ငါးဖမ်းခြင်း
Vol. 3 Ch. 33
ထို့နောက်တွင် သူမသည် တုတ်ကို ချက်ချင်းလှန်ကာ ကမ်းစပ်သို့ ပစ်လိုက်ရာ လှုပ်နေသေးသော ငါးကြင်းကြီးတစ်ကောင်က မော့အမျိုးသမီးများရှေ့သို့ ကျလာခဲ့သည်။
“ယောင်းမလေးက ငါးဖမ်းနေတာပဲ။”
ဟဲကျစ်ယန်ကတော့ အများကြီး မတွေးပေ။ သူမအတွက် ဤကဲ့သို့သော ငါးဖမ်းနည်းမှာ ကလေးကစားစရာလိုသာ ဖြစ်သည်။
သူမ၏ အရင်ဘဝတုန်းက တာဝန်ဖြင့် အပြင်ထွက်ရချိန်များတွင် အပြင်ဘက်တွင်ပဲ စခန်းချခဲ့ရသည်ဖြစ်ရာ တောတွင်းရှင်သန်နိုင်စွမ်းတချို့ ရှိနေသည်က အထူးအဆန်း မဟုတ်ပေ။
သို့သော် တခြားလူများကတော့ ထိုသို့ မတွေးပေ။
လူတိုင်းမှာ သူမ၏ သာမန်အားထုတ်မှုလေးကြောင့် အံ့ဩသွားကြရပြီး အရာရှိများပင် သူတို့သည် သူမအား မယှဉ်နိုင်ဟု တွေးမိကာ သက်ပြင်းချသွားကြ၏။
နှစ်စဉ်နှစ်တိုင်း သူတို့ အကျဉ်းသားများကို ပို့ဆောင်သည့်အခါ ဤမြစ်ဘေးမှ ဖြတ်သွားလေ့ရှိကြပြီး ဤမြစ်ထဲတွင် ငါးများရှိကြောင်းလဲ သိကြပေသည်။
သူတို့ ငါးဖမ်းဖို့ ကြိုးစားခဲ့ကြသော်လဲ တစ်ကြိမ်မှာ မအောင်မြင်ခဲ့ပေ။
နောက်တစ်ခေါက် လာလျှင် ငါးဖမ်းပိုက်ကွန်ယူလာမည်ဟု တွေးထားခဲ့ကြသော်လဲ လက်တွေ့တင် မေ့ကျန်ခဲ့ကြ၏။
ဟဲကျစ်ယန်က ဒုတိယငါးကို ဖမ်းနေပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ အရာရှိများမှာ စိတ်ထဲမှ ကြိတ်၍ လေးစားမိသွားကြ၏။
မော့အမျိုးသမီးများမှာ အစက ဟဲကျစ်ယန်ကို ဘောင်းဘီစ ပင့်တင်ကာ ခြေထောက်ဖော်သည့်ကိစ္စကို တားမြစ်ချင်ကြသော်လဲ သူမတို့ရှေ့ရှိ တဖျတ်ဖျတ် ခုန်နေသော ငါးကြင်းကြီး နှစ်ကောင်ကိုကြည့်ကာ မူလရည်ရွယ်ချက်ကို မေ့လျော့သွားကြရသည်။
အထူးသဖြင့် သခင်မကြီးမော့မှာ သူမကိုယ်သူမ ပိုလို့ စိတ်ချသွားရသည်။
ထိုကဲ့သို့သော ဂုဏ်စည်းကမ်းများကို လိုက်နာသော အမျိုးသမီးများမှာ ခင်ပွန်းဖြစ်သူ၏ မိသားစုမှ ပြစ်တင်ဝေဖန်မှုများနှင့် မနှစ်မြို့မှုများကို ရှောင်ရှားလိုသောကြောင့်သာ ဖြစ်သည်။
ဘယ်လိုပဲဖြစ်ပါစေ ဟဲကျစ်ယန်က သူမ၏ ချွေးမပင်။ မော့မိသားစုက သူမကို အထင်မသေးသရွေ့ ခြေထောက်ကို ဖော်ပြခြင်းက ပြဿနာ မဟုတ်ပေ ...
