ကိုယ်က မင်းအတွက် လက်စားချေပေးတာ
Vol. 3 Ch. 42
သူမ စိတ်ပျက်လက်ပျက်နှင့် ထောင်းပေါင်ကို မွှေနှောက်ရှာကြည့်နေစဉ်တွင် ရုတ်တရတ် လုပ်ဆောင်ချက်တစ်ခုကို တွေ့ရှိလိုက်ရ၏။
ထိုအရာက ဈေးရောင်းသူတစ်ယောက် ဖြစ်လာဖို့ပင်။
ဒါပေမဲ့ ဈေးရောင်းဖို့ဆို သူမက ဘာကိုရောင်းရမှာလဲ။
တုံ့ဆိုင်းနေရင်းနှင့် ဟဲကျစ်ယန်၏ မျက်လုံးများမှာ ကာကွယ်ရေးဝန်ကြီး အိမ်တော်မှ ပစ္စည်းများနှင့် နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများဆီ ရောက်ရှိသွားသည်။
ဟဲကျစ်ယန်၏ မျက်လုံးများ ဝင်းလက်သွား၏။ ကြည့်ရသည်မှာ သူမသည် ဤ ရှေးဟောင်းပစ္စည်းကောင်းများကို အထူးပြုရောင်းချသည့် ရှေးဟောင်းပစ္စည်းဆိုင် ဖွင့်နိုင်မည့်ပုံပင်။
ဤသို့ဖြင့် နောက်ပိုင်းတွင် နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများ ထိုပစ္စည်းများ ပြန်ပေါ်လာပြီး ပြဿနာဖြစ်လာမည်ကိုလဲ ရှောင်ရှားပြီးသား ဖြစ်သွားပေမည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်လိုက်ခြင်းပင်။
အကြံဉာဏ်ရသည်နှင့် ဟဲကျစ်ယန်သည် ဆိုင်ဖွင့်ဖို့ လုပ်ငန်းစဉ်ကို စနစ်တကျ လေ့လာရန် ပြင်ဆင်လိုက်၏။
သူမ ဆိုင်ဖွင့်ရန်အတွက် လိုအပ်ချက်များကို ကြည့်နေစဉ်တွင် တစ်စုံတစ်ယောက်က သူမကို ခေါ်လိုက်သည်။
“မိန်းကလေးဟဲ၊ ကျိုးယွီ အိပ်နေပြီလား။ ငါ သူနဲ့စကားလေး ပြောချင်လို့ပါ။”
ဟဲကျစ်ယန်သည် သူမ၏ အစိစိတ်ကို နေရာလွတ်ထဲမှ ပြန်ဆွဲယူလိုက်ပြီးနောက် ရှဲ့ထျန်းဟိုင်ကို တွေ့လိုက်ရသည်။ သူမ အမြန်ထကာ သူမနှင့်မော့ကျိုးယွီတို့ အတူနေသည့်အခန်းသို့ လမ်းပြခေါ်ဆောင်လာပေးလိုက်သည်။
မော့ကျိုးယွီမှာ အကုန်လုံး သန့်ရှင်းဆေးကြောပြီး ရေများပင် သွန်ပြီးပြီ ဖြစ်သည်။
အပြင်ဘက်မှ အသံများကို ကြားရသောအခါ သူ ချက်ချင်းပဲ ကုတင်ပေါ်သို့ ပြန်လှဲနေလိုက်သည်။
ရှဲ့ထျန်းဟိုင် ကုတင်အစွန်းသို့ ဝင်ထိုင်လိုက်ပြီးနောက် ဖန့်ချွမ်ကျိုးလဲ ရောက်လာခဲ့၏။
ဒါက အချိန်ကိုက်ပင်။ မော့ကျိုးယွီသည် ထိုနှစ်ယောက်ကို တစ်ခါထဲ ရှင်းပြလိုက်ရုံသာ။
ဟဲကျစ်ယန်သည် ခုံတစ်လုံးကိုယူကာ ရှဲ့ထျန်းဟိုင်၏ ဘေးသို့ ချပေးလိုက်ပြီး ဖန့်ချွမ်ကျိုးကို ထိုင်ရန် အချက်ပြလိုက်သည်။
