← Chapters

ခင်ပွန်းနှင့်ဇနီး ညဘက်စကားပြောကြခြင်း ( ၂ )

Vol. 3 Ch. 29

ခင်ပွန်းနှင့်ဇနီး ညဘက်စကားပြောကြခြင်း ( ၂ )

Vol. 3 Ch. 29

ဟဲကျစ်ယန်သည် ထိုအခါမှသာ သူမ၏ အဖေက မော့ကျိုးယွီ၏ လက်ထဲသို့ စာတစ်စောင် ထည့်သွားတာကို သတိရလိုက်သည်။

ထိုစာက မော့ကျိုးယွီအတွက် ဖြစ်သည့်အပြင် သူမကလဲ သူများ၏ အတွင်းရေးကို စပ်စုရတာ မကြိုက်သောကြောင့် အထဲမှာ ဘာတွေရေးထားလဲ သူမ သိချင်မိသော်လဲ သူမဘက်ကစပြီး မမေးမြန်းခဲ့ပေ။

မော့ကျိုးယွီသည် ထိုစာအကြောင်း ထုတ်ပြောလိုက်ပြီး သူကိုယ်တိုင်လဲ ဘာမှ ဖုံးကွယ်မထားချင်ပေ။

“စာထဲမှာ ပြောထားတာက ရှင်းရှင်းလေးပါ။ ယောက္ခထီးကြီးက ကိုယ် အပြစ်ကင်းစက်ကြောင်း ‌သက်သေပြနိုင်မဲ့ အထောက်အထားတွေ စုဆောင်းပြီး ပြန်လည်စီရင်ချက်တင်ဖို့ရယ်၊ မင်းကို ကောင်းကောင်းဆက်ဆံဖို့ရယ်ပါပဲ”

“ဒါပဲလား” ဟဲကျစ်ယန်မှာ နည်းနည်းတော့ မယုံကြည်နိုင်ပေ။

မော့ကျိုးယွီက ‌ဖြေလိုက်၏။ “အင်း ဒါအကုန်ပဲ”

ဟဲကျစ်ယန် အတွေးထဲ မျောသွားပြန်သည်။

ယနေ့ သူမ၏ မိဘများ သူမကို လာတွေ့ပြီးနောက် ပထမဆုံးစဉ်းစားမိသော အရာမှာ နန်းတော်ထဲရှိ သူမဖခင်၏ အဆင့်တအန်းပင်။

ဟဲယွမ်မင်က မော့ကျိုးယွီရဲ့ ယောက္ခထီးပဲ။ အဲ့ဒါကြောင့် ဧကရာဇ်ရွှင်းဝူက သူ့ရဲ့ ဒေါသတွေကို သူမ‌အဖေဆီ ပုံချရမှာ မဟုတ်ဘူးလား။

အဲ့ဒီလိုသာဆိုရင် ဟဲယွမ်မင်ရဲ့ နေ့ရက်တွေက စဉ်းတီတုံးပေါ် တင်ထားခံရတဲ့ အသားတုံးလို ဧကရာဇ်ရွှင်းဝူဆီက အချိန်မရွေး နှိပ်စက်ခံရနိုင်တယ် မဟုတ်ဘူးလား။

ဟဲကျစ်ယန် အတွေးလွန်နေသည်ကို တွေ့ပြီး မော့ကျိုးယွီက စကားဆက်ပြောလိုက်သည်။

“ယောက္ခထီးက ရုံးတော်ထဲမှာ သန့်ရှင်းပြီး ရိုးသားတယ်။ ပြီးတော့ ကိစ္စတွေကိုလဲ စနစ်တကျ ကိုင်တွယ်တာ။ ဧကရာဇ်က ဒီလို လုပ်ရည်ကိုင်ရည်ရှိတဲ့ ဝန်ကြီးတစ်ယောက်ကို အဆုံးရှုံးမခံနိုင်ဘူးလေ၊ အဲ့ဒါကြောင့်မို့ စိတ်မပူပါနဲ့။”

