← Chapters

ကိုယ် မင်းကို ယုံကြည်နေရင် လုံလောက်ပြီ

Vol. 4 Ch. 50

ကိုယ် မင်းကို ယုံကြည်နေရင် လုံလောက်ပြီ

Vol. 4 Ch. 50

ဟဲကျစ်ယန်က ဟိုရွှေ့ဒီရွှေ့လုပ်နေသော ဆီစိမ်အစများကိုကြည့်ကာ မော့ဟန်ယွဲ့ စပ်စုစွာ မေးလိုက်၏။

“‌ယောင်းမလေး၊ ဒါက အစ်မဝယ်ခဲ့တဲ့ ဆီစိမ်အစတွေလား။”

“ဟုတ်တယ်၊ အစ်မ ဆီစိမ်အစတွေနဲ့ ရွက်ဖျင်တဲဆောက်မလို့ လုပ်နေတာ”

“ရွက်ဖျင်တဲတွေလား” ဟဲကျစ်ယန်၏ မျက်လုံးများမှာ စပ်စုလိုစိတ်ကြောင့် ဝင်းလက်သွားရသည်။

ဟဲကျစ်ယန်သည် ရွက်ဖျင်တဲများအသုံးပြုပုံကို မော့ဟန်ယွဲ့အား စိတ်ရှည်လက်ရှည် ရှင်းပြပေးလိုက်သည်။

မော့ဟန်ယွဲ့သည် နားထောင်ရင်း ပို၍ ပို၍ ပျော်ရွှင်လာရ၏။

“ယောင်းမလေး၊ အိမ်မှာတုန်းက ဘာမှလုပ်စရာ မရှိရင် ကျွန်မ အချုပ်အလုပ်ပဲ လုပ်နေခဲ့တာ။ ကျွန်မ ကူညီပေးနိုင်တယ်။”

“ကောင်းပြီ၊ ဒါဆို အစ်မ ဖြတ်ပြီးသွားရင် ဟန်ယွဲ့က ချုပ်လိုက်နော်။”

ညီအစ်မနှစ်ယောက်သည် တည်းခိုဆောင်၏ ဝန်းထဲတွင် ဆီစိမ်အစများဖြင့် အလုပ်များနေကြသည်။

မော့အမျိုးသမီးများ ရှိနေသော အခန်းထဲတွင် လူတိုင်းက စိတ်လွတ်နေကြ၏။

“အမေ၊ ကျွန်မတို့ နဝမ မတ်လေးနဲ့ သူ့မိန်းမနဲ့ ဆက်ဆံရတာ သိပ်မကြာသေးပေမဲ့ သူမက အဲ့လို လှည့်ဖျားတတ်တဲ့လူ မဟုတ်တာတော့ သေချာပါတယ်။ ကျွန်မ ထင်တယ် သူမက မကောင်းတဲ့အကြံရှိတဲ့ တစ်ယောက်ယောက်ဆီက လှည်းစားခံလိုက်ရတာပဲဖြစ်မှာပါ။”

ထိုစကားလုံးများမှာ ဆဌမ မရီး သမ်းရွှယ်ထံမှ ဖြစ်သည်။

သမ်းရွှယ်သည် ပုံမှန်ဆို စကားသိပ်ပြောလေ့ မရှိပေ။ သို့သော် သူမက အမျှော်အမြင်ရှိသောလူဖြစ်ကြောင့် လူတိုင်း သိကြပေသည်။

အကြီးဆုံးမရီးကလဲ သမ်းရွှယ်၏ စကားကို ဝင်ထောက်ခံလိုက်သည်။

“အမေ၊ ကျွန်မလဲ ဆဌမ မရီးနဲ့ အတွေးတူပါတယ်။ ကျွန်မတို့အားလုံး နဝမယောင်းမလေးရဲ့ အကျင့်စရိုက်ကို မြင်ဖူးကြပြီးသားပါ။ သူမသာ အဲ့လိုလူမျိုးဆိုရင် လမ်းတစ်လျှောက်မှာ ကျွန်မတို့ကို ဒုက္ခခံပြီး စောင့်ရှောက်ပေးမဲ့အစား အရင်ကတည်းက လွတ်မြောက်မဲ့ နည်းကိုပဲ ရွေးခဲ့မှာပေါ့”

