← Chapters

‌ဆန်းတာ့ကျိုးက ဟဲကျစ်ယန်နမ်းတာခံရပြီး အသက်ပြန်ရှင်လာတယ်

Vol. 4 Ch. 49

‌ဆန်းတာ့ကျိုးက ဟဲကျစ်ယန်နမ်းတာခံရပြီး အသက်ပြန်ရှင်လာတယ်

Vol. 4 Ch. 49

သူမသည် နှလုံးခုန်လာအောင်လုပ်သည့် အရေးပေါ် အသက်ကယ်နည်းကို လက်လျော့လိုက်ကာ ဆန်းတာ့ကျိုး၏ နှာခေါင်းကို ပိတ်ပြီး လေသွင်းပေးဖို့ လုပ်တော့မလို့ပင်။

သူမ ခါးကိုင်းလိုက်လျှင်ပဲ သူမ၏ မျက်လုံးထောင့်မှ မြင်နေရသည့် လူအုပ်ကြီး၏ စိတ်ပျက်ရွံရှာသော အကြည့်များကို တွေ့လိုက်ရ၏။

ဟဲကျစ်ယန်သည် အသက်ကယ်တင်ဖို့ကိုသာ လောနေသောကြောင့် ယခုက ရှေးခေတ်ဆိုတာကို ရုတ်တရတ် သတိမရနိုင်ခဲ့ပေ။

အခုလို လုပ်ရပ်မျိုးက ရှေးခေတ်တွင် လုံးဝ လက်မခံနိုင်သည့်အရာ ဖြစ်သည်။

အရေးပေါ်အခြေအနေ ဖြစ်လျှင်တောင်မှ လူကယ်ဖို့အတွက်နှင့် သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေလို့ မရပေ။

“အရာရှိဖမ်း၊ ရှင့်အကူအညီ လိုတယ်။”

ဖမ်းဝမ်မှာ လုံးဝကို ကူကယ်ရာမဲ့သွားရ၏။

“မိန်းကလေးဟဲ၊ မင်း အသက်ကယ်ဖို့ စိတ်လောနေတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ဆန်းတာ့ကျိုးက သေပြီးသွားပြီ၊ ကိစ္စတွေကို ပိုရှုပ်အောင် မလုပ်ပါနဲ့တော့။”

ဟဲကျစ်ယန် ချက်ချင်းပဲ စိတ်ပူသွားရသည်။ ဆန်းတာ့ကျိုး၏ အခြေအနေမှာ အချိန်မှီ မကယ်တင်နိုင်ပါက သေချာပေါက် သေဆုံးသွားပေမည်။

“ဂှင် သူ့ကို အသက်ရှင်စေချင်ရင် ကျွန်မ ပြောတဲ့အတိုင်း ချက်ချင်း လုပ်လိုက်။ ရှင် ကျွန်မစကားကို နားမထောင်ရင် အရာရှိကျိုး တကယ်ပဲ ယမမင်းနဲ့ သွားတွေ့ရလိမ့်မယ်။”

ဟဲကျစ်ယန်၏ လေးနက်သောအသံကြောင့် ဖမ်းဝမ်သည် အရာရှိ နှစ်ဦးနှင့်အတူ ပြေးလာခဲ့သည်။

“မင်း ငါ့ကို ဘာလုပ်စေချင်တာလဲ။”

ဟဲကျစ်ယန်သည် ဖမ်းဝမ်အား ဆန်းတာ့ကျိုး၏ ရှေ့တွင် ထိုင်ချစေလိုက်သည်။

“အရာရှိကျိုးရဲ့ နှာခေါင်းကို ပိတ်ပြီး သူ့ပါးစပ်ထဲကို လေမှုတ်သွင်းလိုက်ပါ။”

