ဝယ်ယူခြင်း
Vol. 4 Ch. 45
ကံကောင်းထောက်မစွာပင် ဟဲကျစ်ယန်သည် မူလကိုယ်၏ မှတ်ဉာဏ်များကို လက်ခံရရှိထားသောကြောင့် သူမသည် ဤရှေးခေတ်စာလုံး ဆိုင်းဘုတ်များကို ခွဲခြားနိုင်ခဲ့သည်။
သူမ ဝက်သားဆိုင်သို့ ရောက်သွားသောအခါ ဈေးကို မေးကြည့်လိုက်၏။ ဝက်နံရိုးများက ဝက်အသားထက် ဈေးပေါသည်ကို ကြားလ်ုက်ရသောအခါ သူမ တကယ်ပင် အံ့ဩဝမ်းသာ ဖြစ်သွားရသည်။
ဝက်သားမှာ တစ်ကတ်တီကို ၁၈ ဝမ်ဖြစ်ပြီး ဝက်နံရိုးကတော့ ၈ ဝမ်သာ ရှိသည်။
ဟဲကျစ်ယန်သည် တုံ့ဆိုင်းမနေဘဲ ဝက်နံရိုးများကို တစ်ခါထဲ ဝယ်ပစ်လိုက်၏။ ထိုအရာက ဈေးပေါသောကြောင့်သာလျှင် မဟုတ်ဘဲ သူမ အရမ်းကြိုက်သောကြောင့်လဲ ဖြစ်သည်။
သူမက ဈေးကြီးသော ဝက်သားကို မဝယ်ဘဲ ဝက်နံရိုးများကို ဝယ်သည်မှာ ကပ်စေးကုပ်နေသောကြောင့်ဟု တခြားလူများက တွေးကြလေသည်။
ဝက်သားဝယ်ပြီးနောက် သူမသည် သူဌေးအား အတုံးသေးလေးတွေ တုံးခိုင်းလိုက်ကာ သူမ၏ လှည်းပေါ်သို့ တင်လိုက်သည်။
ဟဲကျစ်ယန်သည် နောက်ထပ် ကုန်စုံဆိုင်တစ်ခုသို့ သွားလိုက်၏။
ဈေးရောင်းသူမှာ ကောင်တာနောက်တွင် ခေါင်းငိုက်စိုက်ချလျက် ထိုင်နေပြီး ဈေးဝယ်သူ ဝင်လာသည်ကိုပင် မော့မကြည့်ပေ။
သူမ၏ အရင်ဘဝတွင် ဟဲကျစ်ယန်သည် ဒီလို ဈေးရောင်းသူနှင့် တွေ့ဆုံရပါက မဝယ်ဘဲ ချက်ချင်း လှည့်ထွက်သွားမည်ပင်။
သို့သော် ဤနေရာတွင်တော့ ကွဲပြားပေသညါာ တခြားကုန်စုံဆိုင် တစ်ခုကို ရှာရင်းဖြင့် အချိန်မကုန်လိုသောကြောင့် သူမကိုယ်တိုင်သာ ဆိုင်ထဲသို့ ပတ်ကြည့်လိုက်ရသည်။
ပစ္စည်းများကို စီထားပုံမှာ အနည်းငယ် ရှုပ်ပွနေပြီး သူမ လှည့်ပတ်ကြည့်ပြီးသော်လဲ သူမ ဝယ်ယူချင်သည့် အရာကို မတွေ့နိုင်သေးပေ။
“ဆိုင်ရှင်၊ ရှင်တို့မှာ ဆီစိမ်စက္ကူရှိလား။”
ဈေးရောက်းသူမှာ နောက်ဆုံးတွင် ဧည့်သည်၏ မေးခွန်းသံကြောင့် ခေါင်းမော့လာခဲ့သည်။
“ဆီစိမ်စက္ကူရှိပါတယ် မိန်းကလေး၊ ဘယ်လောက်လောက်လိုချင်တာလဲ။”
ဟဲကျစ်ယန်သည် အနာဂတ်တွင် သူမ၏ နေရာလွတ်ထဲမှ ပစ္စည်းများ မကြာခဏ ထုတ်ဖြစ်မည်ကို တွေးလိုက်၏။ သူမသည် ဝက်ဗိုက်သားချဉ်လိုမျိုး ပစ္စည်းများကို လက်ထဲ အမြဲ ကိုင်ထားလို့ မရပေ။
ထို့ကြောင့် ဆီစိမ်စက္ကူ များများရှိလေ ကောင်းလေလေပင်။
