ယွင့်လိုင်ကောင်တီသို့ဝင်ခြင်း
Vol. 3 Ch. 37
သူမ စကားပြောပြီးနောက် ဟဲကျစ်ယန်သည် မနေ့က ခူးထားသော ဆေးပင်များကိုယူကာ ဆေးကြိုရန်အတွက် မီးမွှေးလိုက်၏။
နာရီဝက်မကြာခင်ပင် ဆေးအားလုံး ကြိုလို့ပြီးသွားခဲ့သည်။
အရာရှိများက ဆေးယူရန် လာခဲ့ကြသော်လဲ ဟဲကျစ်ယန်က တားလိုက်သည်။
“အရာရှိဖမ်း ပြောတယ်လေ၊ ကျွန်မ ကုပေးချင်တဲ့လူကို ကျွန်မကိုယ်တိုင် ရွေးချယ်မယ်။”
နှစ်ယောက် စကားပြောနေသည်ကို ကြားခဲ့သော ကျိုးလောင်ပါ့သည် ထိုအရာက ခေါင်းဆောင်စကားအတိုင်း ဖြစ်သောကြောင့် သဘောတူလိုက်၏။
“ကောင်းပြီ၊ ငါတို့ မင်းကို ကူသယ်ပေးမယ်။ ပြီးရင် မင်းကြိုက်တဲ့လူကို ပေးပေါ့။”
ဟဲကျစ်ယန်သည် ရှေ့မှလျှောက်ကာ အရင်ဆုံး ဖန်းမိသားစုဆီ သွားလိုက်သည်။
သခင်မကျောက်သည် သူမ ရောက်လာသည်ကို တွေ့သည်နှင့် ကယ်တင်ရှင်ပေါ်လာပြီဟု သိလိုက်လေသည်။
“မိန်းကလေးဟဲ ကျွန်မမိသားစုရဲ့ကိုယ်စား ကျွန်မ တကယ်ပဲ ကျေးဇူးတင်ပါတယ်။”
ဟဲကျစ်ယန်က သူမကို ခေါင်းငြိမ့်ပြလိုက်ကာ အရာရှိများကို ဆေးဝေပေးခိုင်းလိုက်သည်။
ဤတစ်ကြိမ်တွင် ဖန့်ချွမ်ကျိုးသည်လည်း အပူလျှပ်ခြင်းမှ ပြေးမလွတ်ခဲ့ပေ။ သို့သော် လက္ခဏာများမှာ အရမ်းမပြင်းထန်ဘဲ ခေါင်းမူးခြင်းနှင့် မူးဝေနေခြင်း နည်းနည်းသာဖြစ်သည်။
ဟဲကျစ်ယန်သည် သူ့အား ဆေးပန်ကန်တစ်လုံး ပေးလိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။
“ဦးလေးဖန်း၊ ညကျရင် ကျွန်မယောက်ျားဆီ လာဖို့ မမေ့ပါနဲ့”
ဖန့်ချွမ်ကျိုးသည် ဆေးပန်းကန်ကိုကိုင်ထားရင်း ခေါင်းငြိမ့်လိုက်၏။ “ကောင်းပြီ ငါသေချာပေါက် လာခဲ့မယ်”
ဟဲကျစ်ာန်သည် အရာရှိများအား ဖန်းမိသားစုထဲရှိ အပူလျှပ်နေသော တခြားလူများကို ဆေးဝေခိုင်းလိုက်သည်။ ထို့နောက်မှ လီမိသားစုနှင့် ဟယ်မိသားစုဆီ သွားလိုက်၏။
လီမိသားစုနှင့် ဟယ်မိသားစုသည် မော့မိသားစုကို အလွန်မုန်းတီးသော်လဲ အခုအချိန်တွင်တော့ ဘာမှမဖော်ပြဝံ့ပေ။
သူတို့ကို ကယ်တင်ရမည့် ဆေးရည် လိုအပ်သေးသည်။
ဟဲကျစ်ယန်သည် တစ်ချက်ကြည့်လိုက်ပြီး ဤလူများ၏ လက္ခဏာမှာ မပြင်းထန်လှပဲ တချို့လူများက တမင်တကာ မြေပေါ်လှဲနေကြခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူတို့က ခရီးကို ဆက်မသွားလိုကြခြင်းသာ ဖြစ်ပေမည်။