ဖမ်းဝမ်နှင့် သူခေါ်လာသော အရာရှိနှစ်ဦးမှာ ထိတ်လန့်သွားကြ၏။

သူ့ကိုယါသူ လက်ညှိုးပြန်ထိုးကာ မေးလိုက်သည်။ “မင်းက ငါ့ကို ဆန်းတာ့ကျိုးကို နမ်းစေချင်နေတာလား။”

ဟဲကျစ်ယန်က မြန်မြန်လောဆော်လိုက်သည်။ “မြန်မြန်၊ ကျွန်မ ပြောသလိုလုပ်”

ဟဲကျစ်ယန်၏ စကားကိုကြားသည်နှင့် အရာရှိနှစ်ဦးမှာ ထွက်ပြေးသွားကြပြီး ကြောင်အနေသော ဖမ်းဝမ်ကိုသာ ချန်ထားခဲ့ကြသည်။

ဖမ်းဝမ်မှာ မတတ်သာဘဲ ကျည်ဆံကို ကိုက်ရတော့သည်။

ဖမ်းဝမ်၏ နှုတ်ခမ်းများက ဆန်းတာ့ကျိုး၏ နှုတ်ခမ်းကို ထိသည်နှင့် သူ လေမှုတ်သွင်းပေးလိုက်သည်။

ဟဲကျစ်ယန်သည် ဖမ်းဝမ် မှုတ်ထုတ်လိုက်သည့်လေက အပြင်ဘက်သို့ ထွက်သွားသည်ကိုကြည့်ကာ ချက်ချင်းပဲ စိုးရိမ်သွားပြီး ကိုယ်နေဟန်ထားဖြင့် ဦးတည်ရာကို ပြသလိုက်၏။

“ခေါင်းဆောင်ဖမ်း၊ ဒီထောင့်အတိုင်း ဖြစ်ရမှာ၊ ရှင်မှုတ်လိုက်တဲ့လေတွေက အရာရှိကျိုးပါးစပ်ထဲ အကုန်ရောက်သွားဖို့ လိုတယ်။”

သူမ၏ လုပ်ပြပုံမှာ ဖမ်းဝမ်နှင့် လုံးဝမတူပေ။ သူမနှင့် ဆန်းတာ့ကျိုး၏ နှုတ်ခမ်းတို့က အတော်လေး ဝေးကွာသေးသည်။

သို့သော် လူအုပ်ကြီးဘက်မှ ကြည့်မည်ဆိုလျှင် ထိုအရာက ဟဲကျစ်ယန်သည် ဆန်းတာ့ကျိုးအား နမ်းလိုက်သည့်ပုံ ပေါ်နေ၏။

ချက်ချင်းပင် လူအုပ်ကြီးထံမှ နောက်ထပ် အသံများ ထွက်ပေါ်လာရသည်။

အရာရှိများပင် အငြိမ်မနေနိုင်ကြတော့ပေ။

“မိန်းကလေးဟဲ၊ မင်း ရူးသွားတာပဲ ဖြစ်ရမယ်။”

ဖမ်းဝမ်သည် ဟဲကျစ်ယန်အတွက် ရှင်းပြနေဖို့ အချိန်မရှိပေ။ ဟဲကျစ်ယန် ညွှန်ပြသည့်အတိုင်း ဆန်းတာ့ကျိုး၏ ပါးစပ်ထဲသို့ လေများ မှုတ်ထည့်ပေးလိုက်သည်။

ဟဲကျစ်ယန် မတ်တပ်ရပ်လိုက်သောအခါ ဆန်းတာ့ကျိုး၏ လက်များ လှုပ်သွားသည်ကို တွေ့လိုက်ရ၏။

တခြား မထင်မှတ်ထားတာသာ မဖြစ်ပါက သူ မကြာခင်ပဲ ရေများ အန်ထုတ်ပေလိမ့်မည်။

သူမသည် ဖမ်းဝမ်အား သတိပေးလိုက်၏။ “ခေါင်းဆောင်ဖမ်း၊ ဒီလောက်ဆို လုံလောက်ပြီ။”