မော့ကျိုးယွီသည် နိုးထရန် ရွေးချယ်လိုက်ပြီးဖြစ်သောကြောင့် သူ ဆက်ပြီး အိပ်ချင်ယောင်ဆောင်နေဖို့ မလိုအပ်တော့ပေ။
ဖမ်းဝမ်၏ မျက်နှာသာပေးမှုကြောင့် သူတို့လှည်းလေးမှာ အရိပ်အရဆုံးနေရာအောက်တွင် ရပ်ထားခံရပြီး ထိုနေရာမှ ဟဲကျစ်ယန် ငါးဖမ်းနေသည်ကို သေသေချာချာ မြင်နိုင်ပေသည်။
ဖမ်းဝမ်သည်လည်း ဟဲကျစ်ယန်၏ ငါးဖမ်းကျွမ်းကျင်မှုကြောင့် အံ့အားသင့်သွားရပြီး မော့ကျိုးယွီအား ပြောလိုက်မိ၏။
“မင်းကတော့ တကယ် ကံကောင်းတာပဲ။ ပြည်နှင်ဒဏ် အပေးမခံရခင် တစ်ရက် အလိုမှာပဲ ဒီလို အကုန်လုပ်နိုင်တဲ့ အမျိုးသမီးကို လက်ထပ်ယူနိုင်ခဲ့တယ်။”
ထိုအချိန်တွင် မော့ကျိုးယွီ၏ ခံစားချက်မှာလဲ ရှုပ်ထွေးနေသည်။
သူမ၏ အတွင်းခန်းမှ အပြင်သို့ မထွက်ဖူးသော ဟဲမိသားစု၏ သခင်မလေးက ယောက်ျားသားများကိုတောင် ကျော်လွန်နေသည့် ထိုကဲ့သို့သော စွမ်းရည်မျိုး ဘာလို့ ပိုင်ဆိုင်နေရလဲဆိုတာကို သူလဲ နားမလည်တော့ပေ။
တစ်ချိန်တည်းပင် သူသည်လည်း ဖမ်းဝမ်နှင့် တူညီသော အတွေးမျိုး တွေးလိုက်မိ၏။
ဤငါးဖမ်းသည့် နည်းလမ်းမှာ သာမာန်လူများအတွက် လွယ်ကူသည်ဟု ထင်ရနိုင်သော်လဲ ဤရိုးရှင်းလှသည့် ထိုးချက်လေးတစ်ခုက သိုင်းပညာ အခြေခံတစ်ခု မရှိထားလျှင် မလုပ်နိုင်ပေ။
သူသည်လည်း ဘယ်လိုကုသိုလ်များ လုပ်ထားမိ၍ ပြည်နှင်ဒဏ်အပေးမခံရခင် တစ်ရက်အလိုတွင် ဤမျှ ထူးကဲပြောင်မြောက်လှသော ဇနီးကို လက်ထပ်ယူနိုင်ခဲ့လဲဆိုတာကို သိချင်မိပေသည်။
တစ်ချိန်တည်းပင် ဟဲကျစ်ယန်နှင့် ပက်သက်သည့် အရာအားလုံးကို သိချင်လာမိ၏ ...။
လီရို့အာသည် မလှမ်းမကမ်းတွင် မတ်တပ်ရပ်ကာ ထိုမြင်ကွင်းကို စူးစိုက်ကြည့်နေခဲ့သည်။
အရူးမ ဟဲကျစ်ယန်က ဒီလိုအရည်အချင်းမျိုး ရှိနေလိမ့်မည်ဟု သူမ မထင်ခဲ့မိပေ။
အရင်တုန်းက သူမရှေ့တွင် ဟဲကျစ်ယန်က စွမ်းရည်များကို လျှိုထားခဲ့ခြင်းသာ ဖြစ်ရမည်။
လီရို့အာသည် ထိုအကြောင်းကို တွေးလေလေ စိတ်တိုလေလေပင်။ သတိမထားမိစွာနှင့် သူမသည် မြစ်ဘေးသို့ သွားလိုက်၏။
“ဟဲကျစ်ယန် နင်က တကယ်အရှက်မရှိတာပဲ။ လှောင်ပြောင်ခံရမှာကို မကြောက်ဘဲနဲ့ လူတိုင်းရှေ့မှာ ခြေဗလာနဲ့ ငါးဖမ်းတယ်ပေါ့လေ။”