သူမသည် ထိုလူများကို မဖော်ထုတ်လိုက်ဘဲ အသက်ကြီးသူတချို့နှင့် အငယ်များကိုရွေးကာ ဆေးဝေပေးလိုက်သည်။
တခြားလူများကိုတော့ လျစ်လျူရှုရန်သာ ရွေးချယ်လိုက်၏။
ဆေးအကျန်နည်းနည်းဖြင့် သူမ ထွက်ခွာတော့မည့်အချိန်တွင် အနောက်ဘက်မှ လီရို့အာ၏ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
“ဟဲကျစ်ယန်၊ နင်က လူ့အသက်တောင် မကယ်ချင်တဲ့ မိစ္ဆာမပဲ။ မော့ကျိုးယွီက နင်လိုလူမျိုးကို လက်ထပ်မိတာ သူ့အတွက်တော့ ၈ ဘဝလောက် ကံဆိုးတာပဲ။”
ဟဲကျစ်ယန်ရှေ့တွင် ထိုကဲ့သို့သော စကားမျိုးပြောဖူးခဲ့သူ မရှိပေ။
သူမ ပြန်ဆဲတော့မည့်အချိန်တွင် ကြာပွတ်သံတစ်ချက်နှင့်အတူ လီရို့အာ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
ကျန်းချင်က ကြာပွတ်ကို မြန်မြန်နှင့် အားပြင်းပြင် ရိုက်ချလိုက်ခြင်းပင်။
“ပါးစပ်ပိတ်ထားစမ်း၊ သူမ မင်းတို့ကို မကယ်ချင်တာ မအံ့ဩတော့ပါဘူး။ ငါသာဆိုလဲ မင်းတို့ကို မကယ်ဘူး။”
ကြာပွတ်ဒဏ်သည် လီရို့အာ၏ ညာဘက်လက်နှင့် ပေါ်နေသော လည်ပင်းသားတို့ကို ထိမှန်သွားခဲ့သည်။
လီရို့အာသည် သူမ လည်ပင်းကို အုပ်ထားရင်း မျက်လုံးမှာလဲ မယုံကြည်နိုင်မှုတို့ ပြည့်လျှံနေခဲ့သည်။
“အရာရှိကြီး ဒါက မတရားတာပဲ။ ဟဲကျစ်ယန်က ကျွန်မတို့ကို ဆေးတောင် မတိုက်ခဲ့ဘူး။ ရှင်က သူမကို မပြောရုံသာမကဘူး၊ အခု မျှမျှတတပြောပေးတဲ့ ကျွန်မကို ရိုက်လိုက်သေးတယ်။”
ကျန်းချင်သည် လီရို့အာ၏ စကားများကို ရယ်လိုက်ရင်း နောက်တစ်ခေါက် ပြင်းပြင်းထန်ထန် ထပ်ရိုက်လိုက်၏။
“ငါ မင်းကို သဘောမကျဘူး၊ သေအောင် ရိုက်ပစ်မယ်။”
လီရို့အာက အရာရှိကို ထပ်ပြီးစော်ကားမိတာကိုမြင်သောအခါ အမျိုးသမီးကျူးသည် သူမအား ချက်ချင်း ဘေးသို့ ဆွဲလိုက်သည်။
“အရာရှိကြီး၊ ကျွန်မရဲ့ မိန်းကလေးက မသိတတ်လို့ပါ သူမကို ဒီတစ်ခေါက်လေး ခွင့်လွှတ်ပေးပါ”
အမျိုးသမီးကျူးသည် ပြောရင်းနှင့် ကျန်းချင်အား အကြိမ်ပေါင်းများစွာ ကန်တော့နေခဲ့သည်။
ထိုအရာကိုမြင်သောအခါ ကျန်းချင်၏ ဒေါသများ အတော်လျော့သွားခဲ့သည်။
“အခုကစပြီး သူမရဲ့ အဲ့ဒီအထိန်းအကွပ်မရှိတဲ့ပါးစပ်ကို ပိတ်ခိုင်းထား။ သူမ မဟုတ်တာတွေ လျှောက်ပြောနေတာ နောက်တစ်ခေါက် ထပ်ကြားရရင် ကြာပွတ်ဒဏ် ၂ ချက်လောက်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။”