ထို့နောက် သူမ လှည့်ထွက်ကာ တံခါးကို ပြန်ပိတ်ပေးလိုက်သည်။
ဟဲကျစ်ယန်သည် အကြောင်းရင်း နှစ်ခုကြောင့် သူတို့ပြောကြမည်များကို နားမထောင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ပထမတစ်ခုမှာ ရှေးခေတ်များတွင် ယောက်ျားများသည် သူတို့ စကားစမြည်ပြောနေစဉ်အတွင်း ဘေးတွင် အမျိုးသမီးများ ရှိနေသည်ကို သဘောမကျကြပေ။
ဒုတိယတစ်ခုကတော့ သူမ၏ အဓိကရည်ရွယ်ချက်ပင်။ သူမသည် ထောင်းပေါင်တွင် ဆိုင်တစ်ဆိုင် ဖွင့်နိုင်မည့် အခွင့်အရေးကို သေချာလေး လေ့လာချင်သေးသောကြောင့်ပင်။
သူမ ခုဏက ထိုင်နေသောနေရာကို ပြန်ရောက်လာပြီးနောက် ဟဲကျစ်ယန်၏ စိတ်မှာ နေရာလွတ်ထဲသို့ ပြန်ရောက်သွားပြန်သည်။
သူမသည် ဆိုင်ဖွင့်ရန် လိုအပ်သည့် သတ်မှတ်ချက်များကို သေချာကြည့်လိုက်၏။
ထောင်းပေါင်တွင် ဆိုင်တစ်ဆိုင် ဖွင့်နိုင်ရန် စပေါ်ငွေ ယွမ် ၁၀၀၀ လိုအပ်သည်။ ကံကောင်းစွာပင် သူမတွင် အလီပေးထဲ၌ ငွေအနည်းငယ် ရှိနေသေးသည်။
သူမသည် စပေါ်ငွေကို ပြတ်ပြတ်သားသား ပေးချေလိုက်ပြီး အောင်မြင်ကြောင်း အသိအမှတ်ပြုချက်ကို စောင့်နေလိုက်၏။
ဟဲကျစ်ယန် နောက်ထပ် လိုအပ်သည်မှာ ထောင်းပေါင်ရှိ စတိုးမျက်နှာပြင် အလှဆင်ရေးအဖွဲ့ကိုရှာကာ သူမ၏ ဈေးဆိုင်လေးကို သင့်တော်သည့်စတိုင်ဖြစ်အောင် လုပ်ခိုင်းဖို့ပင် ဖြစ်သည်။
စိတ်ကြိုက် ရွေးချယ်ပြီးနောက် ဟဲကျစ်ယန်သည် နောက်ဆုံးတွင် သူမ၏ ဆိုင်နှင့် အလွန်လိုက်ဖက်မည့် ရှေးဟောင်းဒီဇိုင်းပုံစံကို ရွေးချယ်လိုက်သည်။
သူမကို ခေါင်းကိုက်သွားစေသည့် တစ်ခုတည်းသော ကိစ္စမှာ ဈေးနှုန်းက ၂၈၈ ယွမ် ဖြစ်နေခြင်းပင်။
အံကိုကြိတ်ကာ ငွေပေးချေလိုက်ပြီးနောက် ဟဲကျစ်ယန်သည် သူမ ချက်ချင်းပင် မွဲတေသွားသလို ခံစားလိုက်ရ၏။
သို့သော် ဒါက ပြဿနာ မရှိပေ။ အနာဂတ်တွင် သူမ ပိုက်ဆံရှာနိုင်လိမ့်မည်ဟု ယုံကြည်မှုရှိပေသည်။
အသိပမှတ်ပြုလက်မှတ်က ၂၄ နာရီအတွင်း ရလာမည်ဖြစ်သည်။ ဟဲကျစ်ယန်သည် ထိုင်စောင့်နေဖို့ မလိုအပ်ဟု တွေးလိုက်၏။ သူမ ခဏခဏ ဝင်စစ်ဆေးနိုင်လျှင် အဆင်ပြေပေသည်။
အချိန်ကို ကြည့်လိုက်သောအခါ နာရီဝက်ခန့် ကျော်လွန်သွားပြီဖြစ်သည်။
မော့ကျိုးယွီနှင့် ထိုနှစ်ယောက်ကြားက စကားဝိုင်းလဲ ပြီးသင့်ပြီဖြစ်သည်။
