← Chapters

အပူလျှပ်ခြင်း

Vol. 3 Ch. 32

အပူလျှပ်ခြင်း

Vol. 3 Ch. 32

မော့မိသားစုများက ဖမ်းဝမ်၏ လေသံကို ဂရုစိုက်မနေကြဘဲ အားလုံးက ခေါင်းငြိမ်လိုက်ကြပြီး မော့ကျိုးယွီကို ဘာအစားအစာမှ မကျွေးသေးဖို့ ပြောလိုက်ကြသည်။

မော့ကျိုးယွီ နိုးလာသော်လဲ သူ၏ နဂိုပုံစံအတိုင်း လှည်းပေါ်တွင် လဲလျောင်းနေရန် လိုသေးသည်။ ဖမ်းဝမ်သည် ကိစ္စများ ဖြေရှင်းပြီးသည်ကို မြင်သောအခါ ရှေ့သို့ ဆက်သွားရန် အမိန့်ပေးလိုက်၏။

ဩဂုတ်လ၏ အပူရှိန်ထဲတွင် မိုးမရွာသည်မှာ ကြာပြီဖြစ်သောကြောင့် နေမင်းကြီးက ကမ္ဘာမြေကို အလင်းရောင် အပြည့်အဝ ပေးလိုက်သည်နှင့် လူတိုင်းမှာ အသက်ရှူကြပ်လာသလိုပင် ခံစားလိုက်ကြရသည်။

လူတန်းကြီးတွင် အကျဉ်းသားများက အဆက်မပြတ် ငြီးတွားနေကြသည်။

တချို့မှာ မတ်တပ်ပင် မရပ်နိုင်တော့သဖြင့် အရိပ်ရသောနေရာတွင် နားခိုခွင့်ပေးပါရန် အရာရှိများကို တောင်းပန်နေကြသည်။

မော့မိသားစုဝင်များ၏ မျက်နှာများသည်လဲ အပူရှိန်ကြောင့် နီရဲနေခဲ့သည်။

လူတိုင်း၏ အခြေအနေကိုမြင်ပြီးနောက် ဟဲကျစ်ယန်မှာ စိတ်ပူလာခဲ့၏။

ဤအတိုင်းသာ ဆက်သွားနေပါက လူတိုင်း အပူလျှပ်ကုန်ပေလိမ့်မည်။

သူမ ဘယ်လိုကာကွယ်ရမလဲ တွေးနေစဉ်တွင် လူတန်းကြီး၏ အနောက်ဘက်ဆီမှ ငိုယိုသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“အရာရှိကြီး ကျေးဇူးပြုပြီး ကျွန်မသားလေးအတွက် သမားတော် ကူရှာပေးပါ၊ ကလေးက အပြစ်ကင်းပါတယ်ရှင် ...”

ဟဲကျစ်ယန်သည် အသံထွက်လာရာ နေရာကိုကြည့်လိုက်သောအခါ ရှဲ့မိသားစုနေရာမှ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ဒုတိယမရီးသည် ထိုအရာကို သတိပြုမိကာ ချက်ချင်း ပြေးထွက်သွားခဲ့၏။

ရှဲ့မိသားစုသည် ဒုတိယမရီး၏ မိဘရင်းမိသားစုဖြစ်သောကြောင့် သူတို့ သေသွားတာကို ထိုင်ကြည့်မနေသင့်ဟု ဟဲကျစ်ယန် ခံစားလိုက်ရသည်။

ထို့ကြောင့် သူမသည် ဒုတိယမရီးနောက်မှ ကပ်လျက်လိုက်ပါသွားကာ အခြေအနေကို သွားကြည့်လိုက်သည်။

ထိုအချိန်တွင် ရှဲ့မိသားစုဝင် အားလုံးမှာ ရှဲ့လင်း၏ ဘေးတွင် ဝိုင်းနေကြပြီး မျက်ရည်များ သုတ်နေကြသည်။