လီရို့အာသည် အခုလေးတင် အလွန်ဒေါသထွက်နေခဲ့သောကြောင့် အရာရှိများရှေ့တွင် ကလန်ကဆန် ပြောခဲ့မိသည်။
အခု သူမ စိတ်ငြိမ်သွားသောအခါ အလွန်ကြောက်လန့်သွားရ၏။
သို့သော် သူမသည် ဟဲကျစ်ယန်အား ပိုလို့ပင် မုန်းတီးလာရသည်။
သူမသည် အမျိုးသမီးကျူး၏ဘေးတွင် ဒူးထောက်ကာ နူးနူးညံ့ညံ့လေး ငိုလိုက်ပြီး ပြည်နှင်ဒဏ်ခရီးကို ဘယ်လိုသက်သာအောင် လုပ်ရမလဲဟု အကြံထုတ်နေခဲ့သည်။
သူ၏ ပုံမှန် သိတတ်လိမ္မာသော သမီးက အခုလိုဖြစ်သွားသည်ကို မြင်သောအခါ လီလျန့်မှာ ခေါင်းကိုက်လာရသည်။
ကံကောင်းစွာပင် အမျိုးသမီးကျူးက သိတတ်သောကြောင့် အချိန်မှီ တောင်းပန်လိုက်နိုင်သည်။
မဟုတ်ပါက ထိုအရာရှိများ၏ ဒေါသနှင့် ထိုလူများသည် လမ်းတွင် လီမိသားစုကို ခက်ခဲအောင် မလုပ်ဟု မပြောနိုင်ပေ။
အရာရှိများနှင့် ဟဲကျစ်ယန် ထွက်သွားသောအခါ လီလျန့်သည် လီရို့အာကို ပြင်းထန်စွာ စိုက်ကြည့်လိုက်၏။
“အခုကစပြီး အပြင်လူတွေရှေ့ဆို ပါးစပ်ပိတ်နေ”
“အဖေ ...” လီရို့အာသည် လီလျန့်အား စိတ်ဆိုးစွာ ပြန်ကြည့်လိုက်ပြီး တစ်ခုခု ရှင်းပြချင်သော်လဲ စကားသံဖြင့် တားဆီးခံလိုက်ရသည်။
“အခု ပါးစပ်ပိတ်ထားတော့”
လီရို့အာသည် ချက်ချင်းပဲ တိတ်သွားကာ အမျိုးသမီးကျူး၏ လက်မောင်းထဲတွင် မျက်ရည်များ သုတ်နေခဲ့ရသည်။
ဟဲကျစ်ယန်သည် အိုးထဲရှိ ဆေးရည်အကျန်များကိုကြည့်ကာ အပူလျှပ်မနေသော ဖန်းမိသားစုဝင်များကို ဝေမျှပေးလိုက်သည်။ ဒါက အကာအကွယ် တစ်ခု ဖြစ်လာပေမည်။
သူမသည် ထိုလူများအား မော့မိသားစုကို ရန်စခြင်းက ကောင်းကျိုးမရှိကြောင်း သိစေချင်သည်။
ကျန်ရှိနေသော ဆေးရည်များကို ရန်သူများဆီ ပေးမည့်အစား အပူမလျှပ်သေးသော တခြားလူများကိုသာ ပေးလိုက်မည်ဖြစ်သည်။
၂ နာရီခန့် ဆက်သွားပြီးနောက် လူတန်းကြီးမှာ ယွင့်လိုင်ကောင်တီ အဝင်ဝသို့ ရောက်ရှိလာကြသည်။
အရာရှိများမှာ ဤနေရာနှင့် အလွန်ရင်းနှီးနေပုံပင်။ မြို့ထဲဝင်ပြီးသည်နှင့် သူတို့သည် မြို့အနောက်ဘက်ရှိ တည်းခိုဆောင်တစ်ခုဆီသို့ သွားလိုက်ကြသည်။
တည်းခိုဆောင်ကို မြင်သောအခါ အားလုံး သက်ပြင်းတစ်ချက် ချလိုက်ကြ၏။
မနေ့ညက တောကြီးမျက်မည်းထဲတွင် တစ်ညတာ အိပ်စက် အသက်ရှင်နိုင်ခဲ့ခြင်းကို ကောင်းကင်ကြီးကသာ သိပေမည်။