“ရှင်တို့မှာ ဆီစိမ်စက္ကူ ဘယ်လောက်ရှိလဲ၊ ကျွန်မ အကုန်လိုချင်တယ်။”
ဈေးရောင်းသူမှာ သူမ၏ စကားကို လုံးဝ မယုံပေ။
“မိန်းကလေး၊ မင်း နောက်နေတာလား။ ငါ့မှာ ဆီစိမ်စက္ကူတွေ အများကြီးပဲရှိတယ်။”
“ကျွန်မ နောက်နေတာ မဟုတ်ဘူး။ ဈေးသာအဆင်ပြေရင် ကျွန်မ အကုန်ယူမှာ သေချာတယ်။”
ဆိုင်ရှင်မှာ ချက်ချင်း ထကာ ကန့်လန့်ကာ နောက်သို့ ဝင်သွားသည်။ သူသည် ဆီစိမ်စက္ကူ တစ်ထပ်ကြီးကို သယ်လာကာ အမှန်ပြန်လာခဲ့၏။
ထိုအရာက အနည်းဆုံး အရွက်တစ်ထောင်ကျော်ခန့်ရှိမည်ဟု ဟဲကျစ်ယန် ခန့်မှန်းလိုက်သည်၊ တကယ်ကို အများကြီးပင်။
ဆိုင်ရှင်က ဆီစိမ်စက္ကူများကို ကောင်တာပေါ်သို့ တင်လိုက်သည်။
“မိန်းကလေး၊ ဒီမှာ ဆီစိမ်စက္ကူ အရွက် ၁၁၀၀ ပဲ။ ဆယ်ရွက်ကို တစ်ဝမ်ကျသင့်တယ်။ ဒီလိုဈေးမျိုး မင်း ဘယ်မှာမှ ရှာမရဘူး။”
ဟဲကျစ်ယန်သည် ဒီဘက်ခေတ်က ဈေးနှုန်းများကို မရင်းနှီးသော်လဲ ဆိုင်ရှင်က သူမကို လှည့်စားနေတာ မဟုတ်ဘူးဟု သူမ၏ ပင်ကိုယ်သိစိတ်က ပြောပြနေခဲ့သည်။
“ကောင်းပြီ၊ ကျွန်မ ဒီဆီစိမ်စက္ကူတွေ အကုန်ယူမယ်။”
သူမသည် အင်္ကျီလက်ကိုကွယ်က နေရာလွတ်ထဲမှ ကြေးပြားအတွဲ ၂တွဲကို ထုတ်ယူလိုက်၏။
ဤကြေးပြားများမှာ နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ ဓားပြတိုက်လာတာဖြစ်ပြီး သူမတွင် ကြေးပြားဘူးပေါင်းများစွာ ရှိသေးသည်။ ထို့ကြောင့် သူတို့ကို သုံးပစ်လိုက်ရခြင်းအား နည်းနည်းလေးမှ နှမျောမနေပေ။
သူမသည် ဝမ် ၁၁၀ ရေတွက်လိုက်ပြီး ဆိုင်ရှင်ကို ပေးလိုက်သည်။ သူမ ဆီစိမ်စက္ကူအများကြီးကို ပိုက်ကာ ထွက်သွားတော့မည့် အချိန်တွင်ပဲ လူငယ်တစ်ယောက်က အလန့်တကြား ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
“အဖေ၊ ကျွန်တော် တည်းခိုခန်းကို နောက်တစ်ခေါက် သွားမေးခဲ့ပြီ။ ကျွန်တော်တို့ဆီက ဆီစိမ်အစတွေ မှာခဲ့တဲ့ အဲ့ဒီကုန်သည်က တကယ်ကြီး ထွက်ပြေးသွားတယ်။”
ဆိုင်ရှင်သည် ထိုင်ခုံပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်လိုက်ကာ မျက်နှာကို လက်ဖြင့် အုပ်ထားလိုက်သည်။
လူငယ်မှာ ဟဲကျစ်ယန်ကို ဖြတ်ပြီး ကောင်တာနောက်သို့ သွားလိုက်သည်။
“အဖေ၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ။”