ရှဲ့လင်းသည် မိန်းမငယ်တစ်ယောက်၏ ရင်ခွင်ထဲတွင်ရှိမေပြီး တခြားလူများကတော့ သူ့နာမည်ကို အဆက်မပြတ် ရေရွတ်နေကြသည်။

“အကိုကြီး လင်းအာ ဘာဖြစ်တာလဲ” ဒုတိယ မရီးသည် လူအုပ်ကြီးကို တွန်းဖယ်ပြီး စိတ်ပူစွာ မေးလိုက်သည်။

ရှဲ့ချောင်၏ မျက်လုံးများမှာ နီရဲနေခဲ့သည်။

“ငါတို့ မနက်စောစော ထလာတော့ လင်းအာ ဘာမှမဖြစ်သေးဘူး။ ဒါပေမဲ့ ခဏလောက် လမ်းလျှောက်ပြီးတာနဲ့ သူ ဆက်မသွားနိုင်တော့ဘူး။”

ဒုတိယမရီးမှာ ခဏတာ ပျာယာခတ်သွားပြီး အမြန်ပြောလိုက်၏။ “ကျွန်မအိမ်က နဝမ ယောင်းမလေးက ဆေးပညာသိတယ်။ ကျွန် သူမကို ချက်ချင်း သွားခေါ်လိုက်မယ်။”

“ဒုတိယ မရီး၊ ကျွန်မ ရောက်နေပါပြီ။ ကလေးကို ခဏကြည့်ပါရစေ” ဟဲကျစ်ယန်သည် ပြောရင်းနှင့် ရှဲ့လင်း၏ ရှေ့တွင် ရပ်လိုက်၏။

ရှဲ့မိသားစုသည် ရှဲ့ဖန်း၏ ရှင်းပြချက်ကို နားထောင်ခဲ့ပြီး ဖြစ်သော်လဲ မော့မိသားစုများကို မကျေနပ်ပေးနိုင်ကြသေးပေ။

ထို့ကြောင့် ရှဲ့လင်း နေမကောင်းဖြစ်သည်ကို တွေ့သောအခါ ဟဲကျစ်ယန်ကို ချက်ချင်း လာမခေါ်ခဲ့ခြင်း ဖြစ်သည်။

အခုတော့ သူမဘက်က အရင်ရောက်လာခဲ့သောကြောင့် ရှဲ့မိသားစုသည် ရှဲ့လင်းအတွက်လည်း စိုးရိမ်နေပြီး စိတ်ထဲ ခဏတာ လွန်ဆွဲနေကြ၏။

သို့သော် သူတို့က ဟဲကျစ်ယန်ကိုတော့ မတားလိုက်ပေ။

ရှဲ့လင်းသည် သတိလစ်နေပြီး မျက်နှာမှာ နီရဲနေကာ ခြေလက်များလဲ ပူနေပြီး ထိုလက္ခဏာများက သေချာပေါက် အပူလျှပ်ခြင်း၏ လက္ခဏာများပင်။

ထို့အပြင် ရှဲ့လင်း၏ ယခုအခြေအနေများအရ ကလေး၏ လက္ခဏာများမှာ ပေါ့သေးသေး မဟုတ်ပေ။ အချိန်မှီ မကုသပါက အသက်အန္တရာယ်ပင် ရှိနိုင်ပေသည်။

ဟဲကျစ်ယန်၏ စစ်ဆေးမှုပြီးသွားသည်နှင့် ဒုတိယ မရီးသည် သူမအားဘေးသို့ ဆွဲကာမေးလိုက်သည်။ “နဝမ ယောင်းမလေး၊ လင်းအာရဲ့ အခြေအနေက ဘယ်လိုလဲ။”

“ဒုတိယ မရီး၊ ကလေးက အပူလျှပ်နေတာ” ဟဲကျစ်ယန်သည် ပြောရင်းနှင့် တစ်ဖက်သို့ လျှောက်သွားလိုက်သည်။

ဟဲကျစ်ယန် ထွက်သွားသည်ကိုမြင်သည်နှင့် ရှဲ့မိသားစုမှာ ပို၍ စိတ်ပူလာကြသည်၊ ယခုအချိန်တွင် ဟဲကျစ်ယန်ကသာ လင်းအာအတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။