အေးစက်ပြီး မာကျောနေသည်ကို မဆိုထားနှင့်၊ ခြင်ကိုက်ခြင်းကိုလဲ အချိန်တိုင်း ခံကြရသည်။
မနက်အိပ်ရာထသောအခါ သူတို့မျက်နှာနှင့် အဝတ်များတွင် နှင်းစက်များ ရွှဲနေခဲ့၏။
ယနေ့ကတော့ ထူးခြားပေသည်။ တည်းခိုခန်းတစ်ခု ရှိသောကြောင့် သူတို့ အေးအေးဆေးဆေး အိပ်နိုင်ပေမည်။
အထူးသဖြင့် အပူလျှပ်ခံထားရသော မိသားစုဝင်များအတွက်အင်။ သူတို့သည် ဟဲကျစ်ယန်၏ ဆေးရည်ကြောင့် သက်သာလာကြသော်လဲ အားနည်း နေကြသေးသည်။
ကောင်းကောင်း အနားယူနိုင်ပါက သူတို့ က်ုယ်ခံအားများလဲ မြှင့်တက်လာမှာ သေချာပေသည်။
ကျိုးလောင်ပါ့သည် လူတိုင်းကို ကြည့်လိုက်၏။
“ဆယ်ယောက်ခန်းမှာ နေချင်ရင် ငွေ တစ်ချောင်း၊ နှစ်ယောက်ခန်းမှာ နေချင်ရင် ငွေ ၅ ချောင်း၊ ငွေမရှိတဲ့လူတွေက တည်းခိုခန်းဝန်းထဲက တဲထဲမှာ အိပ်လို့ ရတယ်။”
ထိုစကားကို ကြားသောအခါ ဟဲကျစ်ယန်မှာ ချက်ချင်းပင် အထင်သေးသွား၏။ ဒီဈေးနှုန်းတွေနဲ့ သေချာပေါက်ကို သူမတို့ကို မွဲတေအောင်လုပ်နေတာပဲ။
သို့သော် တစ်စက္ကန့်နှင့်ပင် သူမ ဒီတိုင်းဖားလိုက်တော့သည်။ ဒီအရာရှိတွေက ဂုတ်သွေးစုတ်ပြီး ချမ်းသာဖို့ကြိုးစားနေကြတာပဲ။ သူတို့က ဒီလို အခွင့်အရေးမျိုး ဘယ်လွတ်ခံပါ့မလဲ။
တခြားမိသားစုများမှာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကြသည်။
“အရာရှိကြီး၊ ကျွန်တော်တို့မှာ တကယ်ကို ငွေမရှိပါဘူး။”
“ဟုတ်တယ် အရာရှိကြီး၊ ကျွန်တော်တို့ကို သနားပါ။ အပြင်မှာတော့ မနေခိုင်းပါနဲ့။”
“အရာရှိကြီး ကျွန်မတို့ကို သနားပါ။ အယောက် ၂၀ အခန်းထဲ နေရမယ်ဆိုလဲ အဆင်ပြေပါတယ် ...”
ကျိုးလောင်ပါ့သည် စိတ်မရှည်စွာ လက်ကိုဝေ့ယမ်းလိုက်၏။
“စကားမများကြနဲ့။ ငွေရှိတဲ့လူက ရမယ်။ ငွေမရှိရင် အပြင်ဘက်က မြက်တဲထဲမှာပဲ အိပ်ရမယ်။”
တတိယမရီးသည် ချက်ချင်းပင် ငွေတိုငွေစလေးများကိုထုတ်ကာ သခင်မကြီးမော့နှင့် ဟဲကျစ်ယန်နား ကပ်လာသည်။
“အမေ၊ ယောင်းမလေး၊ ကျွန်မတို့ ၁၂ ယောက်ရှိတာ။ ဆယ်ယောက်ခန်းနဲ့ ၂ ယောက်ခန်းယူဖို့ စဉ်းစားထားတယ်။ ဘယ်လိုလဲ။”
သခင်မကြီးမော့မှာ သူမ၏ ချွေးမ စီစဉ်မှုကို အလွန် စိတ်တိုင်းကျသွားရသည်။
“အင်း အဲ့ဒါကောင်းတယ်။ ကျိုးယွီနဲ့ ကျစ်ယန်ကို ၂ယောက်ခန်း နေခိုင်းလိုက်ပါ။ ငါက ချွေးမလေးတွေနဲ့ ဟန်ယွဲ့နဲ့အတူ ဆယ်ယောက်ခန်းမှာ နေလိုက်မယ်။”