အဆိပ်ဖြေတဲ့ နောက်ဆုံးအဆင့်
Vol. 2 Ch. 23
ဟဲကျစ်ယန်သည် အဆိပ်ရှိသော သွေးများကို ညှစ်ထုတ်လိုက်ပြီး အဆိပ်သွေး အများစု ကုန်သွားသောအခါမှ ဒဏ်ရာကို သန့်ရှင်းရေး ထပ်လုပ်လိုက်သည်။
ထိုသို့လုပ်ပြီးနောက် ဟဲကျစ်ယန်သည် လီရို့အာဘက်သို့ လှည့်ကြည့်လိုက်ပြန်၏။ ”နင်ဝါးခဲ့တဲ့ဆေးကို ဒဏ်ရာဆီ အုံလိုက်”
လီရို့အာသည် ဟဲကျစ်ယန်၏ စကားကို မကြားသလိုပင် ကြောင်တောင်တောင်နှင့် ရပ်နေခဲ့သည်။
ထို့ကြောင့် ကျန်းချင် နောက်တစ်ခေါက် ဒေါသထွက်သွားရသည်။
“မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ။ ဆေးကို အုံပေးလိုက်လို့ပြောနေတယ်လေ။”
လီရို့အာသည် ထိုအော်သံကို ကြားသောအခါမှ သတိပြန်ဝင်လာပြီး ဟဲကျစ်ယန်ကိုကြည့်ကာ ထို့နောက် ဖမ်းဝမ်၏ ဒဏ်ရာကို ကြည့်လိုက်သည်။
“အရာရှိ ..ကြီး ကျွန်မ မလိမ်းရဲဘူး။”
ကျန်းချင်မှာ စိတ်မရှည်ဖြစ်နေပြီး လီရို့အာ၏ လက်ထဲမှ ရွံစရာများကြောင့်သာ မဟုတ်လျှင် သူ့ဟာသူသာ ယူလိမ်းပေးလိုက်ချင်တော့သည်။
ကူကယ်ရာမဲ့စွာပင် သူ့မှာ ဆက်အော်နေရုံသာ တတ်နိုင်သည်။
“မင်းရဲ့ အခြေအနေကို မမေ့နဲ့။ လုပ်ခိုင်းရင် လုပ်လိုက်”
လီရို့အာကို ကာကွယ်ရန် ပြေးထွက်လာသော အမျိုးသမီးမှာ တုန်ယင်သွားကာ ရှေ့သို့တိုးလာ၏။
“အရာရှိကြီး ကျွန်မရဲ့ မိန်းကလေးက ကြောက်တတ်လို့ပါ။ ကျွန်မ လုပ်လိုက်ပါမယ်”
ထို့နောက် အမျိုးသမီးကျူးသည် လီရို့အာ၏ လက်ထဲမှ သူမ ဝါးထားသော ဆေးများကိုယူကာ ဖမ်းဝမ်၏ ဒဏ်ရာအား နည်းနည်းချင်း အုံပေးလိုက်သည်။
“ဒေါ်လေး”
လီရို့အာ၏ မူလရည်ရွယ်ချက်မှာ သူမက မလုပ်ရဲဟုပြောလျှင် အရာရှိများက ဟဲကျစ်ယန်ကို လုပ်ခိုင်းအောင်ပင်။
သူမ၏ ဒေါ်လေးက အလျင်အမြန်ကူညီလိုက်မည်ဟု မမျှော်လင့်ထားပေ။ ဟဲကျစ်ယန်အား မျက်နှာပျက်အောင် မလုပ်နိုင်ခဲ့သည့်အတွက် သူမ ဒေါသထွက်သွားရသည်။
သို့သော် အရာရှိများ ရှိနေသောကြောင့် သူမ ပြဿနာမရှာရဲဘဲ စိတ်ထဲတွင်သာ ဒေါသကို ဖိနှိပ်ထားလိုက်ရသည်။ ဟဲကျစ်ယန်ကို ခက်ခဲအောင် လုပ်နိုင်မဲ့ အခွင့်အရေးကို စောင့်ကြတာပေါ့။
ထိုအချိန်တွင် ဆန်းတာ့ကျိုးမှာ ဖမ်းဝမ်၏ အခြေအနေကို စိတ်ပူသောကြောင့် စိုးရိမ်မိနေပြီဖြစ်သည်။ သူ ခေါင်းကိုလှည့်လိုက်သောအခါ လီရို့အာ၏ အေးစက်သော မျက်လုံးများကို တွေ့လိုက်ရသည်။
ထိုအအူအရာမှာ ကြည့်သမျှ လူတိုင်းကို ရွံရှာစေသည်။
