← Chapters

ကျွန်မတို့မိသားစုတွေကြားထဲမှာ နားလည်မှု‌လွဲနေတာ ရှိကြလိမ့်မယ်

Vol. 3 Ch. 36

ကျွန်မတို့မိသားစုတွေကြားထဲမှာ နားလည်မှု‌လွဲနေတာ ရှိကြလိမ့်မယ်

Vol. 3 Ch. 36

ထိုကဲ့သို့ ပြောခံလိုက်ရသောအခါ သခင်မကျောက်သည် သူမ၏ စကားများက သိပ်မဆီလျော်ဘူးဟု ချက်ချင်း ခံစားလိုက်ရ၏။

“သေချာ မစဉ်းစားမိခဲ့တာ ကျွန်မအမှားပါ၊ သခင်မမော့ စိတ်ထဲမထားပါနဲ့။”

သခင်မကျောက်သည် ရိုးရိုးရှင်းရှင်း တောင်းပန်ရုံ လာသည် မဟုတ်သော်လဲ သူမ၏ တကယ့်ရည်ရွယ်ချက်ကိုတော့ မပြောသေးပေ။

ထို့ကြောင့် သခင်မကြီးမော့သည် သူမအား ထွက်သွားဖို့သာ ထပ်ပြောလိုက်သည်။

“သခင်မဖန်း ရှင့်မိသားစု ဘယ်လိုခံစားနေရမလဲ ကျွန်မ နားလည်ပါတယ်၊ ပြီးတော့ ရှင် တောင်းပန်တာကိုလဲ ကျွန်မ လက်ခံပါတယ်။ တကယ်လို့ ကိစ္စမရှိတော့ဘူးဆိုရင် ရှင်ပြန်သွားသင့်ပါပြီ။ အချိန်ကြာလာရင် အရာရှိတွေက ဆူပါလိမ့်မယ်။”

သခင်မမော့က သူမအား တွန်းထုတ်နေသည်ကိုမြင်သောအခါ သခင်မကျောက်သည် ထပ်ပြီး မနှိမ့်ချတော့ပေ။

သူမ၏ ဆံပင်လိပ်ထဲမှ ကျောက်မျက် လက်စွပ် တစ်ကွင်းကို ထုတ်ယူလိုက်၏။

“သခင်မမော့ ကျွန်မ ဒီလက်စွပ်နဲ့ ငါးတချို့ လဲလို့ ရမလား။”

သူမ စကားပြောပြီး သူမ၏ မိသားစုဝင်များ အနားယူနေသော နေရာဆီသို့ လက်ညှိုးထိုးပြလိုက်သည်။

“ကျွန်မရဲ့ သားငယ်လေးက ရှင်တို့ ငါးကင်စားနေကြတာကိုမြင်ပြီး အရမ်း စားချင်လွန်းလို့ အော်ငိုနေလို့ပါ။ ကျွန်မမှာလဲ နည်းလမ်းမရှိတော့လို့ နည်းနည်းလောက် မျှပေးနိုင်မလားလို့ လာတောင်းဆိုရတာပါရှင်။”

သခင်မကြီးမော့သည် သခင်ကျောက်၏လက်ထဲမှ ကျောက်မျက်လက်စွပ်ကိုကြည့်ပြီး သူမ လက်ညှိုးထိုးပြသော နေရာဆီသို့ ကြည့်လိုက်၏။

အသက် ၈ နှစ် ၉ နှစ်လောက်သာ ရှိသေးသော ကောင်လေးတစ်ယောက်က မျက်ရည်များ သုတ်နေသည်ကို မြင်လိုက်ရသည်။

“ငါးတွေက ကျွန်မရဲ့ နဝမ ချွေးမလေး ဖမ်းထားတာပါ။ ရှင် လဲလှယ်ချင်တယ်ဆိုရင် သူမကိုသာ သွားပြောလိုက်ပါ။”

ထိုကဲ့သို့သော ကိစ္စများအတွက် သူမက သူမ၏ ချွေးမအစား ဆုံးဖြတ်သည်မှာ မသင့်တော်ဘူးဟု ခံစားရသောကြောင့်ပင်။

သခင်မကျောက်သည် ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်ပြီး မြစ်ကမ်းဘေးသို့ သွားလိုက်သည်။

