ရည်ရွယ်ချက် အောင်မြင်
Vol. 3 Ch. 35
သူမအပေါ် ဖမ်းဝမ်၏ အကဲဖြတ်မှုက အလွန်မြင့်မားနေမှန်း ဟဲကျစ်ယန်မသိခဲ့ပေ။ သူမသည် ငါးကင်သည့်နေရာတွင်သာ မလုံးစုံ အာရုံစိုက်ထား၏။
သူမသည် ထိုအရာရှိများက ပြဿနာရှာလိမ့်မည်ဟု တွေးထားပြီးသားပင်။ ထိုအရာကို ဖြေရှင်းဖို့ နည်းလမ်းလဲ စဉ်းစားပြီးပြီဖြစ်သည်။
သူမ ထိုသို့လုပ်ရခြင်းမှာ အကြောင်းရင်း ရှိပေသည်။
သူမတို့သည် ယခုမှ ပေကျင်းကနေ ထွက်လာခါစဖြစ်ကာ အနောက်မြောက်အရပ်ဆီ မရောက်မီ ခရီးလမ်းအရှည်ကြီး ကျန်သေး၏။
သူမက အစကတည်းကသာ ဤအရာရှိများကို ဖားကာ စိတ်ကျေနပ်အောင် ပြုမူခဲ့ပါက သူတို့အနေနှင့် ထိုအရာကို ပုံမှန်ဟု ယူဆကာ နောက်ပိုင်းတွင် ပိုဆိုးသော တောင်းဆိုမှုမျိုး ပြုလုပ်လာနိုင်ပေသည်။
ထို့အပြင် ဟဲကျစ်ယန်သည် ထိုအရာရှိများ၏ သည်းခံနိုင်စွမ်း အောက်ဆုံးစည်းကို သိချင်သောကြောင့် စမ်းသပ်လိုခြင်းပင်။ ထိုအရာကို သိရပါက နောက်ပိုင်းတွင် သူမအတွက် လုပ်ရကိုင်ရ ပိုလွယ်ကူလာလိမ့်မည်ဖြစ်သည်။
ငါးကင်များကို ခွဲဝေခြင်းကို ပြောဆိုနေကြသည်မှာ ထိုအရာရှိများဘက်မှကြည့်လျှင် ကျိုးကြောင်းဆီလျော်ပေသည်။
ဟဲကျစ်ယန်သည်လည်း သူတို့နှင့်ပတ်သက်လျှင် အနည်းငယ် နားလည်ပေသည်။
ငါးကြင်း ဒုတိယအသုတ်မှာလဲ ၁၀ ကောင် ကင်ခဲ့၏။
ဟဲကျစ်ယန်သည် ငါးကင် နှစ်ကောင်ကိုယူကာ ဖမ်းဝမ်နှင့် မော့ကျိုးယွီကို အရင်ပေးလိုက်သည်။
မော့ကျိုးယွီက ထိခိုက်ထားသောကြောင့် ငါးစားရန် မသင့်တော်သော်လဲ ဤကဲ့သို့သော အခြေအနေတွင် ရွေးချယ်စရာ မရှိပေ။ သူများတွေစားတာပဲကြည့်ပြီး သူသွားရည်ယိုနေရလျှင် မဟုတ်သေးပေ။
ထို့အပြင် မော့ကျိုးယွီ၏ ဒဏ်ရာများမှာ သူမကိုယ်တိုင် ကုသပေးနေသောကြောင့် ငါးလေးတစ်ကောင်လောက် စားသည်က သူ့အတွက် ပြဿနာမဖြစ်နိုင်ပေ။
ဖမ်းဋမ်သည် ငါးကင်ကို ကိုက်ကြည့်ပြီး သူ၏ မျက်လုံးများ ဝင်းလက်သွားရသည်။
သူ့ဘဝတွင် စားခဲ့ဖူးသမျှထဲ အကောင်းဆုံး ငါးကင်ပင်။
“မော့ကျိုးယွီ မင်းဇနီးက ထူးခြားတယ်လို့ ငါမပြောခဲ့ဘူးလား။ သူမရဲ့ ငါးကင်တဲ့အရည်အချင်းကတောင် ဒီလောက်ကောင်းနေတာ။ မင်းတော့ တကယ်ကံထူးပြီပဲ။”
