အိပ်မွေ့ချခြင်း
Vol. 4 Ch. 47
ဖမ်းဝမ် မျက်မှောင်ကြုံ့ကာ ချက်ချင်းပဲ မော့အမျိုးသမီးများကို အော်ဟစ်လိုက်သည်။ “မင်းတို့အားလုံး ပါးစပ်ပိတ်ထားစမ်း။ ဒီမှာ ပိုပြီး ပြဿနာတက်အောင် လာမလုပ်နဲ့။”
ထိုအချိန်တွင် သူသည် ဟဲကျစ်ယန်ပြောခဲ့သလိုပင် ဆန်းတာ့ကျိုးတစ်ယောက် အန္တရာယ်ကြုံနေပြီလားဆိုတာကိုသာ တွေးနေမိသည်။
ဆန်းတာ့ကျိုးသည် သူနှင့်အတူ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့သူဖြစ်ပြီး ထိုလူ၏ အကျင့်စရိုက်ကို သူကောင်းကောင်း နားလည်ပေသည်။
ဆန်းတာ့ကျိုးသည် အမြဲတမ်းတိကျသူဖြစ်ပြီး ရိက္ခာတချို့ဝယ်ဖို့သာ အပြင်ထွက်ရခြင်းကို မဆိုထားနှင့်၊ ပြန်မလာဘဲ အချိန်အကြာကြီး အပြင်မှာရှိနေဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
ထို့နောက် လီဟူကို ကြည့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် ကောက်ကျစ်မှုတချို့ကို တွေ့လိုက်ရ၏။
ဖမ်းဝမ် ချက်ချင်းပင် သံသယဝင်သွားရသည်။
သူသည် လီဟူအား အေးစက်စွာ စိုက်ကြည့်လိုက်သည်။
“လီဟူ၊ ဆန်းတာ့ကျိုး ဘယ်မှာလဲ။”
“ခေါင်းဆောင်၊ ဟဲမျိုးရိုးက ထွက်ပြေးသွားတော့ အကိုကြီးက လူရှာဖို့ ထွက်သွားပြီး ကျွန်တော်က သတင်းပို့ဖို့ ပြန်လာတာပါ” လီဟူသည် သူ အရင်ကထဲက ပြင်ဆင်ထားခဲ့သော ဆင်ခြေကို မသဲမကွဲ ပြန်ဖြေလိုက်၏။
ဤအလုပ်ထဲရှိ လူများသည် အကျဉ်းသားများ ထွက်ပြေးခြင်းကို အမုန်းဆုံးဖြစ်ကြောင်း သူသိထားပြီးသားပက်။
ဟဲကျစ်ယန် ထွက်ပြေးသွားသည်ဟု ပြောလျှင် ဖမ်းဝမ်က သူမကို လွှတ်ပေးလိမ့်မည်ဟု သူ မယုံကြည်ပေ။
ဖမ်းဝမ်သည် အကျဉ်းသားများ ထွက်ပြေးခြင်းကို အင်မတန် မုန်းတီးသည်။ သူက လီဟူ၏စကားများကို အလုံးစုံ မယုံကြည်သော်လဲ ဟဲကျစ်ယန်ကို ပြန်ကြည့်ကာ စုံစမ်းစစ်ဆေးရန် ပြင်လိုက်၏။
ဟဲကျစ်ယန်သည် ပုခုံးတွန့်လိုက်ကာ သူမအနေဖြင့် ဒီကိစ္စကို အများကြီး ရှင်းပြစရာ မလိုဘူးဟု ခံစားလိုက်ရသည်။
သူမက ပြန်လာခဲ့ခြင်းမှာ သူမ ထွက်ပြေးသွားတာ မဟုတ်ကြောင်း အကောင်းဆုံး သက်သေပင် ဖြစ်သည်။