ထိုအချိန်တွင် ဟဲကျစ်ယန်မှာ ငါးအလုံအလောက် ဖမ်းမိပြီဖြစ်သောကြောင့် ကမ်းဆီသို့ ပြန်လာနေပြီဖြစ်သည်။

သူမသည် သခင်မကျောက်နှင့် သူမ ယောက္ခမတို့ စကားပြောနေကြသည်ကို မြင်ခဲ့ပြီး သူမ လာရသည့် ရည်ရွယ်ချက်ကိုလဲ ခန့်မှန်းပြီးသားပင်။

ဟဲကျစ်ယန်က စကားစမပြောပေ။ ထိုအစား သူမ၏ ခြေအိတ်နှင့် ဖိနပ်ကို ဖြေးညှင်းစွာ ပြန်ဝတ်လိုက်သည်။

သခင်မကျောက် ရောက်လာပြီး သူမ၏ အပြုံးကို မနည်းထိန်းထားနေရသည်။

“ဟဲ .. မိန်းမလေးဟဲ၊ အဒေါ်က ကိစ္စလေးတချို့ ဆွေးနွေးချင်လို့ပါကွယ်၊ ဒီလက်စွပ်လေးကို ငါးတချို့နဲ့ လဲလို့ ရနိုင်မလား။”

ဟဲကျစ်ယန် လက်စွပ်ကို တစ်ချက်ကြည့်လိုက်သောအခါ အနီရောင်ကျောက်က ကြည်လင်နေပြီး တစ်ချက်ကြည့်ရုံနှင့်ပင် အဖိုးတန်မှန်း သိသာပေသည်။

ကြည့်ရသည်မှာ သခင်မကျောက်က ငါးတချို့အတွက် အများကြီး သုံးစွဲချင်သည့်ပုံပင်။

တစ်ချိန်တည်းမှာပင် ဖန်းမိသားစုတွင် ငွေ တစ်တုံးမှ မရှိကြောင်း သူမ ခန့်မှန်းလိုက်မိသည်။ မဟုတ်ပါက တန်ဖိုးမရှိသော ငါးလေးတချို့အတွက်နှင့် ဤမျှ ကောင်းမွန်သော လက်စွပ်ကို လဲလှယ်လိမ့်မည် မဟုတ်ပေ။

ဟဲကျစ်ယန်သည် သခင်မကျောက်နှင့် အကြာကြီး ပြောမနေဘဲ လက်စွပ်ကို တိုက်ရိုက်ယူလိုက်၏။

ထို့နောက် သူမ ဖမ်းမိ‌ခဲ့သော ငါးကြင်းများကို လက်ညှိုးထိုးပြလိုက်သည်။ “ငါးတွေက အကုန် ဒီမှာပဲ။ လိုသလောက် ယူပါ။”

တစ်ဖက်လူက သဘောတူသည်နှင့် သခင်မကျောက်သည် ‌ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်ပြီး ထိုင်ချကာ ငါးတချို့ကို ယူလိုက်၏။

ဟဲကျစ်ယန်သည် ထိုနေရာတွင် မတ်တပ်ရပ်လျက် သခင်မကျောက်က ငါး ဘယ်လောက်ယူမလဲဆိုတာကို ကြည့်နေခဲ့သည်။

သခင်မကျောက်သည် ခဏတာ တွန့်ဆုတ်နေပြီးနောက် ငါး ၅ ကောင် ယူလိုက်သည်။

“ဒီလောက်ဆို အဆင်ပြေလား။”

သခင်မကျောက်၏ လက်စွပ်တန်ဖိုးအရ ငါး ၅ ကောင်မဆိုထားနှင့် အကောင် ၅၀၀ ဆိုလျှင်ပင် မတန်သေးပေ။

သို့သော် တစ်ဖက်လူက လောဘမကြီးဘဲ ၅ ကောင်သာ ယူခဲ့သည်။

ထို့ကေုာင့်ပင် ဟဲကျစ်ယန်မှာ သခင်မကျောက်အပေါ် အမြင်ကောင်းတစ်ချက် ရှိသွား၏။

“ပြဿနာမရှိပါဘူး၊ မလောက်သေးရင် ထပ်ယူပါဦး။”

သခင်မကျောက်က ခေါင်းယမ်းလိုက်သည်။ “မလိုတော့ပါဘူး၊ ဒါနဲ့တင် အဆင်ပြေလှပါပြီ။”