မောပန်း၍လား၊ အသက်ရှူကြပ်၍လား သေချာမသိသော်လဲ ပြန်ထလာပြီးနောက် ဖမ်းဝမ်၏ မျက်နှာမှာ အနည်းငယ် နီရဲနေပေသည်။

သူတို့ခေါင်းဆောင် မတ်တပ်ရပ်လာသည်ကို မြင်သောအခါ အရာရှိများက ပြေးသွားလိုက်ကြသည်။

ဆန်းတာ့ကျိုး၏ ဘေးပတ်လည်မှ လေများပိုပြီး ကောင်းကောင်း လည်ပတ်နိုင်စေရန် ဟဲကျစ်ယန်သည် ထိုအရာရှိများကို အနားကပ်မလာဖို့ အချက်ပြလိုက်သည်။

အစကတော့ အရာရှိများက မနာခံချင်ပေ။ သို့သော် ဖမ်းဝမ်က အော်လိုက်သောအခါ သူတို့အားလုံး နောက်ဆုတ်သွားကြသည်။

ထိုအချိန်တွက်ပဲ ဆန်းတာ့ကျိုးမှာ အပြင်းအထန် ချောင်းဆိုးလာပြီး ရေများ အန်ထုတ်တော့သည်။

ကျန်းချင်က အော်လိုက်၏။ “ခေါင်းဆောင်၊ ဆန်းတာ့ကျိုးက မိန်းကလေးဟဲ နမ်းလိုက်လို့ တကယ်ကြီး အသက်ပြန်ရှင်လာတာပဲ။”

ကျန်းချင်၏ အဓိပ္ပါယ်မရှိသော စကားကြောင့် ဖမ်းဝမ်သည် သူ့အား ထိုနေရာမှာပဲ ဆူပူလိုက်သည်။

“မဟုတ်တာတွေပြောပြီး မိန်းကလေးဟဲရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် မလုပ်နဲ့”

ကျန်းချင်သည် ချက်ချင်းပဲ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်၏။ “ ကျွန်တော် မှားသွားပါတယ်၊ မှားသွားပါတယ်။”

တခြားအရာရှိများများ တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့ခေါင်းဆောင်က ဟဲကျစ်ယန်ကို အမှန်တကယ် ကာကွယ်ပေးနေသည်ဟု တွေးလိုက်ကြသည်။

ဆန်းတာ့ကျိုးကို အရင်နမ်းလိုက်တာ ဟဲကျစ်ယန်ဆိုတာကို သူတို့အားလုံး ရှင်းရှင်းလင်းလင်း ‌တွေ့ထားကြသော်လဲ သူတို့ အထက်လူကြီးတော့ ...

သို့သော် ဖမ်းဝမ်၏ ရှေ့တွင် ထိုစကားမျိုး မပြောရဲကြပေ။

ကျန်းချင်သည် သူ့ပါးစပ်က ချော်ထွက်သွားသော စကားလေး တစ်ခွန်းက ဟဲကျစ်ယန်အတွက် ပြဿနာအကြီးကြီးကို သယ်ဆောင်လာစေမှန်း မသိလိုက်ပေ။

ဆန်းတာ့ကျိုးသည် ရေများ နောက်ထပ် အန်ပြီးနောက် ဖြေးဖြေးချင်း မျက်လုံးဖွင့်လာခဲ့သည်။

ဖမ်းဝမ်မှာ စိတ်လှုပ်ရှားလွန်ပြီး ပျော်လွန်းလို့ မျက်ရည်များပင် ထွက်လာရသည်။ သူသည် ဟဲကျစ်ယန်အပေါ် အထင်လွဲနေမှုအား ချက်ချင်း ရှင်းပြရန် မေ့လျော့သွားတော့သည်။

“ဆန်းတာ့ကျိုး မသေဘူး၊ သူ အသက်ရှင်သေးတယ်။ မိန်းကလေးဟဲ၊ အဲ့ဒါအကုန်လုံး မင်းကြောင့်ပါပဲ။ မင်းက ဆန်းတာ့ကျိုးကို ကယ်လိုက်တာပါ။”

