တည်းခိုခန်း မီးဖိုချောင်ကို ငှားရမ်းခြင်း
Vol. 3 Ch. 38
တတိယမရီးက ဟဲကျစ်ယန်နှင့် ဆွေးနွေးပြီးနောက် ငွေများကို ဆန်းတာ့ကျိုးအား ပေးလိုက်သည်။
ဟဲကျစ်ယန်၏ အတွေးအရဆိုလျှင် သူမသည် လူ ၁၂ ယောက်လုံး ဆယ်ယောက်ခန်းထဲ နေချင်သည်သာ။ ထိုမှသာ တစ်ယောက်နှင့်တစ်ယောက် စောင့်ရှောက်နိုင်မည်ဖြစ်သည်။
အန္တရာယ် တစ်ခုခု ရှိလာလျှင်လဲ သူမနှင့် မော့ကျိုးယွီက တခြားလူများကို အချိန်မှီ ကာကွယ်ပေးနိုင်ပေမည်။
တတိယမရီးက အရင်ဆုံးဖြတ်လိုက်မယ်လို့ ဘယ်သူထင်ပါ့မလဲ။
သခင်မကြီးမော့နှင့် တတိယမရီးတို့က ကောင်းစွာ စီစဉ်ပြီးဖြစ်သောကြောင့် ဟဲကျစ်ယန် မငြင်းလိုက်တော့ပေ။ သူမလဲ အရမ်းကြီး ဝင်မပါချင်သောကြောင့် ဖြစ်သည်။
မော့ကျိုးယွီနှင့် တစ်ခန်းထဲ နေရခြင်းသာဖြစ်ပြီး ကိစ္စကြီးလဲ မဟုတ်ပေ။ အဆိုးဆုံးမှ သူမ ကြမ်းပြင်ပေါ် အိပ်ရရုံသာ ရှိသည်။
ဖမ်းဝမ်သည် တတိယမရီးပေးလာသော ငွေများကို သိမ်းလိုက်ပြီး တခြားမိသားစုများကို ကြည့်လိုက်သည်။
“အခန်းလိုချင်တဲ့လူတွေ ရှိသေးလား။”
ဒါပေါ့ သူတို့လဲ အခန်း တစ်ခန်း လိုချင်သည်။ ဘယ်သူကတော့ အပြင်က တဲထဲမှာ နေချင်မှာလဲ၊ အဲ့ဒါက တောထဲ အိပ်ရတာနဲ့ ဘာမှမခြားပေ။
ကံမကောင်းစွာပင် သူတို့၏ အိတ်များမှာ သူတို့မျက်နှာထက်ပင် ပိုပြောင်နေသေး၏။ ထို့ကြောင့် အခန်းငှားဖို့ရာ ငွေ တစ်တုံးမှ ရှိမနေပေ။
ဟဲကျစ်ယန်သည် အခွင့်အရေးယူကာ ဒုတိယမရီးဆီသို့ သွားလိုက်ပြီး သူမအား ငွေချောင်း တစ်ချောင်း ထိုးပေးလိုက်သည်။
“ဒုတိယမရီး၊ ရှဲ့မိသားစုကို အခန်းငှားပေးလိုက်ပါ။”
ဒုတိယမရီးမှာ ထင်ထင်ရှားရှား မရှိလှသည့် ငွေချောင်းတစ်ချောင်းကို ကိုင်ထားရင်းပင် လက်ထဲ ကီလို ၁၀၀၀ လောက် လေးလံလာသည်ဟု ခံစားလိုက်ရ၏။
“နဝမ မတ်လေးနဲ့ နဝမ ယောင်းမလေးကို ကျွန်မ မိသားစုကိုယ်စား ကျေးဇူးတင်ပါတယ်ရှင်။”
ထိုအချိန်တွင် သူမလဲ ဟဲကျစ်ယန်ကို အားနာမနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာက ရှဲ့မိသားစု အရေးတကြီး လိုအပ်နေသောအရာ ဖြစ်နေသောကြောင့်ပင်။
ရှဲ့မိသားစုသည် လူတစ်ဒါဇင်ထက် ကျော်သော်လဲ စုပြုံပြီးနေရခြင်းက အပြင်ဘက်တွင် နေရသည်ထက်တော့ ကောင်းသေးသည်။
