← Chapters

အစားအသောက်နဲ့ အဝတ်အထည်ကို ကိုယ်တိုင်လုပ်ရမယ်

Vol. 3 Ch. 34

အစားအသောက်နဲ့ အဝတ်အထည်ကို ကိုယ်တိုင်လုပ်ရမယ်

Vol. 3 Ch. 34

ဟဲကျစ်ယန်သည် စကားကို တိုက်ရိုက်မပြောခဲ့ပေ။ သူမ ဆိုလိုသည်ကို ရှဲ့ထျန်းဟိုင် နားလည်မည်ဟု ယုံကြည်ပေသည်။

“ကောင်းပြီ။ မင်းပြောသလိုပဲ ဒီညလာခဲ့ပါမယ်” ရှဲ့ထျန်းဟိုင်က ခပ်တိုးတိုးပြောလိုက်၏။

ဟဲကျစ်ယန်သည် သူမ လုပ်နေသော ငါးကြင်းကိုကြည့်ကာ ‌ထပ်ပြောလိုက်သည်။ “ဦးလေးရှဲ့၊ ကျွန်မ ဒီငါးကြင်းတွေကို ကင်စားမလို့။ လင်းအာရဲ့ ခန္ဓာကိုယ် အားပြန်ဖြည့်လို့ရအောင် ဒုတိယမရီးကို တစ်ကောင်လောက် ပို့ခိုင်းလိုက်ပါမယ်”

ရှဲ့ထျန်းဟိုင်သည် ဟဲကျစ်ယန် ငါးဖမ်းသည်ကို မြင်ပြီးနောက် သူ့မြေးလေးအတွက် အားပြန်ဖြည့်လို့ရစေရန် သူ့သားနှစ်ယောက်ကို ဟဲကျစ်ယန်၏ နည်းလမ်းအတိုင်း နမူနာယူကာ ငါးဖမ်းကြဖို့ လွှတ်လိုက်သည်။

သို့သော် ထိုသားနှစ်ယောက်က မယုံကြည်နိုင်လောက်အောင် အသုံးမကျလိမ့်မည်ဟု မထင်ထားပေ။ နေ့တစ်ဝက်ခန့် အမှိုက်ဖွပြီးတာတောင် ငါးတစ်ကောင်တစ်မြီးမှ ဖမ်းမမိခဲ့ပေ။

ယခု ဟဲကျစ်ယန်က ရှဲ့လင်းအတွက် ငါးတစ်ကောင် ပို့ပေးမည်ဟု ပြောလာသောကြောင့် ထိုအရာက ရှဲ့ထျန်းဟိုင်အတွက် နှင်းတောထဲသို့ မီးပုံလေးတစ်ခု ယူ‌ဆောင်လာပေးသလိုပင် ဖြစ်၏။

သူ၏ အဆင့်အတန်းကို လျှော့ချကာ ဟဲကျစ်ယန်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်သည်။

တစ်ချိန်တည်းမှာပင် ရှဲ့ထျန်းဟိုင်သည် ရှဲ့မိသားစု၏ ပြည်နှင်ဒဏ်ပေးခံရမှုက မော့ကျိုးယွီနှင့် ဘယ်လိုပဲ ပတ်သက်နေပါစေ၊ အရာအားလုံးကို ခွင့်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တော့သည်။

ဘာပဲဖြစ်ဖြစ် ရှဲ့မိသားစုကလဲ ပြည်နှင်ဒဏ်ပေးခံရပြီးဖြစ်သည်။ သူတို့နှင့် မော့မိသားစုမှာ ခမည်းခမက်များ ဖြစ်နေကြသေး၏။ အခု သူတို့က ဟဲကျစ်ယန်ထံမှ ကျေးဇူးတရားကို ရထားသောကြောင့် ဆက်လက်ပြီး အပြစ်တင်ကာ နာကျည်းနေလျှင် ထိုအရာက အချည်းနှီးသာဖြစ်ပေလိမ့်မည်။

မိသားစုနှစ်ခု စည်းလုံးကြလျှင် ပိုကောင်းပေမည်။ အနောက်မြောက်အရပ်သို့ လုံလုံခြုံခြုံရောက်နိုင်မည်ဆိုလျှင် အနာဂတ်တွင် ဆန်ပြုတ်ရေကျဲသာ သောက်ရမည်ဆိုလျှင်လဲ အနည်းဆုံးတော့ အားလုံး အသက်ရှင်နိုင်ကြမှာပင်။