ဟဲကျစ်ယန်သည် သူမ၏ ပင်ပန်းနေသော ခန္ဓာကိုယ်ကို ဆွဲခေါ်ကာ အခန်းဆီသို့ ပြန်လာခဲ့၏။
ရှဲ့ထျန်းဟိုင်နှင့် ဖန့်ချွမ်ကျိုးမှာ ထွက်သွားကြပြီဖြစ်သည်။
ဖယောင်းတိုင်မီး၏ ခပ်မှိန်မှိန်အလင်းရောင်အောက်တွင် သူမသည် မော့ကျိုးယွီ၏ မျက်နှာပုံစံကို မြင်လိုက်သည်။
အရင်ကထက် အများကြီး သက်တောင့်သက်သာ ရှိနေသည့်ပုံစံကြောင့် အထင်လွဲမှုကြီးကို သူ ဖြေရှင်းခဲ့ပြီဖြစ်ကြောင်း သိလိုက်သည်။
မော့ကျိုးယွီက ဖြေးညှင်းစွာ ပြောလိုက်၏။
“ဖြေရှင်းပြီးသွားပြီ။”
“သူတို့ ရှင့်ကို ယုံကြလား။”
“အင်း ဒီလောက်ကြီး သိသာနေတဲ့ ဟာကွက်တွေ ရှိနေတာပဲ။ သူတို့ မယုံလို့လဲ မရတော့ဘူးပေါ့။”
မော့ကျိုးယွီက ထိုနှစ်ယောက်ကို ဘယ်လိုပြောလိုက်လဲဆိုတာတော့ ဟဲကျစ်ယန် အသေးစိတ် မမေးလိုက်တော့ပေ။ သူမအတွက်တော့ ရလဒ်က သေချာဖို့သာ လိုအပ်ပေသည်။
“နောက်ကျ ကျွန်မတို့ တစ်ခုခုစားရင် တစ်ခုခုလုပ်ရင် ရှဲ့မိသားစုနဲ့ ဖန်းမိသားစုကိုရော အတူတူခေါ်ကြမလား။”
ဟဲကျစ်ယန်သည် နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများက မော့ကျိုးယွီက သူမကို ထိုနေရာသို့ ခေါ်ပေးသွားပြီး သူမက ထိုပစ္စည်းများကို သိမ်းဆည်းခဲ့တာ ဖြစ်သောကြောင့် ပစ္စည်းများမှာ သူမတို့နှစ်ယောက်လုံး အပိုင်ပင်။
မော့ကျိုးယွီ စိတ်ထဲမထားသ၍ သူ့အပိုင်ဖြစ်သော တစ်ဝက်ထဲမှ ရှဲ့မိသားစုနှင့် ဖန်းမိသားစုအတွက် သုံးစွဲပေးဖို့ကိစ္စကို သူမလဲ မကန့်ကွက်ပေ။
မော့ကျိုးယွီက ခဏကြာ စဉ်းစားလိုက်သည်။
“အခြေအနေကြည့်ပြီး လှုပ်ရှားကြတာပေါ့။ အထင်လွဲနေတာတွေ အဆင်ပြေသွားပြီဆိုပေမဲ့ သူတို့တွေ ဘာမှ သတိမထားမိသွားအောင် သေချာဂရုစိုက်မှရမယ်။”
ဟဲကျစ်ယန် နားလည်လိုက်သည်။ “ကောင်းပြီ၊ ရှင်ပြောသလိုပဲလုပ်မယ်။”
စကားအနည်းငယ် ပြောပြီးနောက် ဟဲကျစ်ယန်သည် ဆေးကြောရန် သွားလိုက်၏။
ရလဒ်အနေဖြင့် သူမ မီးဖိုချောင်တံခါးဆီသို့ ရောက်သောအခါ ထောင့်စွန်းတစ်ခုမှ ထွက်ပေါ်လာသည့် စိတ်လှုပ်ရှားဖွယ် အသံများကို ကြားလိုက်ရသည်။
ပြီးတော့ ဟဲကျစ်ယန်မှာ ထိုအသံနှင့် အတော်လေး ရင်းနှီးနေပေသည်။
ထိုလူက လီရို့အာပင်။
သူမ မပြုံးဘဲ မနေနိုင်တော့ပေ။ ခုဏက ဖမ်းဝမ် စစ်ဆေးနေစဉ်အတွင်းမှာပဲ သူမသည် လီရို့အာကို ကြည့်နေသော အရာရှိ၏ ပုံမှန်မဟုတ်သော မျက်လုံးများကို သတိထားခဲ့မိသည်။
