ရှင့်ကိုယ်ထဲမှာ အဆိပ်ရှိနေသေးတယ်
Vol. 3 Ch. 30
ဒီတစ်ခေါက် ပြည်နှင်ဒဏ်ပေးခံရတဲ့လူတွေက အရင်လူတွေနဲ့ကွာခြားပြီး သူတို့မှာ ပိုက်ဆံတစ်ပြားမှ ပါမလာကြဘူးလို့ ဘယ်သူက ထင်ထားမိပါ့မလဲ။
ဤမျှ ပူသော ရာသီဥတုတွင် ပေါင်မုန့်များက ရက်အနည်းငယ်သာ အထားခံပေသည်။
အခု လက်ရှိ အရာရှိတွေ အကုန်လုံးပေါင်းလျှင်ပင် ဤပေါင်မုန့်များကို အကုန်မစားနိုင်ကြပေ။
ဆန်းတာ့ကျိုး၏ အတွေးမှာ ဤပေါင်မုန့်များ ဒီတိုင်း မှိုတက်ပြီး ပစ်လိုက်ရမည့်အစား ဖမ်းဝမ်၏ အသက်ကို ကယ်တင်ပေးသည့် ကျေးဇူးအနေဖြင့် သူတို့ကို ပေးလိုက်သည်က ပိုကောင်းပေသည်။
ဖမ်းဝမ်သည်လည်း ဤအကြံကို မငြင်းပေ။ ထို့ကြောင့်ပင် ထိုဂျုံဖြူပေါင်မုန့်များက မော့မိသားစုလက်ထဲ အဆုံးသတ်သွားရခြင်း ဖြစ်ပေသည်။
ဤတစ်ကြိမ်တွင် ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ အစားအသောက်များကို မထုတ်ယူတော့ပေ။ ဟဲယွမ်မင် ပေးလိုက်သောအိတ်က အတော်အသင့်သာ ကြီးလေရာ မနေ့က သူမ ထုတ်ယူခဲ့သော အမဲသားပေါင်းများနှင့် စောင်တစ်ထည်စာသာ နေရာရှိ၏။
သူမသာ ပစ္စည်းများ ထပ်ထုတ်နေပါက သေချာပေါက် သံသယရှိစရာ ဖြစ်လာပေလိမ့်မည်။
မော့မိသားစုများမှာ ဂျုံဖြူပေါင်မုန့်အလွတ်ကိုသာ စားနေရသော်လဲ ပြည်နှင်ဒဏ်ပေးခံရသူများအတွက်တော့ ဤအရာက ကျေနပ်စရာကောင်းလွန်းနေပြီဖြစ်သည်။
မနေ့ညက ဒုတိယ မရီးသည် ရှဲ့မိသားစုရှိ သူမ၏တူလေးအတွက် ဂျုံဖြူပေါင်မုန့်သွားပေးခဲ့သည့်အတွက်ကြောင့်လားတော့ မသိပေ၊ ယနေ့ မော့ကျိုးယွီအပေါ် ရှဲ့မိသားစု၏ သဘောထားမှာ အတော်အတန် ပြေလျော့လာခဲ့သည်။ မော့မိသားစုက ဂျုံဖြူပေါင်မုန့်များ စားနေသည်ကိုမြင်သော်လဲ တခြားမိသားစု ၃ စုကဲ့သို့ ရန်လိုသော မျက်လုံးများနှင့် စိုက်ကြည့်နေခြင်း မရှိပေ။
ထိုမိသားစုသုံးခုမှ လူများမှာ မော့မိသားစုအား ဓားများဖြင့် ထိုးစိုက်ချင်သလို စူးစိူက်စွာ ကြည့်နေကြ၏။
အရာရှိများကို ကြောက်သောကြောင့်သာ မဟုတ်ပါက သူတို့ အရင်ကတည်းက အော်ဟစ်ဆဲဆိုနေကြလောက်ပြီဖြစ်သည်။
ပေါင်မုန့်စားနေရင်း ဟဲကျစ်ယန်သည် ထိုလူများကို သူမ မျက်လုံးထောင့်မှ ကြည့်လိုက်သညါ။
သူမသည် လီရို့အာ၏ အန္တရာယ်ပေးချင်သော အကြည့်များနှင့် တည့်တည့်ဆုံမိသွားသည်။