ဆိုင်ရှင်သည် ခေါင်းကိုသာ ယမ်းလိုက်ပြီး သူ့အသံက လုံးဝကို ကူကယ်ရာမဲ့နေခဲ့သည်။
“ငါတို့မိသားစုရဲ့ စုဆောင်းငွေတွေအားလုံးကို အဲ့ဒီ ဆီစိမ်အစ ဝယ်ဖို့ အကုန်သုံးလိုက်မိပြီ။ အခု အဲ့ကုန်သည်က ပြေးသွားတော့ ဒီဆီစိမ်အစတွေကို ဈေးနည်းနည်းနဲ့ပဲ ရောင်းထုတ်ရတော့မှာပဲ။”
ဟဲကျစ်ယန်သည် ထိုစကားကိုကြားလိုက်သောအခါ ချက်ချင်း နောက်ပြန်လှည့်လိုက်၏။
သူတို့ပြောလိုက်သော ဆီစိမ်အစကို သူမ အလွန်စိတ်ဝင်စားမိပေသည်။
“ဆိုင်ရှင်၊ ရှင်ပြောနေတဲ့ ဆီစိမ်အစဆိုတာ ကျွန်မကို ပြပေးလို့ ရမလား။”
ဆိုင်ရှင်သည် ဟဲကျစ်ယန်အား ကြည့်လာသော်လဲ ကူကယ်ရာမဲ့သည့် အကြည့်ဖြင့်သာဖြစ်သည်။
“မိန်းကလေး၊ ကိစ္စတွေ ရှုပ်ထွေးအောင် မလုပ်ပါနဲ့တော့။ အဲ့ဒီဆီစိမ်အစဆိုတာ ထီးလုပ်တဲ့နေရာမှာသုံးတာ။ မင်း ဝယ်သွားရင်တောင် သုံးလို့ရမှာ မဟုတ်ဘူး။”
ဟဲကျစ်ယန်သည် သူတို့ပြောသော ဆီစိမ်အစက ရေစိုခံသည့် အစွမ်းရှိမှန်း ခန့်မှန်းမိပြီးသားပင်ဖြစ်သည်။ ဆိုင်ရှင်၏ စကားကို ကြားပြီးနောက် ထိုအရာက သူမလို ချင်နေသည့်အရာဖြစ်ကြောင်း သေချာသွားခဲ့သည်။
“ဆိုင်ရှင်၊ ဘာပဲဖြစ်ဖြစ် ရှင်လဲ အဲ့ဒီဆီစိမ်အစတွေကို ရောင်းမှာပဲလေ။ ကျွန်မကို ဘာလို့ တစ်ချက်လောက် ပြမကြည့်မှာလဲ။ အဆင်ပြေတယ်ဆို ကျွန်မ ဝယ်မှာပေါ့။”
“မိန်းကလေး၊ ခဏစောင့်ပါ။ ကျွန်တော် နမူနာတွေ သွားယူခဲ့ပါမယ်” လူငယ်လေးက ဆိုင်ရှင်ထက် ပိုပြီး စိတ်မြန်လက်မြန် ရှိသည်။ သူက ပြဿနာကို ဂရုပင်စိုက်မနေဘဲ ဆီစိမ်အစကို ချက်ချင်း သွားယူလေသည်။
သိပ်မကြာခင်တွင် သူသည် အစိမ်းရောင်နှင့် အနက်ရောင် ဆီစိမ်အစကို ကိုင်ကာ ပြန်ရောက်လာ၏။
“မိန်းကလေး၊ တစ်ချက်ကြည့်ကြည့်ပါ။ ကျွန်တော်တို့မိသားစုရဲ့ ဆီစိမ်အစက ပါးပြီးတော့ ထီးလုပ်တဲ့နေရာမှာ ပေါ့ပါးပြီး အကြမ်းခံပါတယ်။”
ဟဲကျစ်ယန်သည် အစကို လက်ဖြင့် စမ်းကိုင်လိုက်သည်။ လူငယ်လေးပြောသလိုပင် အစက အလွန် ပါးလျသည်။
သို့သော် အစမှာ အလွန် သိပ်သည်းစွာ ရက်လုပ်ထားပြီး တစ်ချက်ထဲနှင့်ပင် အရည်အသွေးကောင်းကြောင်း သိနိုင်ပေသည်။
“လူငယ်လေး၊ ဒီဆီစိမ်အစက ဘယ်လောက်ကျသင့်လဲ။”