သူတို့ ထွက်သွားသော အခါတွင်လဲ လီရို့အာ၏ အတုအယောင် ငိုကြွေးသံများကို ကြားခဲ့ရသေးသည်။
ဒီနှစ်ယောက် ဒီလောက် မြန်မြန်ကြီး အတူတူရှိသွားကြမည်ဟု သူမ မထင်ခဲ့မိခြင်းသာဖြစ်သည်။
ဟဲကျစ်ယန်သည် တခြားလူ၏ ပျော်ရွှင်မှုကို နှောင့်ယှက်တတ်သော အကျင့်မရှိပေ။ သူမသည် မီးဖိုချောင်ထဲမှ ရေကိုခပ်ကာ အခန်းဆီသို့ပြန်လာပြီး ခြေ၊ လက်နှင့် မျက်နှာများကို ဆေးကြောကာ အိပ်စက်အနားယူရန် ပြင်လိုက်၏။
မော့ကျိုးယွီက အိပ်ရာပေါ်မှာပဲ ရှိသေးသောကြောင့် သူမ ကြမ်းပြင်ပေါ်မှာပဲ အိပ်စက်အနားယူရန် ဆုံးဖြတ်လိုက်သည်။
ထိုအရာကိုမြင်သောအခါ မော့ကျိုးယွီသည် ကုတင်ပေါ်မှ အမြန်ဆင်းလိုက်သည်။
“မင်း ကုတင်ပေါ်မှာ အိပ်ပါ၊ ကိုယ် ကြမ်းပေါ်မှာ အိပ်မယ်။”
“ကြမ်းက အေးနေတာ။ ရှင်က ဒဏ်ရာရထားတဲ့လူလေ။ ကျွန်မ ကြမ်းပေါ်မှာအိပ်ရတာ ဘာမှမဖြစ်ပါဘူး။”
“မဟုတ်ဘူး၊ မင်း ကုတင်ပေါ်မှာ အိပ်ပါ။”
မော့ကျိုးယွီက ဆက်ပြောနေပြီး ဟဲကျစ်ယန်ကိုယ်တိုင်လဲ ဒဏ်ရာရထားသောလူကို ကြမ်းပေါ် မအိပ်စေချင်သောကြောင့် အကြံတစ်ခု ပြောလိုက်၏။
“ကျွန်မတို့နှစ်ယောက်လုံး ကုတင်ပေါ်မှာအိပ်ပြီး ကြားထဲ နေရာလေး ခြားထားကြတာပေါ့။”
“ကောင်းပြီလေ၊ မင်း အတွင်းထဲမှာ အိပ်ပါ၊ ကိုယ်အပြင်ဘက်မှာအိပ်မယ်” မော့ကျိုးယွီ အနည်းငယ် ရှက်မိနေသော်လဲ သူ၏ ဇနီးဖြစ်သူရှေ့တွင် အမြဲတမ်း ရှက်ရွံ့နေလို့ မရပေ။
ဟဲကျစ်ယန်သည် သွက်သွက်လက်လက်ပင် ကုတင်ပေါ်သို့တက်ကာ အတွင်းဆုံးဘက်သို့ သွားလိုက်ပြီး စောင်စကို ဆွဲကာ ခြုံလိုက်သည်။
မော့ကျိုးယွီလည်း ကုတင်၏ အစွန်းတွင် ဝင်လှဲလိုက်ကာ သူတို့နှစ်ယောက်ကြား နေရာအကျယ်ကြီး ခြားထားလိုက်သည်။
ဟဲကျစ်ယန်မှာ ဒီနေ့ အလွန်ပင်ပန်းခဲ့သောကြောင့် မကြာခင် အိပ်ပျော်သွားခဲ့သည်။
သို့သော် သူမက အအိပ်ဆတ်သူဖြစ်သညါ။
အိပ်ပျော်နေတုန်း ကုတင်က အနည်းငယ် လှုပ်သွားသည်ကို သူမ ခံစားလိုက်ရ၏။
သူမ မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်ကြည့်လိုက်သောအခါ မော့ကျိုးယွီက အဝတ်အစားများကို သေချာပြင်ဆင်ကာ အပြင်ထွက်သွားသည်ကို တွေ့လိုက်ရသည်။