ဟဲကျစ်ယန်သည် သူမလက်ထဲရှိ ပေါင်မုန့်ကို မြှောက်ပြပြီး တမင်တကာ ပြုံးပြလိုက်ခြင်းဖြင့် လီရို့အာကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ပြလိုက်၏။
သူမက ရှင်းရှင်းလင်းလင်းကြီးကို ရန်စလိုက်ခြင်းပင်။
လီရို့အာက လွန်လွန်ကြူးကြူး မလုပ်နိုင်ပေ။ သူမက လက်ကိုမြှောက်က လက်သီးဆုပ်လိုက်ပြီး တစ်ယောက်ယောက်ကို ထုရိုက်တော့မည့်ဟန် လုပ်လိုက်သည်။
ဟဲကျစ်ယန်သည် ပါးစပ်က ပြုံးနေဆဲဖြစ်သော်လဲ မျက်လုံးများကတော့ တည်ငြိမ်နေကာ ပေါင်မုန့်ကို အလုတ်ကြီးကြီး ကိုက်စားနေခဲ့သည်။
ထိုနှစ်ယောက်ကြားမှ ဆက်သွယ်မှု သေးသေးလေးက မော့သခင်မကြီး၏ မျက်လုံးထဲမှ လွတ်မသွားပေ။ ဟဲကျစ်ယန်သည် ဘယ်သူ့ဆီကမှ ဖုံးကွယ်ဖို့ ကြိုးစားမနေဘဲ တမင်လုပ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
မနေ့က လီရို့အာ တမင်တကာ ပြဿနာရှာခဲ့သည်ကို ကြည့်ခြင်းဖြင့် ထိုနှစ်ယောက်က အချင်းချင်း သိနေကြပြီး ရန်စလေးများလဲ ရှိနေကြောင်း သခင်မကြီးမော့ သိခဲ့ပြီးကီုဖြစ်သည်။
သို့သော် သူမ၏ ချွေးမလေးက ဖြုံလောက်စရာ အရည်အချင်းရှိသူဖြစ်လေရာ သိပ်တော့ စိတ်မပူမိပေ။
နောက်ပိုင်းကျလျှင် လီရို့အာကို သတိထားရန် အားလုံးကို သတိပေးဖို့သာ လိုပေသည်။
ငရဲဘုရင်ကြီးက ကိုယ်နဲ့တွေ့ချင်နေချိန်မှာ ဒီလိုနတ်ဆိုးလေးတွေကို ကိုင်တွယ်ဖို့ခက်တယ်ဆိုတာ သူမ ရှင်းရှင်းလင်းလင်း နားလည်ပေသည်။
မော့မိသားစုက စားသောက်ပြီး သိမ်းဆည်းပြင်ဆင်နေကြသည့် အချိန်တွင် ဆန်းတာ့ကျိုးနှင့် ဖမ်းဝမ် ရောက်လာခဲ့သည်။
ဒါကိုမြင်ပြီးနောက် မော့မိသားစုဝင်များမှာ စိတ်အနည်းငယ်ပူသွားရ၏။
ဆန်းတာ့ကျိုးက အမိန့်ပေးသည့် လေသံဖြင့်ပြောလိုက်သည်။ “ငါတို့ခေါင်းဆောင်က မနေ့က မြွေကိုက်ခံထားရလို့ ခန္ဓာကိုယ်က နည်းနည်း အားနည်းနေတယ်။ အဲ့ဒါကြောင့်မို့ သူ မော့ကျိုးယွီရဲ့ လှည်းပေါ်မှာ ထိုင်အနားယူမှရမယ်။”
သခင်မကြီးမော့က မသေချာစွာ ပြန်မေးလိုက်သည်။ “အရာရှိပြောချင်တာက ကျိုးယွီကို လှည်းပေါ်က ဆင်းခိုင်းဖို့လား။”
“သူ မဆင်းဘူးဆိုရင် ငါတို့ ခေါင်းဆောင်က တရားခံတစ်ယောက်နဲ့အတူ ကပ်သပ်ပြီး ထိုင်ပေးရမှာလား” ဆန်းတာ့ကျိုးသည် အနည်းငယ် စိတ်မပျော်မရွှင် ဖြစ်လာခဲ့၏။