မော့အမျိုးသမီးများမှာ အိမ်တော်တွင် အစေခံများဖြင့်သာ နေခဲ့ရသဖြင့် ငါးကိုင်ခြင်းကို မကျွမ်းကျင်ကြပေ။

သို့သော် သူမတို့က အမှန်တရားကို နားလည်ထားပြီးသားပင်။ အနာဂတ်တွင် မငတ်ချင်ပါက အကောင်းဆုံးနည်းမှာ သူမတို့၏ ခြေလက်များဖြင့် အစားအသောက်နှင့် အဝတ်အထည် လုပ်နိုင်ဖို့ပင်ဖြစ်သည်။

ထို့ကြောင့် လူတိုင်းသည် ဟဲကျစ်ယန်အနားသို့ ဝိုင်းအုံလာကာ သူမ ငါးကြင်းကို ဘယ်လိုလုပ်သလဲကြည့်ပြီး ကူညီပေးနေကြ၏။

သူမတို့၏ လက်များက ဟဲကျစ်ယန်လောက် မကျွမ်းကျင်သော်လဲ အကူအညီတော့ ရသေးသည်။

သိပ်မကြာမီအချိန်မှာပင် အားလုံး အတူတူ ကြိုးစားပြီး ငါးများကို သန့်စင်ခြင်း ပြီးဆုံးသွားခဲ့သည်။

ဟဲကျစ်ယန်သည် အတော်အသင့်ထူသော သစ်ကိုင်းညီညီလေးများတွင် ငါးကြင်းများကို ချည်လိုက်ပြီး ငါးကင်ရန်အတွက် မီးဖိုးရန် ကျောက်တုံးကြီးများကို စုဆောင်းခဲ့သည်။

“မရီးတို့ သစ်ကိုင်းခြောက်တွေ ရှာပေးကြပါဦး။”

သူမသည် မော့အမျိုးသမီးများကို သနားမိသော်လဲ သူမတို့ကို လက်တစ်ချောင်းတောင် မမြှောက်နိုင်သည့် အသုံးမကျသော ပန်းအိုးလေးများအဖြစ်လဲ ဆက်မဖြစ်စေချင်ပေ။ လမ်းခရီးက အရှည်ကြီး ကျန်သေးပြီး အသက်ရှင်သန်နိုင်သည့် စွမ်းရည်များက သူမတို့အတွက် မရှိမဖြစ် လိုအပ်ပေသည်။

ဟဲကျစ်ယန်က အရာရှိများထံမှ မီးခြစ်ဆံ ငှားရမ်းနေချိန် မော့အမျိုးသမီးများက ထင်းခြောက်များ စုဆောင်းနေကြသည်။

မော့မိသားစုလုပ်နေသော ငါးကင်ကို သူတို့လဲ ဝေစုရမည်ဆိုတာ သိနေသောကြောင့် အရာရှိများက မော့ကျိုးယွီအတွက် ခက်ခဲအောင် မလုပ်ရုံသာမက သူမကို ဆားအနည်းငယ်ပင် ပေးလိုက်သေးသည်။

ဟဲကျစ်ယန်သည် အစက ဆားအနည်းငယ်တောင်းဖို့ အကြံရှိနေခဲ့ပြီး ငွေတုံး အနည်းငယ်ဖြင့် အရာရှိများထံမှ ဝယ်ရန် ကြံစည်ထားခဲ့သည်။

မမျှော်လင့်ထားစွာပင် အရာရှိများက အလွန်ပူးပေါင်းတတ်ပြီး သူမအား အရင်ထုတ်ပေးလာခဲ့၏။

ရှေးခေတ်ရှိ ဆားများမှာ မသန့်စင်ရ‌သေးသောကြောင့် ဆားခဲများလဲ ရှိနေပြီး တချို့မှာ မဲနက်နေကြသည်။

သို့သော် ဤအရာက ပြဿနာ မဟုတ်ပေ။ သူမလက်ထဲတွင် ဆားတချို့ရှိနေရုံနှင့် ထိုဆားကို အကြောင်းပြကာ နေရာလွတ်ထဲမှ ဆားအကောင်းကို ထုတ်ယူနိုင်ပေသည်။