မော့ကျိုးယွီ၏ စကားကိုနားထောင်ပြီးနောက် ဟဲကျစ်ယန် အနည်းငယ် စိတ်အေးသွားရသည်။

“နောက်ကျနေပြီ အနားယူတော့၊ မနက်ဖြန်လဲ ခရီးဆက်ရဦးမှာ” မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ ခန္ဓာကိုယ်က လက်ရှိအခြေအနေများကို လက်မခံနိုင်ဖြစ်မှာ စိတ်ပူနေခဲ့သည်။

ဟဲကျစ်ယန်လဲ စကားတွေအများကြီးပြောခဲ့ပြီး ဦးနှောက်ကိုလဲ အများကြီး အသုံးချခဲ့ပြီးနောက် အိပ်ချင်လာပြီဖြစ်သည်။

“ကောင်းပြီ၊ ရှင်လဲ စောစောနားပါ။”

သူမ မျက်လုံးမှတ်မှိတ်ချင်း အိပ်ပျော်နိုင်မည်ဟု ထင်ခဲ့သော်လဲ ဟဲကျစ်ယန်မှာ လူးလိုက်လှိမ့်လိုက်နှင့် အိပ်ချင်ပါလျက် အိပ်မပျော်နိုင်ခဲ့ပေ။

သစ်သားလှည်းပေါ်ရှိ နေရာမှာ သိပ်မကျယ်လှပေ။ ထို့ကြောင့် သူမနှင့် မော့ကျိုးယွီသည် တစ်ယောက်နှင့် တစ်ယောက် ပူးပူးကပ်ကပ်ရှိနေကြ၏။

တစ်ယောက်၏ ခန္ဓာကိုယ် အပူချိန်ကို တစ်ယောက်က ခံစားသိရှိနေရသောကြောင့် ဟဲကျစ်ယန်သာမက မော့ကျိုးယွီလဲ အိပ်မပျော်နိုင်သေးပေ။

သူမ၏ အသက်ရှူသံက စည်းချက်မညီသေးသည်ကို နားထောင်ပြီးနောက် မော့ကျိုးယွီက ‌တိုးတိုးလေး ပြောလိုက်ပြန်သည်။

“မေ့မျောချင်ယောင်ဆောင်နေတာက အကောင်းဆုံး ဖြေရှင်းနည်း မဟုတ်ဘူး။ မြို့တော်ကနေ ထွက်တာနဲ့ ကိုယ် ပြန်နိုးလာဖို့တွေးထားတယ်။”

“အချိန်ကောင်းကို ရှင် ဆုံးဖြတ်လိုက်လေ” ဟဲကျစ်ယန် ယောင်ဝါးဝါးသာ ပြန်ပြောလိုက်သည်။

အမှန်တကယ်တော့ မော့ကျိုးယွီ ထိုသို့ပြောလိုက်ခြင်းမှာ အကြံရှိသောကြောင့်ပင်။

သူက ဟဲကျစ်ယန်ကို ပြောပြချင်ခြင်းသာ ဖြစ်သည်။

ဒါပေမဲ့ သူ ဒီလိုပြောလိုက်တာနဲ့ သူမက သူမသိသေးတာတွေကို ပြောပြရမဲ့အစား ချက်ချင်း သူ့သဘောလို့ ပြောလာလိမ့်မယ်လို့ ဘယ်သူက ထင်ပါ့မလဲ။

“မြို့တော်ကနေ ထွက်ပြီးတာနဲ့ ကိုယ်ပြန်နိုးလာဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်းကို မသိချင်ဘူးလား။”

“ကျွန်မထင်တာတော့ ရှင်က ကျွန်မတို့ကို စောင့်ကြည့်နေမဲ့ ဧကရာဇ်ရဲ့ သူလျှိုတွေကို စိတ်ပူနေတာပဲ။”

