မျှမျှတတ
Vol. 4 Ch. 44
ဖမ်းဝမ်သည် လူအုပ်ကြီးကို လက်ညှိုးထိုးကာ မေးလိုက်၏။ “မင်းတို့ထဲ ဘယ်သူယုံကြလဲ။ ဒီနှစ်ယောက်ကို ဟဲကျစ်ယန် လုပ်လိုက်တာလို့ ဘယ်သူယုံလဲ။”
ထိုအချိန်တွင် တည်းခိုဆောင်ထဲတွင် နေနေကြသော မိသားစုများမှာလဲ ဆူညံနေသော အသံကြောင့် ရောက်ရှိလာကြသည်။
ဖမ်းဝမ်၏ မေးခွန်းကိုကြားသော လူအုပ်ကြီးမှာ မယုံကြည်မှုကို ပြသရန် ခေါင်းခါယမ်းလိုက်ကြသည်။
သူတို့ မယုံတာကို မပြောနှင့်၊ ဟယ်ကျီယွမ်ကိုယ်တိုင်ပင် ထိုအရာကို မယုံကြည်နိုင်ပေ။
တစ်ဖက်တွင် သူသည် တရားခံအစစ်ကို မရှာနိုင်ပေ၊ တခြားတစ်ဖက်တွင် သူသည် ထိုအခြေအနေကို အခွင့်ကောင်းယူကာ မော့မိသားစုကို ခက်ခဲသွားအောင် လုပ်ချင်သည်။
သူ မမျှော်လင့်ထားခဲ့သည်မှာ ဖမ်းဝမ်က သူ၏ လှည့်စားမှုလေးကို လုံးဝ မယုံကြည်ခဲ့ခြင်းပင်။
သူသည် ပစ်ပြီးသော မြှားကို ပြန်ယူလို့ မရတော့ပေ။ ဟယ်ကျီယွမ်မှာ ထိုစကားကို ပြောပြီးပြီဖြစ်သောကြောင့် အဆုံးထိ ဆက်သွားရပေမည်။
“အရာရှိကြီး၊ ခင်ဗျားက သူမ မလုပ်နိုင်ဘူးလို့ပြောတယ်။ ဒီမှာကြည့် လူတွေအများကြီးပဲ။ ဒီထဲမှာ ကျွန်တော်တို့ကို မုန်းနေတာ မော့မိသားစုပဲရှိတယ်။ သူတို့မဟုတ်ရင် ဘယ်သူဖြစ်မှာလဲ။”
“ပါးစပ်ပိတ်ထားစမ်း” ဖမ်းဝမ်၏ စိတ်ရှည်သည်းခံနိုင်စွမ်းမှာ ထိုလူကြောင့် လုံးဝ ကုန်ဆုံးသွားရပြီး အကျယ်ကြီး အော်ဟစ်လိုက်ရာ ဟယ်ကျီယွမ် ချက်ချင်း ပါးစပ်ပိတ်သွားရသည်။
ဆန်းတာ့ကျိုးက ရှေ့သို့ ထွက်လာ၏။
“ခေါင်းဆောင် သူတို့ အသက်ရှိသေးလားဆိုတာ ကျွန်တော် စစ်ဆေးကြည့်လိုက်ပါမယ်။”
“အင်း” ဖမ်းဝမ်သည်လဲ အတွေးတူနေသည်။ ဒီနှစ်ယောက် သေလား ရှင်လား ဆိုတာကို အရင် စစ်ဆေးရမှာ ဖြစ်သည်။
ဆန်းတာ့ကျိုးသညိ လူနှစ်ယောက် အသက်ရှူသေးလား စစ်ဆေးကြည့်ပြီး သူ့ခေါင်းကို ပြန်လှည့်လိုက်သည်။
“ခေါင်းဆောင် သူတို့ မသေသေးဘူး။”
သူတို့ တကယ် မသေသေးပေ။ မော့ကျိုးယွီသည် ထိုလူများကို ချက်ချင်း သေခိုင်းလိုက်ခြင်းက ညှာတာပေးရာကျသည်ဟု ခံစားရ၏။ ထို့ကြောင့် သူ၏ လှုပ်ရှားမှုများတွင် အချိုးအစားကို သေချာဂရုစိုက်ထားခဲ့သည်။
မနေ့ညက သူ တိတ်တိတ်လေး အပြင်ထွက်ကာ ကောက်ရိုးတဲဆီသို့ တိုက်ရိုက်သွားခဲ့သည်။ ဟယ်ညီအကိုကို ရှာတွေ့သောအခါ မေ့ကြောကိုဖိကာ ထောင့်တစ်နေရာသို့ သယ်သွားပြီး သူတို့၏ ခြေလက် အကြောများကို ဖြတ်တောက်ပစ်ခဲ့သည်။
သူတို့ မျက်နှာမှ သွေးများမှာလဲ မော့ကျိုးယွီ တမင်လုပ်ခဲ့ခြင်းပင်။ သူတို့၏ အဆစ်များမှ သွေးများကို ထုတ်ယူကာ မျက်နှာပေါ်သို့ ဖြန်းပေးခဲ့ခြင်း ဖြစ်၏။