“ခေါင်းဆောင်ဖမ်း၊ ကျွန်မ ပြန်လာခဲ့ပြီလေ၊ ဒါကို ထွက်ပြေးတယ်လို့ သတ်မှတ်ဦးမှာလား။
ရှင် ကျွန်မကို ယုံကြည်ရင် အရာရှိကျိုးကိုသာ မြန်မြန်သွားရှာသင့်တယ်။
အရာရှိကျိုးကိုသာ အသက်ရှင်လျက် ပြန်တွေ့ရင် အမှန်တရားက ထွက်ပေါ်လာမှာ မဟုတ်ဘူးလား။”
ဟဲကျစ်ယန်၏ စကားများကို နားထောင်ပြီးနောက် ဖမ်းဝမ်သည် ဆန်းတာ့ကျိုးကို ရှာဖို့က ပိုအရေးကြီးသည်ဟု ခံစားလိုက်ရ၏။
သူသည် လီဟူအား ကြည့်ကာ လေးနက်စွာ မေးလိုက်သည်။ “မင်းတို့နှစ်ယောက် ဘယ်မှာ လမ်းခွဲခဲ့ကြတာလဲ။”
ဟဲကျစ်ယန်သည် အချိန်က တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားတိုင်း အရာရှိကျိုး အန္တရာယ်ထဲ ရောက်နေမှာကို ပို၍စိတ်ပူလို့လာသည်။
ဖမ်းဝမ်သာ ဒီလို ဆက်မေးနေမည်ဆိုပါက အသုံးဝင်သည့် အချက်အလက် မရနိုင်ရုံသာမက ကယ်ဆယ်ရမည့် အရေးကြီးဆုံး အချိန်ကိုလဲ လက်လွှတ်သွားရနိုင်ပေသည်။
လီဟူက ဘာပြောရမလဲဟု စဉ်းစားနေစဉ်တွင် ဟဲကျစ်ယန်သည် ဖမ်းဝမ်အား လူအုပ်ထဲမှ ဆွဲခေါ်လာလိုက်သည်။
ခေါင်းဆောင်က ဟဲကျစ်ယန်နှင့်အတူ ထွက်သွားသည်ကို မြင်သောအခါ လီဟူသည် ဘေးကြပ်နံကြပ်ဖြစ်သွားသလို ခံစားလိုက်ရ၏။
ခေါင်းဆောင်က သူ့ဆင်ခြေတွေကို မယုံကြည်တာ ထင်ရှားပေသည်။ မဟုတ်ပါက ဟဲကျစ်ယန်နှင့်အတူ ထွက်မသွားလောက်ပေ။
“ခေါင်းဆောင်၊ အဲ့ဒီ အပေါစားမရဲ့ စကားတွေကို နားမယောင်ပါနဲ့။”
ဖမ်းဝမ်သည် လီဟူအား အေးစက်စွာ စိုက်ကြည့်ပြီးမှ ဟဲကျစ်ယန်ကို ကြည့်လိုက်သည်။
“ဆန်းတာ့ကျိုး ဘယ်မှာလဲဆိုတာ မင်းသိလား။”
“ကျွန်မ မသိဘူး၊ ဒါပေမဲ့ လီဟူ အမှန်အတိုင်းပြောလာအောင်လုပ်ဖို့ ကျွန်မမှာ နည်းလမ်းရှိတယ်။”
ဘာနည်းလဲ” ဖမ်းဝမ်သည် သူမအား အလျင်စလို တိုက်တွန်းလိုက်၏။
“လူတစ်ယောက်ရဲ့ စိတ်ကို ညှို့ပြီး သိချင်တာတွေကို အလွယ်တကူမေးလို့ရတဲ့ လျှို့ဝှက်နည်းတစ်ခု ကျွန်မ လေ့လာထားတာရှိတယ်။
ဒါပေမဲ့ ကျွန်မ အဲ့ဒါကို အရမ်း မကျွမ်းကျင်သေးတာမို့ အရာရှိဖမ်းရဲ့ အကူအညီလဲ လိုအပ်တယ်။”