စကားပြောပြီးနောက် သခင်မကျောက်သည် ဟဲကျစ်ယန်၏ လက်ထဲမှ လက်စွပ်ကို တွန့်ဆုတ်စွာကြည့်ပြီး လှည့်ထွက်လိုက်သည်။

တစ်ချက်ကြည့်ရုံနှင့်ပင် သခင်မကျောက်အတွက် ဒီလက်စွပ်က အရေးပါကြောင်း သိနိုင်ပေသည်။

ထို့နောက် သူမ နောက်ကလိုက်သွားကာ တိုးတိုးလေး ပြောလိုက်သည်။

“ကျွန်မတို့ကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိနေမယ်ထင်တယ်။ ဖြေရှင်းချင်တယ်ဆိုရင် ဦးလေးဖန်းကို မှောင်လာတဲ့အခါ ကျွန်မ ယောက်ျားဆီ လာရှာဖို့ ပြောပေးပါ။ အဲ့ဒါဆို အကုန်လုံး ရှင်းလင်းသွားလိမ့်မယ်။”

သခင်မကျောက်က လေးနက်စွာ ခေါင်းငြိမ့်လိုက်၏။ “ကောင်းပြီ။ ဒါကို သခင်ကြီးဆီ ငါ သေချာပြောလိုက်ပါမယ်။”

ဟဲကျစ်ယန်သည့် လှည့်ထွက်လာပြီး လက်စွပ်ကို နေရာလွတ်ထဲ တိတ်တဆိတ် သိမ်းဆည်းလိုက်၏။

မော့မိသားစုနှင့် ဖန်းမိသားစုကြားရှိ အထင်လွဲမှုများကို အားလုံးဖြေရှင်းပြီးသွားပါက လက်စွပ်ကို သခင်မကျောက်ဆီ သေချာပေါက်ပြန်ပေးမည်ဟု တွေးထားလိုက်သည်။

အခုကတော့ အချိန်မတန်သေးပေ။

မရီးများက ဖမ်းမိလာသော ငါးများကို သန့်ရှင်းနေကြ၏။ ဟဲကျစ်ယန်သည် ဖမ်းဝမ် တောင်းဆိုသည့်အတိုင်း ငါး ၁၀ ကောင်ကို ကင်ပေးပြီး သူ့ကို အကုန်ပေးလိုက်သည်။ အဲ့ဒီငါးတွေကို ဖမ်းဝမ် ဘာလုပ်မလဲဆိုတာကတော့ သူ့ကိစ္စပင်။

ငါးကင်များ စားကြပြီးနောက် အချိန်ကျလာသောအခါ ခရီးဆက်ကြဖို့ ဖမ်းဝမ်က အမိန့်ပေးလိုက်သည်။

ဟယ်မိသားစုရှိ သနားစရာ လူထွားကြီးနှစ်ဦးမှာ နာကျင်နေသော မျက်နှာထားများနှင့် သစ်သားလှည်းကို တွန်းကြရပြန်သည်။

နေ့လည်ခင်း ရာသီဥတုမှာ အိုက်စပ်နေသည်။ ကံကောင်းစွာပင် ဟဲကျစ်ယန်က ဆေးကြိုကာ တိုက်ထားသော လူတချို့အတွက်ကတော့ အပူလျှပ်ခြင်း အန္တရာယ်မှ ကာကွယ်ပြီးသား ဖြစ်သွားလေသည်။

မော့မိသားစု၊ ရှဲ့မိသားစုနှင့် အရာရှိများမှာ အကုန်အဆင်ပြေကြသည်။

သို့သော် တခြား မိသားစု ၃ ခုအတွက်တော့ ကွာခြားလှသည်။

သူတို့ ဆက်သွားနေကြရင်း ထိုမိသားစုများရှိ လူများမှာ အမျိုးမျိုးသော အပူလျှပ်ခြင်း လက္ခဏာများ ပြသလာကြ၏။

အစပိုင်းတွင် မိသားစုဝင်များက ဖေးမကာ သွားနေကြသောကြောင့် အဖွဲ့လိုက်ကြီး အဆင်ပြေနေကြသေးသည်။

သို့သော် အချိန်ကုန်လာသည်နှင့် အပူလျှပ်သော လူများမှာ ပိုတိုးလာခဲ့ပြီး ကျန်နေသေးသော ကျန်းကျန်းမာမာရှိသည့် လူနည်းစုမှာလဲ ထိုလူများကို မကူညီနိုင်ကြတော့ပေ။