ထိုအချိန်တွင် ဟဲကျစ်ယန်သည် ငါးတစ်ကောင်ကို အာရုံစိုက်နေသောကြောင့် ချက်ချင်း မတုံ့ပြန်လိုက်ပေ။
သို့သော် လီရို့အာ၏ ရွဲ့စောင်းသောစကားကို မော့အမျိုးသမီးများက သည်းမခံနိုင်ကြပေ။
မော့ဟန်ယွဲ့က ရှေ့သို့တက်လိုက်၏။ “လီရို့အာ၊ နင့်ကိုနင် ဘယ်သူထင်နေတာလဲ။ ဂုဏ်သရေရှိ အိမ်တော်က မမလေးလား။ နင့်ပါးစပ်ထဲ ထည့်ရတဲ့ အစားအသောက်တွေကို ပြန်စဉ်းစားကြည့်ပြီး ဘဝအမှန်ကို နားလည်စမ်းပါ။ နင်က ပြည်နှင်ဒဏ်ပေးခံရတဲ့ အကျဉ်းသားပဲ။
ဒီလိုအချိန်မှာ ဗိုက်ဖြည့်နိုက်တာကိုက တော်လှပြီလေ။ အဲ့လို ဂုဏ်သရေတွေကို လိုက်ဂရုစိုက်နေသေးတာ နမိတ်မကောင်းလိုက်တာနော်။”
သူမမှာသာ ယောင်းမလေးလို အစွမ်းမျိုးရှိပါက ချက်ချင်း ခြေအိတ်နှင့် ဖိနပ်ကိုချွတ်ကာ ငါးပြေးဖမ်းမှာ အမှန်ပင်။
အထူးသဖြင့် သူမ၏ ယောင်းမက သူမအတွက် အိုင်ဒေါလ်ဖြစ်လာပြီးနောက် မော့ဟန်ယွဲ့သည် ဟဲကျစ်ယန်ကို ဆဲဆိုမည့် ဘယ်သူ့ကိုမဆို ခွင့်မပြုနိုင်ပေ။
တခြားသော ယောင်းမများကလဲ ပူးပေါင်းလာကြပြီး တစ်ယောက်ပြီးတစ်ယောက် လီရို့အာကို စကားဖြင့် တိုက်ခိုက်ကြ၏။
လီရို့အာသည် ရန်ပြန်ဖြစ်မလို့ ကြံရွယ်နေစဉ်ဘဲ သူမ၏ အေးစက်ပျော့ပျောင်းသော အရာတစ်ခုက ပါးပြင်ကို ရိုက်ခတ်သွားသည်ကို ခံစားလိုက်ရသည်။
ထိုသို့ လုပ်လိုက်သောလူမှာ အတိအကျကို ဟဲကျစ်ယန်ပင်။
ဟဲကျစ်ယန်သည် တတိယငါးကို ဖမ်းမိပြီးနောက် လီရို့အာ၏ မျက်ခွက်တည့်တည့်သို့ ပစ်ထည့်လိုက်ခြင်း ဖြစ်သည်။
ထိုအရာက သူမ၏ ညာဘက်ပါးပြင်သို့ တိတိကျကျ လာရောက်ထိမှန်ပေသည်။
ထိုအရာကိုမြင်ပြီး မော့မိသားစုဝင်များမှာ လီရို့အာကို လှောင်ပြောင်ရင်းနှင့် ငါးများကို သိမ်းဆည်းရန်အတွက် ပြေးထွက်သွားကြသည်။
လီရို့အာသည် ချက်ချင်းပင် မျက်နှာပျက်သလို ခံစားလိုက်ရ၏။
သူမသည် အရာရှိများဘက်သို့ ပြင်းပြင်ထန်ထန် စိုက်ကြည့်လိုက်သည်။
“အရာရှိ ဟဲကျစ်ယန်က လူကို တိုက်ခိုက်ပြီး နာကျင်အောင်လုပ်နေတာ ရှင်တို့ဘာမှ မလုပ်ကြတော့ဘူးလား။”
အရာရှိသည် လီရို့အာ၏ ညစ်ပတ်နေသော မျက်နှာကိုကြည့်ပြီး ရွံရှာစွာ ပြောလိုက်သည်။
“ပါးစပ်သရမ်းတာ အရိုက်ခံရသင့်တယ်။”
လီရို့အာ - ...