သူ အဲ့လိုပြောလိုက်သည်နှင့် အရာရှိအားလုံး၏ မျက်လုံးများမှာ ဟဲကျစ်ယန်ဆီသို့ မတိုင်ပင်ထားဘဲ အတူတူ ရောက်ရှိသွားကြသည်။

အမှန်တကယ်ပင်၊ မိန်းကလေးဟဲကြောင့်သာ မဟုတ်ပါက သူတို့အားလုံး ဆန်းတာ့ကျိုးကို သေပြီဟု မှတ်လိုက်မှာပင်။

ထို့နောက် ဖမ်းဝမ်ဦးဆောင်ပြီး ကျန်သည့်အရာရှိများလဲ ဆန်းတာ့ကျိုးကို ဝိုင်းအုံပြီး ကြည့်လိုက်ကြသည်။

လူတိုင်းက သူ့နာမည်ကို ခေါ်နေကြပြီး တချို့ဆိုလျှင် သူ့ခန္ဓာကိုယ်ကို ထိကြည့်ဖို့ ကြိုးစားနေကြ၏။

ကျန်းချင်သည် ဖမ်းဝမ်၏ လက်မောင်းကို စိတ်လှုပ်ရှားစွာ ဆွဲကိုင်လိုက်ပြီး သူ၏ အပျော်များကို လုံးဝ မဖုံးကွယ်နိုင်တော့ပေ။

“ဆန်းတာ့ကျိုး၊ ငါ့ကို ကြည့်စမ်း၊ ငါ ဘယ်သူလဲ မင်းသိလား။”

ဆန်းတာ့ကျိုးမှာ အားနည်းနေသော်လဲ ခက်ခက်ခဲခဲ ပြန်ဖြေပေးလိုက်၏။ “ ကျန်းချင် “

ထိုအသံကိုကြားသည်နှင့် ကျန်းချင်မှာ ပျော်လွန်းပြီး ထခုန်တော့သည်။

“ခေါင်းဆောင် ကြည့်လိုက်၊ ဆန်းတာ့ကျိုးက ကျွန်တော်ကို မှတ်မိသေးတယ်၊ သူ တကယ်ကြီး အဆင်ပြေတယ်။”

ဖမ်းဝမ်သည်လည်း အလွန်စိတ်လှုပ်ရှားနေကာ စကားပင် မပြောနိုင်တော့ပေ။ သူ့ မျက်လုံးများက ပျော်ရွှင်မှုများဖြင့် ပြည့်နေပြီး ခေါင်းကိုသာ ထပ်ခါတလဲလဲ ငြိမ့်နေခဲ့သည်။

သို့သော် သူက တခြားလူများထက်တော့ ပိုပြီး သိတတ်သေးသည်။

သူသည် ဟဲကျစ်ယန်အား ချက်ချင်းမေးလိုက်သည်။ “မိန်းကလေးဟဲ၊ အခု အရာရှိကျိုးကို တည်းခိုခန်းဆီ ပြန်သယ်သွားရင် ရပြီမလား၊ ပြဿနာမရှိတော့ဘူးမဟုတ်လား။”

“ပြဿနာမရှိတော့ပါဘူး၊ အရာရှိကျိုးက အခု အားနည်းနေရုံလေးပါ။ အသက်အန္တရာယ် မရှိတော့ပါဘူး။”

ဟဲကျစ်ယန်၏ အတည်ပြုချက်ကြောင့် ဖမ်းဝမ်သည် ဆန်းတာ့ကျိုးကို တည်းခိုဆောင်ဆီသို့ ပြန်သယ်သွားကြရန် လူများကို အမိန့်ပေးလိုက်၏။