အချိန်တိုအတွင်းမှာပင် ပြည်နှင်ဒဏ်ပေးခံရသော လူတန်းကြီးမှာ ငိုကြွေးသံများဖြင့် ပြည့်နှက်သွားရသည်။

တစ်ချိန်တည်းမှာပင် ရှဲ့မိသားစုဝင်များနှင့် အရာရှိများမှာ ဟဲကျစ်ယန်အား ကျေးဇူးတင်လိုက်ကြ၏။

သူမ ကြိုတင်ပြင်ဆင်ပေးထားခဲ့သည် ဆေးရည်ကြောင့်သာ မဟုတ်ပါက သူတို့လဲ အပူလျှပ်သည့်ဒဏ်မှ ပြေးလွတ်မည်မဟုတ်ပေ။

အခြေအနေကို မြင်သောအခါ ဖမ်းဝမ်သည် သူတို့ ဆက်သွားလို့ မရတော့ကြောင်း သိလိုက်ပြီး ရပ်ဖို့သာ အမိန့်ပေးလိုက်ရတော့သည်။

ဒီလိုအခြေအနေမျိုး ရောက်လာသောအခါ ဖမ်းဝမ် ပထမဆုံး တွေးမိသည့်လူက ဟဲကျစ်ယန်ပင်။

“မိန်းကလေးဟဲ ဒီကိစ္စလဲ မင်း ဖြေရှင်းပေးဖို့လို‌တယ်။”

သို့သော် ဟဲကျစ်ယန်က သဘောမတူပေ။

“အရာရှိဖမ်း၊ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ဒီလူတွေ မော့မိသားစုကို ဆဲဆိုကျိန်ဆဲနေကြတာ ရှင်လဲမြင်တာပဲ။ ကျွန်မက သူတို့ကို ဘာဖြစ်လို့ ကူညီရမှာလဲ။”

ဟဲကျစ်ယန်သည် သူမက ဆေးပညာကို သိနေ‌ရုံနှင့် အကုန်လုံးကို ကယ်ပေးမည့် မြင့်မြတ်သော ဘုန်းတော်ကြီး မဟုတ်ပေ။

အထူးသဖြင့် ဟယ်မိသားစုနှင့် လီမိသားစုကလူများမှာ မော့ကျိုးယွီကို အရိုးထဲက မုန်းတီးနေကြ၏။

မော့ကျိုးယွီကသာ ခေါင်းညှပ်ထားပါက ထိုလူများသည် ထိုညှပ်နေသော ခေါင်းကို ဓားဖြင့် အညှာအတာမရှိ ခုတ်ချမှာ သေချာနေပေသည်။

သူမသည် ထိုကဲ့သို့သော မနာလိုမှုများကို ဖုံးကွယ်ထားသည့်လူများအား ကယ်တင်ဖို့ လက်မငှားပေးနိုင်ပေ။

ဖန်းမိသားစုကတော့ အနည်းငယ် ကွာခြားသဖြင့် သူမ ကူ‌ညီပေးဖို့ စဉ်းစားပေးမည်ဖြစ်သည်။

ဖမ်းဝမ်သည်လည်း ဒီအကြောင်းပြချက်ကို နားလည်၏။

‌အကျဉ်းသားများကို ပြည်နှင်ဒဏ် လိုက်ပါပို့ဆောင်ရသည့် ခေါင်းဆောင် အရာရှိတစ်ဦးအနေနှင့် လမ်းခရီးတစ်လျှောက်တွင် လူတချို့ သေဆုံးခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရခြင်းမှာ သူ့အတွက် ကိစ္စကြီး မဟုတ်ပေ။

သို့သော် အရေအတွက်က အလွန်များပြားလာပါက ပြန်ရောက်လျှင် သူ့အထက်အရာရှိများထံ ရှင်းပြဖို့ မဖြစ်နိုင်တော့ပေ။

ထို့ကြောင့် သူသည် ဟဲကျစ်ယန်ကိုသာ ဆက်နားချရတော့သည်။

“သူတို့ အမှားတွေ ဘယ်လောက်ပဲကြီးကြီး သူတို့လဲ လူတွေပဲလေ။ သူတို့သေမှာတော့ ထိုင်ကြည့်နေမှာမဟုတ်ဘူးမလား။”