“မင်းတို့နှစ်ယောက် ဒီမှာ ရပ်မနေကြနဲ့တော့။ ကိုယ့်နေရာကိုယ် ပြန်ကြ”
အမျိုးသမီးကျူးသည် ကြောက်တတ်သောကြောင့် အရာရှိ၏ တင်းမာသော မျက်နှာကို မြင်လိုက်ရလျှင် ခြေထောက်များ ပျော့ခွေသွားမတတ်ပင်။
သူမသည် စက္ကန့်လေးတောင် အချိန်ဆွဲမနေဝံ့တော့ဘဲ လီရို့အာကို အမြန်ဆွဲကာ ပြန်သွားလိုက်သည်။
ဟဲကျစ်ယန်သည် ဖမ်းဝမ်၏ ဒဏ်ရာကို ကုသရန် လုပ်ဆောင်နေခဲ့၏။
အဓိကအရာမှာ သူမ၏ နေရာလွတ်ထဲတွင် ရှိနေသော မြွေဆိပ်ဖြေဆေးပင်။
အရာရှိများက သွားလိုက်လာလိုက် လုပ်နေကြသောကြောင့် သူမ၏ နေရာလွတ်ထဲမှ အဆိပ်ဖြေဆေးကို ထုတ်ယူရန် အခွင့်အရေး မရနိုင်သေးပေ။
ဟဲကျစ်ယန်သည် ဘာလုပ်ရမလဲဟု စဉ်းစားနေစဉ်ပင် ကျန်းချင်က စိတ်မရှည်ဖြစ်လာပြန်၏။
“မင်း မြွေဆိပ်ကို ကုရောကုနိုင်ရဲ့လား။ ဆေးလိမ်းထားတာ ကြာနေပြီ၊ ခေါင်းဆောင်ရဲ့ အခြေအနေက ဘာဖြစ်လို့ မတိုးတက်လာသေးတာလဲ။”
ဟဲကျစ်ယန်သည် ကျန်းချင်ကို စကားဆက်ပြောမခံတော့ဘဲ ဖြတ်ပြောလိုက်သည်။
“အဆိပ်ကို ကုသဖို့ နောက်ဆုံးအဆင့်အတွက် ငါ့ဆရာ သင်ပေးထားတဲ့ အထူးနည်းလမ်းကို သုံးဖို့ လိုနေတယ်။”
“ဒါဆို မင်းဘာလုပ်နေတာလဲ။ မြန်မြန်ကုတော့လေ” ကျန်းချင်က လောလိုက်သည်။
“အရာရှိ ကျွန်မပြောပြီးပါပြီ။ ဒါက အထူးနည်းလမ်းပါလို့” သူမ ပြောချင်သည်ကို သဘောမပေါက်သောကြောင့် ဟဲကျစ်ယန်သည် ကျန်းချင်၏ တုံးအမှုကို စိတ်ထဲမှ ဆူဆဲလိုက်၏။
ထို့နောက် အရာရှိငယ်လေးက ကျန်းချင်၏ အင်္ကျီစကို ဆွဲလာသည်။
“အကိုကျန်း သူမပြောတာ ခေါင်းဆောင်ကို ကုသနေတုန်း အပြင်လူတွေ ကြည့်လို့မရဘူးတဲ့။”
ကျန်းချင်သည် ချက်ချင်းပဲ သဘောပေါက်သွားသော်လဲ စိတ်ထဲ တွေဝေနေဆဲပင်။
တခြားသော အရာရှိများကို ကြည့်လိုက်ပြီး ခဏတော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားရသည်။
သတိရှိမနေသော သူတို့၏ ခေါင်းဆောင်ကို တစ်ယောက်တည်း ထားပစ်ခဲ့ရမှာ စိတ်ထဲ မအေးလှပေ။ ဟဲကျစ်ယန်ကသာ မကောင်းသော အကြံဉာဏ်ရှိနေပါက သူတို့၏ တာဝန်မှာ ကြီးမားလှပေသည်။
ထိုလူများက မဆုံးဖြတ်နိုင် ဖြစ်နေသည်ကိုကြည့်ကာ ဟဲကျစ်ယန် စိတ်မရှည်ဖြစ်လာရသည်။
“ရှင်တို့ ဆွေးနွေးဖို့ အမွှေးတိုင် တစ်တိုင်ထွန်းစာ အချိန်ပေးမယ်။ အချိန်ပြည့်သွားရင် ကျွန်မလဲ မကယ်ပေးနိုင်တော့ဘူး”
ပြောပြီးနောက် သူမသည် လှည့်ထွက်သွားရန် ပြင်လိုက်၏။