ဤအရာက ဟဲကျစ်ယန်၏ အတွေးဖြစ်ပြီး မော့ကျိုးယွီ စဉ်းစားထားသည်နှင့် ၁၀၀ ရာခိုင်နှုန်း ကိုက်ညီပေသည်။

“ကိုယ်တစ်ယောက်ထဲဆို ဒီနေရာကနေ လွတ်အောင် လုပ်ဖို့က အရမ်းလွယ်တယ်၊ ကိုယ့်ကို ဘယ်သူမှ ရှာမတွေ့ဘဲ ပျောက်ကွယ်သွားနိုင်တယ်။

ဒါပေမဲ့ ဒီမှာ မော့မိသားစု အမျိုးသမီးတွေ ကလေးတွေ အများကြီးပဲမို့ အကုန်လုံးကို ကိုယ်စောင့်ရှောက်နိုင်ပါမယ်လို့ အာမမခံနိုင်ဘူး။

အဲ့ဒါအပြင် မင်းရဲ့ မိဘမိသားစုက မြို့တော်မှာကျန်ခဲ့တာ။ ကိုယ်သာ မင်းကိုခေါ်ပြီး ထွက်ပြေးတာနဲ့ အဲ့ဒီလူတွေက အလိုလို ပါဝင်ပက်သက်သူ ဖြစ်သွားပြီပဲ။

မော့မိသားစုထဲ ဝင်လာပြီး နောက်တစ်ရက်မှာပဲ ပြည်နှင်ဒဏ်ပေးခံရပြီး ကိုယ်တို့နဲ့အတူ ဆင်းရဲဒုက္ခတွေ ခံစားနေရလို့ မင်းအတွက် ပိုပြီး အားနာမိတယ်။

ကိုယ့်အမေနဲ့ မရီးတွေကလဲ ဒီလို ကံဆိုးမှုကြီးကို ကြုံတွေ့ရတာနဲ့တင် သနားစရာ ကောင်းလွန်းနေပါပြီ”

သူ၏ နှလုံးသားထဲမှလာသော စကားများကို နားထောင်ခြင်းဖြင့် မော့ကျိုးယွီသည် ဟဲကျစ်ယန်အား ယုံစပြုနေပြီဟု သိနိုင်ပေသည်။

ဟဲကျစ်ယန်သည်လဲ မော့ကျိုးယွီ၏ ကူကယ်ရာမဲ့မှုကြီးကို နားလည်နိုင်ပေသည်။

သူမသည် ထိုလူ၏ သိုင်းပညာစွမ်းရည်ကို သူမ မျက်လုံးနှင့် ကိုယ်တိုင်တွေ့ခဲ့ရပြီးဖြစ်သည်။ သူ့အတွက်တော့ ဤအရာရှိလေးများ၏ မျက်လုံးအောက်မှ ထွက်သွားခြင်းမှာ ပန်းခြံထဲ လမ်းလျှောက်နေရသလိုသာ ဖြစ်ပေလိမ့်မည်။

ဤအရာကြောင့်ပင် မော့ကျိုးယွီက တစ်ကိုယ်ကောင်းဆန်သည့်လူ မဟုတ်ကြောင်း သိနိုင်ပေသည်။

“ဖြစ်ခဲ့ပြီးပြီပဲ ဘယ်တတ်နိုင်ပါ့မလဲ။ ကျွန်မတို့လုပ်ရမှာက မိသားစုကိုရော ကိုယ့်ကိုယ်ကိုရော ကာကွယ်ဖို့ပဲ၊ ပြီးတော့ ပထမဆုံး ပန်းတိုင်က အနောက်မြောက်အရပ်ကို ဘေးကင်းကင်းနဲ့ ရောက်သွားနိုင်ဖို့ပါပဲ။”