လူငယ်လေးက သူကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်သည့်ပုံပင်။ သူက ဆိုင်ရှင်ဘက်သို့လှည့်ကာ တိုင်ပင်လိုက်၏။
“အဖေ၊ ဒီဆီစိမ်အစပေါ်မှာ အရင်းလောက် ပြန်ရရင်ကို အဆင်ပြေလှပြီလေ။ အရင်းဈေးနဲ့ပဲ ပြန်ရောင်းကြရအောင်လား။”
ဆိုင်ရှင်က ခက်ခဲစွာ ခေါင်းငြိမ်လိုက်သည်။
“မိန်းကလေး၊ မင်း တစ်လိပ်လုံး ဝယ်မယ်ဆိုရင် အဲ့ဒါ အရင်းဈေး ဝမ် ၅၀၀ နဲ့ပဲ ငါတို့ရောင်းပေးမယ်။”
ဟဲကျစ်ယန်က ဈေးကို နားမလည်ပေ။ သို့သော် ဝမ်အရေအတွက်ကို ကြားရခြင်းမှာ သူမနားထဲ အတော်လေး ဈေးသက်သာသလိုပင်။
သူမက နောက်ထပ် မေးခွန်းအနေဖြင့် အလိပ်တစ်လိပ်ကို အလျားအနံ ဘယ်လောက်ရှိလဲ မေးကာ တွက်ချက်လိုက်သည်။ တစ်လိပ်ကို ယာယီတဲများ ဖန်တီးရာတွင် အသုံးချပါက ရိုးရိုးယာယီတဲ နှစ်လုံး ပြုလုပ်နိုင်ပေသည်။
“ဆိုင်ရှင်၊ ရှင့်မှာ ဆီထည်အလိပ် ဘယ်လောက်လောက် ရှိလဲ။”
ဆိုင်ရှင် မျက်လုံးထပ်ပြူးသွားရ၏။ “မိန်းကလေးက ဘယ်လောက်လိုချင်လို့လဲ”
တွက်ချက်ကြည့်ပြီးနောက် ဟဲကျစ်ယန်သည် ရွက်ဖျင်တဲတစ်ခုလျှင် လူ၂ယောက်ဆန့်သော ရိုးရိုးရှင်းရှင်း ရွက်ဖျင်တဲများကို လုပ်ချင်ခဲ့သည်။ မော့မိသားစုဝင် လူ ၁၂ ယောက်ရှိပြီး ရှဲ့မိသားစုနှင့် ဖန်းမိသားစုက စုစုပေါင်း ၂၀ ယောက် ရှိပေသည်။
အကျဉ်းသားများကို လိုက်ပို့ရသည့် အရာရှိများကိုလဲ မေ့ထားလို့ မရပေ။
ထိုလူအများနှင့်ဆိုလျှင် အနည်းဆုံး ရွက်ဖျင်တဲ ၂၅ လုံးလောက်တော့ လိုအပ်ပေမည်။
“ဆိုင်ရှင်၊ ကျွန်မ ဆီထည်အစ အလိပ်ကြီး ၁၃ လိပ် လိုချင်တယ်။”
အရေအတွက်ကို ကြားပြီးနောက် ဆိုင်ရှင်သည် သူ့နားများ တစ်ခုခု မှားယွင်းနေသည်ဟု ထင်သွား၏။ ဟန်ပင်မဆောင်နိုင်တော့ဘဲ နားကို ပြင်းပြင်းထန်ထန် ပွတ်လိုက်သည်။
လူငယ်လေးက ချက်ချင်းပင် သွက်သွက်လက်လက် ပြောလာသည်။ “မိန်းကလေး၊ ခဏစောင့်ပါ။ အခုချက်ချင်း ယူလာပေးပါမယ်ခင်ဗျ။”
ဟဲကျစ်ယန်သည် လက်ကိုမြှောက်ကာ တားလိုက်၏။
“မလောပါနဲ့။ ကျွန်မ ရှင်တို့ဆိုင်ကနေ ပစ္စည်းတွေ ဒီလောက် ဝယ်ထားတာ အဲ့ပစ္စည်းတွေကို ကျွန်မရဲ့ နေရာအထိ ပို့ပေးနိုင်မလား။”
“ယွင့်လိုင်ကောင်တီအတွင်းဆို ပို့ပေးပါတယ်ဗျ” လူငယ်လေးက အလျင်အမြန် ဖြေလိုက်သည်။
