← Chapters

နိုးထလာခြင်း

Vol. 3 Ch. 31

နိုးထလာခြင်း

Vol. 3 Ch. 31

သူမ၏ ရည်ရွယ်ချက် အောင်မြင်သွားသည်နှင့် ဟဲကျစ်ယန်က တည့်တည့်ပဲ ပြောလိုက်တော့သည်။

“ကောင်းပြီ။ ကျွန်မ အခုပဲ အဆိပ်ဖြေပေးမယ်။”

ပြောပြီးနောက် သူမသည် မနေ့က ခူးယူခဲ့သော ဆေးပင်များဆီသို့သွားကာ ဆေးပင်နည်းနည်းလောက် ယူခဲ့လိုက်သည်။

သူမက ဆေးပင်များကို ဆန်းတာ့ကျိုး လက်ထဲ ထည့်လိုက်၏။ “အရာရှိ ဒါတွေက မနေ့က ခူးယူခဲ့တဲ့ ဆေးပင်တွေပါ။ အရာရှိဖမ်းအတွက် ရေနဲ့ ကျိုပြီး တိုက်လိုက်ရင် ၇ ရက်အတွင်း သူ့ကိုယ်ထဲက အဆိပ်တွေ အရှင်းပျောက်သွားပါလိမ့်မယ်။”

ဆန်းတာ့ကျိုးသည် အနည်းငယ် သံသယဝင်လာမိသည်။ “မင်းစကားတွေက အမှန်ပဲလား။”

“အမှန်ပဲ” ဟဲကျစ်ယန်က အသေအချာ ပြန်ဖြေလိုက်၏။

သူမ ပေါင်းစပ်ရွေးချယ်ခဲ့သော ဆေးပင်များမှာ အပူကို ရှင်းပေးခြင်း၊ ဆီးလမ်းကြောင်း ကောင်းမွန်စေခြင်း၊ သွေးအေးစေခြင်းနှင့် အဆိပ်ဖြေခြင်း အာနိသင်များ ရှိကြပေသည်။

၎င်းတို့က ဖမ်းဝမ်၏ ခန္ဓာကိုယ်ကို အများကြီး အထောက်အပံ့ မပြုနိုင်သော်လဲ လုံးဝ အသုံးမဝင်ကြသည်တော့ မဟုတ်ပေ။

အနည်းဆုံးတော့ ၎င်းဆေးပင်များက လက်ရှိရောဂါလက္ခဏာများကို သက်သာစေနိုင်ပေသည်။

ဘယ်လိုပင်ဖြစ်ပါစေ ဖမ်းဝမ်၏ ကိုယ်ထဲတွင် အဆိပ်များ မကျန်တော့သဖြင့် ပြန်ကောင်းဖို့မှာ အချိန်သာ လိုအပ်သည်။

ဟဲကျစ်ယန်၏ ရိုးသားသောအကြည့်ကြောင့် ‌ဆန်းတာ့ကျိုးရင်ထဲမှ သံသယများ လျော့ကျသွားရ၏။

“ခေါင်းဆောင် လှည်းပေါ်မှာ အရင်လှဲနေပါ။ ကျွန်တော် ဆေးသွားကြိုလိုက်ပါမယ်။”

လှည်းပေါ်ရှိ နေရာကျဉ်းကျဉ်းလေးကို ကြည့်ပြီး ဖမ်းဝမ်သည် မော့ကျိုးယွီ၏ ဘေးတွင်သာ ကပ်သပ်ပြီး ထိုင်လိုက်ရ၏။

ဆေးကျိုနေရသောကြောင့် ထွက်ခွာချိန်မှာ နာရီဝက်ခန့် နောက်ကျသွားရသည်။

မထွက်ခွာခင်တွင် ဆန်းတာ့ကျိုးသည် အပြစ်သားများထဲမှ ဟယ်မိသားစုရှိ လူထွားကြီးနှစ်ယောက်ကို ရှာတွေ့ခဲ့၏။