သူမ၏ အရင်ဘဝတွင် ဟဲကျစ်ယန်၏ သူငယ်ချင်းကောင်းတစ်ဦးမှာ စိတ်ညှို့ခြင်း၌ အင်မတန် ထက်မြက်ခဲ့သည်။ သူမသဘ် ထိုသူငယ်ချင်းထံမှ အခြေခံလောက်ကို သင်ယူခဲ့ပြီး ရိုးရှင်းသော မေးခွန်းများလောက်တော့ သူမလဲ မေးနိုင်လိမ့်မည်ဟု အသေအချာ ယုံကြည်ပေသည်။
အောင်မြင်နှုန်း မြင့်မားဖို့အတွက် ဖမ်းဝမ်က ပူးပေါင်းကူညီရန်လဲ လိုအပ်ပေသည်။
“ငါ ဘာလုပ်ပေးဖို့လိုတာလဲ၊ မြန်မြန်ပြောလိုက်” ဖမ်းဝမ်သည် ဟဲကျစ်ယန်၏ ကျွမ်းကျင်မှုအပေါ် နည်းနည်းလေးမှ သံသယမဝင်ပေ။
လွန်ခဲ့သည့်နှစ်ရက်က သူ အများကြီး ကြုံတွေ့ခဲ့ရပြီးဖြစ်သောကြောင့် ဒီအမျိုးသမီးမှာ သူ မမြင်ဖူးသေးသည့် တခြားသော အရည်အချင်း များစွာ ရှိနေသည်ဟု သူ ယုံကြည်ပေသည်။
“ခေါင်းဆောင်ဖမ်း၊ ကျွန်မပြောသလိုပဲ ကျွန်မက သိပ်မကျွမ်းကျင်သေးတော့ ပိုပြီးသေချာဖို့ဆိုရင် တစ်ယောက်ယောက်က လီဟူကို အရက်မူးအောင် လုပ်မှရမယ်။ အသံတောင် မထွက်နိုင်တော့တဲ့အထိ မူးပြီး မှောက်သွားတာမျိုးကို ပြောတာ မဟုတ်ဘူး။ သူ့ကို ရီဝေဝေလေးဖြစ်အောင် လုပ်နိုင်ရင် အကောင်းဆုံးပဲ။”
ဖမ်းဝမ်သည် ဟဲကျစ်ယန်အား သံသယဝင်စွာ ကြည့်လိုက်၏။ ဒီအမျိုးသမီးက မစစ်ဆေးရသေးခင် လီဟူကို ဘာလို့မူးနေစေချင်တာလဲ သူ နားမလည်ပေ။
သို့ဟော် တချို့သော အကြောင်းပြချက်များကြောင့် သူသည် ဟဲကျစ်ယန်အား ထူးဆန်းစွာ ယုံကြည်နေမိသည်။
“ကောက်းပြီ၊ ဒီမှာ စောင့်နေ ငါ သွားလုပ်လိုက်မယ်။”
ဖမ်းဝမ်သည် အလုပ်လုပ်ရာတွင် အလွန်ကျွမ်းကျင်ပြီး ချက်ချင်းပင် လူလွှတ်ကာ တည်းခိုခန်းဆိုင်ရှင်ထံမှ အရက်တစ်အိုး ဝယ်ခိုင်းလိုက်ပြီး အရာရှိများကို လီဟူအား ဝိုင်းချုပ်ကာ ကိုင်ထားစေသည်။
အစကတော့ လီဟူ ငြင်းဆန်သေးသည်။
ခေါင်းဆောင်သည် ဟဲကျစ်ယန် ဆွဲခေါ်သွားတာခံရပြီး စကားနည်းနည်းပြောကာ ပြန်လာခဲ့သည်၊ ထို့နောက် လူတိုင်း သူ့ကို ချုပ်ကာ သူ့ပါးစပ်ထဲ ဝိုင်များ လောင်းချကြတော့၏။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတာ မရှိဘူးဟုပြောလျှင် လီဟူသည် သူ့ကို သေအောင် ရိုက်တောင် ယုံကြည်မည် မဟုတ်ပေ။