သူတို့ ပို့ပေးနိုင်တာ သေချာသွားပြီးနောက် ဟဲကျစ်ယန်သည် ဝါးတိုင်များနှင့် လျှော်ကြိုးများကိုလဲ အလုံအလောက် ဝယ်ယူလိုက်သည်။
ငွေပေးချေသောအခါ သူမက သူတို့ကို ထပ်သတိပေးလိုက်သည်။
“လူငယ်လေး၊ ကျွန်မ အနက်ရောင် ၈လိပ်နဲ့ အစိမ်းရောင် ၅ လိပ် လိုချင်တယ်၊ ဒါတွေကို ဝါးတိုင်တွေနဲ့အတူ မြို့အနောက်ဘက်က တည်းခိုခန်းဆီ ပို့ပေးပါ။”
“ကောင်းပြီ၊ ပြဿနာမရှိပါဘူး” လူငယ်လေးက ချက်ချင်းသဘောတူလိုက်ကာ ပစ္စည်းများ ပြင်ဆင်ရန် အနောက်ဘက်သို့ ပြေးသွားလိုက်သည်။
ကုန်စုံဆိုင်တွင် သူမ လိုအပ်သော အရာများ ထပ်မရှိတော့သောကြောင့် ဟဲကျစ်ယန်သည် လှည်းကိုတွန်းကာ ထွက်လာခဲ့လိုက်၏။
လမ်းပေါ်တွင် သူမသည် လူသူကင်းမဲ့သော လမ်းကျဉ်းလေးများကို တမင်ရှာကာ နေရာလွတ်ထဲမှ စားစရာများကို နည်းနည်းချင်းထုတ်ပြီး တွန်းလှည်းပေါ်သို့ တင်လိုက်သည်။
သူမသည် လယ်သမားများ ရောင်းချနေသော အမျိုးမျိုးသော ဟင်းသီးဟင်းရွက်များစွာကို ဝယ်ယူခဲ့ကာ သူမ၏ နေရာလွတ်ထဲမှ ပစ္စည်းများ ထုတ်ယူလျှင် အကြောင်းပြချက် အနေဖြင့် သုံးလို့ ရအောင် လုပ်လိုက်သည်။
ဟဲကျစ်ယန်သည် ဈေးဝယ်သည့်လမ်းတစ်လျှောက် သူမ၏ နေရာလွတ်ထဲမှ ဟင်းခတ်အမွှေးအကြိုင်များနှင့် တခြားသော ပစ္စည်းများကို ဖြေးဖြေးချင်း ထုတ်ယူလာခဲ့သည်။
သူမသည် ကောက်နှံဆိုင်ကို ဖြတ်သွားသောအခါ ဆိုင်ရှင်ထံမှ ဟင်းသီးဟင်းရွက်ဆီ တစ်အိုးဝယ်ခဲ့ပြီး အိုးလွတ် ၂အိုးပါ ထပ်ဝယ်ခဲ့လိုက်၏။ ထို့နောက် သူမ၏ နေရာလွတ်ထဲမှ မြေပဲဆီကို အိုးလွတ်များထဲ ဖြည့်လိုက်သည်။
နောက်ဆုံး ပန်းပဲဆရာ၏ဆိုင်တွင် သံအိုးကြီး ၃အိုးနှင့် သံယောင်းမ ၃ချောင်း၊ ရေအိုး ၃ ခုနှင့် တခြား အသုံးများသော ပစ္စည်းများကိုပါ ဝယ်ယူခဲ့သည်။
လှည်းသည် တစ်ဖြေးဖြေး ပိုလေးလာပြီး ဟဲကျစ်ယန်လည်း တွန်းရတာ အခက်တွေ့လာတော့သည်။
တခြားနည်းလမ်းလဲ မရှိပေ။ သူမသည် ဤပစ္စည်းများကို နေရာလွတ်ထဲမှ ဂရုတစိုက် ထုတ်ယူခဲ့ရတာဖြစ်ပြီး ပြန်လဲမထည့်နိုင်ပေ။ သူမမှာ နာကျင်စွာဖြင့် လှည်းကို ရှေ့ဆက်တွန်းနေရလေသည်။
ဟဲကျစ်ယန်သည် ဤခန္ဓာကိုယ်၏ ကြံ့ခိုင်မှုဖြင့် အဝေးကြီးသို့ မသွားနိုင်မှန်း သိပေသည်။
ထို့ကြောင့် သူမ မတတ်နိုင်တော့ဘဲ လာသည့်လမ်းအတိုင်းသာ ပြန်လာရတော့သည်။