“အင်း အရသာက တကယ်မဆိုးပါဘူး။”
မော့ကျိုးယွီသည် စကားကို သာမန်သာ ပြန်ပြောလိုက်သော်လဲ သူ့စိတ်ထဲတွင် ပိုလို့ပင် ရှုပ်ထွေးနေခဲ့၏။
ဟဲကျစန် လုပ်ခဲ့သမျှ အရာအားလုံးမှာ ဂုဏ်သရေရှိ အိမ်တော်မှ မမလေးတစ်ယောက် လုပ်ဆောင်နိုင်သည့် အရာမျိုး လုံးဝ မဟုတ်ပေ။
ဟို့သော် သူမကြောင့်ပင် မော့မိသားစုသည် ပေကျင်းမှ ထွက်ခွာလာကတည်းက ဒုက္ခနည်းခဲ့ရခြင်း ဖြစ်ပေသည်။
မော့ကျိုးယွီ၏စိတ်ထဲ ရှုပ်ထွေးနေခဲ့သည်။ သူ၏ မိသားစု ပြည်နှင်ဒဏ် ပေးခံရခြင်းအတွက် ကိုယ့်ကိုယ်ကို အသုံးမကျဘူးဟု ထင်နေခဲ့သော်လဲ အခုတော့ သူသည် ကိစ္စအဝဝအတွက် မိန်းကလေးတစ်ယောက်ကို မှီခိုနေရပြန်၏။
ဟဲကျစ်ယန်ကတော့ မော့ကျိုးယွီ၏ အတွေးများကို မသိပေ။ ငါးကင်များ ခွဲပေးပြီးနောက် အရာရှိ ၄ ယောက်က ဘာမှ မရကြသေးပေ။
ဒီတစ်ကြိမ်တော့ သူမ၏ အပြုအမူက ကောင်းပေသည်။ အစားအစာများ ပေးပြီးနောက် သူမ တခြားလူများကို ထပ်ရန်မစတော့ပေ။
“အရာရှိကြီးတို့၊ ကျွန်မ နောက်တစ်သုတ် ကင်ပါတော့မယ်။ အားလုံးပဲ ဝေစုရမှာပါ စိတ်ချပါ။”
သူတို့၏ ညီအကိုများက ကောင်းကောင်းစားနေကြသည်ကိုမြင်ပြီး ကျန်သည့် အရာရှိ ၄ ယောက်မှာ စိတ်ဆိုးနေကြ၏။
သို့သော် ဟဲကျစ်ယန်၏ တစ်ခဏလေးတောင် မနားဘဲ အလုပ်ရှုပ်နေသော အသွင်အပြင်ကိုကြည့်ကာ ဒေါသကို မြိုသိပ်ရင်း စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းလိုက်ကြသည်။
ဆယ်မိနစ်ခန့်ကြာပြီးနောက် အရာရှိ ၄ ယောက်သည်လည်း ငါးကင်ရရှိပြီး ကျေနပ်သွားကြ၏။
တခြားလူများမှာ ငါးကင်စားပြီးကြပြီဖြစ်သော်လဲ ထိုလေးယောက်စားနေသည်ကိုကြည့်ကာ တံတွေးမျိုချမိကြပြန်သည်။
ထိုလေးယောက်မှာ ထူးထူးခြားခြား ခံစားချက်ကို ရရှိလိုက်ပြီး ငါးကင်ကို ခပ်ဖြေးဖြေးစားရင်း စိတ်ထဲအလွန်ကျေနပ်နေကြ၏။
ဟဲကျစ်ယန်သည် သူမအတွက် ငါးကင်တစ်ကောင် ချန်ထားပြီး ကျန်သုံးခုကို ဒုတိယမရီးအား ပေးလိုက်သည်။
“ဒုတိယမရီး၊ ဒီသုံးကောင်ကို ဦးလေးရှဲ့နဲ့ တခြားလူတွေစားဖို့ ယူသွားပေးလိုက်ပါ။”
ဒုတိယမရီးက မယုံနိုင်စွာ ကြည့်လိုက်သည်။
“ယောင်းမလေး တကယ်ပြောနေတာလား။”