ပထမဆုံး ရှဲ့မိသားစုခေါင်းဆောင် ရှဲ့ထျန်းဟိုင်မှာ သူ၏ မာနကို ခဝါချကာ သူမနောက်သို့ ‌လိုက်ကာ မေးလိုက်၏။

“သခင်မဟဲ နေပါဦး။ ကျွန်တော့်မြေးလေး အသက်ကို ကယ်ပေးဖို့ တောင်းပန်ပါတယ်။”

ဟဲကျစ်ယန်က လမ်းလျှောက်နေခြင်းကို မရပ်လိုက်ပေ။

“ရှင့်မြေးရဲ့ အခြေအနေက အရမ်းအန္တရာယ်များတယ်။ ချက်ချင်း ကုသမှရမှာ။ ကျွန်မ ဆေးရှာတာကို နောက်ကျသွားစေချင်နေတာလား။”

ထိုစကားကြောင့် ရှဲ့ထျန်းဟိုင်သည် ဟဲကျစ်ယန်၏ အပြုအမူကို သူ အထင်လွဲမိသွားကြောင်း သိလိုက်သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ အဲ့ဒါဆို သခင်မလေးကိုပဲ အားကိုးရတော့မှာပဲ။”

သူသည် ဟဲကျစ်ယန်၏ ရည်ရွယ်ချက်ကို နားလည်သွားသော်လဲ ရှဲ့ထျန်းဟိုင်သည် သူမနောက်မှ ဆက်လိုက်နေကာ တစ်ခုခုကိုပြောချင်နေသော်လဲ ဘယ်က စပြောရမလဲ မသိသလို ဖြစ်နေ၏။

ဟဲကျစ်ယန်လည်း ထိုလူ လိုက်လာမှန်း သိနေသည်။

“ကျွန်မတို့အားလုံးက ပြည်နှင်ဒဏ်ပေးခံရတဲ့ အကျဉ်းသားတွေပဲ။ ဒုတိယမရီးနဲ့ ကျွန်မရဲ့ ဆက်နွယ်မှုအရဆို ရှင်က ကျွန်မထက်အကြီးပါ။ နောက်ဆို ကျွန်မကို မိန်းကလေးဟဲ ဒါမှမဟုတ် ဟဲကျစ်ယန်လို့ပဲ ခေါ်လို့ ရပါတယ်။”

သခင်မလေးဆိုသော အသုံးအနှုန်းက သူမအတွက် အဆင်မပြေလှပေ။ ပုံမှန်အတိုင်းခေါ်သည်က ပို၍ သက်တောင့်သက်သာ ရှိပေသည်။

နှစ်ယောက်သား စကားပြောရင်းနှင့် ဟဲကျစ်ယန်သည် မော့မိသားစုလူတန်းကြီးရှိလာဆီသို့ ရောက်လာကြ၏။

မနေ့က သူမတို့ နှုတ်ခဲ့ကြသော ဆေးပင်များထဲတွင် အပူလျှပ်ခြင်းကို ကုသပေးနိုင်သော ဆေးပင်များစွာ ပါဝင်ကြပြီး မရီးများက သေသေသပ်သပ် စီရီပေးထားကြသည်။

ဟဲကျစ်ယ်သည် အချိန်မဖြုန်းတော့ဘဲ မရီးများထံမှ လိုအပ်သော ဆေးပင်များကိုယူကာ ရှဲ့ထျန်းဟိုင်ကို ကြည့်လိုက်သည်။

“ဦးလေးရှဲ့၊ ဆေးပင်တွေကို ကြိုဖို့တော့ အရာရှိတွေကို တောင်းဆိုရလိမ့်မယ်။”

သူမတို့တွင် အိုးများ မရှိသောကြောင့် ခရီးတစ်ထောက်နားခွင့်ပြုရန်အတွက် အရာရှိများနှင့် ပြေလည်အောင် ညှိနှိုင်းကာ ဆေးကြိုရပေသည်။