သခင်မကြီးမော့သည် ဆုံးဖြတ်ချက်ချရန် ခက်ခဲပေသည်။
“အရာရှိကြီး ကျွန်မတို့ မော့မိသားစုဝင်အားလုံး မိန်းမသားတွေဆိုတာ သ်ကြပါတယ်။ ကျိုးယွီက လှည်းပေါ်မှာ မနေနိုင်ရင် သူနဲ့အတူ ကျွန်မတို့က ဘယ်လိုဆက်သွားကြမှာလဲ။”
“ဟုတ်တယ် အရာရှိ၊ ရှင်က ကျွန်မတို့ကို ခက်ခဲအောင် တမင်လုပ်နေတာ မဟုတ်ဘူးလား” ပွင့်လင်းပြတ်သားသော ဒုတိယ မရီးက ဝင်ပြောလိုက်သည်။
ထိုအချိန်တွင် ဆန်းတာ့ကျိုး ပြန်ပြောသည်ကိုပင် စောင့်မနေတော့ဘဲ ဖမ်းဝမ်က အော်လိုက်သည်။
“မင်း အသက်မရှင်ချင်တော့ဘူးထင်တယ်။ အစိုးရအရာရှိရဲ့ အမိန့်ကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိရှိနေတယ်ပေါ့။”
မော့မိသားစုမှလူများ တစ်ခုခုဖြစ်တော့မည်ကို တွေ့သဖြင့် တခြားမိသားစုရှိ လူများမှာ မျက်ဘီလူးဖြင့် ကြည့်နေကြသည်။
အမှန်တကယ်တွင် လူအများအပြားသည် ဆန်းတာ့ကျိုးနှင့် ဖမ်းဝမ်ကို စိတ်ထဲမှ ကြိတ်ကာ အားပေးနေကြပြီး သူတို့က မော့မိသားစုကို သင်ခန်းစာကောင်းကောင်းပေးရန် မျှော်လင့်နေကြသည်။
သူမ၏ ချွေးမ ဒုက္ခရောက်တော့မှာကို မြင်ပြီးနောက် မော့သခင်မကြီးသည် သူမအား ဘေးသို့ အမြန်ဆွဲလိုက်၏။
သို့သော် ဤအခြေအနေတွင် သူမသည်လည်း ဘယ်လိုဆုံးဖြတ်ရမလဲ မသိပေ။
လှည်းပေါ်တွင် လဲလျောင်းနေသော မော့ကျိုးယွီသည် စကားအသွားအလာကို နားထောင်ပြီး အကြံတစ်ခု စီစဉ်ထားပြီဖြစ်သည်။
သူ၏ သစ်သားလှည်းကို ဖမ်းဝမ် ယူသွားသည်နှင့် ခရီးဆက်နေစဉ် သူ့အား အမျိုးသမီးများက သယ်သွားမည်ကို ခွင့်မပြုနိုင်ပေ။ အမှန်တကယ်သာ ထိုသို့ဖြစ်လာပါက သူ အချိန်စောပြီး သတိရလာဖို့ကိုသာ ရွေးချယ်ရပေမည်။
မော့ကျိုးယွီသည် သူ ဘယ်လို ထလာရမလဲဟု တွေးနေစဉ် ဟဲကျစ်ယန် စကားပြောသည်ကို ကြားလိုက်ရ၏။
သူမသည် ဖမ်းဝမ်ဆီသို့ အလျင်မလိုဘဲ ခပ်ဖြေးဖြေးသာ လမ်းလျှောက်သွားပြီး သူမ၏ စကားသံမှာလဲ လေးစားသည့်ဟန် အပြည့်ပင်။
“အရာရှိဖမ်း၊ ရှင် အခု အသက်ရှူရခက်ပြီး ရင်ဘတ်ထဲ တင်းကြပ်နေတယ်လို့ ခံစားရလား။”
ဖမ်းဝမ်သည် ထိုအရာများကို တကယ်ခံစားနေရပြီး အတော်အတန် ပြင်းထန်ပေသည်။ မဟုတ်ပါက သူသည် မော့ကျိုးယွီထံမှ သစ်သားလှည်းအတွက် နပန်းလုံးလိမ့်မည်မဟုတ်ပေ။