ဟဲကျစ်ယန်က ပြုံးကာဖြေလိုက်သည်။ “တကယ်ပါ။ ဦးလေးရှဲ့နဲ့ အဒေါ်တို့က အသက်ကြီးပြီဆိုတော့ ဒီ ၂ ရက်အတွင်း အာဟာရ လုံလုံလောက်လောက် မစားရသေးဘူးလေ။ ဒီငါးကင်တွေက သူတို့ကို အားဖြည့်ပေးလိမ့်မယ်။ ရှဲ့လင်းကလဲ အားနည်းနေတာဆိုတော့ အာဟာရပြန်ဖြည့်ဖို့ လိုတယ်လေ။”
ဒုတိယမရီးမှာ အလွန်စိတ်လှုပ်ရှားသွားကာ မျက်ရည်များ ကျလာခဲ့၏။
“ကောင်းပြီ ကောင်းပြီ၊ ကျွန်မ အခုပဲ ယူသွားပေးလိုက်မယ်။ ကျေးဇူးတင်ပါတယ် ယောင်းမလေး”
ဒုတိယမရီး အမြန်ထွက်သွားသည်ကိုကြည့်ပြီး ဟဲကျစ်ယန်သည် အရိပ်ရသော နေရာတစ်ခုကိုရှာကာ ထိုင်နားရင်း ငါးကင်ကို စားလိုက်သည်။
ထိုလှုပ်ရှားမှုလေးက မရေမတွက်နိုင်သော ဒေါသမျက်လုံးများက်ု ဆွဲဆောင်လိုက်ပြန်သည်။
ထိုမျက်လုံးများကို သတိထားမိပြီးနောက် ဟဲကျစ်ယန်သည် သူတို့ကို လျစ်လျူမရှုလိုက်ပေ။
ထိုအစား တစ်ယောက်ချင်းစီ ပြန်ကြည့်ပေးလိုက်၏။
ဒီလူတွေ မော့မိသားစုကို ဘယ်လောက်မုန်းနေလဲ သူမ သိချင်သေးသည်။
ပထမဆုံးမှာ ဟယ်မိသားစုဖြစ်သည်။ လှည်းကိုတွန်းရသည့် လူသန်ကြီးနှစ်ဦးမှစကာ တစ်မိသားစုလုံး ဟဲကျစ်ယန်ကို စိုက်ကြည့်နေကြသည်။
သူတို့၏ ပါးစပ်များမှာ ဖွင့်လိုက် ပိတ်လိုက်နှင့် သေချာပေါက် သူမကို ဆဲဆိုနေကြခြင်းပင်။
အရာရှိများကိုကြောက်သောကြောင့်သာ သူတို့ အသံထွက်ပြီး မပြောရဲခြင်း ဖြစ်ပေမည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် သူမ၏ နေရာမှ ထိုအသံများကို မကြားနိုင်ခဲ့ပေ။
လီမိသားစုသည်လဲ ဟယ်မိသားစုအောက် မလျော့ပေ။ ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးအကုန်လုံး ဟဲကျစ်ယန်ကို စိုက်ကြည့်နေကြ၏။
အထူးသဖြင့် လီရို့အာပင်။ အကြည့်ဖြင့်သာ လူသတ်နိုင်ပါက ဟဲကျစ်ယန် အကြိမ်ပေါင်းများစွာ သေပြီးနေလောက်ပြီဖြစ်သည်။
သူမသည် လီရို့အာအား ငါးကင်ကို မြှောက်ပြလိုက်ပြီး အသားကို ကိုက်ပြလိုက်ရာ ထိုအပြုအမူက လူတစ်ယောက်ကို အရူးအမူး ဒေါသထွက်သွားစေနိုင်ပေသည်။
ဖန့်မိသားစုသည်လည်း ဟဲကျစ်ယန်ကို ကြည့်နေကြသော်လဲ သူတို့၏ မျက်လုံးများထဲတွင် လီမိသားစုနှင့် ဟယ်မိသားစုလို အဆုံးမရှိသော အမုန်းတရားမျိုး မပါဝင်နေပေ။