မော့ကျိုးယွီကသာ အဝတ်အစားတွေကို သေချာမပြင်ဆင်နေဘူးဆိုရင် သူ အိမ်သာသွားတယ်ဟု သူမ ထင်မိမှာပင်။
အဝတ်အစားတွေကို သေချာပြင်ပြီး ဝတ်သွားတာကလဲ အိမ်သာသွားဖို့များလား။
ထို့နောက် ဟဲကျစ်ယန်သည် မော့ကျိုးယွီက တစ်ခုခုလုပ်ဖို့ ထွက်သွားတာဖြစ်ကြောင်း တွေးလိုက်၏။
သိချင်စိတ်ကြောင့် သူမလဲ အိပ်ရာထကာ သူ့နောက်သို့ လိုက်သွားလိုက်သည်။
မော့ကျိုးယွီက အခန်းပြင်ထွက်သွားသည်။ ထို့နောက် အခြေအနေကို စူးစမ်းပြီး ကိုယ်ဖော့ပညာကိုသုံးကာ အနောက်ဘက်သို့ ထွက်သွားလေသည်။
ဟဲကျစ်ယန်သည် ကိုယ်ဖော့ပညာ မတတ်ပေ။ မော့ကျိုးယွီ၏ ပုံရိပ်က သူမမျက်လုံးထဲက ပျောက်ကွယ်သွားသောအခါ သူမ စိတ်ပျက်လက်ပျက်ဖြင့်သာ အခန်းသို့ ပြန်လာခဲ့ရ၏။
ထိုအချိန်တွင် သူမ၏ အိပ်ချင်စိတ်တို့မှာ အလုံးစုံ ပျောက်ကွယ်သွားပြီး မော့ကျိုးယွီ ဘယ်သွားလဲဆိုတာကိုသာ တွေးနေမိတော့သည်။
အမွှေးတိုင် တစ်တိုင်စာခန့်ကြာပြီးနောက် မော့ကျိုးယွီ ပြန်လာကာ ကုတင်အစွန်းတွင် ခပ်ဖွဖွ လှဲချလိုက်သည်။
ဟဲကျစ်ယန်က သတိရှိသလို မော့ကျိုးယွီကလဲ သတိမပြတ်ပေ။
ဟဲကျစ်ယန်၏ အသက်ရှူသံအရ သူမ အခု အိပ်ပျော်မနေမှန်း သူ သိပေသည်။
“ကိုယ် မင်းအတွက် လက်စားသွားချေပေးတာ၊”
“ရှင် ဟယ်ညီအကိုကို ပညာပေးဖို့သွားတာလို့တော့ မပြောနဲ့နော်” ဟဲကျစ်ယန် အံ့ဩသွားရ၏။
ဒီလူက တကယ် .. တကယ်ကို နည်းနည်း ကာကွယ်ပေးတတ်တာပဲ။
သူမက ဟယ်ညီအကိုကို သင်ခန်းစာပေးပြီးဖြစ်သော်လဲ သူက လက်စားသွားချေပေးသေးသည် ...
“မင်းကို အနိုင်ကျင့်ရဲတဲ့လူ ဘယ်သူ့မဆို အေးအေးဆေးဆေး နေခွင့် မပြုနိုင်ဘူး။”
ဟဲကျစါယန်သည် မော့ကျိုးယွီက သူမအတွက် ဘယ်လို လက်စားချေပေးခဲ့လဲ သိချင်သွားရ၏။
“ရှင် သူတို့ကို ဘာလုပ်ခဲ့တာလဲ။”
မော့ကျိုးယွီသည် သူမအား ခေါင်းစားစေမည့် ကိစ္စတစ်ခု ရောင်းစားလိုက်သည်။ “မနက်ဖြန်မနက်ကျရင် မင်း သိရမှာပေါ့။ ကံမကောင်းလိုက်တာ လီမိသားစုက လီရို့အာကို ရှာမတွေ့ခဲ့ဘူး။ ဒီနေ့ည သူမ ရှိနေရမဲ့နေရာမှာ ရှိမနေဘူးပဲ”
“ရှင် မိန်းမတွေကိုရော ရိုက်ခဲ့တာလား” လီရို့အာ၏ နာမည်ကိုကြားသောအခါ ဟဲကျစ်ယန် ချက်ချင်း စိတ်ဝင်စားသွားရသည်။
“ဒါ အမျိုးသမီးတစ်ယောက်အပေါ် ရက်စက်မိဖို့ တွန်းအားပေးခံရတဲ့ ပထမဆုံးအကြိမ်ပဲ။”