“ဟုတ်တယ် အမေ၊ ကျွန်မလဲ နဝမ ယောင်းမလေးက အဲ့လိုလူမျိုးမဟုတ်ဘူးဆိုတာ ယုံကြည်တယ်” အဋ္ဌမ မရီးကလဲ ဟဲကျစ်ယန်ကို ယုံကြည်ဖို့ ရွေးချယ်လိုက်သည်။

သခင်မကြီးမော့လဲ ဟဲကျစ်ယန်၏ အကျင့်စရိုက်ကို သိပေသည်။

သူမဘဝ တစ်လျှောက်လုံး လိုက်နာခဲ့သော စည်းမျဉ်းစည်းကမ်းများကြောင့်သာ လွှတ်မချနိုင်ဘဲ ဖြစ်နေခြင်း ဖြစ်သည်။

ယခု ချွေးမများအားလုံးက နဝမချွေးမလေးဘက်တွင် ရှိနေပေးကြသောကြောင့် သခင်မကြီးမော့လဲ သူမ ထိုကိစ္စအတွက် ထပ်မံ စိတ်ပူနေဖို့ မလိုအပ်တော့ဟု ခံစားလိုက်ရ၏။

“မင်းတို့အားလုံး နဝမချွေးမလေးအကြောင်း သိကြတာပဲ။ သူမက လူကောင်းဆိုတာ ငါတို့အားလုံးလဲ မြင်ခဲ့ပြီးသားပါ။

ငါ ဒီနေ့ပဲပြောမယ် ဒီကိစ္စက ဒီနေရာမှာပဲပြီးပြီ။ အခုကစပြီး ဒီကိစ္စကို နောက်ထပ် သံသယဖြစ်ရဲတဲ့ လူ ဘယ်သူမဆို မိသားစုစည်းမျဉ်းနဲ့အညီ အပြစ်ပေးခံရမယ်။”

“အမေ၊ ကျွန်မတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တစ်လုံးမှ ထပ်ပြောမှာ မဟုတ်ပါဘူး” ဒုတိယ မရီးက ပထမဆုံး အာမခံလိုက်သည်။

တခြားလူများကလဲ သူမတို့ ဒီအကြောင်းကို မေ့ပစ်လိုက်တော့မည်ဖြစ်ကြောင်း အာမခံလာကြ၏။

မော့အမျိုးသမီးများသည် သဘောတူညီမှု ရရှိခဲ့ပြီးနောက် အကုန်လုံး အခန်းထဲမှ အတူတူထွက်လာကြသည်။

ကလေးလေး မော့ဟန်ယွဲ့ရှိနေသည်ကို ကျေးဇူးတင်ရပေမည်၊ သူမ၏ အပြန်ပြန်အလှန်လှန် စကားသွယ်ပေးမှုကြောင့် ဟဲကျစ်ယန်နှင့် တခြားလူများ ပြန်လည်စည်းလုံးသွားကြတော့သည်။

ဟဲကျစ်ယန်သည် သူမ၏ မိသားစုအပေါ် အငြှိုးအာဃာတများ မရှိပေ။ ထို့အပြင် ရှေးခေတ် အမျိုးသမီးများ၏ အမြစ်တွယ်နေသော စည်းကမ်းများအကြောင်းကို သူမလဲ နားလည်ပေသည်။

သူမတို့က ဟဲကျစ်ယန်အပေါ် အမြန် ယုံကြည်ပေးဖို့ ရွေးချယ်လိုက်ခြင်းက သူမအတွက်တော့ ပျော်ရွှင်စရာပင် ဖြစ်သည်။

သူမ၏ ဦးဆောင်မှုအောက်တွင် အမျိုးသမီးများမှာ အပ်နှင့် အပ်ချည်များကို ကိုင်ကာ ရွက်ဖျင်စများကို စချုပ်ကြတော့သည်။

ထိုအရာကို မြင်ပြီးနောက် ရှဲ့မိသားစုနှင့် ဖန်းမိသားစုက အမျိုးသမီးများပါ ပါဝင်လာကြ၏။

သို့သော် ထိုမိသားစုနှစ်စု၏ အကြည့်များမှာ အနည်းငယ် ကွဲပြားနေပေသည်။

သူတို့ ဟဲကျစ်ယန်ကို ကြည့်နေကြပုံက အထင်အမြင် သေးတာမျိုး မဟုတ်ဘဲ တစ်ခုခုကို အတည်ပြုနေသလိုပင်။

