ဒီအမျိုးသမီးမှာ အကွက်ပေါင်း သောင်းခြောက်ထောင်ရှိတယ်
Vol. 3 Ch. 40
အရာရှိအများစုက ဟဲကျစ်ယန်သည် လူများကို ရိုက်နှက်သည်ဆိုသော စကားကို မယုံကြည်ကြသော်လဲ ဖမ်းဝမ်ကတော့ ယုံပေသည်။
ဒီအမျိုးသမီးမှာ မတွေ့ဖူးသေးတဲ့ အံ့ဩဖွယ်ရာ စွမ်းရည်များစွာ ရှိနေသေးသည်ဟု သူ ခံစားရသည်။ ယခု ဟယ်ညီအကို၏ သနားစရာ အခြေအနေကိုမြင်ပြီး ဖမ်းဝမ်သည် ဟဲကျစ်ယန်၏ ပြောင်မြောက်သော စွမ်းရည်များထဲတွင် “အတိုက်အခိုက် ကျွမ်းကျင်ခြင်း” ကိုပါ ပေါင်းထည့်လိုက်တော့သည်။
ဖမ်းဝမ်၏ စိတ်ထဲတွင် ဤအမျိုးသမီးမှာ သူ၏ အမိန့်အောက်တွင် ရှင်သန်နေရသော်လဲ စော်ကားမော်ကား သွားစလို့ရသည့် လူ မဟုတ်ပေ။ သူလဲ သူမအား ရန်မဝံ့ပေ။
အထူးသဖြင့် အခုအချိန်ပင်။ သူမမိသားစုမှ ယူလာသော ဟင်းကောင်းများကို စားသောက်နေသည်ဖြစ်သောကြောင့် နောက်တွင်လဲ ဒီလို ဟင်းကောင်းမျိုး အများကြီး ရလာမှာ သေချာပေသည်။
ဖမ်းဝမ်အနေဖြင့် သူ့အား အကျိုးအမြတ်များစွာ ယူဆောင်ပေးနိုင်သောလူကို ကာကွယ်ရမည်မှာ ပုံမှန်ပင်ဖြစ်သည်။
ဖမ်းဝမ်သည် ဟယ်ညီအကိုကို အထင်သေးစွာ ကြည့်လိုက်၏။
“မင်းတို့ပြောတာ ဟဲကျစ်ယန်က မင်းတို့ကို ရိုက်လိုက်တယ်ပေါ့လေ။”
“အဲ့ဒါ တကယ်အမှန်ပါ အရာရှိကြီး၊ ဟဲကျစ်ယန် ကျွန်တော်တို့ကို ရိုက်သွားတာပါ” ဟယ်ညီအကိုမှာ အလွန်အနိုင်ကျင့်ခံလိုက်ရသည်ဟု ခံစားနေရသည်။
မြို့တော်တွင် နှစ်ပေါင်းများစွာ မောက်မာစွာနေခဲ့ကြပြီးနောက် အခုတစ်ကိ့မ်က အမျိုးသမီးတစ်ယောက်ဆီမှ အရိုက်ခံရသည့် ပထမဆုံးအကြိမ်ပင်။ ဒီအချိန်တွင် ဟယ်ညီအကိုမှာ သူတို့ ဟဲကျစ်ယန်ကို သတ်ပစ်နိုင်ဖို့သာ ဆုတောင်းနေမိကြသည်။
“မင်းတို့ကြည့်ရတာ အသက်ဆက်မရှင်ချင်တော့ပုံပဲ။ ငါတို့ကိုတောင် လာလှည့်စားရဲတယ်” ကျန်းချင်သည် နားထောင်နေရင်း ပိုဒေါသထွက်လာကာ တူကိုစားပွဲပေါ်ပစ်ချပြီး ဟယ်ညီအကိုအား အော်လိုက်သည်။
ဟယ်ညီအကိုမှာ ကြောက်လန့်သွားကာ ခန္ဓာကိုယ်က တုန်ယင်သွားရ၏။
သို့သော် သူတို့ပြောလိုက်သည်က အမှန်တရားပင်။ သူတို့ ဒီတစ်ခေါက် ရောက်လာရခြင်းမှာ တရားမျှတမှု လိုချင်၍သာဖြစ်သောကြောင့် ခေါင်းမာမာနှင့်သာ ဆက်တောင်းဆိုရပေမည်။
“အရာရှိကြီး ကျွန်တော်တို့ တကယ်မလိမ်ပါဘူးဗျာ။”