ဟဲကျစ်ယန် ထွက်သွားတော့မည်ကို မြင်ပြီးနောက် ဆန်းတာ့ကျိုးက သူမအား တားလိုက်သည်။
“မင်း ခေါင်းဆောင်ကို ကုပေးပါ။ ကျန်တာ ငါတာဝန်ယူမယ်။”
တခြားသော အရာရှိများမှာ ဆန်းတာ့ကျိုးကို တစ်ပြိုင်တည်း ကြည့်လိုက်ကြကာ စိတ်အေးသွားကြရ၏။
ဖမ်းဝမ်၏ အခြေအနေက တော်တော်လေး ဆိုရွားကြောင်း သူတို့သေချာသိနေကြပြီး သူတို့သာ ဟဲကျစ်ယန်ကို ကုသခွင့်မပေးပါက ဖမ်းဝမ်မှာ သေဖို့ရာ ထိုင်စောင့်နေရုံပင်။
ဘယ်သူကမှ တာဝန်ယူကာ မဆုံးဖြတ်ရဲ ဖြစ်နေကြခြင်းသာ ဖြစ်သည်။
တစ်ယောက်ယောက်က ရှေ့ထွက်ပြီး ဆုံးဖြတ်လိုက်ပြီဆိုမှတော့ သူတို့အားလုံးလဲ ငြင်းစရာအကြောင်းမရှိပေ။
ဟဲကျစ်ယန်သည် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ သစ်ပင်ကြီးများမှလွဲ၍ တခြားအကာမရှိကြောင်း တွေ့လိုက်ရသည်။
ကံကောင်းစွာပင် အခုက မှောင်နေပြီဖြစ်သောကြောင့် သူမသာ သေချာလုပ်ဆောင်ပါက ဘယ်သူမှ သတိထားမိမှာ မဟုတ်ပေ။
“သူ့ကို အဲ့ဒီ သစ်ပင်ကြီးနောက်ကို သယ်သွား”
ခေ့င်းဆောင်ကို ကယ်တင်ဖို့ လောနေကြသောကြောင့် အရာရှိများမှာ ဟဲကျစ်ယန်၏ စကားကို သေချာနားထောင်ပြီး သူမ ပြသသောနေရာဆီသို့ ရွှေ့ပေးလိုက်သည်။
“ကောင်းပြီ။ ရှင်တို့တွေ နောက်လှည့်ပြီး ခြေလှမ်းသုံးဆယ်နဲ့အထက် ဆုတ်ပေးကြ”
သူမ၏ ခေါင်းကိုတောင် မလှည့်တော့ဘဲ ဟဲကျစ်ယန်သည် အမိန့်ပေးသော လေသံဖြင့် ပြောလိုက်၏။
နောက်ဆုတ်သွားသော ခြေသံများသည် တိုးတိုးသွားပြီး နောက်ဆုံး သူတို့ရပ်လိုက်သောအခါမှ သူမသည် ဘေးဘီသို့ တစ်ချက်ကြည့်လိုက်သည်။
ဘယ်သူကမှ သူမကို မမြင်နိုင်တာ သေချာအောင်လုပ်ပြီးနောက် သူမ၏ နေရာလွတ်ထဲမှ မြွေဆိပ်ဖြေဆေးနှင့် ဆေးထိုးအပ်ကို ထုတ်ယူလိုက်သည်။
သူမလက်ထဲမှ အဆိပ်ဖြေဆေးကိုကြည့်ပြီးနေယက် ဟဲကျစ်ယန် နှလုံးသားလေးများပင် နာကျင်လာရသည်။
ဤအရာမှာ နောက်ဆုံးပေါ် အကန့်အသတ်ဖြင့် ထုတ်ဝေထားသော အဆိပ်ဖြေဆေးကောင်း ဖြစ်သည်။ ဒီဆေးဝါးကို ထုတ်ဖော်ဖို့ရာအတွက် အလွန် ရှားပါးသော ပစ္စည်းများ လိုအပ်သောကြောင့် ဈေးကွက်ထဲတွင် တန်ဖိုးဖြတ်မရ၊ ဝယ်ယူမရသော ပစ္စည်း ဖြစ်လာခဲ့သည်။
ကံကောင်းမှုတစ်ခုနှင့် ကြုံတွေ့လိုက်ရသောကြောင့် ဟဲကျစ်ယန်သည် ထိုဆေးပုလင်းအနည်းငယ်ကို ရရှိခဲ့ပြီး မရောင်းရက်သောကြောင့် ရေခဲသေတ္တာထဲတွင် ထည့်သိမ်းထားခဲ့ခြင်း ဖြစ်သည်။