ရည်ရွယ်ချက်မှာ လီမိသားစုနှင့် ဟယ်မိသားစုက မော့မိသားစုကို ပိုပြီး ထိတ်လန့်သွားကာ ကြောက်နေစေရန်ပင် ဖြစ်သည်။
လူမသေဘူးဆိုမှတော့ ဖမ်းဝမ်သည် သူ့တာဝန်အရ ကယ်တင်ပေးရပေမည်။
သူ တွေးမိလိုက်သည့် ပထမဆုံးလူမှာ ဟဲကျစ်ယန်ပင်ဖြစ်သည်။
“မိန်းကလေးဟဲ၊ ဒီမှာ မင်းတစ်ယောက်ပဲ ဆေးအကြောင်းနားလည်တာဆိုတော့ မင်း တစ်ချက်လောက် ကြည့်ကြည့်ပါလား။”
လွန်ခဲ့သည့်နှစ်ရက်အတွင်း ပြောဆိုဆက်ဆံမှုများအရ ဖမ်းဝမ်သည် ဟဲကျစ်ယန်က ဉာဏ်ကောင်းမှန်း သိသောကြောင့် သူမကို အမိန့်ပေးရခြင်းတွင် ယုံကြည်ချက်များစွာ ရှိမနေပေ။
သို့သော် သူတို့ကို ဟဲကျစ်ယန် ကုသပေးမှ ဖြစ်ပေမည်။
ဟယ်မိသားစုတွင် သမားတော်ခေါ်ရန် ငွေကြေး မရှိပေ။ သူလဲ သူ့ကိုယ်ပိုင်အိတ်ထဲမှ ထုတ်မပေးချင်ပေ။
ဟဲကျစ်ယန်က သူတို့ကို ကုပေးနေရင်း သေသွားခဲ့မည်ဆိုလျှင်တောင် ပြဿနာ မရှိပေ။
ဟဲကျစ်ယန်သည် ထိုလူများ၏ ဒဏ်ရာများကို သေချာ စစ်ဆေးကြည့်ပြီးဖြစ်သည်။ မော့ကျိုးယွီသည် လူတစ်ယောက်၏ ခြေလက် အကြောများကို ဖြတ်တောက်ပစ်ရာတွင် အလွန်တော်သည်ဟု ဆိုရပေမည်။
ဒဏ်ရာ၏ အရွယ်အစားမှာ သူမ အရင်ဘဝတုန်းက ခွဲစိတ်ဓားဖြင့် သေးငယ်သော ဒဏ်ရာလေး ဖောက်လိုက်သည့် အရာလောက်သာ ရှိပေသည်။ ချုပ်ဖို့တောင် မလိုပေ။
သူတို့နှစ်ယောက် အခုထိ အသက်ရှင်နေရသည့် အကြောင်းရင်းမှာ မော့ကျိုးယွီက သူတို့၏ သွေးလွှတ်ကြောများကို ဘာမှမလုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ဒီနှစ်ယောက်ကို ကုသပေးဖို့က မခက်ခဲပေ။ လိုအပ်သည်မှာ အနာမှ သွေးထွက်နေသည်ကို တိတ်အောင်လုပ်ပြီး ဖြေးဖြေးချင်း အားပြန်ဖြည့်ပေးဖို့သာ ဖြစ်သည်။ ပြတ်နေသော အာရုံကြောများကိုပင် သူမ ပြန်ဆက်ပေးနိုင်သေး၏။
သို့သော် သူမ၏ ရန်သူတွေကို ကယ်ပေးဖို့ တာဝန်မရှိဟု ခံစားရသည်။
“အရာရှိဖမ်း၊ ကျွန်မ ပြင်ပဒဏ်ရာတွေ ကုသတာ မကျွမ်းဘူး။ ရှင် တခြားနည်းပဲ စဉ်းစားလိုက်ပါ။”
ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက် သေမှာ မဟုတ်ပေ။ ခြေလက် အကြောသေသွားရုံသာဖြစ်သည်။ သူတို့ အသက်ရှင်လျှင်တောင် တစ်ဘဝလုံး ဒုက္ခိတဖြစ်နေမှာပင်။
ဖမ်းဝမ်က ဒေါသပေါက်ကွဲလုနီးပါး ဖြစ်သွားသည်ကိုမြင်ပြီး ဟဲကျစ်ယန် အလျင်အမြန် ထပ်ပြောလိုက်၏။
“အရာရှိဖမ်း၊ ရှင်လဲ တစ်စုံတစ်ယောက်ကို မဖြစ်နိုင်တာလုပ်ပေးဖို့ ဖိအားတော့ မပေးဘူးမလား။”
ဖမ်းဝမ် - ...