ဖမ်းဝမ်သည် ကျန်းချင်က ဒေါသထွက်နေတုန်းပဲဆိုတာ မြင်လိုက်ပြီး ညနေစာစားပွဲဝိုင်းလေး၏ လေထုပျက်ယွင်းမသွားအောင် ဝင်ထိန်းလိုက်၏။
“မင်းတို့ကို ဟဲကျစ်ယန်က ရိုက်လိုက်တယ်လို့ ပြောတယ်ဆိုတော့ သက်သေရှိကြလား။”
ဟယ်ညီအကိုသည် သူတို့ကို ကူညီပေးသော မိသားစုဝင်အချို့ကို လက်ညှိုးထိုးပြလိုက်၏။
“အရာရှိကြီး ကျွန်တော့မိသားစုတွေ သက်သေခံပေးလို့ရပါတယ်။”
ဖမ်းဝမ်သည် ရှိနေသော ဟယ်မိသားစုများကို တစ်ချက်ကြည့်လိုက်သည်။
“ဒါကို ထည့်တွက်လို့မရဘူး။ မော့မိသားစုဘက်ကလူတွေ ထွက်လာပြီး မင်းက ဟဲကျစ်ယန်ကို ရိုက်ပါတယ်လို့ပြောရင်ရော ယုံမှာလား။”
“ဒါက ...” ဟယ်ညီအကိုမှာ ရုတ်တရတ် စကားလုံးများ ပျောက်ဆုံးသွားရပြီး ဘာဆက်ပြောရမလဲ မသိကြတော့ပေ။
ဖမ်းဝမ်က လက်ကိုဝေ့ယမ်းလိုက်သည်။ “ငါ ဒီနေ့စိတ်ကောင်းဝင်နေတယ် ဒါကြောင့်မို့ မင်းတို့ရဲ့ စွပ်စွဲချက်အမှားကြီးကို အပြစ်မယူတော့ဘူး။ မြန်မြန် သွားကြတော့။”
ဟယ်ညီအကိုက စိတ်ပျက်လက်ပျက်နှင့် အကူအညီမဲ့စွာ ထွက်သွားတော့မည့်အချိန်တွင် တံခါးအပြင်ဘက်မှ မိန်းကလေးသံ တစ်ခု ထွက်ပေါ်လာသည်။
“အရာရှိကြီး ဟဲပျစ်ယန်က လူတွေကို ရိုက်နှက်နေတာ ကျွန်မမျက်လုံးနဲ့ မြင်ခဲ့ရလို့ သက်သေခံပေးနိုင်ပါတယ်။”
ဖမ်းဝမ် တံခါးဆီသို့ကြည့်လိုက်ရာ ထိုလူက လီရို့အာ ဖြစ်နေသည်။
သူ စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ ဟဲကျစ်ယန်က လီရို့အာကို ဘယ်လိုများ ရန်စထားမိလို့ ဒီမိန်းကလေးက အချိန်တိုင်း ပြဿနာရှာဖို့ ရောက်ရောက်လာရတာလဲ။
လီရို့အာသည် စကားပြောရင်းနှင့် အထဲသို့ ဝင်လာခဲ့သည်။
“အရာရှိကြီး၊ ဟဲကျစ်ယန်က လူတွေကို ရိုက်နှက်နေတာ ကျွန်မမြင်ခဲ့ပါတယ်။ အဲ့ဒါ တကယ် အမှန်ပါ။”
လူအများကြီး ရှိနေလေရာ ဖမ်းဝမ်သည် ဟဲကျစ်ယန်ကို မျက်နှာသာပေးပြီး ကာကွယ်ပေးချင်ရင်တောင် ပေါ်တင်ကြီးလုပ်လို့ မရတော့ပေ။
“ဒါက ဒီလိုဆိုမှတော့ ဖြေရှင်းဖို့ ဟဲကျစ်ယန်ကို သွားခေါ်လိုက်။”
တစ်ယောက်က ဟဲကျစ်ယန်ကို သွားခေါ်နေချိန်တွင် ဖမ်းဝမ်သည် ဟယ်မိသားစုကို နှင်ထုတ်ကာ လီရို့အာတစ်ယောက်ထဲကို မေးမြန်းလိုက်သည်။
“မင်းပြောတာ ဟဲကျစ်ယန်က တစ်ယောက်ယောက်ကို ရိုက်နှက်ခဲ့တယ်ဆို။ ကိစ္စ အစအဆုံး ငါ့ကိုပြောပြစမ်း။”