“ကောင်းပြီ၊ ငါ အရာရှိတွေနဲ့ စကားသွားပြောလိုက်မယ်။”

ဖမ်းဝမ်သည် သူမတို့နှင့် သိပ်မဝေးသောကြောင့် သူမတို့ ပြောနေသော စကားများကို သေသေချာချာ ကြားရပေသည်။

သူသည်လည်း မခံမရပ်နိုင်လောက်အောင် ပူလောင်နေပြီး မြွေဆိပ်မိထားသောကြောင့် သူ၏ အပူဒဏ်ကို ခံနိုင်စွမ်းမှာ ပိုလို့ပင် နည်းပါးနေခဲ့သည်။

ရှဲ့ထျန်းဟိုင်က သူ့လက်အောက်ငယ်သားများကို သွားပြောတော့မည့်အချိန်တွင်ပဲ ဖမ်းဝမ်သည် အမြန်ဝင်ပြောလိုက်၏။

“အရှေ့ဘက် အထက်နားမှာ မြစ်ကလေးတစ်ခုရှိတယ်။ မြစ်ကမ်းက သစ်ပင်တွေက အရိပ်ရတယ်၊ အဲ့နားမှာ ခဏနားကြရအောင်။”

ဖမ်းဝမ်၏ စကားကြောင့် ရှဲ့ထန်းဟိုင်သည် သူ့အား အလွန်ကျေးဇူးတင်မိသွားသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့် ကြာပြီးနောက် သူတို့ မြစ်ကလေး တစ်စင်းကို တွေ့လိုက်ကြရသည်။

အရာရှိများက အကျဥ်းသားများကို နေရာခွဲကာ အနားယူစေပြီး သူတို့ကိုယ်တိုင်လဲ အပူဒဏ်မှ နားခိုရန် အရိပ်ရသော အပင်များအောက်သို့ ဝင်လိုက်ကြသည်။

ဟဲကျစ်ယန်သည် ဆန်းတာ့ကျိုးထံမှ ‌အိုးတစ်လုံး ငှားလိုက်ပြီး ဒုတိယမရီးကတော့ သူမ၏ တူလေးအတွက် ဆေးကြိုရန် ဘေးမှ ကူညီပေးနေသည်။

သူမ၏ မိသားစုကိုလဲ အပူလျှပ်ခြင်းမှ ကာကွယ်ရန်အတွက် ဟဲကျစ်ယန်သည် ဒုတိယမရီးအား ဆေးများများကြိုဖို့ ပြောလိုက်သည်။ ရှဲ့လင်းတစ်ယောက်ထဲအတွက်သာမဟုတ်ဘဲ မိသားစုဝင်များလဲ သောက်ထားခြင်းဖြင့် အပူလျှပ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်ဖြစ်သည်။

ဟဲကျစ်ယန်သည် ရှဲ့လင်းကို စစ်ဆေးပေးသည့်အချိန်တုန်းက ကလေးသည် ပြင်းထန်သည့် အပူလျှပ်ခြင်းအဆင့်တွင် ရှိနေပြီး သတိလဲ လစ်နေပြီ ဖြစ်သည်။ ဤဆေးပင်များဖြင့် အာနိသင်က အများကြီး မကောင်းမွန်နိုင်ပေ။

ထို့ကြောင့် ဒုတိယမရီး သတိမထားမိချိန်တွင် သူမ၏ နေရာလွတ်ထဲမှ ဟော့ရှန်းကျန်းချီရေတချို့ကို ထုတ်ကာ ဆေးအိုးထဲ ထည့်လိုက်သည်။

ဆေးကျိုခြင်းပြီးဆုံးသွားသောအခါ ဟဲကျစ်ယန် စိတ်အေးသွားရသည်။

သူမဘေးရှိ ငါးလေးများ ဟိုဟိုဒီဒီ ကူးခတ်နေကြသော မြစ်ရေကြည်ကြည်ကိုကြည့်လိုက်ပြီး ဘေးရှိ သစ်ကိုင်းခြောက်ကြီးကြီးကိုယူကာ ဆန်းတာ့ကျိုးရှေ့သို့ သွားလိုက်သည်။