ထိုလူနှစ်ယောက်မှာ လှည်းကိုတွန်းရန် အဓိကတာဝန်ရှိသူများ ဖြစ်လာကြသည်။

သို့သော် မော့ကျိုးယွီက လှည်းပေါ်တွင် လှဲနေသည်ကို မြင်သောအခါ သူတို့ အလွန်စိတ်ကသိကအောက်ဖြစ်ကြပေသည်။

အရာရှိများ ရှိနေသောကြောင့်သာ မဟုတ်ပါက သူတို့သည် ဟယ်မိသားစုကို ဒီလိုဖြစ်အောင်လုပ်ခဲ့သော မော့ကျိုးယွီကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်ပစ်လိုက်မှာ ဖြစ်သည်။

သို့သော် ဖမ်းဝမ်၏ သတိပေးသော အကြည့်ကို တွေ့လိုက်ရသောအခါ ဟယ်ညီအကိုမှာ ချက်ချင်းပဲ ငြိမ်ကျသွားရသည်။

သူတို့သည် မတတ်နိုင်ပါဘဲ လှည်းကိုသာ ရှေ့သို့ရောက်အောင် တွန်းလိုက်ကြ၏။

ဟဲကျစ်ယန်၏ လုပ်ရပ်များကြောင့် မော့အမျိုးသမီးများထံမှ လေးစားအားကျသော အကြည့်များ ရောက်ရှိလာကြပြန်သည်

အထူးသဖြင့် သူမတိူ့ စတင်ထွက်ခွာသည်နှင့် မရပ်မနား စကား‌လိုက်ပြောနေသော မော့ဟန်ယွဲ့ပင်။

“ယောင်းမက အရမ်းတော်တာပဲ။ အကိုတော်က လှည်းပေါ်က မဆင်းရရုံတင်မကဘူး၊ ကျွန်မတို့လဲ အားစိုက်မထုတ်ကြရတော့ဘူး။ ကျွန်မတို့အတွက် ပိုသက်သာသွားအောင် လုပ်ပေးလိုက်တာပဲ။”

ဟဲကျစ်ယန်သည် သူမ ခယ်မလေး၏ ချီးမွမ်းစကားကို အသာအယာပြုံးကာ တုန့်ပြန်လိုက်သည်။

သူမ လုပ်ခဲ့သည်ကို ထူးချွန်ပြောင်မြောက်နေသည်ဟု မခံစားရဘဲ ထိုအရာများက အရင်ဘဝက ပျိုးထောင်ခဲ့သော အစွမ်းအစများနှင့် သူမ၏ ပင်ကိုယ် ကိုယ်ရည်ကိုယ်သွေးကြောင့်သာ ဖြစ်ပေသည်။

မော့ဟန်ယွဲ့သည် ဟဲကျစ်ယန်၏ လက်မောင်းကို တွဲချိတ်ထားရင် စိတ်လှုပ်ရှားစွာ စကားများပြောနေ၏။

“ယောင်မလေး အကိုကတော့ ယောင်းမလို ထူးချွန်တဲ့လူတစ်ယောက်ကို လက်ထပ်ရတာ အရမ်း ကံကောင်းတာပဲ။”

သူမ စကားပြောရင်းနှင့် မော့ဟန်ယွဲ့သည် သူမတို့ မနေ့က စု‌ဆောင်းခဲ့သော ဆေးပင်မျိုးကို လမ်းဘေးခြုံပုတ်များတွင် တွေ့လိုက်ရသည်။

သူမက ထိုအပင်များကို လက်ညှိုးထိုးပြီး စိတ်လှုပ်ရှားစွာ ပြောလိုပ်သည်။ “ယောင်းမလေး ဟိုမှာ ဆေးပင်တွေပဲ၊ ကျွန်မ သွားခူးလိုက်ဦးမယ်။”

သူမသည် စကားဆုံးသည်နှင့် လမ်းဘေးသို့ ပြေးထွက်ဟန် ပြင်လိုက်သော်လဲ ဟဲကျစ်ယန်က လှမ်းဆွဲလိုက်သည်။