ဤအရာက ဟဲကျစ်ယန် ကပ်စေးကုတ်နေခြင်း မဟုတ်ပေ။
မော့မိသားစုနှင့် ရှဲ့မိသားစုကြားက ပဋိပက္ခကို သေချာမဖြေရှင်းရသေးသလို တခြားသော မိသားစုများကိုလဲ ထောက်ပံ့ဖို့ မလိုဘူးဟု သူမက ခံစားရသောကြောင့်ပင်။
အနာဂတ်တွင် ရှဲ့မိသားစုနှင့် မော့မိသားစု ပြေလည်သွားခဲ့ပါက သူတို့ ပိုက်ဆံရှာနိုင်မည့် နည်းလမ်းတချို့ သင်ပေးမည်ဖြစ်ပြီး ထိုမှသာ သူတို့၏ အနာဂတ်နေ့ရက်များက သာယာနိုင်မှာ ဖြစ်သည်။
ဖန်းမိသားစုသည် ရှဲ့မိသားစုက ၁၀ ယောက်ခန်း ရသွားသည်ကို မြင်သောအခါ မနာလိုဖြစ်သွားကြရသည်။
ရှဲ့မိသားစုတွင် မော့မိသားစုထဲ လက်ထပ်ထားသော သမီးတစ်ယောက်ရှိမှန်း သူတို့သိထားကြပြီး ထိုအခန်းကလဲ မော့မိသားစု၏ ကျေးဇူးကြောင့် ငှားရမ်းနိုင်ခြင်းပင်။
ကံမကောင်းစွာပင် သူတို့ ဖန်းမိသားစုသည် မော့မိသားစုနှင့် မပြေလည်သေးသည်ဖြစ်ရာ မော့မိသားစုထံမှ ငွေတုံးချေးငှားရန် ပါးစပ်မဟနိုင်ကြပေ။
ဟဲကျစ်ယန်၏ အကဲခတ်နိုင်စွမ်းမှာ အလွန်ကောင်းမွန်သည်ဖြစ်ရာ သူမသည် ဖန်းမိသားစုဝင်များ၏ မျက်နှာထက်မှ ရှုပ်ထွေးနေသော အမူအရာကို မြင်လိုက်၏။
သခင်မကျောက်က ငါးဖြင့်လဲလှယ်ခဲ့သော လက်စွပ်အကြောင်း တွေးလိုက်သောအခါ ထိုအရာက ငွေချောင်း ရာပေါင်းများစွာ တန်ပေသည်။
သူမလဲ တခြားလူများ၏ ကံဆိုးမှုကို အခွင့်ကောင်း မယူချင်သောကြောင့် ခဏတွေးကြည့်ပြီးနောက် သခင်မကျောက်၏ လက်ထဲသို့ ငွေချောင်း တစ်ချောင်း တိတ်တိတ်လေး ထည့်ပေးလိုက်သည်။
အခု မော့မိသားစု၊ ရှဲ့မိသားစုနှင့် ဖန်းမိသားစုတွင် ညဘက် တည်းခိုရန် ကိုယ်ပိုင်အခန်းများရှိသွားကြပြီဖြစ်သည်။
ဟယ်မိသားစုနှင့် လီမိသားစုသာ ကျန်ရစ်တော့သည်။
ထိုမိသားစု ၂ ခုမှာ ယခုအချိန်တွင် မော့မိသားစုကိုသာမက ရှဲ့မိသားစုနှင့် ဖန်းမိသားစုကိုပါ မုန်းတီးနေကြပြီဖြစ်သည်။
ဆန်းတာ့ကျိုးသည် လျင်မြန်စွာ အလုပ်လုပ်ခဲ့ပြီး မိသားစုများထံမှ ငွေများကိုယူကာ အခန်းများ ဖွင့်ပေးလိုက်သည်။ ထို့နောက် မရီးများက မော့ကျိုးယွီကို သယ်ပေးကာ အခန်းထဲဝင်လိုက်ကြသည်။
အရာရှိများမှာ ဂုတ်သွေးစုတ်ရာတွင် အလွန်တော်သည်ဟု ဆိုရပေမည်။