သေချာ ဂရုတစိုက် ကြည့်ရှုလိုက်ပြီးနောက် သူတို့မျက်လုံးများတွင် အသနားခံမှုနှင့် မလိုလားမှုတို့ ပါဝင်နေကြကြောင်း ဟဲကျစ်ယန် တွေ့လိုက်ရ၏။
ရှဲ့မိသားစုကတော့ ပြောစရာမလိုတော့ပေ။ ဟဲကျစ်ယန်က ရှဲ့လင်း၏ အသက်ကိုကယ်ပေးခဲ့ပြီး အခုလဲ ဒုတိယမရီးက သူတို့အတွက် ငါးကင်သုံးကောင် လာပို့ပေးသေးသည်။ ရလဒ်အနေဖြင့် သူတို့၏ မော့မိသားစုအပေါ် မုန်းတီးမှုမှာ နည်းသထက် နည်းလာကြသည်။
ဖန့်မိသားစုသည်လည်း ရှဲ့မိသားစုကဲ့သို့ပင် ထို အထင်လွဲနေသည့် အမုန်းတရားများကို ဖြေးဖြေးချင်း ဖြေရှင်း၍ ရနိုင်လောက်ပေသည်။
မော့ကျိုးယွီကိုယ်တိုင် ဒီကိစ္စတွင် ဝင်ပါနိုင်လျှင်တော့ အသင့်တော်ဆုံးသာ ဖြစ်သည်။
သက်ဆိုင်သူများက ထပ်တိုက်ဖြေရှင်းမှသာ ကိစ္စများက ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်နိုင်ပေလိမ့်မည်။
ဟဲကျစ်ယန်သည် အခု အခြေအနေကောင်းလေးကို ဆုပ်ကိုင်ထား၏။ နောက်မှ မော့ကျိုးယွီနှင့် ဆွေးနွေးရန် အချိန်တစ်ခု ရှာရပေမည်။
သူမ ငါးကင်စားပြီးချိန်တွင် ဖမ်းဝမ်မှ လှမ်းခေါ်လာ၏။
“မိန်းကလေးဟဲ မင်းရဲ့ ငါးဖမ်းစွမ်းရည်က အတော်ကောင်းတာပဲ။ ဒီအခွင့်အရေးကိုယူပြီး ငါတို့ နားနေတုန်း ငါးများများ သွားဖမ်းပါလား။”
ဟဲကျစ်ယန် မဲ့ပြုံးပြုံးလိုက်၏။ “အရာရှိဖမ်း ရှင် စားရတာ မဝသေးဘူးလား။”
သူ့အတွေးများ ပေါ်သွားသောကြောင့် ဖမ်းဝမ်၏ မျက်နှာအိုကြီးမှာ နီရဲသွားရစည်။
“အမ် ... အင်း အဲ့လိုပဲဆိုပါတော့...”
တကယ်တော့ ဖမ်းဝမ် မပြောလျှင်လဲ ဟဲကျစ်ယန်က လုပ်ဖို့ ကြံစည်ပြီးသားဖြစ်သည်။
သို့သော် သူမက မျက်နှာသာရမည့် အခွင့်အရေးကိုလဲ လက်လွတ်မခံနိုင်ပေ။
“အရာရှိဖမ်း၊ ကျွန်မက မိန်းမငယ်လေးပါပဲ။ ကျွန်မ မိသားစု တစ်ခုခစားရဖို့အတွက်သာ မဟုတ်ရင် လူတိုင်းရှေ့မှာ ခြေဗလာနဲ့ မြစ်ထဲဆင်းပြီး ငါးဖမ်းဖို့ မဝံ့ရဲပါဘူးရှင်။
အခု အကုန်လုံးလဲ စားပြီးပြီဆိုတော့ ကျွန်မကို ခက်ခဲအောင် မလုပ်ပါနဲ့တော့။”
အငြင်းခံလိုက်ရသောကြောင့် ဖမ်းဝမ်မှာ ချက်ချင်း စိတ်ကွက်သွား၏။