ဖမ်းဝမ်သည် သူ့အိတ်ထဲမှ ပိုက်ဆံထုတ်ပေးကာ ဆန်းတာ့ကျိုးအတွက် အထက်တန်းစား အခန်းတစ်ခုကို ငှားရမ်းပေးပြီး အဝတ်စိုများကို လဲလှယ်ပေးရန် စေခိုင်းလိုက်သည်။

ဟဲကျစ်ယန်သည် သူမ၏တာဝန်ပြီးပြီဖြစ်သောကြောင့် မော့မိသားစုဆီသို့သာ တန်းပြန်လာလိုက်သည်။

ထိုအချိန်တွင် ကုန်စုံဆိုင်နှင့် အထည်ဆိုင်မှ သူမ မှာယူထားခဲ့သော ပစ္စည်းများမှာ ရောက်နေပြီ ဖြစ်သည်။

ထိုပစ္စည်းများမှာ များပြားလွန်းလှပြီး အထူးသဖြင့် ချည်ထည်အလိပ် ၃၀ မှာ စုပုံထားသဖြင့် တောင်လေးတစ်လုံးလို ဖြစ်နေလေသည်။

ဟဲကျစ်ယန် ပြန်လာသောအခါ မော့မိသားစုဝင်များ၏ မျက်လုံးထဲတွင် ရှုပ်ထွေးမှုများ ရှိနေကြသည်။

မြစ်နံဘေးသို့ ပွဲလာကြည့်ခဲ့သော တည်းခိုဆောင်၏ ဝန်ထမ်းလေးမှာ ပြန်လာပြီးနောက် သူ့သူဌေးအား အရာရှိကို အနမ်းပေးကာ ပြန်လည်အသက်ရှင်စေလိုက်သော အမျိုးသမီး အကျဉ်းသားအကြောင်း အားရပါးရ ပြောပြနေခဲ့သည်။

ထိုအကြောင်းကို လီရို့အာမှ ကြားသွားခဲ့လေသည်။

မြစ်နံဘေးသို့ အရာရှိများနှင့်အတူ လူကယ်ရန် သွားခဲ့သော အကျဉ်းသား မိန်းကလေးမှာ တစ်ယောက်ထဲသာ ရှိသည်။ ထိုလူက ဟဲကျစ်ယန်ပင်။

လီရို့အာသည် ဟဲကျစ်ယ်အပေါ် နိုင်ကွက်ရပြီဖြစ်သောကြောင့် ချက်ချင်းပဲ ထိုသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်တော့သည်။

ဟဲကျစ်ယန်သည် သူမ၏ ယောက္ခမ၊ မရီးများနှင့် ယောင်းမလေးတို့က တစ်ခုခု ထူးဆန်းနေကြောင်း တစ်ချက်ထဲနှင့် သိပေသည်။

“အမေ၊ ဘာများဖြစ်သွားတာလဲ။”

သခင်မကြီးမော့သည် အကြည့်ချင်းမဆုံဘဲ ဟဲကျစ်ယန်ကိုလဲ ဘယ်လိုမေးကြည့်ရမလဲ မသိပေ။

မရီးများမှာလဲ အတူတူပင်။ သူမအား အကြည့်လွှဲနေကြ၏။

မော့ဟန်ယွဲ့ကတော့ တည်းတိုးပဲ ပြောလိုက်သည်။

“ယောင်းမလေး၊ လူတိုင်းက ပြောနေကြတာ အစ်မက အရာရှိကျိုးကို ကယ်တင်ပေးဖို့ ပါးစပ်ချင်း ထိပြီး ကယ်တင်ရတဲ့နည်းကို အသုံးပြုခဲ့တာတဲ့။”

မော့ဟန်ယွဲ့၏ စကားများကို ကြားပြီးသောအခါ ဟဲကျစ်ယနါသည် ရှေးခေတ်လူများ၏ သတင်းဖွနိုင်စွမ်းကို အထင်ကြီးမိသွားရသည်။