ထို့ကြောင့် လူတစ်စုက လီဟူအား တိုင်းချုပ်ကာ ဝိုင်များ လောင်းထည့်ကြချိန်တွင် သူ အပြင်အထန် ရုန်းကန်တော့သည်။
သို့သော အရာရှိများမှာ အရေအတွက် များပြားပြီး လူတစ်ယောက်က အားနည်းနည်းပဲ သုံးလျှင်တောင် လီဟူအတွက် မငြင်းဆန်နိုင်တော့ပေ။
ဖမ်းဝမ်သည် လီဟူ၏ အရက်ဒဏ် ခံနိုင်စွမ်းကို သိထားလေသည်။ သူ့အား လုံလောက်အောင် တိုက်ခိုင်းပြီးနောက် အကုန်လုံးကို ရပ်ကြရန် အချက်ပြလိုက်သည်။
ထို့နောက် သူသည် လူတချို့နှင့်အတူ လီဟူအား သီးသန့်အခန်းတစ်ခုထဲသို့ ဆွဲခေါ်သွားခဲ့ကာ ကျန်းချင်နှင့် တခြားအရာရိများကိုတော့ စောင့်ခိုင်းထားခဲ့သည်။ ထို့နောက်တွင်မှ ဖမ်းဝမ်သည် ဟဲကျစ်ယန်အား ခေါ်လိုက်၏။
ဟဲကျစ်ယန်သည် လီဟူ၏ အခြေအနေကို ကြည့်လိုက်သောအခါ အရက်က အစွမ်းစပြနေပြီဖြစ်ကြောင်း သိလိုက်သည်။
ဤကဲ့သို့သော အချိန်တွင် လူတစ်ယောက်၏ သတိမှာ အလွန်အားပျော့ပြီး ပုံမှန်ထက် ပို၍ လွှမ်းမိုးခံရဖို့ အခွင့်အရေး များပြားပေသည်။
သံသယမရှိတော့ဘဲ ဟဲကျစ်ယန်သည် နေရာလွတ်ထဲမှ ကျောက်မျက်ဆွဲကြိုးဘယက်တစ်ခုကို ရှာတွေ့ကာ ထုတ်ယူလိုက်ပြီး သူမ၏ အင်္ကျီထဲတွင် ဖွက်ထားလိုက်သည်။
ထို့နောက် အားလုံး၏ အကြည့်အောက်တွင် သူမသည် ဆွဲကြိုးကိုထုတ်ကာ လီဟူအား ကြည့်စေသည်။
လီဟူသည် လောဘကြီးကာ တဏှာကြီးသူလဲ ဖြစ်၏။ ဤကဲ့သို့သော အရည်အသွေးမြင့် ဆွဲကြိုးဘယက်ကြီးကို မြင်လိုက်သောအခါ သူ့ မျက်လုံးများမှာ ချက်ချင်းပင် လိုချင်တပ်မက်မှုများ ပြည့်လာပြီး အရက်အရှိန်၏ လွှမ်းမိုးမှုကြောင့် ဆန်းတာ့ကျိုး၏ ပျောက်နေမှုကို သူ ပါးစပ်ပိတ်ထားရမည်ဖြစ်ကြောင်းကိုလဲ မေ့သွားလေတော့သည်။
သူသည် လက်ကို ဆန့်ထုတ်ကာ ဟဲကျစ်ယန်၏ လက်ထဲမှ ဘယက်ကြီးကို လုယူရန် ကြိုးပမ်းလိုက်သည်။
ဟဲကျစ်ယန်သည် အသာအယာ ရှောင်တိမ်းလိုက်ကာ ခပ်ထေ့ထေ့ အသံဖြင့်မေးလိုက်၏။ “ဒီလည်ဆွဲကို လိုချင်လား။”