ငွေငါးချောင်းပေးရသော အခန်းမှာ စိုထိုင်းကာ အုံ့မှိုင်းနေ၏။
ပုံမှန်အတိုင်းသာ ငှားရမ်းပါက တစ်ညအိပ်ရန်အတွက် ဝမ် ၁၈၀ လောက်ဆိုလျှင် ရနေပြီဖြစ်သည်။ ထိုအရာကလဲ ကြေးများသော ဧည့်သည်မဟုတ်မှသာဖြစ်သည်။ မဟုတ်ပါက ထိုလူများက သေချာပေါက် မကျေနပ်ချက်များ တိုင်တန်းကြပေမည်။
သို့သော် ဟဲကျစ်ယန်သည် အချိန်နှင့် အခြေအနေများ ကွာခြားနေသော နေရာတွင် သင့်တော်သလိုနေရမည်ဖြစ်ကြောင်း သိပေသည်။ အခန်း အခြေအနေမှာ စိတ်ကျေနပ်စရာ မရှိသော်လဲ ရှိတာက မရှိတာထက်တော့ ကောင်းသေးသည်။
သူမသည် အိပ်ရာကို သေချာပြင်ပြီး မော့ကျိုးယွီ လှဲလို့ရစေရန် ကူညီပေးလိုက်ကာ အပြင်ပြန်ထွက်သွားလိုက်သည်။
နေ့လည်ခင်းတွင် လူတိုင်းက ငါးကင်စားခဲ့ကြသော်လဲ တစ်နေ့လည်လုံး ခရီးနှင်ပြီး သူတို့လဲ ဗိုက်ဆာနေကြပြီဖြစ်သည်။
နောက်ဆုံးတော့ တည်းခိုရန် တစ်နေရာရခဲ့ပြီဖြစ်သောကြောင့် သူမကလဲ အခွင့်အရေးကို လက်လွတ်မခံဘဲ ရအောင် ယူရပေမည်။
သခင်မကြီးမော့နှင့် တခြားလူများအတွက် ဆယ်ယောက်ခန်းမှာ ပိုလို့ပင် နုံချာသေးသည်။
အခန်းထဲရှိ မှိုတက်နေသော အနံ့များကို မဆိုထားနှင့်၊ အိပ်ယာရှည်ကြီးတစ်ခုသာရှိပြီး အပေါ်တွင် မဲညစ်ပြီး မူလအရောင်အဆင်းပင် မမြင်ရတော့သည့် ခေါင်းအုံးများကို တင်ထားလေသည်။
သခင်မကြီးမော့မှာ လိုက်လျောညီထွေရှိသူဖြစ်ပြီး သူမ၏ ချွေးမများနှင့် သမီးဖြစ်သူတို့က မျက်မှောင်ကြုံ့နေသည်ကို မြင်သောအခါ သူဆို့ကို သတိပေးလိုက်၏။
“မနေ့ညက တောထဲက အိပ်ခဲ့ရတာကို ပြန်တွေးကြည့်လ်ုက်၊ ဒီမှာနေရတာကို ကျေနက်သင့်တယ်”
“အမေ ကျွန်မတို့သိပါတယ်၊ ကျွန်မတို့ မညည်းညူပါဘူး။”
ဟဲကျစ်ယန်က ဆယ်ယောက်ခန်းသို့ ရောက်လာသောအခါ သူမ ပထမဆုံး တွေ့လိုက်ရသည်မှာ သခင်မကြီးမော့က ဆုံးမနေခြင်းပင်။
သူမ အားလုံးအတွက် ညစာပြင်ဖို့ စီစဉ်ထားသော်လဲ အကြီးများနှင့် စကားပြောဖို့လိုသည်ဟု ခံစားခဲ့ရပြီး သူမကိုယ်တိုင်လဲ ယောင်းမများ၏ အကူအညီ လိုသေးသည်။
“အမေ ကျွန်မ ဒီကတည်းခိုခန်းပိုင်ရှင်နဲ့ စကားပြောကြည့်ပြီး သူ့ဆီက မီးဖိုချောင်ကို ငှားပြီး အကုန်လုံးအတွက် ညစာလုပ်ပေးမလို့ပါ။”
ညစာ ချက်ပြုတ်မည်ဟူသော စကားကြောင့် မရီးများ၏ မျက်လုံးများ ဝင်းလက်သွားကြသည်။