ဖမ်းဝမ်ကို ကံကောင်းသည်ဟု ပြောရမည်ဆိုလျှင် ထိုလူက သူမနှင့်တွေ့သောကြောင့်သာ ကံကောင်းနိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက သေချာပေါက် အသက်ဆုံးရှုံးရမှာပင်။
သူမ၏ နေရာလွတ်ထဲတွင် ပြန်လည်ဖြည့်တင်းနိုင်သော အစွမ်းရှိသောကြောင့်သာ မဟုတ်ပါက ဖမ်းဝမ်အတွက် ဒီဆေးကို သူမ သုံးပေးရန် လက်တွန့်မိမှာ အမှန်ပင် ဖြစ်သည်။
အဆိပ်ဖြေဆေးကို သွေးကြောထဲ ထိုးသွင်းခြင်းက ပိုကောင်းသော်လဲ ဤအခြေအနေတွင် ထိုနည်းလမ်းအတိုင်း မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ဟဲကျစ်ယန်သည် ကြွက်သားထဲ ထိုးသွင်းသည့် နည်းလမ်းကိုသာ ရွေးချယ်လိုက်သည်။
သစ်ပင်၏ အရိပ်ကို သေချာကွယ်ထားပြီးနောက် ဟဲကျစ်ယန်သည် ဆေးကို ဆားရည်နှင့် အချိုးကျ ရောစပ်လိုက်ကာ ဖမ်းဝမ်၏ အင်္ကျီစကို မြှောက်လိုက်ကာ အပ်ကိုထိုးစိုက်ပြီး ဆေးရည်ကိုထိုးသွင်းကာ ချက်ချင်း အပ်ပြန်နှုတ်လိုက်၏။
ကျန်နေသေးသော ဆေးများနှင့် အပ်ကို နေရာလွတ်ထဲ ပြန်ထည့်ပြီးနောက် ဟဲကျစ်ယန်သည် ဖမ်းဝမ်၏ အသက်ရှူနှုန်းကို သေချာစစ်ဆေးလိုက်သည်။
ငါးမိနစ်ခန့် ကြာပြီးနောက် ဖမ်းဝမ်၏ အခြေအနေမှာ အတော်လေး ကောင်းမွန်လာခဲ့သည်။
အသက်ရှူရခက်ခဲသောကြောင့် ပြာနှမ်းနေသော အသားအရေမှာ ပြန်လည်ဖျော့လာပြီး အသက်ရှူနှုန်းသည်လဲ ဖြေးဖြေးချင်း ပိုကောင်းလာခဲ့သည်။
တစ်နာရီ နှစ်နာရီခန့်ကြာပြီးပါက သူနိုးလာမှာ သေချာပေသည်။
ဟဲကျစ်ယန်သည် ဖမ်းဝမ်အား အဆိက်ဖြေဆေး ထိုးပေးပြီးနောက် သူမက ချက်ချင်းထွက်မသွားသေပေ။ တခြား ဘာမှမလုပ်ခင် သူ့အခြေအနေက ကောင်းသည့်ဘက်ကို ပြန်ရောက်လာတာ သေချာကြောင်း စစ်ဆေးနေခဲ့၏။
သူမက ခပ်ဖြေးဖြေးလုပ်နေစဉ်တွင် စောင့်နေရသော အရာရှိများကတော့ စိုးရိမ်လွန်းလို့ တုန်ယင်နေပြီဖြစ်သည်။
နောက်ဆုံးတွင် ကျန်းချင်က မနေနိုင်တော့ဘဲ အော်မေးလိုက်၏။ “မိန်းကလေးဟဲ ကျွန်တော်တို့ ခေါင်းဆောင်အခြေအနေ ဘယ်လိုလဲ”
သူမ၏ အရင်ဘဝတွင် ဟဲကျစ်ယန် မကြိုက်ဆုံးသော လူနာစောင့် ၂ မျိုး ရှိပေသည်။
တစ်မျိုးမှာ သူမအား မယုံကြည်သော လူမျိုး ဖြစ်ပြီး နောက်တစ်မျိုးမှာ စိတ်မရှည်ဘဲ လောကြီးသော လူမျိုး ဖြစ်သည်။
ကျန်းချင်ကတော့ ထိုနှစ်ချက်လုံး အမှတ်ပြည့်ပင်။
“ဘာတွေ အော်နေတာလဲ။ နင် ငါ့ကိုမယုံရင် တခြား သမားတော်ကိုသာ သွားရှာတော့”
ဟဲကျစ်ယန်မှာ ထိုကဲ့သို့သော စိတ်မျိုးရှိသည်ဖြစ်ရာ အရာရှိများဖြစ်နေလျှင်တောင်မှ အတူတူပင်။