“အရာရှိကျိုး၊ ရှင့်ဓားကို ခဏလောက် ငှားလို့ ရမလား” သူမ၏ နေရာလွတ်ထဲတွင် ခုတ်ဓားနှင့် ဓားမြှောင်များ ရှိနေသော်လဲ လူအများကြီးကြားထဲတွင် ထိုအရာများကို ထုတ်ယူ၍ မရနိုင်သောကြောင့် အရာရှိဆီကသာ ဓားငှားနိုင်ပေသည်။

ဆန်းတာ့ကျိုးသည် သူမက ဓားငှားချင်သည်ဟူသော စကားကို ကြားပြီးနောက် ချက်ချင်းပင် သတိအပြည့်ဖြစ်သွားရသည်။

“မင်းက ဓားကို ဘာလုပ်မလို့လဲ။”

ဟဲကျစ်ယန်သည် သစ်ကိုင်းကို ကိုင်ထားရင်း ပုခုံးတွန့်ပြလိုက်၏။

“ဒီသစ်ကိုင်းကို ချွန်သွားအောင် ခုတ်ချင်ရုံတင်ပါ။ ဒါသာ အဆင်ပြေရင် ကျွန်မတို့ နေ့လည်စာကို အသားစားလို့ရပြီ။”

ဆန်းတာ့ကျိုးသည် အသားက ဘယ်ကလဲဆိုတာ မှန်းကြည့်မနေတော့ပေ။ သူမ၏ မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်သောကြောင့် သူ့ကို မလိမ်ရဲလောက်ဘူးဟုသာ တွေးလိုက်၏။

ထို့ကြောင့် သူ့ဓားကိုဖြုတ်ကာ တွန့်တွန့်ဆုတ်ဆုတ်နှင့် ဟဲကျစ်ယန်အား ပေးလိုက်သည်။

ဆန်းတာ့ကျိုး၏ ရှေ့တွင်ပဲ ဟဲကျစ်ယန်သည် သစ်ကိုင်းကို ချွန်တော့သည်။

ဓားပြန်ပေးပြီးနောက် သူမသည် မြစ်ဘေးသို့ သွားလိုက်၏။

လူတိုင်း၏ အကြည့်အောက်တွင် သူမသည် သူမ၏ ပန်းထိုးဖိနပ်ကိုချွတ်ကာ ဘောင်းဘီများကို လိပ်တင်ပြီး မြစ်ထဲသို့ လျှောက်သွားလိုက်သည်။

ဟဲကျစ်ယန်၏ လုပ်ရပ်များကြောင့် မော့အမျိုးသမီးများ ဝိုင်းအုံလာကြပြန်သည်။

“မိန်းကလေးဟဲ မင်း ဘာတွေလုပ်နေတာလဲ” သခင်မကြီးမော့က စိတ်ပူစွာမေးလိုက်ပြီး မြစ်ထဲ ဆင်းနေသော သူမအား ပြန်ဆွဲရန် ကြိုးပမ်းလိုက်သည်။

“ဟုတ်တယ် နဝမ ယောင်းမလေး၊ ဘာတွေလုပ်နေတာလဲ။”

ဟဲကျစ်ယန်သည် နောက်လှည့်ကာ လူတိုင်းကို တိတ်တိတ်လေး နေကြရန် အချက်ပြလိုက်သည်။ ထို့နောက် မြစ်လယ်လောက်ထိ လျှောက်သွားလိုက်၏။

ရေက မနက်ပေ။ ဟဲကျစ်ယန် မီ‌တာများစွာ သွားပြီးသော်လဲ ရေက သူမ၏ ဒူးခေါင်းလောက်သာ ရှိသေးသည်။

ဟဲကျစ်ယန်သည် မတ်တပ်ရပ်ကာ ချိန်ဆပြီးနောက် သစ်ကိုင်း၏ ချွန်ထက်သော တစ်ဖက်ကို ရေထဲသို့ အားဖြင့် စိုက်ချလိုက်‌လေသည်။

All Chapters