လီဟူသည် သူ၏ လိုချင်ဆန္ဒများကို မဖုံးကွယ်ထားဘဲ ခေါင်းကို အကြိမ်ကြိမ် ငြိမ့်ပြလိုက်သည်။
“လိုချင်တယ်။”
“ကောင်းပြီ၊ ငါပြောသလိုလုပ်ရင် ဒီလည်ဆွဲ နင့်ကို ပေးမယ်။”
“ပြဿနာမရှိဘူး၊ မင်းပြောတဲ့အတိုင်း လုပ်မယ်။”
ဟဲကျစ်ယန်သည် လည်ဆွဲကို ဖြန့်လိုက်ကာ လီဟူ၏ မျက်လုံးရှေ့တွင် စည်းချက်ညီညီ လွှဲယမ်းလိုက်၏။
မကြာခင်ပင် လီဟူ၏ မျက်လုံးများ ဝေဝါးလာကာ ခုဏက လိုချင်မှုဖြင့် ပြည့်နှက်နေသော အကြည့်များပင် ပျောက်ကွယ်သွားလေသည်။
အချိန်ကျပြီဟု ခံစားရသောကြောင့် ဟဲကျစ်ယန်က မေးခွန်း စမေးလိုက်သည်။
“ဆန်းတာ့ကျိုး ဘယ်မှာလဲ။”
ဆန်းတာ့ကျိုး ဘယ်မှာလဲဟု မေးသောအခါ လီဟူ၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးကြီး ပေါ်လာခဲ့သည်။
“ငါ သူ့ကို မေ့မျောသွားအောင်လုပ်ပြီး ကြိုတင်စီစဉ်ထားတဲ့လူတွေနဲ့ ခေါ်သွားခဲ့တာ။ သူ အခုလောက်ဆိုရင် ငါးစာဖြစ်သွားလောက်ပြီထင်တယ်။”
လီဟူ၏ စကားကိုကြားသောအခါ ရှိနေသော အရာရှိအားလုံး တောင့်တင်းသွားကြရ၏။
“ခေါင်းဆောင်၊ ကျွန်တော် အခုချက်ချင်းပဲ လူတွေခေါ်ပြီး ဆန်းတာ့ကျိုးကို မြစ်ဘေးမှာ သွားရှာမယ်။”
ကျန်းချင်၏ အသံကျယ်ကျယ်ကြောင့် ဟဲကျစ်ယန်၏ နှလုံးသားမှာ ချက်ချင်း တင်းကြပ်သွားရပြီး ချက်ချင်းဆိုသလို တိတ်တိတ်နေရန် လက်ဖြင့် သတိပေးလိုက်သည်။
“အရာရှိကျန်း၊ ရှင် စကားအကျယ်ကြီး ပြောလို့ မရဘူး။ အဲ့ဒါ သူ့ကို နိုးသွားစေနိုင်တယ်၊ အခုထိ သေချာမမေးရသေးတာတွေ အများကြီးပဲ ရှိနေသေးတယ်။”
ဖမ်းဝမ်သည် ကျန်းချင်က ဟဲကျစ်ယန်၏ စကားကို နားမထောင်မှာစိုးရိမ်သောကြောင့် သူ့ကို အကြည့်စူးစူးတစ်ချက်ဖြင့် သတိပေးလိုက်သည်။
ကျန်းချင်သည် ချက်ချင်းပဲ ပါးစပ်ကို ပိတ်လိုက်ကာ လီဟူအား မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
ကျန်းချင်၏ အသံကြောင့် လီဟူ နိုးမသွားတာကို တွေ့ခါမှ ဟဲကျစ်ယန် သက်ပြင်းချလိုက်နိုင်သည်။
သူမသည် လည်ဆွဲကို ထပ်ယမ်းလိုက်ပြီး မေးခွန်းမေးလိုက်၏။
“ငါတို့ အခု ဆန်းတာ့ကျိုးကို ဘယ်မှာရှာလို့ရမလဲ။”