ဟဲကျစ်ယန်မှာ ဆုံးဖြတ်ပြီးပြီ ဖြစ်သောကြောင့် ခေါင်းမာစွာပင် လက်ကိုပိုက်လျက် ဖမ်းဝမ်၏ စကားကို တစ်လုံးမှ နားမထောင်ခဲ့ပေ။

“အရာရှိဖမ်း၊ ဆက်မပြောပါနဲ့တော့၊ ကျွန်မက မကယ်ဘူးလို့ ပြောပြီးရင် မကယ်ဘူးပဲ။”

“မင်း ...” ဖမ်းဝမ်မှာ ဒေါသထွက်သွားရ၏။ ဟဲကျစ်ယန်ကို လက်ညှိုးထိုးကာ ဆူလိုက်ချင်သော်လဲ နောက်ဆုံးတွင် ဒေါသကိုသာ လျှော့လိုက်ရသည်။

“မိန်းကလေးဟဲ၊ မင်းပိုပြီး သိတတ်ဖို့ ငါ အကြံပေးချင်တယ်။ အနောက်မြောက်သွားရမဲ့ လမ်းက အဝေးကြီး ကျန်သေးတယ်။ ငါ့ကို ရန်လာစနေရင် မင်းအတွက် ကောင်းကျိုး မရှိဘူး။”

ဟဲကျစ်ယန်၏ ဒေါသမှာလဲ မီးတောက်နေပြီဖြစ်သောကြောင့် လုံးဝ နောက်ပြန်မဆုတ်ချင်ပေ။

“အရာရှိဖမ်း ရှင်ပြောတာ မတရားလိုက်တာ။ ရှင်သာ ကျွန်မနေရာမှာဆိုရင်ရော ရှင့်ရဲ့ ရန်သူတွေကို အသက်ကယ်ပေးမှာလား။”

“ဒါက ..” ဖမ်းဝမ်မှာ သူမ၏ စကားကြောင့် ဘာမှပြန်မပြောနိုင်တော့ပေ။

သူသည် ဤအမျိုးသမီးဟဲက ခေါင်းမာသော အကျင့် ရှိသောကြောင့် သူမကို ဖိအားပေးခြင်းက အလုပ်မဖြစ်ကြောင်း နားလည်လိုက်၏။

ထို့ကြောင့် သူ၏ ဒေါသများကို ပုံမှန်အခြေအနေထိ ရောက်အောင်ထိန်းချုပ်ကာ သူမအား ညှိနှိုင်းသည့် လေသံဖြင့် ပြောလိုက်သည်။

“ဒီလိုဆိုရင်ရော မင်းတောင်းဆိုလို့ရမဲ့ အခြေအနေ တစ်ခု ထပ်ပေးမယ်လေ။”

သူမ၏ မာနကို မချချင်သော်လဲ ဖမ်းဝမ်ကို အများကြီး ဆန့်ကျင်နေလို့ မရမှန်း ဟဲကျစ်ယန် နားလည်သေးသည်။

တစ်ယောက်ယောက်က အခွင့်အရပေးလာလျှင် သူမက ချက်ချင်း ယူရပေမည်။

သူမသည် အပူလျှပ်နေသော လူများကိုကြည့်လိုက်၏။ ဖန်းမိသားစုမှာ အဆင်ပြေသေးသည်။ နေ့လည်ခင်းက ငါးတချို့ စားခဲ့သောကြောင့် ဖြစ်နိုင်ပေသည်။ သူတို့၏ ခန္ဓာကိုယ်မှာ ကိုယ်ခံအားရှိကာ လူသုံးယောက်သာ လဲနေကြသည်။

ဟယ်မိသားစုနှင့် လီမိသားစုမှာ အခြေအနေ ဆိုးနေကြ၏။ မိသားစု ၂ ခုပေါင်း လူ ၃၀ ကျော်ရှိရာ ဆယ်ယောက်အောက်သာ မတ်တပ်ရပ်နိုင်ကြတော့သည်။

“အရာရှိဖမ်းက ဒီနည်းလမ်းသုံးမှတော့ ကျွန်မလဲ မျက်နှာသာပေးတဲ့အနေနဲ့ တချို့တစ်လေကို ကယ်ပေးရတော့မှာပေါ့။”

All Chapters