ရှေးခေန်လူများ၏ အတွေးအခေါ်က ဘယ်လောက်တောင် ကွန်မြူနစ်ဆန်လဲဆိုတာ ပြောနေဖို့ မလိုတော့ပေ။ လက်ထပ်ပြီးသား အမျိုးသမီးတစ်ယောက်က တခြားယောက်ျားတစ်ယောက်ကို ထိုသို့ လုပ်ဝံ့ပါက ရေနှစ်သတ်ခံရနိုင်ချေပင် ရှိလေသည်။

ထိုအချိန်တွင် ဟဲကျစ်ယန်သည် သူမ ပထမဆုံး လုပ်ရမည့် အရာက သူမ၏မိသားစုကို သေသေချာချာ ရှင်းပြဖို့ လိုအပ်သည်ဟု တွေးလိုက်၏။ သူမ၏ နောက်ကွယ်မှ လိုက်ဖွနေသောလူကိုတော့ နောက်မှ ရှာလဲ ရပေသည်။

“ကျွန်မ အရာရှိကျိုးကို မနမ်းခဲ့ပါဘူး။‌ ခေါင်းဆောင်ဖမ်း မှန်မှန်ကန်ကန်လုပ်နိုင်ဖို့အတွက် နည်းလမ်းပဲ ပြသပေးခဲ့တာပါ။”

သူမ စကားပြောပြီး မော့အမျိုးသမီးများ၏ မျက်နှာထားကို ကြည့်လိုက်သောအခါ သူတို့က ထိုစကားကို အပြည့်အဝ မယုံကြည်နိုင်ကြသည့်ပုံပင်။

ထို့ကြောင့် ဟဲကျစ်ယန်သည် ချက်ချင်းပင် မျက်နှာထားကို တင်းပစ်လိုက်၏။

“အားလုံးက ကျွန်မကို မယုံကြည်မှတော့ ကျွန်မတို့ အနောက်မြောက်အရပ်ဆီ ရောက်ပြီးတဲ့အခါ ကျွန်မယောက်ျားနဲ့ ကွာရှင်းပေးပါမယ်။ မော့မိသားစုရဲ့ ဂုဏ်သိက္ခာကို မပျက်ဆီးစေရပါဘူး။

ဒါပေမဲ့ အဲ့ဒီမတိုင်ခင်တော့ ကျွန်မတို့တွေ အရင်အတိုင်းပဲ နေသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲ့ဒါမှ အပြင်လူတွေဆီကနေ လှောင်ရယ်မခံရမှာပါ။”

ဟဲကျစ်ယန်သည် တွေးခေါ်သည်းခံနိုင်စွမ်း မြင့်မားသော လူတစ်ယောက် မဟုတ်ပေ။ ဉာဏ်ပညာနှင့် ရဲစွမ်းသတ္တိအတွက် တိုက်ပွဲသာဆိုလျှင် သူမ ရင်ဆိုင်နိုင်သော်လဲ ခမည်းခမက်များနှင့် ကိစ္စကို ပြေလည်အောင်လုပ်ဖို့ အတွက်တွင်တော့ အရင်ဘဝကတည်းက ရည်းစားတောင် မထားခဲ့ဖူးသော သူမအတွက် လုံးဝ အတွေ့အကြုံရှိမနေခဲ့ပေ။

သူမ တတ်နိုင်သလောက် ရှင်းပြပြီးပြီဖြစ်ပြီး သူတို့ မယုံကြည်ပါက သူမလဲ ဆက်ပြီး မျက်နှာချိုသွေးနေဖို့ မလိုအပ်ပေ။

ဟဲကျစ်ယန်ဘက်ကတော့ သူမ ပြောပြီးသွားပြီ ဖြစ်သောကြောင့် တခြားလူများက ဤလုပ်ကြံဖန်တီးထားသည့် ကိစ္စကို ဆက်ပြီး ယုံ မယုံ သူမ ဂရုမစိုက်တော့ပေ။

သူမသာ မော့ကျိုးယွီကို အနောက်မြောက်အရပ်ဆီ အန္တရာယ်ကင်းကင်းနှင့် ပို့ပေးနိုင်ပါက သူမ၏ နှလုံးသားထဲတွင် သူမက သူရဲကောင်း ဖြစ်သည်။