“မှန်တယ်။ ငါ လမ်းလေးနည်းနည်းလျှောက်ပြီးတာနဲ့ အသက်မရှူနိုင်တော့သလို ခံစားနေရတယ်။”
ဖမ်းဝမ်၏ အမြင်တွင် ဟဲကျစ်ယန်သည် ဂုဏ်သရေရှိ မိသားစုကြီးမှ မိန်းမငယ်လေးသာ ဖြစ်သည်။ သူမသည် မြွေကိုက်ခြင်းအတွက် အရေးပေါ်ကုသမှုများအကြောင်း စာအုပ်ထဲမှ ဖတ်ခဲ့ဖူးပြီး မတော်တဆ သူ့အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။
သူ၏ ခန္ဓာကိုယ် အခြေအနေအကြောင်း သူ ရှင်းရှင်းလင်းလင်း သိပေသည်။ မသက်သာဘူးဟု ခံစားနေရသော်လဲ မနေ့ကလောက်တော့ မဆိုးတော့ပေ။
ယွင့်လိုင်ကောင်တီသို့ ရောက်ပြီးပါက တော်ဝင်သမားတော်တစ်ယောက်ရှာကာ ပြန်လည်သက်သာလာစေရန် ဆေးဝါးတချို့ ညွှန်ခိုင်းရပေမည်။
သို့သော် ဟဲကျစ်ယန်သည် သူ လက်ရှိခံစားနေရသည့် လက္ခဏာများကို အမှန်တကယ် ပြောပြနိုင်သဖြင့် အံ့ဩသွားရ၏။
ဟဲကျစ်ယန်သည် ဆေးပညာများကို အမှန်တကယ်သိရှိသူ ဖြစ်နိုင်ပေသည်။ ထို့ကြောင့် သူ ပြန်ဖြေလိုက်သောအခါ ဝေဝေဝါးဝါး လုပ်မနေခဲ့ပေ။
“မနေ့က ရှင့်ကိုယ်ထဲမှာ ကျန်ခဲ့တဲ့ အဆိပ်တွေကို ကုသဖို့ နည်းလမ်းရှာရဦးမယ်။ ကျွန်မ ရှင့်အသက်ကို ကယ်ခဲ့ပေမဲ့ ရှင့်ခန္ဓာကိုယ်ထဲမှာ အဆိပ်ကတော့ ကျန်နေတုန်းပဲ။ သေသေချာချာ မကုသနိုင်ရင် အသက်အန္တရာယ်ပါ ရှိနိုင်သေးတယ်။”
အမှန်တကယ်တွင် ဖမ်းဝမ်၏ မြွေဆိပ်မှာ အကုန်လုံးနီးပါး ရှင်းလင်းနေပြီဖြစ်၏။ ထိုလက္ခဏာများ၏ အကြောင်းရင်းမှာ သူ့ခန္ဓာကိုယ်ထဲမှ အာရုံကြောစနစ်တချို့ကို အဆိပ်က ပျက်စီးသွားစေခဲ့သောကြောင့်ဖြစ်သည်။
ပုံမှန်အားဖြင့် ထိုအရာက တစ်ပတ်လောက်နှင့် ကောင်းသွားမည်ပင်။
သို့သော် ခရီးဆက်နေစဉ်အတွင်း မော့မိသားစု အမျိုးသမီးများက မော့ကျိုးယွီကို သယ်သွားရမည့် အခြေအနေကို ရှောင်တိမ်းရန်အတွက် ဖမ်းဝမ်ကို စကားလုံးများဖြင့် ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်ပေသည်။
ဖမ်းဝမ်သည် သူ၏ ခန္ဓာကိုယ် အခြေအနေက မှန်ကန်နေသောကြောင့် ဟဲကျစ်ယန်၏ စကားများကို လုံးဝ ယုံကြည်သည်။
“မိန်းကလေးဟဲ မင်းမှာ နည်းလမ်းရှိလား။”
ဤအရာက ဟဲကျစ်ယန် မျှော်လင့်နေသည့်စကားပင်။
“နည်းလမ်းရှိပါတယ်။ ဒါပေမဲ့ ...”