ဒီအရာရှိတွေက ဟဲကျစ်ယန်ရဲ့ မျက်နှာလှလှလေးကြောင့် စွဲဆောင်ခံထားရတာပဲ ဖြစ်ရမယ်။
သူမ ဒီနေရာတွင် ဘာမကျိုးအမြတ်မှ မရနိုင်ဘူးဆိုတာ သိပြီးနောက် လီရို့အာသည် မော့မိသားစုရှိရာဘက်သို့ ခြေဆောင့်ကာ လီမိသားစုဆီ ပြန်သွားလိုက်၏။
ရလဒ်အနေဖြင့် သူမသည် သူမ၏ ညီမနှစ်ယောက်ထံမှ လှောင်ပြောင်ခံလိုက်ရသည်။
“နင် ထွက်သွားလို့ နင်လဲ ဟဲကျစ်ယန်လို ငါးတွေဖမ်းနိုင်တော့မယ် ထင်ထားတာ။”
“နင်က လီမိသားစုကို မျက်နှာပျက်ရအောင် လုပ်နေတာပဲ။ ငါးမဖမ်းနိုင်ရုံတင်မဟုတ်ဘူး။ အလှောင်ခံလာရသေးတယ်။”
လီရို့အာသည် အိမ်တော်၌ ရှိစဉ်က ဤညီမနှစ်ယောက်ထံမှ အနိုင်ကျင့်ခြင်းကို အမြဲလိုလို ခံခဲ့ရသည်။
သို့သော် သူမက ကိုယ်လုပ်တော်ဖွား သမီးတစ်ယောက်သာဖြစ်သောကြောင့် အမြဲ ခေါင်းငုံ့ကာ သည်းခံဖို့ ရွေးချယ်ခဲ့သည်။
သို့သော် အခုကတော့ ကွာခြားသွားပြီဖြစ်သည်။ တစ်မိသားစုလုံး ပြည်နှင်ဒဏ်ပေးခံရသည် ဖြစ်သောကြောင့် ဘာမှ သည်းခံနေဖို့ မလိုအပ်တော့ပေ။
ထို့ကြောင့် သူမသည် လက်မြှောက်ကာ ညီမတစ်ယောက်၏ မျက်နှာကို ရိုက်ချလိုက်တော့သည်။
“မမေ့နဲ့၊ ငါက နင့်ရဲ့ အစ်မကြီးပဲ။ ငါ မျက်နှာပျက်ရင် နင့်အပေါ်လဲ အမြင်ဆိုး ကျန်မှာပဲ။”
လီယွီအာနှင့် လီရူအာသည် ဤမျှသော နာကျည်းမှုမျိုး အရင်က တစ်ခါမှ မခံစားဖူးပေ၊ အထူးသဖြင့် လီရို့အာ၏ ပါးရိုက်ချက်ပင် ဖြစ်သည်။
နှစ်ယောက်သားသည် ချက်ချင်းပင် လီရို့အာထံသို့ ပြေးသွားကြ၏။
တစ်ချိန်တည်းမှာပင် သူမ၏ သမီးနှစ်ယောက် အနိုင်ကျင့်ခံရသည်ကို မြင်သောကြောင့် လီယွီအာနှင့် လီရူအာ၏ မိခင်သည်လည်း ရန်ပွဲထဲသို့ ဝင်ပါလာလေသည်။
အချိန်ခဏကြာ လီမိသားစု၏ အနားယူရာနေရာမှာ ပရမ်းပတာ မြင်ကွင်းတစ်ခု ဖြစ်လာရသည်။
အစောင့်များမှာ ပွဲကြည့်နေကြပြီး ဝင်တားဖို့ စိတ်ကူးမရှိကြပေ။
လီလျန့်က အကျယ်ကြီး အော်ဟစ်လိုက်သောအခါမှ လီအမျိုးသမီးများအားလုံး တွန့်ဆုတ်စွာ ရပ်သွားကြ၏။
သူမတို့အားလုံး၏ မျက်နှာတွင် ကုတ်ရာခြစ်ရာများ ပြည့်လိုနေပေသည်။