သူတို့ သိချင်ကြသည်မှာ မော့မိသားစုက ဒီလိုအဖြစ်အပျက်ကြီးကို ဘယ်လိုလုပ် မျက်လုံးမှိတ်ထားနိုင်ရတာလဲ ဆိုတာကိုပင်။

ရှဲ့မိသားစုနှင့် ဖန်းမိသားစုမှာ ဟဲကျစ်ယန်အတွက်တော့ အပြင်လူများ ဖြစ်ကြသည်။ သူတို့ ဘယ်လိုတွေးကြလဲဆိုတာ သူမ နည်းနည်းလေးတောင် စိတ်ဝင်စားမနေပေ။

အလုပ်ရှုပ်နေသော အမျိုးသမီးများမှာ အကုန်လုံး အပ်ချုပ်နေကြသော်လဲ နေမကောင်းချင်ယောင်ဆောင်နေသော မော့ကျိုးယွီကတော့ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့၏။

လီရို့အာ ဖြန့်လိုက်သော သတင်းကို သူလဲ သေချာကြားလိုက်ရသည်။

သူသည် ထိုစကားကို လုံးဝ မယုံကြည်ဟော်လဲ စိတ်ထဲတွင်တော့ အနည်းငယ် မွန်းကြပ်သွားသလို ခံစားနေရသည်။

သူ၏ လက်ရှိအခြေအနေနှင့် သူ့နောက်သာ လိုက်နေပါက ဟဲကျစ်ယန်သည် ဘယ်တော့မှ မျိုးရိုးမြင့်များဆီသို့ ပြန်မရောက်နိုင်လောက်တော့ပေ။

မော့ကျိုးယွီသည် ဟဲကျစ်ယန်၏ ပျော်ရွှင်မှုကိုလဲ မနှောင့်နှေးစေချင်ပေ။

သို့သော် ဟဲကျစ်ယန်က သူ့ကို ထားသွားမည်ဟု တွေးလိုက်သောအခါ ထိုအသက်ရှူကြပ်သည့် ခံစားချက်က ပို၍ပင်ဆိုးလာခဲ့သည်။

ထိုအချိန်တွင် ဟဲကျစ်ယန်က ဒီနေရာကိုလာကာ သူ့ကို အကုန်လုံးရှင်းပြပေးဖို့သာ မျှော်လင့်မိတော့သည်။

အကယ်၍သာ လီရို့အာ ပြောသလို ဖြစ်နေခဲ့ပါက သူ တစ်သက်လုံး အလှောင်ခံရလျှင်ပင် လက်လွှတ်ဖို့ကိုပဲ ‌ရွေးချယ်မှာ ဖြစ်သည်။

……

ဟဲကျစ်ယန်သည် ရွက်ဖျင်တဲဆောက်လုပ်ခြင်း၏ အခြေခံ သဘောတရားများနှင့် လုပ်နည်းများကို နားလည်သည့်အပြင် မှန်ကန်သော အရွယ်အစားကိုလဲ ချုပ်လုပ်နိုင်‌၏။

သို့သော် အပ်ချုပ်ရမည့်နေရာသို့ ရောက်သောအခါ သူမ မလုပ်နိုင်တော့ပေ။

မူလကိုယ် သခင်မလေးမှာ အသုံးမကျပေ၊ သူမ၏ မှတ်ဉာဏ်ထဲတွင် အပ်ချုပ်ထားသည်က တစ်ခုမှ မရှိသောကြောင့် ဟဲကျစ်ယန်လဲ မလုပ်တတ်တော့ပေ။

ထို့အပြင် သူမ၏ ယခင်ဘဝတွင် ပစ္စည်းများကို လက်ဖြင့် ကိုယ်တိုင် လုပ်ဖို့ မလိုခဲ့ပေ။ သူတို့အားလုံး လုပ်ပြီးသားများကိုသာ ဝယ်လိုက်ရုံ ဖြစ်သည်။

ထို့ကြောင့် ရွက်ဖျင်တဲချုပ်ဖို့အတွက်ကိုတော့ မိသားစုသုံးခုမှ အမျိုးသမီးများဖြင့်သာ လွှဲထားလိုက်ရသည်။