သို့သော် အရသာရှိလှသည့် ငါးကင်ကို ပြန်တွေးကြည့်ပြီး သည်းခံလိုက်သည်။
“ဒီတစ်ကြိမ် မင်းအများကြီး ဖမ်းစရာမလိုပါဘူး။ ၁၀ ကောင်၊ ၁၀ ကောင်လောက်ပဲ ဟုတ်ပြီလား။”
ဟဲကျစ်ယန်သည် အတွေးများနေသည့်ပုံဖြင့် ခေါင်းကို ငိုက်စိုက်ချကာ မဆုံးဖြတ်နိုင်ဖြစ်နေသည်။
ဖမ်းဝမ်သည် စိတ်ဆိုးလာရ၏။
“ဒီလိုဆိုရင်ရော - မင်း ငါးဆယ်ကောင် ဖမ်းပေးလိုက်၊ ငါလုပ်နိုင်တဲ့ထဲက မင်းကို အခြေအနေတစ်ခု တောင်းဆိုခွင့်ပေးမယ်။”
“အရာရှိဖမ်းက ဒီလိုပြောလာမှတော့ ကျွန်မသာ မလုပ်ရင် ဟန်ဆောင်ရာကျနေတော့မယ်။ ကောင်းပြီလေ ကျွန်မကို စောင့်နေပါ။”
သူမ လိုချင်သည်ကို ရသွားသောကြောင့် ဟဲကျစ်ယန် ဘာမှထပ်မပြောတော့ပေ။ သူမ ခြေအိတ်နှင့်ဖိနပ်ကိုချွတ်ကာ မြစ်ထဲသို့ နောက်တစ်ခေါက် ဆင်းလိုက်တော့သည်။
မြစ်ထဲတွင် ငါးများစွာရှိသောကြောင့် ဆယ်ကောင်လောက် ဖမ်းရသည်မှာ ဟဲကျစ်ယန်အတွက်တော့ ကလေးကစားနေသည့်အလားပင်။
မကြာမှီပင် သူမသည် ငါးဆယ်ကောင်ကို ကယ်းခြေဘက်သို့ ပစ်တင်ပေးလိုက်သည်။
မရီးများကလဲ တွန့်ဆုတ်မနေကြပေ။ ငါးကိုယူကာ မြစ်ဘေးတွင်ထိုင်ပြီး သန့်ရှင်းကြတော့သည်။ ထို့နောက် ငါးများကို သစ်ကိုင်းတွင် ချည်လိုက်ကြ၏။
ဟဲကျစ်ယန်သည် သူမက မြစ်ထဲ ရောက်နေပြီးသားဖြစ်သောကြောင့် ညစာအတွက် ငါးများများဖမ်းသွားရန် စိတ်ကူးလိုက်၏။
ထို့ကြောင့် ငါးဆယ်ကောင် ဖမ်းပြီးသော်လဲ သူမသည် မြစ်ထဲမှ တက်မလာသေးဘဲ သူမဘာသာ အလုပ်ရှုပ်နေခဲ့သည်။
ထိုအချိန်တွင် ဖန့်ချွမ်ကျိုး၏ ဇနီးဖြစ်သူ သခင်မကျောက်က သခင်မကြီးမော့ဆီဟို့ ရောက်လာခဲ့သည်။
သူမက နှိမ့်ချမှုအပြည့်ဖြင့် ပြုမူခဲ့၏။
“သခင်မမော့၊ မနေ့က ကျွန်မတို့ စစ်သူကြီးမော့ကို မှားယွင်း စွပ်စွဲခဲ့မိကြပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ကို စိတ်ထဲမထားပါနဲ့နော်။”
သခင်မကြီးမော့သည် သူမအား ကြည့်လိုက်ပြီး သူမ ဘာကို ကြံစည်နေလဲ မသိနိုင်ခဲ့ပေ။
“သခင်မဖန်း မော့ကျိုးယွီက စစ်သူကြီးတစ်ယောက် မဟုတ်တော့ပါဘူး။ တခြားလူတွေ ဒီအချက်ကို အသုံးပြုပြီး ပြဿနာမရှာအောင်လို့ သူ့နာမည်ကိုပဲ တိုက်ရိုက်ခေါ်ပေးပါ။”