အခု သူမက ဤနည်းအတိုင်း သွားနေပြီဖြစ်သောကြောင့် သူသာ သူမကို ထပ်ပြီး ပြောနေပါက ဖိအားပေးရာ ရောက်သွားပေမည်။
ဖမ်းဝမ်သည် ရွေးချယ်စရာ မရှိတော့ဘဲ လက်ကိုဝေ့ယမ်းကာ ဟဲကျစ်ယန်အား ထွက်သွားခိုင်းလိုက်ရသည်။
ဟဲကျစ်ယန်သည် ရုန်းရင်းဆန်ခတ်ကိစ္စကို စနည်းနာခဲ့ပြီးနောက် အခွင့်အရေးကို အရယူကာ တည်းခိုဆောင်၏ အရှေ့ဘက်ဝန်းဆီ ပြန်သွားလိုက်သည်။
မရီးနှစ်ယောက်သည် ယာဂုဆန်ပြုတ်များဖြင့် ပြည့်နေသော သံအိုးကြီးနှင့်အတူ အရံဟင်းတစ်ခုကို ပြင်ဆင်ပြီးပြီဖြစ်သည်။
ဟဲကျစ်ယန်သည် ဖန်းမိသားစုနှင့် ရှဲ့မိသားစုကို အတူတူစားရန် သွားခေါ်လိုက်ပြီးနောက် ထိုမိသားစုနှစ်စုထံမှ ကျေးဇူးတင်မှုများ ထပ်မံ လက်ခံရရှိခဲ့ပေသည်။
အရာရှိဖမ်းက ဟယ်ညီအကို၏ ထိခိုက်မှုကို ဘယ်လိုကိုင်တွယ်လိုက်သလဲ သူမလဲ မသိပေ။ အရာရှိများ ပြန်လာကြသောအခါ ကောက်ရိုးတဲထဲမှ လူအကုန် ငြိမ်သက်နေကြပြီ ဖြစ်သည်။
အရာရှိများ ပြန်လာကြပြီး မော့မိသားစုက ရှဲ့မိသားစု၊ ဖန်းမိသားစုနှင့်အတူ ယာဂုသောက်နေကြသည်ကို မြင်လိုက်သောအခါ သူတို့၏ ဂျုံဖြူပေါင်မုန့်များက အရသာမရှိတော့သလို ခံစားလိုက်ကြရ၏။
သို့သော် သံအိုးကြီးထဲမှ ယာဂုများ ကုန်လုနီးပါးဖြစ်နေပြီကို မြင်သောအခါ အရာရှိများမှာ မတတ်သာဘဲ ဒီတိုင်း နေလိုက်ကြရတော့သည်။
မနက်စာစားပြီးနောက် ဆန်းတာ့ကျိုးက ဈေးထဲသို့ အတူသွားရန် ဟဲကျစ်ယန်ကို လာခေါ်ခဲ့သည်။
ဟဲကျစ်ယန်သည် ပစ္စည်းအများကြီး ဝယ်ရန် စိတ်ကူးထားသောကြောင့် သစ်သားတွန်းလှည်းကိုပါ တစ်ခါထဲ ယူလာခဲ့လိုက်၏။
တည်းခိုခန်း၏ ထွက်ပေါက်ဆီသို့ ရောက်လာသောအခါ ထိုနေရာတွင် လီဟူက စောင့်နေသည်ကိုတွေ့ကာ လီဟူ၏ အကြည့်က သူမအား နိမိတ်မကောင်းသော ခံစားချက်ကို ရသွားစေသည်။
ဟဲကျစ်ယန်က မမြင်ချင်ယောင်သာ ဆောင်လိုက်သည်။
“အရာရှိကျိုး၊ သွားကြရအောင်”
ဆန်းတာ့ကျိုးသည် ဘာမှထပ်မပြောတော့ဘဲ လီဟူနှင့် ဘေးချင်းကပ်လျက်ယှဉ်ကာ အရှေ့မှ လျှောက်သွားလေသည်။
ထောင့်တစ်ခုကို ချိုးကွေ့လိုက်ပြီးနောက် လူတွေ များသထက် များလာခဲ့သည်။ ဟဲကျစ်ယန်သည် ဈေးနှင့် နီးလာပြီဖြစ်ကြောင်း သိလိုက်၏။