ပြောရမည်ဆိုလျှင် ဖမ်းဝမ်သည် ပြည်နှင်ဒဏ်ပေးခံရသော အကျဉ်းသားများကို လိုက်ပို့ခြင်းကို တာဝန်ယူထားပြီး သူ၏ တကယ့်အရည်အချင်းများကို ဖြုန်းတီးနေသည်ဟု ဆိုရပေမည်။ အခုအချိန်တွင် သူ၏စစ်ဆေးမေးမြန်းမှု အရည်အချင်းမှာ မြို့တော်က အရာရှိများအောက်တော့ လုံးဝ မကျနေပေ။
လီရို့အာသည် ဟဲကျစ်ယန်က တစ်စုံတစ်ယောက်ကို ရိုက်လိုက်သည်ကို မမြင်ခဲ့ပေ။ သူမ၏ အဓိကရည်ရွယ်ချက်မှာ ဟဲကျစ်ယန်ကို ဒုက္ခရောက်စေလိုခြင်းသာ ဖြစ်ပေသည်။
သူမက တစ်ဖက်လူကို မျက်နှာပျက်အောင် မလုပ်နိုင်သောကြောင့် ဤအရာရှိများကို တစ်ဖက်လှည့်နှင့် အသုံးချလိုက်ခြင်းသာ ဖြစ်သည်။
သူမ၏ စကားလုံးများကို ပိုပြီးယုံကြည်လာစေရန် အလွန်ချဲ့ကားပြောဆိုလိုက်သည်။
“အရာရှိကြီး ကျွန်မမြင်ခဲ့တာက ဟဲကျစ်ယန်က တုတ်အကြီးကြီး၊ အရှည်ကြီးကို လက်ထဲမှာ ကိုင်ထားတာ။ သူမက ဟယ်မင်ကို အရင်ရိုက်ချလိုက်တာ ပြီးတော့ အဲ့ဒီအတိုင်းပဲ ဟယ်လျန့်ကို ရိုက်ပြန်ရော။ နောက်ဆုံး သူတို့ ဘာမှပြန်မတိုက်ခိုက်နိုင်တော့ဘူးဆိုမှ ရပ်ပေးလိုက်တာပါ။”
ဖမ်းဝမ် အံ့ဩစွာ ခေါင်းငြိမ့်လိုက်၏။ “အမ်း... မင်းအရင်ထပါ။”
ထိုအချိန်တွင် ဟဲကျစ်ယန် ရောက်ရှိလာသည်။
သူမ ထမင်းစားလို့ မပြီးခင်ဘဲ တစ်ယောက်ယောက်ကလာခေါ်ရင် ထမင်းစားပျက်သွားမလားဟု တွေးမိနေခဲ့သေးသည်။ ဟို့သော် ဟယ်ညီအကိုက ဒီလောက်နှေးကွေးနေမည်ဟု သူမ မထင်ခဲ့မိပေ။
သူမ ထမင်းစားပြီးလို့ ဗိုက်တင်းနေမှ အရာရှိများက သူမကိုခေါ်ရန် ရောက်လာကြသည်။
အရာရှိများက ဟယ်ညီအကိုကိုလဲ ပြန်ခေါ်ခဲ့ကြကာ ဖမ်းဝမ်ရှေ့တွင် ဟဲကျစ်ယန်နှင့် ဘေးချင်းယှဉ်ရပ်စေလိုက်၏။
“မိန်းကလေးဟဲ၊ ဟယ်ညီအကိုက ပြောတယ် မင်း သူတို့ကို ရိုက်တာဆို။ အဲ့ဒါ တကယ်ပဲလား။”
ဟဲကျစ်ယန်သည် သူတို့အား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမသည် ဟယ်ညီအကိုဘက်သို့ ခန္ဓာကိုယ်ကို စောင်းပြလိုက်ပြီး သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးကို တမင်တကာ ယှဉ်ပြလိုက်သည်။
“ခေါင်းဆောင်ဖမ်း၊ ရှင်တကယ်ပဲ ဒါကိုယုံတာလား။”
ဖမ်းဝမ်မှာ သူမ၏ စကားကြောင့် ရယ်ချင်သွားရသည်။
ဒီအမျိုးသမီးကတော့ အင်္ကျီလက်ထဲမှာ အကွက်ပေါင်း သောင်းခြောက်ထောင် ရှိနေတာပဲ ...