သူမ၏ ဆေးရုံလေးထဲမှ မီးဖိုချောင်ငယ်လေး‌တွင် ဟင်းခတ်အမွှေးအကြိုင် အစုံအလင် ရှိနေပေသည်။

သူမ ထိုအရာများကို ထုတ်ယူရန် အကြောင်းပြချက် ရှာမရသည်က နှမျောစရာပင်။

သို့သော် မသိသာသော ဟင်းခတ်အမွှေးအကြိုင်တချို့ ဆိုလျှင်တော့ အန္တရာယ်မရှိပေ။

ဟဲကျစ်ယန်သည် အသားကင်ရန် ပြင်ထားသောနေရာသို့ပြန်သွားကာ မီးမွှေးလိုက်ပြီး ချည်ထားသော ငါးများကို မီးပေါ်တွင် အစီအရီ တင်လိုက်သည်။

မကြာခင် ဆူပွက်နေသော အသံများ ပလုံစီလာပြီး အနံ့မှာလည်း မွှေးပျံ့လို့လာခဲ့၏။

ထိုအနံ့ကြောင့် ဘေးရှိလူများမှာ တံတွေးများသာ အဆက်မပြတ် မျိုချနေကြရသည်။

ငါးကင်၏ အနံ့က စားချင်စဖွယ်ဖြစ်သော်လဲ ဟဲကျစ်ယန်က မကျေနပ်သေးပေ။

သူမသည် သတိမမူဘဲ ရေရွတ်လိုက်၏။

“ဆီလေးနည်းနည်းသုတ်လိုက်ရင် ပိုကောင်းသွားလိမ့်မယ်။”

မထင်မှတ်ထားပဲ ထိုစကားမှာ ဖြတ်သွားသော ကျန်းချင်၏ နားထဲသို့ ရောက်သွားခဲ့သည်။

ငါးကင်၏ အနံ့ကြောင့် ကျန်းချင်သည် သားရည်ယိုနေခဲ့ပြီးသားပင်။

ထို့အပြင် ဟဲကျစ်ယန်၏ စကားအရ ထိုငါးကင်‌ကို ဆီသုတ်နိုင်ပါက အရသာပိုကောင်းလာမည်ဟု ဆိုပေသည်။

“မိန်းကလေးဟဲ၊ ငါးကင်က ဆီသုတ်ဖို့လိုတယ်လို့ ပြောလိုက်တာလား။”

ဟဲကျစ်ယန်က မော့ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ “ဟုတ်တယ်၊ အဲ့လိုသာလုပ်ရင် အရသာက အများကြီး ပိုကောင်းလာမှာပဲ”

“ခဏစောင့်ဦး” ကျန်းချင်က ပြောကာ အမြန်ပြေးသွားသည်။

ထို့နောက်တွင် သူက ပုလင်းသေးသေးလေးတစ်ခုကိုကိုင်ကာ ပြန်လာခဲ့သည်။

“ဒီထဲမှာ မုန်ညှင်းဆီပါတယ်၊ အရမ်း အဖိုးတန်တာ။ နည်းနည်းပဲသုံးနော်။”

ဟဲကျစ်ယန်သည် အရာရှိများတွင် ဤမျှ ပစ္စည်းစုံမည်ဟု မထင်ခဲ့ပေ။ သူတို့မှာ မုန့်ညှင်းဆီတောင် ရှိနေတယ်။

သူမသာ စောစောကတည်းက သိပါက အနည်းငယ် တောင်းယူခဲ့မှာပင်။

သို့သော် အခုကတော့ ကိုယ်တိုင်လာပေးသူ ရှိနေပြီဖြစ်သောကြောင့် မလိုအပ်တော့ပေ။

“စိတ်မပူပါနဲ့ အရာရှိကြီး၊ ကျွန်မ နည်းနည်းပဲ သုံးမှာပါ၊ စိတ်ချပါ။”

ပုလင်းကိုဖွင့်ပြီးနောက် ဟဲကျစ်ယန်သည် အရွက်ပါသော သစ်ကိုင်းတစ်ခုကိုချိုးကာ မြစ်ထဲတွင် ဆေးကြောပြီး စုတ်တံသဘောဖြင့် သုံးလိုက်သည်။

သေချာပေါက်ပင်၊ ငါးကင်ပေါ်သို့ မုန်ညှင်းဆီ သုတ်လိမ်းပြီးနောက် အနံ့မှာ ပို၍ပင် မွှေးကြိုင်စွာ ပျံ့နှံ့လာခဲ့၏။

ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ၁၃ မျိုးအမွှေးအကြိုင်မှုန့်နှင့် ဆားသန့်သန့်ကို ခိုးထုတ်ပြီး ငါးပေါ်သို့ဖြူးလိုက်သည်။ ထိုအရာများဖြင့် ရှေးခေတ်၏ ပထမဆုံး အပြင်ဘက် ငါးကင်လေးမှာ အောင်မြင်စွာ ပြီးဆုံးသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ဟဲကျစ်ယန်သည် ငါးဆယ်ကောင် ကင်ခဲ့၏။

သူမက ထိုငါးများကို အရာရှိများထံ အရင်ပေးကာ မျက်နှာလုပ်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။

သို့သော် မထင်မှတ်ထားစွာပင် ဟဲကျစ်ယန်က ထိုကဲ့သို့ မလုပ်ခဲ့ပေ။

ထိုအစား သူမသည် အကြီးဆုံးတစ်ကောင်ကို သခင်မကြီးမော့အား ပေးလိုက်၏။

သခင်မကြီးမြောသည် ခဏကြာ တွန့်ဆုတ်နေပြီး အရာရှိများဘက်သို့ ကြည့်လိုက်သည်။

ဟဲကျစ်ယန်သည် ယောက္ခမဖြစ်သူ၏ သဘောထားကို နားလည်ပေသည်။ သူမက ဟဲကျစ်ယန်အား အရာရှိများထံ ငါးကင်ခွဲပေးစေလိုခြင်းသာ ဖြစ်သည်။

သခင်မကြီးမော့ ငါးကင်ကို စိတ်အေးလက်အေး စားရနိုင်စေရန် သူမသည် စိတ်ချပါဆိုသော အကြည့်ဖြင့် ပြန်ကြည့်လိုက်၏။

ထို့နောက် သူမသည် မရီး ၈ ယောက်အား ငါးတစ်ကောင်စီ ဝေပေးလိုက်သည်။

တစ်ခုသာကျန်တော့၏။ သူမသည် လှည်းပေါ်တွင် လဲလျောင်းနေသော မော့ကျိုးယွီနှင့် သွားရည်ယိုနေသော မော့ဟန်ယွဲ့ကို တစ်လှည့်စီ ကြည့်ကာ နောက်ဆုံးတော့ မော့ဟန်ယွဲ့ကို ပေးဖို့ ဆုံးဖြတ်လိုက်သည်။

သူမ၏ အပြုအမူများကြောင့် အရာရှိများမှာ ချက်ချင်း မပျော်မရွှင် ဖြစ်သွားကြသည်။

အထူးသဖြင့် ကျန်းချင်ပင်။ သူသည် မုန်ညှင်း‌ဆီကို တကူးတက ယူလာပေးခဲ့သော်လဲ နောက်ဆုံးတော့ ငါးကင် နည်းနည်းတောင် မရခဲ့ပေ။

“မိန်းကလေးဟဲ ဒါက မင်းကို ဘယ်လိုပြုမူရမယ်လို့ ငယ်ငယ်လေးထဲက သင်ပေးခံခဲ့ရတဲ့နည်းလား။”

ဟဲကျစ်ယန်က မော့ကြည့်ကာ မျှမျှတတပြန်ဖြေလိုက်၏။

“ကျွန်မ ဘယ်လိုသင်ကြားခံခဲ့ရတယ်ဆိုတာက ဘာများမှားနေလို့လဲ။

ကျွန်မ ငယ်ငယ်လေးထဲက အဖေ သင်ပေးထားတာကတော့ ကောင်းတဲ့ပစ္စည်းရှိရင် အကြီးတွေက အရင်ရသင့်တယ်တဲ့။ ကျွန်မရဲ့ ယောက္ခမကို အရင်ပေးတယ်၊ ပြီးတော့ မရီးတွေပေါ့၊ သူမတို့အားလုံးက ကျွန်မထက် အသက်အရွယ်ကြီးသူတွေပဲလေ။ အဲ့ဒါမို့ သူမတို့ကို ပေးတာက မမျှမတ မဖြစ်ပါဘူး။

ကျွန်မရဲ့ ယောင်းမလေးက ငယ်သေးတယ်လေ အဲ့ဒါမို့ သူမကို နည်းနည်းပိုပြီး ဂရုစိုက်ပေးရတာပေါ့။ ပြောပါဦး။ ကျွန်မ ဘာများမှားလို့လဲ။”

ကျန်းချင်မှာ ပြောစရာစကားမရှိအောင်ပင် ဖြစ်သွားရသည်။

တကယ့်ကို ပြဿနာတော့ မရှိပါဘူး ....