“ညီမလေး ဆေးပင်တွေ စုဆောင်းဖို့ အခွင့်အရေးတွေ ရှိပါသေးတယ်။ လမ်းမှာ နောက်ကျနေရင် အရာရှိတွေဆီက အပြစ်ပေးခံရလိမ့်မယ်။”

မော့ဟန်ယွဲ့သည် အများကြီး မတွေးတတ်သေးသော ရိုးရိုးရှင်းရှင်း မိန်းမငယ်လေး တစ်ယောက်သာ ဖြစ်၏။

ဟဲကျစ်ယန်၏ သတိစကားကို ကြားသောအခါမှ သူမတို့သည် ပြည်နှင်ဒဏ်ပေးခံရသည့် ခရီးလမ်း‌တွင်ဖြစ်ကြောင်း သတိပြန်ရသွားသည်။

မော့ဟန်ယွဲ့၏ မျက်နှာလေးမှာ မကျေမနပ်ဖြစ်ပြီး ဝမ်းနည်းသွားခဲ့၏။

“ယောင်းမလေး ကျွန်မ နားလည်ပါပြီ။ အခုကစပြီး သေချာ ဂရုစိုက်ပါမယ်။”

မော့မိသားစုဝင်များမှာ ဗိုက်ဝနေသောကြောင့် အရာရှိများ၏ အရှိန်အတိုင်း လိုက်နိုင်ခဲ့သည်။

တခြားမိသားစုများကတော့ အဲ့လောက် ကံမကောင်းကြပေ။ အလွန်မာကျောပြီး မျိုချရခက်သည့်အပြင် ဗိုက်လဲမပြည့်သော ဂျုံကြမ်းပေါင်မုန့်အနက်များကိုသာ နှစ်နပ်ဆက်တိုက် စားခဲ့ကြရသည်။

ထို့အပြင် သူတို့သည် နေ့တိုင်း ဇိမ်ခံရသော ဘဝမှ လာခဲ့ကြခြင်း ဖြစ်သည်။ ထွက်ခွာပြီး နာရီဝက်လောက် အကြာတွင် တစ်ယောက်ပြီး တစ်ယောက် အခက်အခဲတွေ့လာကြရ၏။

အရာရှိများက သနားညှာတာမှု လုံးဝ မရှိဘဲ နောက်တွင် ကျန်ရစ်သူများကို သူတို့၏ လှံများဖြင့် ရိုက်နှက်ကြသည်။

ထို့ကြောင့်ပင် လမ်းခရီးတစ်လျှောက် အဆုံးမဲ့သော ငိုကြွေးသံများ ထွက်ပေါ်လာကြရသည်။

လှည်းတွန်းရန် တာဝန်ရှိသော ဟယ်ညီအကိုမှာ မောပန်းနေကြပြီး ဖမ်းဝမ်အား အစားအစာ အနည်းငယ် ကျွေးမွေးရန် အဆက်မပြတ် တောင်းဆိုနေကြသည်။

ဖမ်းဝမ်သည် နှလုံးသားမဲ့သောလူမဟုတ်ပေ။ ထိုလူနှစ်ယောက်က လှည်းတွန်းရန်အတွက် ခွန်အားလိုအပ်သောကြောင့် တစ်ယောက်ယောက်ကို ဂျုံဖြူပေါင်မုန့်နှစ်လုံး ယူလာခဲ့ရန် ‌‌ခိုင်းဖို့ပြင်လိုက်၏။

ထိုအချိန်တွင် သစ်သားလှည်းသည် ကျောက်တုံးတစ်ခုနှင့် တိုက်မိသွားရာ လှည်းမှာ ချော်လဲကျလုနီးပါးဖြစ်သွားရ၏။

ဖမ်းဝမ်သည် အပေါ်ပိုင်းတိုင် ထိုင်နေသောကြောင့် ထိုအရှိန်ဖြင့် မော့ကျိုးယွီ၏ ခန္ဓာကိုယ်ပေါ်သို့ မှောက်ရက်လဲကျပေတော့သည်။