ဆန်းတာ့ကျိုးက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး အရှေ့ကို လက်ညှိုးထိုးပြလိုက်သည်။ “ဒါက ဈေးပဲ။ ငါတို့ တချို့ပစ္စည်းတွေ ဝယ်ဖို့လိုတယ်ာ မင်းက ငါတို့နောက်ကလိုက်ပြီး တချိန်တည်း မင်းလိုချင်တာလဲ ဝယ်ပေါ့။”
ဟဲကျစ်ယန်သည် တကယ်ကို အရာရှိနှစ်ယောက်နှင့်အတူတူ ဈေးဝယ်မထွက်ချင်ပေ။
ပစ္စည်းများ အသိမ်းမခံရခင် မော့မိသားစုအိမ်တော်မှ သူမ သိမ်းယူခဲ့သော စပါးအမြောက်အများမှာ နေရာလွတ်ထဲတွင် ရှိနေသေးသည်။ သူမသာ သူတို့နှင့်အတူတူ လိုက်သွားနေရပါက ထိုအရာများကို ထုတ်ယူရန် အခွင့်အရေး မရှိတော့ပေ။
ထို့ကြောင့် ဟဲကျစ်ယန်၏ မျက်လုံးများမှာ အတွေးနက်နေဟန်ပေါ်သည်။
“အရာရှိကျိုး၊ ကျွန်မ ဝယ်စရာတွေက အများကြီးရှိတာ။ ရှင့်နောက်ကို လိုက်နေရတာက အချိန်တွေ အများကြီး ကုန်သွားမှာလေ။ ကျွန်မဟာကျွန်မ အရင်သွားဝယ်ပြီးမှ အချိန်နဲ့ နေရာတစ်ခု သတ်မှတ်ပြီး ပြန်ဆုံကြရင်ရော ဘယ်လိုလဲ။”
ဆန်းတာ့ကျိုး အနည်းငယ် ချီတုံချတုံ ဖြစ်သွားရ၏။
ဟဲကျစ်ယန်က ပြည်နှင်ဒဏ်ခံရသော အကျဉ်းသား ဖြစ်သည်။ သူမသာ သူ့မျက်စိအောက်က ထွက်သွားပါက ထွက်ပြေးသွားနိုင်ချေက မြင့်မားပေသည်။
အကျဉ်းသားတစ်ယောက် လွတ်မြောက်သွားခြင်းက အရာရှိတစ်ယောက်အတွက် ပေါ့သေးသေး ကိစ္စမဟုတ်ပေ။ မြို့တော်သို့ ပြန်ရောက်ပါက အပြစ်ပေးခံရမှာ ဖြစ်သည်။
ဆန်းတာ့ကျိုး၏ တွေဝေနေမှုကို မြင်ပြီးနောက် ဟဲကျစ်ယန်သည် သူမ၏ အကြောင်းပြချက်ကို အသေးစိတ် ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
“အရာရှိကျိုး၊ တကယ်လို့များ ကျွန်မကသာ ကျွန်မယောက်ျားနဲ့အတူ ပြည်နှင်ဒဏ်ခရီးစဉ်မှာ မလိုက်ခဲ့ချင်ရင် ကျွန်မအဖေရဲ့ လုပ်ပိုင်ခွင့်တွေနဲ့ဆို ကျွန်မကို မြို့တော်မှာပဲ နေခဲ့ရအောင် အေးအေးဆေးဆေး လုပ်ပေးလို့ရပါတယ်။ ပြည်နှင်ဒဏ် ခရီးအတွင်း တိတ်တိတ်လေး ထွက်ပြေးရလောက်အောင် ကျွန်မ အဲ့လောက်ထိ မရူးနှမ်းပါဘူး။
အဲ့ဒါအပြင် မော့မိသားစု လူတွေအကုန်လုံး တည်းခိုဆောင်မှာ ရှိသေးတယ်။ ကျွန်မ သူတို့ကို ထားခဲ့ပြီး တစ်ယောက်ထဲ ထွက်မပြေးပါဘူး။”
ဆန်းတာ့ကျိုးသည် ဟဲကျစ်ယန်၏ စကားများက အဓိပ္ပါယ်ရှိတာကို သိနေသော်လဲ သူက တွန့်ဆုတ်နေကာ အနည်းငယ် စိတ်ပူနေသေးသည်။