“အဟမ်း အဟမ်း ... ဒါက ငါယုံတာ မယုံတာ ပြဿနာ မဟုတ်ဘူး။ ဟယ်မိသားစုမှာ သက်သေရှိနေတယ်။”
ထိုအခါမှသာ ဟဲကျစ်ယန်၏ အကြည့်များက လီရို့အာထံ ကျသွားရသည်။
“ခေါင်းဆောင်ဖမ်း၊ ရှင်ပြောတဲ့ သက်သေဆိုတာ လီရို့အာလို့တော့ မပြောနဲ့နော်။”
“ငါဆိုတော့ ဘာဖြစ်လို့လဲ။ ဟဲကျစ်ယန် နင် ဟယ်ညီအကိုကို ရိုက်နှက်နေတာ ငါ့မျက်လုံးနဲ့မြင်ခဲ့တာ။ ဒါက အမှန်တရားပဲ။ နင် ထွက်ပြေးဖို့ မကြိုးစားနဲ့” လီရို့အာမှာ ကိုယ့်ကိုယ်ကို ဟုတ်လှပြီဟု ထင်နေခဲ့သည်။
ဟဲကျစ်ယန်က ဘယ်လိုအစွမ်းနဲ့များ ဒီအခြေအနေကို ပြောင်းပြန်လှန်နိုင်မလဲ သူမ မြင်ချင်သေးသည်။
ဟဲကျစ်ယန် ထေ့ငေါ့လိုက်၏။ “လီရို့အာ ငါတို့ သူငယ်ချင်းကောင်းတွေဖ့စ်ခဲ့ပြီး အရာအရာကို မျှဝေခဲ့တာကို မေ့ထားရင်တောင်မှ၊ ငါတို့ကြားမှာ အထင်လွဲမှုလေးတွေ ရှိနေတာနဲ့ပဲ နင် ငါ့ကို ဒီလိုတော့ ပစ်မှတ် မထားသင့်ဘူးလေ ဟုတ်တယ်မလား။”
သူမ စကားပြောပြီးနောက် ဟဲကျစ်ယန်သည် ဟယ်ညီအကိုကို လက်ညှိုးထိုးလိုက်၏။
“သူတို့ရဲ့ ခန္ဓာကိုယ်ကို ကြည့်ပါဦး၊ ကျွန်မက သူတို့ကို ရိုက်နိုင်မှာတဲ့လား။”
အရာရှိများမှာ လီရို့အာ၏ တိကျသောစကားများကြောင့် ဟဲကျစ်ယန်က လူတွေကိုရိုက်သည်ဆိုတာကို ယုံမိတော့မလို ဖြစ်သွားကြသည်။
သို့သော် ယခု သူမနှင့် ထိုနှစ်ယောက်ကြားက ခန္ဓာကိုယ် အရွယ်အစား ကွာဟမှုကြီးကိုကြည့်ကာ သူတို့ ဘယ်လိုပဲ စဉ်းစားပါစေ ဟဲကျစ်ယန်က ထိုလူသန်ကြီးနှစ်ယောက်ကို အလဲထိုးနိုင်မည်ဟု မယုံကြည်နိုင်ကြတော့ပေ။
ထို့ကြောင့် အရာရှိများ၏ အကြည့်များမှာ မရည်ရွယ်ပါဘဲ လီရို့အာထံသို့ စုပြုံသွားကြ၏။
လူတစ်ယောက်ကသာ တခြားလူများနှင့် ကွာခြားနေသည်။
ထိုလူသည် လီရို့အာအား ဆက်မပြောတော့ရန် မျက်လုံးများဖြင့် အချက်ပြကာ သတိပေးနေပုံရသည်။
သို့သော် ထိုအရာများက ဟဲကျစ်ယန်၏ မျက်လုံးထဲမှ မလွတ်မြောက်နိုင်ပေ။
သူမသည် လီရို့အာကို အချက်ပြနေသော အရာရှိအားကြည့်ကာ စိတ်ထဲတွင် အတွေးများ ပေါ်ပေါက်လာသည် ...