တိုက်ဆိုင်စွာပင် ဖမ်းဝမ် ဖိချမိလိုက်သောနေရာမှာ မော့ကျိုးယွီ၏ အဆိုးဆုံးဒဏ်ရာ ဖြစ်နေသည်။

မော့ကျိုးယွီသည် မတုံ့ပြန်လိုက်သော်လဲ ညည်းသံတချို့ ထွက်သွားရ၏။

ဖမ်းဝမ်သည် လှည်းတွန်းနေ‌သူနှစ်ယောက်ကို ဆူပူရန် အချိန် မရှိပေ၊ သူ၏ ပထမဆုံးအတွေးမှာ မော့ကျိုးယွီ နိုးလာပြီဟူ၍ပင်။

သူသည် ဟဲကျစ်ယန်အား အလျင်အမြန်ခေါ်လိုက်၏။ “မြန်မြန်လာပြီး မင်းယောက်ျား နိုးလာပြီလားဆိုတာ လာကြည့်ဦး။”

ဖမ်းဝမ်သည် ပြည်နှင်ဒဏ်ခရီးတွင် အပြစ်သားများ သေဆုံးကြသည်ကို မြင်တွေ့နေကျဖြစ်သော်လဲ မော့ကျိုးယွီအပေါ် လေးစားမှုတော့ ရှိနေသေးသည်။

အထူးသဖြင့် အရာရှိနှင့် ရှဲ့ဖန်း စကားများကြသည့်အတောအတွင်း ဟဲကျစ်ယန် ပြောလိုက်သည့် စကားများမှာ သူ့ကို နှိုးဆော်ပေးနေသလိုပင်။

မော့ကျိုးယွီက ဘယ်လို အမှားမျိုး လုပ်ခဲ့ပါစေ၊ တိုင်းပြည်ကို အသက်စွန့် ကာကွယ်ပေးခဲ့သော မော့စစ်သူကြီးများကိုတော့ ဖျောက်ဖျက်ပစ်လို့ မရနိုင်ပေ။

မော့ကျိုးယွီသည်လည်း အလားတူပင်၊ မကြာသေးမီကပင် မြို့တော်တွင် သူ၏ အောင်ပွဲခံပြီး ပြန်လာသည့်အကြောင်း ကျယ်ကျယ်ပြန့်ပြန့် ပြောနေခဲ့ကြသေးသည်။

ထိုကဲ့သို့သောလူမျိုးအတွက် ဖမ်းဝမ်သည် သူ အသက်ရှင်နိုင်ဖို့ စိတ်ထဲမှ မျှော်လင့်မိပေသည်။

ဤအရာများက သူ၏ မသိစိတ်က အတွေးများသာ ဖြစ်သည်။ မော့မိသားစုကသာ လမ်းတွင် ပြဿနာရှာရဲပါက သူ မညှာမတာပဲ သင်ခန်းစာတစ်ခု ပေးမှာပင်။

ဟဲကျစ်ယန်သည် ဖမ်းဝမ်၏ အတွေးများကို မသိပေ။ သူမကို ခေါ်သံကြားသည်နှင့် အလျင်အမြန် ရောက်လာ၏။

“အရာရှိဖမ်း၊ ကျွန်မယောက်ျား နိုးလာပြီလို့ ပြောလိုက်တာလား။”

သူမသည် စိတ်တုန်လှုပ်နေသည့် ပုံစံကို တမင်ပြသထားပြီး ဘယ်လိုတုံ့ပြန်ရမလဲဟု စိတ်ထဲ အစီအစဉ်ချနေခဲ့၏။

ဖမ်းဝမ်သည် သူ့ခန္ဓာကိုယ်ကို ဘေးသို့ ရွှေ့ပေးလိုက်သည်။

“ငါ ခုနကပဲ သူ့ဒဏ်ရာပေါ်ကို ဖိမိသွားတာ။ နာလို့လား ဘာလားတော့ မသိဘူး သူ အသံထွက်လာတယ်။”

ဟဲကျစ်ယန်သည် ဟယ်ညီအကိုများကို ရပ်ခိုင်းကာ မော့ကျိုးယွီ၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။