နောက်ဆက်တွဲ သမိုင်းအဖြစ်အပျက်များကို သူမ သိထားသည့်အကြောင်းတော့ မပြောပြပေ။

အဘယ့်ကြောင့်ဆိုသော် သူမ ရောက်ရှိလာမှုကြောင့် သမိုင်းထဲတွင် မော့ကျိုးယွီ အရိုက်ခံရသည့် အကြိမ်အရေအတွက်ကို ပြောင်းလဲနိုင်ခဲ့ပြီးဖြစ်သည်။

သူမကြောင့်ပဲ ဒီသမိုင်းကြီးက ဆက်လက်ပြောင်းလဲသွားလိမ့်မည်ဟု ယုံကြည်ပေသည်။

မော့ကျိုးယွီမှာ အမှန်တကယ်ပင် စိတ်ဓာတ်ကျနေသောကြောင့် မိသားစုအားလုံး အနောက်မြောက်အရပ်သို့ ဘေးကင်းကင်းနှင့် ရောက်ရှိနိုင်လိမ့်မည်ဟု အာမမခံရဲပေ။

သို့သော် ဟဲကျစ်ယန်၏ စကားကို နားထောင်ပြီးနောက် ယုံကြည်ချက်များ တစ်မဟုတ်ချက်း တိုးတက်လာခဲ့၏။

သူက မော့မိသားစုရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် အုတ်တိုင်ကြီးပဲ။

သူသာ ရေလိုက်ငါးလိုက်နေဖို့ စဉ်းစားနေရင် သူ့အမေ၊ ဇနီး၊ ညီမလေးနဲ့ မရီးတွေ ဘယ်လိုလုပ်ကြမလဲ။

သူ့ကိုယ်သူ ပြန်ဆွဲတင်ပြီး အနာဂတ်မှာကြုံလာမဲ့ အခက်အခဲတိုင်းကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ဖြေရှင်းရမယ်။

“အကုန်လုံး အသက်ရှင်နိုင်ဖို့အတွက် ကိုယ် အကောင်းဆုံး ကြိုးစားမှာပါ။”

သူမတို့ စကားဝိုင်း၏ စိတ်ဓာတ်ကျချင်စရာ ‌အကြောင်းအရာကြောင့်လားတော့မသိ၊ ဟဲကျစ်ယန်သည် အောင်မြင်စွာ အာရုံလွှဲနိုင်လိုက်၏။

ထိုအချိန်တွင် သူမသည် အမျိုးသားတစ်ယောက်၏နံဘေးတွင် အိပ်နေရသည်ကိုလဲ မေ့သွားခဲ့သည်။

နှစ်ယောက်သား အနာဂတ် အစီအစဉ်များအကြောင်း ပြောကြရင်း ဟဲကျစ်ယန်သည် မသိလိုက်ဘဲ အိပ်ပျော်သွားခဲ့သည်။

သူ့နံဘေးမှ စည်းချက်မှန်မှန် အသက်ရှူသံလေးကြောင့် မော့ကျိုးယွီသည် သူမကို စောင်ဆွဲတင်ပေးလိုက်ပြီး သူလဲ မျက်လုံးမှိတ်လိုက်တော့သည်။

ဟဲကျစ်ယန်သည် အိပ်ပျော်သွားသော်လဲ အရင်ဘဝတုန်းက စောစောထခဲ့သည့်အကျင့်က မပျောက်သွားသေးပေ။

သူမသည် အာရုဏ်မတက်ခင် နိုးလာခဲ့၏။

တခြားသူများ အိပ်ပျော်နေသေးသည်ကို အခွင့်ကောင်းယူကာ သူမနှင့် မော့ကျိုးယွီအား လွှမ်းခြုံထားသည့် စောင်ကို ဖယ်ကာ သိမ်းလိုက်သည်။