ထိုအချိန်တွင် လီဟူက ပြောလာ၏။
“အကိုကြီး၊ မိန်းကလေးဟဲရဲ့ စကားတွေက အဓိပ္ပါယ်ရှိတယ်လို့ ကျွန်တော်ထင်တယ်။ သူမသာ ထွက်ပြေးရဲရင် ကျွန်တော်တို့ ပြန်ရောက်သွားတဲ့အခါ ကျွန်တော် မော့ကျိုးယွီရဲ့ ခြေထောက် တစ်ချောင်းကို ချိုးပစ်မယ်”
အပေါ်ယံတွင် လီဟူက ဟဲကျစ်ယန်အတွက် ပြောပေးနေသည့်ပုံပေါ်သော်လဲ တကယ်တမ်းတော့ သူ့မှာ တခြားရည်ရွယ်ချက် ရှိနေကြောင်း ဟဲကျစ်ယန် သိနေပေသည်။
လီဟူသည် သူမ ပြန်မလာဖို့ မျှော်လင့်နေပြီး လီရို့အာအတွက် မျက်စိနောက်စရာကို ဖယ်ရှားပေးချင်သည့်အပြင် မော့ကျိုးယွီကိုလဲ နှိပ်စက်ဖို့ အခွင့်အရေးလိုချင်နေခြင်းသာ ဖြစ်သည်။
ထို့ကြောင့်ပင် ဟဲကျစ်ယန်သည် လီဟူ၏ ပုံစံအစစ်အမှန်ကို စတင်ကာ သံသယဝင်လာ၏။
သူသည် တစ်စုံတစ်ယောက်က မော့ကျိုးယွီကို စောင့်ကြည့်ရန် စေလွှတ်ထားသော ပြည်နှင်ဒဏ်ပေးခံရသည့် ခရီးက အရာရှိ ဟန်ဆောင်ထားသည့်လူ ဖြစ်ဖို့ များပေသည်။
အကယ်၍သာ ဒီလိုဆိုပါက လီဟူကို ဖယ်ထုတ်ပစ်ရပေမည်။
သူမ စိတ်ထဲတွင် တွေးတောနေသော်လဲ မျက်နှာပေါ်တွင်တော့ ဘာအရိပ်အယောင်မှ ပေါ်မနေစေပေ။
“အရာရှိကျိုး၊ ကျွန်မ တကယ် ထွက်မပြေးပါဘူး။”
“အကိုကြီး၊ ထပ်တွေဝေမနေနဲ့တော့။ ကျွန်တော်တို့ ကိစ္စကိုလုပ်ဖို့က ပိုအရေးကြီးတယ်လေ” လီဟူက ထပ်တိုက်တွန်းလိုက်ပြန်သည်။
ဆန်းတာ့ကျိုးသည် ခက်ခဲစွာ ခေါင်းငြိမ့်လိုပ်၏။
“ကောင်းပြီ၊ ငါ မင်းကို တစ်ကြိမ်တော့ ယုံပေးလိုက်မယ်။ ဒီနေရာမှာ မွန်းမတည့်ခင် ပြန်ဆုံကြမယ်။”
ဟဲကျစ်ယန်သည် သူမ၏ ရည်မှန်းချက် အောင်မြင်သွားသဖြင့် သက်ပြင်းဖွဖွ ချလိုက်၏။
“စိတ်မပူပါနဲ့၊ ကျွန်မ နောက်မကျဖို့ အာမခံပါတယ်။”
အရာရှိနှစ်ယောက်နှင့် လမ်းခွဲခဲ့ပြီးနောက် ဟဲကျစ်ယန်သည် လှည်းကို တွန်းကာ ဈေးထဲသို့ တည့်တည့်ဝင်သွားလိုက်သည်။
ဈေးကြီးမှာ လူအများဝင်လိုက်ထွက်လိုက်နှင့် စည်ကားနေပြီး ဈေးသည်များ၏ အော်သံများကလဲ အဆက်မပြတ် ထွက်ပေါ်လို့ နေသည်။
ဟဲကျစ်ယန်၏ အချိန်က အကန့်အသတ်ရှိသည်ဖြစ်ရာ သူမသည် ထိုအယအသက်ဝင်မြူးကြွနေသော လေထုကြီးကို ခဏတာ ကြည့်ရုံသာ ကြည့်နိုင်သည်။
လမ်းများထက်တွင် စီတန်းထားသော ဆိုင်များက အရောင်းအဝယ်အတွက် တံခါးများကို ဖွင့်ထားကြလေသည်။