တခြားတစ်ဖက်တွင် ကျိုးလောင်ပါ့ကတော့ စိတ်ရှည်ပေသည်။ ကျန်းချင်၏ စိတ်မရှည်သော အမူအရာကိုတွေ့သောအခါ စိတ်လျှော့ပြီး ငြိမ်ငြိမ်လေးနေရန် အရိပ်အမြွက်ပြလိုက်၏။

တစ်စုံတစ်ယောက်က တခြားလူအား သူမ၏ ကိုယ်ပိုင်ပစ္စည်းကို မပေးချင်သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။

လိုအပ်လျှင် အနာဂတ်တွင် မော့မိသားစုအတွက် ကိစ္စများ ခက်ခဲသွားအောင် လုပ်ပေးဖို့ နည်းလမ်းလေး ရှာလိုက်ရုံသာဖြစ်သည်။

ကျန်းချင်သည် သူ့စိတ်ထဲမှ ဒေါသကို ဖိနှိပ်ထားရင်း ဟဲကျစ်ယန်ကို စိုက်ကြည့်ကာ တစ်နေရာတွင် ထိုင်လိုက်၏။

အကုန်လုံးကို မြင်နေရသော ဖမ်းဝမ်မှာ ဤအရာက ကြည့်လို့ကောင်းသည်ဟု တွေးလိုက်သည်။

ပြည်နှင်ဒဏ်ပေးခံရသော အပြစ်သားများကို လိုက်ပို့ရပြီး အရာရှိခေါင်းဆောင်ဖြစ်လာသည့် နှစ်များအတွင်း သူတို့ကို မကြောက်သည့်လူကို ပထမဆုံး တွေ့ဖူးခြင်းပင်။

ထို့အပြင် တစ်ဖက်လူမှာ အကြောင်းပြချက်မျိုးစုံ ရှိနေပြီး လူတိုင်းကို ဆွံ့အသွားစေသည်။

ထိုအရာကို တွေးမိပြီးနောက် သူသည် ဘေးတွင် လှဲနေသော မော့ကျိုးယွီကို တစ်ချက်ပြန်ကြည့်လိုက်၏။

“မင်းရဲ့ ဇနီးကတော့ ပိုပိုပြီးကို ထူးခြားနေတော့တာပဲ။”

ယခုအချိန်တွင် ဟဲကျစ်ယန်ကို ဖော်ပြရန် ထူးခြားသည်ဆိုသော စကားကလွဲလျှင် ကျန်သည့် စကားလုံး သူ ရှာမရခဲ့ပေ။

မော့ကျိုးယွီက ခေါင်းလှည့်ကာ အားနည်းချင်ယောင် ဆောင်လိုက်၏။ “သူမက စကားတတ်ရုံတင်ပါ။”

“အိုး ... မနှိမ့်ချစမ်းပါနဲ့။ မင်းရဲ့ဇနီးက တကယ်ကို ထူးခြားတယ်၊ တကယ်…”

သူမက ဘယ်လိုလုပ် မထူးခြားဘဲနေမှာလဲ။

အဖျားရောဂါတွေ ကုသနိုင်ရုံတင်မကဘူး၊ မြစ်ထဲဆင်းပြီး ငါးလဲ ဖမ်းနိုင်တယ်၊ စကားလဲ တတ်သေးတယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ ဖမ်းဝမ်မှာ အခုတော့ စိတ်ချသွားပြီဖြစ်သည်။ ဟဲကျစ်ယန်က အမျိုးသမီးတစ်ယောက် ဖြစ်နေတာ နှမျောစရာပင်။

မဟုတ်ပါက သူမ၏ လုပ်နိုင်စွမ်းများဖြင့် သူမက အံ့ဩစရာကောင်းသည့် လူရည်ချွန်တစ်ယောက် ဖြစ်လာမှာ အသေအချာပင်ဖြစ်သည်။

All Chapters