ကိစ္စများက ပိုပြီး ဖရိုဖရဲဖြစ်လာသည်ကို မြင်သောအခါ ဖမ်းဝမ်သည် ဤကိစ္စကို မြန်မြန်ရှင်းကာ ထမင်းဆက်စားချင်သေး၏။
“တော်လောက်ပြီ၊ ဟယ်ညီအကိုကိုပဲ ပြောခိုင်းလိုက်တော့။ သူမက မင်းတို့ကို ဘယ်လိုရိုက်ခဲ့တာလဲ။”
ထိုမေးခွန်းကြောင့် လီရို့အာမှာ ပျာယာခတ်သွားရသည်။ သူမသည် ဟယ်ညီအကိုအား မျက်လုံးဖြင့် မျက်စပစ်ကာ အချက်ပြလိုက်၏။
သို့သော် ဟယ်ညီအကိုမှာ ဟဲကျစ်ယန်ကို မုန်းတီးစွာ စိုက်ကြည့်နေကြသောကြောင့် လီရို့အာ၏ အချက်ပြမှုကို လုံးဝ မမြင်လိုက်ကြပေ။
ဟယ်လျန့်က ရှေ့သို့တက်ကာ ပြောလိုက်သည်။ “အရညရှိ၊ ဟဲကျစ်ယန်က ကျွန်တော့်ဗိုက်ကို ထိုးတယ်၊ ပြီးတော့ ကျွန်တော့်ကို လဲကျအောင် လုပ်ပြီး ကျောကိုလဲ ရိုက်တယ်...”
လီရို့အာ ကြက်သေသေသွားရသည်။
သူမက အလွန်ကောင်းမွန်စွာ စီစဉ်ခဲ့သည်။ သူမသာ ဟယ်ညီအကိုအတွက် သက်သေခံပေးပါက ဟဲကျစ်ယန်က သူတို့ကို တကယ်မရိုက်ခဲ့ရင်တောင် သူမ စိတ်ပျက်လက်ပျက် ထွက်ခွာသွားရမှာပင်။
ဖမ်းဝမ်က အရမ်းအသေးစိတ်လွန်းပြီး အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်လိမ့်မယ်လို့ ဘယ်သူကထင်ပါ့မလဲ။
ဖမ်းဝမ်သည် စားပွဲကို အားဖြင့်ရိုက်လိုက်သောကြောင့် တူများ မြေကြီးပေါ်သို့ ကျသွားကြသည်။
“လီရို့အာကို ဆွဲထုတ်သွားပြီး ကြာပွတ်ဒဏ် ဆယ်ချက်ပေးလိုက်။”
“အရာရှိကြီး၊ ဟဲကျစ်ယန်က လူတွေကို ရိုက်နှက်နေတာ ကျွန်မ တကယ်မြင်ခဲ့တာပါ၊ ကျွန်မပြောတာ အကုန် အမှန်တွေပါ။”
ဤအချိန်တွင် လီရို့အာသည် ကိစ္စများ ပြောင်းလဲသွားလေမလားဟု မျှော်လင့်ပြီး ခေါင်းမာမာဖြင့်သာ ဆက်ပြောနိုင်တော့သည်။
အရာရှိများမှာ သူမကို ဆက်ပြောခွင့်ပင် မပေးကြဘဲ ဆွဲထုတ်သွားကြရန် သူမနားသို့ ရောက်လာကြ၏။
အရာရှိများ၏ စိတ်ထဲတွင် လီရို့အာက သက်သေအမှားပြောနေသဖြင့် ဟယ်ညီအကိုကို ဟဲကျစ်ယန်ရိုက်နှက်ခဲ့သည်ဆိုတာလဲ အမှားဖြစ်သည်ဟု ယုံကြည်သွားကြတော့သည်။
လီရို့အာကို ကြည့်နေသော အရာရှိများမှာ သူမကို ဖမ်းကာ အမြန်လှုပ်ရှားလိုက်သည်။
“ကျန်းချင် ဒီကိစ္စလေးကို ဖြေရှင်းဖို့ ငါနဲ့သာလွှဲထားလိုက်တော့။ မင်း ပြန်သွားပြီးတော့ ခေါင်းဆောင်နဲ့အတူ အဖော်လုပ်ပြီး ထမင်းစားပေးလိုက်ဦး။”