လီမိသားစု ဆူညံစွာ ရန်ဖြစ်နေခြင်းက ဟဲကျစ်ယန်၏ ငါးဖမ်းခြင်းကိုတော့ မည်သည့် အကျိုးသက်ရောက်မှုမှ မရှိပေ။
မြစ်ထဲဆင်းပြီး နာရီဝက် မကြာခင်မှာပဲ သူမသည် ငါးကြင်း အကောင် ၂၀ ခန့် ဖမ်းမိခဲ့လေသည်။
ပမာဏက လုံလောက်ပြီဟု ထင်မှ သူမ ကမ်းသို့ ပြန်လာခဲ့၏။
တည်ထားသော ဆေးအိုးသည်လည်း ပွက်နေပြီဖြစ်သည်။ ဒုတိယမရီးက ရှဲ့လင်းထံသို့ ဆေးတစ်ခွက် ယူသွားပေးလိုက်သည်။
မော့မိသားစုရှိလူတိုင်း ဆေးတစ်ခွက်စီ ရကြပြီး အရာရှိများသည်လည်း ဆေးတစ်ခွက်စီ သောက်ခွင့်ရပေသည်။
ကျန်နေသေးသည့် ဆေးရည်များကိုကြည့်ကာ ဟဲကျစ်ယန်သည် ဒုတိယမရီးကိုခေါ်ပြီး ရှဲ့မိသားစုဆီ ယူသွားပေးဖို့ ပြောလိုက်သည်။။
တခြားလူများအတွက်တော့ ဘာပဲဖြစ်ဖြစ် မော့မိသားစုအပေါ် မုန်းတီးမှုတွေ မချေပသေးသရွေ့ သူမ ဘာမှ လုပ်ပေးမှာ မဟုတ်ပေ။
ဆေးသောက်ပြီး မကြာခင်ပင် ရှဲ့လင်း နိုးလာခဲ့၏။ အနည်းငယ် အားနည်းနေသေးသော်လဲ အသက်အန္တရာယ်ရှိသော အခြေအနေတော့ မဟုတ်တော့ပေ။
ရှဲ့ထျန်းဟိုင်သည် ဟဲကျစ်ယန်အား ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ကြောင်း လာပြောခဲ့သည်။
“ကျွန်တော့မြေးရဲ့ အသက်ကိုကယ်ပေးလို့ တကယ် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ရှဲ့မိသားစုက ဒီကျေးဇူးကို သတိရနေမှာပါ။”
သူ ကျေးဇူးတင်သည်ဖြစ်စေ မတင်သည်ဖြစ်စေ သူမ ဂရုမစိုက်ပေ။ သူမအတွက်တော့ ဤအရာက လက်ကလေး လှုပ်ရုံသာဖြစ်၏။
သူမ၏ အဓိက ရည်ရွယ်ချက်မှာ ရှဲ့မိသားစုနှင့် မော့မိသားစုကြားက အထင်လွဲမှုကြီးကို ဖြေရှင်းပေးချင်ခြင်းသာ ဖြစ်သည်။
သူမတို့သွားရမည့်ခရီးက အဝေးကြီးလိုသေးသည်။ ထိုရန်လိုနေသောအကြည့်များကို တစ်နေ့လုံး မြင်နေရသည်က စိတ်ချမ်းသာစရာ မကောင်းပေ။
ထို့အပြင် ရှဲ့မိသားစုမှာ ဒုတိယမရီး၏ မိသားစုဖြစ်သောကြောင့် မိသားစုနှစ်ခုမှာ ရင်းရင်းနှီးနှီး ဆက်ဆံရေးမျိုးဖြင့် ဆက်ဆံသင့်ပေသည်။
“ဦးလေးရှဲ့၊ ကျွန်မရဲ့ ယောက်ျားလဲ နိုးလာပြီ။ ရှင် ဒီညအားတယ်ဆိုရင် ကျွန်မတို့ဘက်လာပြီး သူနဲ့စကားပြောကြည့်ပါလား။”