တခြားအရာများအတွက်တော့ သူမ တစ်ကြိမ်ကို ခြေတစ်လှမ်းသာ လှမ်းပြီး ကျန်သည့်အရာများက ကံတရားအတိုင်းသာ ဖြစ်သည်

ဟဲကျစ်ယန်၏ ပြောင်းလဲသွားသော အမူအရာကြောင့် မော့အမျိုးသမီးများမှာ အကြောင်းရင်း မသိရပါဘဲ စိတ်ထဲနာကျင်မှုကို ခံစားလိုက်ကြရ၏။

သူမတို့သည် ပုံမှန်အားဖြင့် ကြင်နာနူးညံ့နေသော ဟဲကျစ်ယန်ကို သဘောကျကြသည်။ ဘယ်နေရာမဆို သူမတို့အတွက် စဉ်းစားပေးလေ့ရှိသော ဟဲကျစ်ယန်ကို သဘောကျကြသည်။

သို့သော် ကြည့်ရသည်မှာ သူမတို့ ထိုဟဲကျစ်ယန်ကို ဆုံးရှုံးလိုက်ရသည့်ပုံပင်။

ဟဲကျစ်ယန်သည် အခန်းထဲမှ လှည့်ထွက်သွားလိုက်၏။ အခု သူမကို လူတိုင်းက ကဲ့ရဲ့ပြစ်တင်နေကြသော်လဲ အနာဂတ်တွင် ရက်ပေါင်းများစွာ ကျန်သေးသည်။

ဆန်းတာ့ကျိုး၏ မတော်တဆမှုကြောင့် သူမတို့ ဒီနေ့ ခရီးဆက်လို့ မရတော့သည့်ပုံပင်။

ဟဲကျစ်ယန်သည် ဤအခွင့်အရေးကို အသုံးချကာ လူတိုင်းအတွက် ထိုရွက်ဖျင်တဲများ လုပ်ပေးဖို့ စီစဉ်လိုက်သည်။

ပြည်နှင်ဒဏ်ပေးခံရသည့် လမ်းခရီးတစ်လျှောက်တွင် တည်းခိုဆောင်မှာချည်းပဲ နေလို့ရမည်မဟုတ်ပေ။ သူမတို့ ဘာမှမရှိသည့်နေရာတွင် အိပ်ရမည့်ရက်မျိုး ထပ်မံကြုံတွေ့လာရပါက ဒီရွက်ဖျင်တဲများက အလွန်အဆင်ပြေလိမ့်မည်။

သူမ၏ ယောင်းမလေးက ထွက်သွားသည်ကို မြင်သောအခါ မော့ဟန်ယွဲ့သည် စိတ်ထဲ တင်းကြပ်သွားရပြီး သူမနောက်မှ အပြေးလေး လိုက်သွားမိသည်။

“နဝမ ယောင်းမလေး၊ သူတို့ ဘယ်လိုတွေးလဲ ကျွန်မ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မ အစ်မကို ယုံတယ်” ဟဲကျစ်ယန်သည် မော့မိသားစု အမျိုးသမီးများအားလုံးထဲမှ သူမကို ယုံကြည်ပေးသောလူမှာ ၁၃ နှစ် ၁၄ နှစ်သာရှိသေးသော ကလေးမလေး ဖြစ်နေလိမ့်မည်ဟု မထင်ခဲ့မိပေ။

သူမ အတတ်နိုင်ဆုံး ကြိုးစားကာ ပြုံးပြလိုက်ပြီး မော့ဟန်ယွဲ့၏ ခေါင်းကို ပုတ်ပေးလိုက်သည်။

“ဟန်ယွဲ့လေးက ယုံကြည်ပေးလို့ အစ်မ တကယ်ကျေးဇူးတင်ပါတယ်နော်။”

All Chapters