာသည် ပျို့အန်ချင်သောကြောင့် တက်လာသော အချဉ်ရည်များကို ပြန်မျိုချလိုက်ရသည်။
လီရို့အာသည် ဆေးပင်များကို ဝါးပြီးနောက် ပျက်ယွင်းနေသော မျက်နှာဖြင့် ဆေးများကို သူမလက်ဖဝါးထဲ ထွေးထုတ်လိုက်၏။
“အရာရှိကြီး ဒီလောက်ဆို ရပြီလား”
ကျန်းချင်သည်လည်း မသိသောကြောင့် ဟဲကျစ်ယန်၏ အမူအရာကိုသာ ကြည့်လိုက်သည်။
ဟဲကျစ်ယန်သည် လီရို့အာ၏ လက်ထဲမှ အစိမ်းရောင်များကို ရွံရှာစွာကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
“ဒီလောက်ဆို ရပြီ”
ဟဲကျစ်ယန်သည် ထိုသို့ပြောပြီးနောက် ဘယ်သူ့မျက်နှာကိုမှ ကြည့်မနေတော့ဘဲ ဖမ်းဝမ်ဘေးသို့ ပြန်သွားလိုက်သည်။
ဟဲကျစ်ယန်သည် အရာရှိများအား ဖမ်းဝမ်၏ ဘောင်းဘီကို မြင့်မြင့်ဆွဲတင်ခိုင်းလိုက်ပြီး မြွေကိုက်ခံရသော ဒဏ်ရာကို သေချာမြင်ရစေရန် လုပ်ခိုင်းလိုက်၏။
တခြားလူများ ကြည့်နေသည်ကို လျစ်လျူရှုကာ ဖမ်းဝမ်၏ ဘောင်းဘီစကို ဖြဲလိုက်ပြီး ကျန်းချင်ကို ပြောလိုက်သည်။ “ရေသန့်သန့်လေး လိုတယ်”
ကျန်းချင်သည် သူ့ရေဘူးကို အမြန်ထုတ်ကာ ဟဲကျစ်ယန်အား ပေးလိုက်သည်။
ဟဲကျစ်ယန်သည် အဝတ်စကို ရေစွတ်လိုက်ပြီး ဖမ်းဝမ်၏ အနာအား သန့်ရှင်းပေးလိုက်၏။
ဒါက အပြည့်အဝ သန့်ရှင်းမှု မရှိသော်လဲ လူအများကြီး ဝိုင်းကြည့်နေကြသောကြောင့် သူမ၏ နေရာလွတ်ထဲမှ အရက်ပြန်ကို ထုတ်မယူနိုင်သည်ဖြစ်ရာ ဤနည်းဖြင့်သာ လုပ်ရတော့သည်။