သူမက မော့ကျိုးယွီကို အချိန်တစ်ခု ပေးရန် အချိန်ဆွဲပေးနေခြင်းပင်။

သူ အခုပဲ နိုးလာမလား နောက်မှ နိုးလာမလား မော့ကျိုးယွီ၏ အစီအစဉ်ကို သူမလဲ သေချာမသိပေ။

မော့ကျိုးယွီလည်း စိတ်ထဲတွင် တွေးတောနေခဲ့သည်။

အပေါ်ယံတွင်တော့ သူက လှည်းပေါ်တွင် မေ့မျောနေတာဖြစ်သော်လဲ လက်တွေ့မှာတော့ သတိနိုးကြားမှုက လုံးဝ မလျော့ပေ။

မနက်ကနေ အခုအချိန်ထိ သူသည် ပတ်ဝန်းကျင်ကို လေ့လာနေခဲ့ပြီး တခြားလူများ သတိမထားမိသည်ကိုလဲ စူးစမ်းနေခဲ့သည်။

သူ၏ လေ့လာမှုအရ ဘာအန္တရာယ်ကိုမှ မတွေ့ခဲ့ရပေ။

တွေးကြည့်ပြီးနောက် မော့ကျိုးယွီသည် နိုးလာရန် ဆုံးဖြတ်လိုက်တော့သည်။

ဟဲကျစ်ယန်က သူ့ကို သွေးခုန်နှုန်း စမ်းသပ်ပေးနေစဉ်ပဲ သူသည် ညည်းသံတချို့ ပြုလိုက်၏။

ဖမ်းဝမ်သည် မော့ကျိုးယွီကို လက်ညှိုးထိုးကာ ထပ်ပြောလိုက်သည်။ “တွေ့လား၊ သူ တကယ်နိုးလာပြီမလား။”

ဟဲကျစ်ယန်သည် သွေးခုန်နှုန်းစမ်းနေသော လက်ကို ဖယ်လိုက်ပြီး စိတ်အေးသွားဟန်ဆောင်လိုပ်သည်။ “ဟုတ်ပါတယ်၊ ကျွန်မယောက်ျား နိုးလာပြီ။”

ထိုစကားကို ကြားသည်နှင့် သခင်မကြီးမော့နှင့် မော့အမျိုးသမီးများမှာ ဝိုင်းအုံလာကြပြီး သူမတို့၏ သိချင်စိတ်မှာ အတုအယောင်ပုံစံ မဟုတ်ကြပေ။

သူမတို့၏ သရုပ်ဆောင်စွမ်းရည်က အလွန်ကောင်းမွန်နေသည်ဟု ပြောရပေမည်။

ဟဲကျစ်ယန်သည် ခါးမှ ရေအိတ်(ရေဘူး)ကို ယူလိုက်၏။

“ယောက်ျား ရှင် ဘယ်လိုနေသေးလဲ၊ အာခေါင်တွေ ခြောက်နေမှာပေါ့၊ ရေနည်းနည်း သောက်လိုက်ပါဦး။”

မော့ကျိုးယွီကလဲ အလွန် ကောင်းမွန်စွာ ပူးပေါင်းသရုပ်ဆောင်ပေးပြီး သူ၏ခေါင်းကို အသာလေးမော့ကာ ဟဲကျစ်ယန်၏ အကူအညီဖြင့် ရေနှစ်ငုံလောက် သောက်လိုက်သည်။

ဖမ်းဝမ်က ကြင်နာစွာ သတိပေးလိုက်၏။ “သူက အားနည်းနေဦးမှာ၊ ပေါင်မုန့်ခြောက်တွေက သူ့အတွက် မသင့်တော်ဘူး။ လည်ချောင်းရှင်းသွားအောင် ရေလေးနည်းနည်း ထပ်သောက်ခိုင်းလိုက်ဦး။”

သတိပေးစကားပင် ဖြစ်သော်လဲ သူ့အသံကတော့ ပုံမှန်အတိုင်း စိတ်မရှည်သည့် အသံနှင့်ပင်။

All Chapters