အကြီးဆုံးမရီးမှာ ဟင်းချက်တော်သောကြောင့် ချက်ချင်း ပြောလိုက်သည်။
“နဝမ ယောင်းမလေး၊ မီးဖိုချောင်အတွက် ကျွန်မ ကူညီနိုင်ပါတယ်။”
ပဉ္စမ မရီးကလဲ ရှေ့သို့တက်လာကာ “ကျွန်မလဲ လုပ်နိုင်တယ်။”
တခြား မရီးများမှာ ဟင်းချက်မတော်သော်လဲ ကူညီဖို့အတွက်တော့ အဆင်သင့်ပင်။
စည်းလုံးညီညွတ်ကြသော မိးသားစုကြီးကိုကြည့်ကာ ဟဲကျစ်ယန်သည် သူမ၏ ကံကောင်းမှုကို စပြီး ကျေးဇူးတင်လာရ၏။
သူမသည် တခြားကမ္ဘာတစ်ခုဆီသို့ ရှုပ်ထွေးပွေလီစွာ ရောက်ရှိလာပြီး ပြည်နှင်ဒဏ်ပေးခံရသည့် မရေမတွက်နိုင်သော နေ့ညများကို ဖြတ်သန်းရမည်ဖြစ်သော်လဲ ဤမျှချစ်ရသော မိသားစုဝင်များ ရရှိနိုင်ခြင်းက သူမအတွက် အကြီးမားဆုံးသော အောင်မြင်မှုကြီးပင်။
“မရီးတို့၊ ဒါက ကျွန်မရဲ့ အကြံဉာဏ်လေးပါ။ လုပ်လို့ ရမရကတော့ သူဌေးနဲ့ ပြောကြည့်ရဦးမယ်။
ပြီးတော့ ကျွန်မတို့ရဲ့ အခြေအနေက ထူးခြားတယ်လေ၊ လူအများကြီးနဲ့ ကြီးကြီးကျယ်ကျယ် လုပ်လို့မရဘူး။ ကူညီမဲ့ လူနှစ်ယောက်လောက်ဆိုရင် ရပါပြီ”
ဟဲကျစ်ယန်၏ စကားကြောင့် လူတိုင်း၏ မျက်လုံးများမှာ အကြီးဆုံးမရီးနှင့် ပဉ္စမမရီးထံ ရောက်သွားကြ၏။
အဘယ်ကြောင့်ဆိုသော် သူမတို့နှစ်ဦးမှာ ဟင်းချက်တော်ကြပြီး ရှုပ်ပွအောင် မလုပ်ကြပေ။
ဟဲကျစ်ယန်သည် သူမ၏ အကြံကို စီစဉ်ပြီးသွားနောက် တည်းခိုခန်းပိုင်ရှင်နှင့် ဆွေးနွေးရန် သွားလိုက်သည်။
ထိုသို့ မဆွေးနွေးခင် အရာရှိများနှင့် စကားပြောရမှာကတော့ သေချာပေါက်ပင်။
ဟဲကျစ်ယန်သည် ဖမ်းဝမ်ဆီသို့သာ တန်းသွားလိုက်၏။
ဖမ်းဝမ်သည် ဟဲကျစ်ယန် ကင်ပေးသော ငါးကင်ကို စားပြီးနောက် သူမ၏ ဟင်းချက်လက်ရာက ကောင်းလိမ့်မည်ဟု တွေးနေခဲ့သည်။
ထို့အပြင် မော့မိသားစုက ဟင်းချက်ပါက သူတို့အရာရှိများကို သေချာပေါက် ပေးမှာပင်။
ထို့ကြောင့် ဖမ်းဝမ်သည် တွန့်ဆုတ်မနေဘဲ သဘောတူလိုက်၏။ သူဌေးနဲ့ ဘယ်လိုညှိမလဲဆိုတာတော့ သူ့ကိစ္စ မဟုတ်တော့ပေ။
ဖမ်းဝမ်၏ ခွင့်ပြုချက်ရသောအခါ ဟဲကျစ်ယန်သည် တည်းခိုခန်းပိုင်ရှင်ကို သွားရှာလိုက်၏။
ပိုက်ဆံက အရာအားလုံးကို အဆင်ပြေစေသည်။ သူမတို့က ပြည်နှင်ဒဏ်ပေးခံထားရတာ ဖြစ်သော်လဲ သူဌေးက ငွေတုံးများကိုတော့ လွန်ဆန်နိုင်မှာ မဟုတ်ပေ။