သူမ စကားပြောနေရင်း သစ်သားလှည်းပေါ်တွင် လဲလျောင်းနေသော မော့ကျိုးယွီအား တစ်ချက်ကြည့်လိုက်သည်။
ဖမ်းဝမ်ကဲ့သို့ ပါးနပ်သောလူမှာ ဟဲကျစ်ယန် လိုချင်သည်ကို ချက်ချင်း နားလည်သွား၏။
သူ့မျက်နှာ မည်းမှောင်သွားရသည်။
နိုင်ငံတော် အရာရှိတစ်ဦးအနေဖြင့် လုပ်ကိုင်နေခဲ့သည့် နှစ်များအားလုံးတွင် ဤသည်က အပြစ်သားတစ်ဦးထံမှ အခြေအနေတောင်းဆိုခံရသည့် ပထမဦးဆုံးအကြိမ်ပင်။
ဖမ်းဝမ်သည် သူမ၏ ကုသပေးမှုကို မလိုအပ်ဘူးဟု ပြောချင်သည်။ ယွင့်လိုင်ကောင်တီသို့ ရောက်လျှင် တော်ဝင်သမားတော်တစ်ယောက် ရှာနိုင်ပေသည်။ ယနေ့တော့ ဘာပဲဖြစ်ဖြစ် မော့ကျိုးယွီထံမှ သစ်သားလှည်းကို ရအောင်ယူမှာပဲဖြစ်သည်။
သို့သော် သူ စကားမပြောခင် ဆန်းတာ့ကျိုးက သူ့ကိုဆွဲခေါ်သွားပြီး စကားတချို့ တိုးတိုးလေး ပြောလိုက်သည်။ ထိုအခါမှသာ ဖမ်းဝမ်သည် မကျေမနပ်အမူအရာဖြင့် ပြန်လာခဲ့၏။
“မိန်းကလေးဟဲ မင်း ငါ့ကိုယ်ထဲက အဆိပ်တွေ အကုန်လုံးကို ဖယ်ရှားပေးနိုင်ရင် ငါ မော့ကျိုးယွီကို လှည်းပေါ် တင်ထားပေးနိုင်တယ်။”
“အရာရှိကြီး ကြည့်ပါဦး။ ကျွန်မတို့ မော့မိသားစုက အကုန်အမျိုးသမီးတွေချည်းပဲ။ ကျွန်မခင်ပွန်’တစ်ယောက်ထဲအတွက် လှည်းကိုတွန်းရတာတင် ခက်ခဲလွန်းနေပြီ ...”
ဟဲကျစ်ယန်ကတော့ ရသမျှ အကုန်ယူမှာပင်၊ သူမက ဆုံးရှုံးရသည်ကို မကြိုက်ပေ။
မော့အမျိုးသမီး ၂ ယောက် ၃ ယောက်လောက် ပူးပေါင်းလျှင် လှည်းကို တွန်းနိုင်သော်လဲ သူမက သူမ၏ လူများကို အနစ်နာမခံခိုင်းနိုင်ပေ။
ဖမ်းဝမ် စိတ်ထဲ ဒေါသထွက်လို့နေသည်။ မော့ကျိုးယွီလို အပြစ်သားတစ်ယောက်နှင့် လှည်းအတူစီးဖို့ သူ့ကိုယ်သူ နှိမ့်ချထားပေးပြီးပြီဖြစ်သော်လဲ ဟဲကျစ်ယန်က ထပ်မံ တောင်းဆိုလာရဲသေးသည်။
သူ ပေါက်ကွဲကာ ပြောတော့မည့်အချိန်တွင်ပဲ ဆန်းတာ့ကျိုးက ဖြတ်ပြောလာ၏။
“ပြဿနာ မရှိဘူး၊ အပြစ်သား ယောက်ျားလေးတချို့ကို လှည်းတွန်းခိုင်လိုက်မယ်။”
ဖမ်းဝမ်သည် ဆန်းတာ့ကျိုးလုပ်သမျှက သူကောင်းဖို့အတွက်သာဖြစ်ကြောင်း သိနေသည့်အတွက် သူ၏ စကားကို လက်ခံလိုက်သည်။
“မင်းတောင်းဆိုသမျှကို လက်ခံပြီးပြီ။ ငါ့ကိုယ်ထဲက အဆိပ်အားလုံးကို မဖြေပေးနိုင်ရင်တော့ အရာရှိတွေရဲ့ ကြာပွတ်ကိုသာ သတိထားပေတော့။”