မော့ကျိုးယွီသည် တစ်ညလုံး အအိပ်ဆတ်နေခဲ့သည်။ သူ့ကိုယ်ပေါ်မှ စောင်ဖယ်သွားသည်နှင့် ဟဲကျစ်ယန် နိုးနေပြီဖြစ်ကြောင်း သိလိုက်၏။

ဟဲကျစ်ယန်သည် ဘေးသို့ကြည့်လိုက်သောအခါ လူတိုင်းအိပ်မောကျနေကြပြီး ကင်းစောင့်များမှာလဲ ညအစောပိုင်းတုန်းကလို တက်ကြွမနေကြတော့ပေ။

သူမသည် ဂျုံဖြူပေါင်မုန့်နှစ်ခုနှင့် အမဲသားပေါင်းကိုထုတ်ကာ ရေဘူးနှင့်အတူ မော့ကျိုးယွီအား ပေးလိုက်သည်။

“လူတိုင်း အိပ်နေတုန်း သွားပြီး တစ်ခုခု အရင်စားထားနှင့်လိုက်”

“ကောင်းပြီ” မော့ကျိုးယွီ ပြန်ဖြေလိုက်ပြီး အစားအစာများကိုယူကာ လှည်းပေါ်မှ ဆင်းလိုက်သည်။

မော့ကျိုးယွီစားသောက်ပြီး ပြန်လာပြီး သိပ်မကြာခင်ပင် လူတိုင်း တစ်ယောက်ပြီး တစ်ယောက် နိုးလာကြသည်။

အရာရှိများက ဂျုံကြမ်းပေါင်မုန့်များ ထပ်ဝေပေးပြန်သည်။

လူတိုင်းသည် ကျောက်တုံးကဲ့သို့ မာကျော‌သော ဂျုံကြမ်းပေါင်မုန့်များကိုကြည့်ကာ အလွန်အမင်း သည်းခံနေကြရ၏။

သို့သော် အသက်ရှင်သန်နိုင်ရန်အတွက် သည်းခံပြီး မျိုချကြရုံသာ တတ်နိုင်ပေသည်။

မော့မိသားစုကို ကျွေးသော အစားအစာများကတော့ ကွဲပြားပေသည်။

ဆန်းတာ့ကျိုးက သူမတို့အတွက် မနက်တွင်လဲ ဂျုံဖြူပေါင်မုန့်များ ပေးဦးမည်ဟု ပြောခဲ့သည်။

သူက စကားတည်သောလူဖြစ်ပြီး ယွင့်လိုင်ကောင်တီဆီ ရောက်ရန် အရာရှိများ စားဖို့ လုံလောက်သော ဂျုံဖြူပေါင်မုန့်များ ဖယ်ထားပြီးသည်နှင့် အကျန်များအားလုံးကို မော့မိသားစုဝင်များကို ပေးလိုက်တော့သည်။

တခြားလူများ မသိသည်မှာ ဆန်းတာ့ကျိုးက မော့မိသားစုထံ ဂျုံဖြူပေါင်မုန့်များ ပေးရခြင်းမှာ သူနှင့် ဖမ်းဝမ်က ဟဲကျစ်ယန်၏ အသက်ကယ်ပေးမှုကို ကျေးဇူးတင်လွန်းသောကြောင့် မဟုတ်ပေ။

တကယ့်အကြောင်းရင်းမှာ ယခုတစ်ခေါက် သူတို့ တွက်ချက်မှု လွဲသွားသောကြောင့်ပင်။

ပုံမှန်အားဖြင့် သူတို့သည် အလကားဝေရန်အတွက် ဂျုံကြမ်းပေါင်မုန့်အနက်နှင့် ငွေချောင်း တချို့ရနိုင်ဖို့ ရောင်းစားရန် ဂျုံဖြူပေါင်မုန့် ဆိုပြီး ပေါင်မုန့် နှစ်မျိုး ပြင်ဆင်လေ့ ရှိကြသည်။

All Chapters