ဟဲကျစ်ယန်၏ ငွေချောင်း ၃ ချောင်းကို လက်ခံရရှိပြီးနောက် သူဌေးသည် ဟဲပျစ်ယန်အား မီးဖိုချောင်ထဲရှိ ဘယ်အရာကိုမဆို အသုံးပြုနိုင်ကြောင်း ခွင့်ပြုပေးလိုက်သည်။
ကိစ္စများ အဆင်ပြေသွားသည်နှင့် ဟဲကျစ်ယန်သည် မရီး ၂ယောက်ကို မခေါ်ခင်း မီးဖိုချောင်ထဲသို့ တစ်ယောက်ထဲ အရင်သွားလိုက်သည်။
မီးဖိုချောင်ကို လေ့လာကြည့်ပြီးနောက် ဆန်ဖြူ၊ ဂျုံဖြူနှင့် ဂေါ်ဖီထုပ်၊ မုန်လာဥနီနှင့် ကြက်သွန်ဖြူတို့လို ဟင်းသီးဟင်းရွက်များ ရှိနေကြောင်း တွေ့လိုက်ရ၏။
မီးဖိုထဲရှိ ဟင်းခတ်အမွှေးအကြိုင်မှာ ဆားနှင့် ဝက်ဆီသာရှိကြောင်း ဟဲကျစ်ယန် တွေ့လိုက်ရသည်။ သူမ၏ နေရာလွတ်ထဲမှ ၁၃မျိုး အမွှေးအကြိုင်မှုန့်နှင့် စမုန်စပါးတို့ကို ထုတ်ယူလိုက်သည်။
မူလကိုယ်၏ မှတ်ဉာဏ်များအရ သူမသည် ယနေ့ခေတ်တွင် ရှိနေသော ဟင်းသီးဟင်းရွက်တချို့ကိုလဲ ထုတ်ယူလိုက်သည်။
သခွားသီး၊ ကြက်ဥ၊ ပဲတောင့်ရှည်နှင့် ဝက်ဗိုက်သားနည်းနည်းဖြစ်သည်။
လူအများကြီး စားမှာဖြစ်သော်လဲ သူမ၏ နေရာလွတ်ထဲရှိ ရေခဲသေတ္တာထဲတွင် စားစရာ အများကြီး မရှိပေ။ ထိုစားစရာများ ပြန်လည်ဖြည့်တင်းပြီးမှ သူမ ထပ်ခါထပ်ခါ ထုတ်ယူလိုက်သည်။
ထို့အပြင် သူမသည် နေရာလွတ်ထဲမှ ဟင်းသီးဟင်းရွက် ဆီတချို့ကို မီးဖိုချောင်ထဲမှ ခွက်များထဲသို့ လောင်းထည့်လိုက်ပြီး သကြားဖြူပမာဏ အသင့်အတင့်ကိုလဲ ထုတ်လိုက်၏။
ရေခဲသေတ္တာထဲရှိ ပန်းဂေါ်ဖီစိမ်း၊ ပဲစိမ်းနှင့် ခရမ်းချဉ်သီးလို အရာမျိုးကိုတော့ သူမ စားချင်နေလျှင်တောင် မထုတ်ယူခဲ့ပေ။
ထိုအစားအစာများ၏ မူလရင်းမြစ်ကို သူမ ဘယ်လိုရှင်းပြရမလဲ မသိသောကြောင့်ပင်။
ပစ္စည်းများ အဆင်သင့်ဖြစ်သည်နှင့် သူမ၏ မရီး ၂ ယောက်ကို သွားခေါ်လိုက်၏။
မရီးနှစ်ယောက်မှာ ဟင်းချက်ပစ္စည်းများကို တွေ့လိုက်ရသောအခါ မျက်လုံးများက အပျော်များဖြင့် ပြည့်နှက်သွားကြရသည်။
“နဝမ ယောင်းမလေး ဒီတည်းခိုဆောင်က တကယ်ကောင်းတာပဲ။ ဟင်းသီးဟင်းရွက်တွေ အများကြီး ပြင်ဆင်ပေးထားတယ်။”
“ဟုတ်တယ် အသားလဲရှိသေးတယ်”
မရီးက ပြောရင်းနှင့်ပင် ဟင်းသီးဟင်းရွက်များကို ချက်ချင်း ယူလှီးလိုက်တော့သည်။