အားလုံးက ကျွမ်းကျင်ကြပြီး စချုပ်နေကြသောအခါမှ သူမသည် မော့ကျိုးယွီကို သတိရမိသွား၏။

သတင်းတွေ ပျံ့နေသည်နှင့် မော့အမျိုးသမီး အားလုံးပင် သိပြီးနေပြီဖြစ်ရာ မော့ကျိုးယွီလဲ ကြားထားလောက်ပြီ ဖြစ်သည်။

သူမတို့က လင်မယားဖြစ်သောကြောင့် ရှင်းပြဖို့ လိုအပ်ပေသည်။

သူမ တံခါးကို ဖွင့်လိုက်သောအခါ ကုတင်စွန်းတွင် ဖြောင့်ဖြောင့်ထိုင်နေသော မော့ကျိုးယွီသည် သူမအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

မော့ကျိုးယွီ မမေးခင် သူမ ကြိုရှင်းပြလိုက်သည်။

“အပြင်မှာ ပျံ့နေတဲ့ သတင်းတွေက အမှန် မဟုတ်ဘူး။ ကျွန်မ ဆန်းတာ့ကျိုးကို မနမ်းခဲ့ပါဘူး။”

ထို့နောက် သူမသည် ကယ်တင်ခဲ့ရသည့် လုပ်ငန်းစဉ်အစအဆုံးကို မော့ကျိုးယွီအား ချက်ချင်း ရှင်းပြလိုက်သည်။

သူမ အကုန်လုံး ပြောပြပြီးသော်လဲ မော့ကျိုးယွီက သူမကို နောက်ထပ် မေးခွန်းများ မေးနေဦးမည်ဟု ထင်ခဲ့သည်။ ဟဲကျစ်ယန်သည် စစ်ဆေးမေးမြန်းမှုကို ခံယူရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

မမျှော်လင့်ထားစွာပင် မော့ကျိုးယွီသည် အိပ်ရာကို လက်ချောင်းလေးဖြင့် ခပ်ဖွဖွခေါက်ရင်း ပြောလိုက်၏။

“ကိုယ် ရှေ့တန်းရောက်နေတုန်းက လူနာရဲ့ ပါးစပ်ထဲကို ဝါးချောင်းနဲ့ လေမှုတ်ထည့်ပေးခဲ့တဲ့ သမားတော်တစ်ယောက် တွေ့ဖူးတယ်။ အဲ့ဒါ မင်းပြောတဲ့ လူကယ်ပုံနဲ့ အတူတူပဲဖြစ်ရမယ်။”

ဟဲကျစ်ယန်ဟည် ထိုအရာကို အလျင်အမြန် နားလည်သွားသူကြောင့် အလွန်အမင်း အံ့အားသင့်သွားရ၏။

သူမသည် မော့ကျိုးယွီအား ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်ပြလိုက်သည်။ “အဲ့ဒါပဲ၊ ကျွန်မပြောတာ ရှင်ပြောတဲ့နည်းအတိုင်းပဲ။”

မော့ကျိုးယွီသည် ဟဲကျစ်ယန်က ဆန်းတာ့ကျိုးကို မနမ်းခဲ့ဘူးဆိုတာ ယုံကြည်သွားပြီဖြစ်သော်လဲ သူ့နှလုံးသားထဲတွင် အနည်းငယ် ချဉ်စုတ်စုတ် ဖြစ်နေသေးသည်။

သိူ့သော် လူအများကြီးထံမှ ကဲ့ရဲ့ခံထားရသော ဟဲကျစ်ယန်၏ ခံစားချက်ကိုလဲ သူ နားလည်ပေသည်။ သူမ၏ စိတ်ဖိစီးမှုများကို သက်သာသွားစေရန် မော့ကျိုးယွီက စိတ်ရင်းမှန်ဖြင့် ပြောလိုက်၏။

“အပြင်ဘက်က မဟုတ်တဲ့ သတင်းတွေကို စိတ်ထဲ ထည့်စရာ မလိုဘူး။ ကိုယ်တစ်ယောက်လုံး မင်းကို ယုံကြည်နေရင် ရပြီ။”

ဟဲကျစ်ယန်သည် မော့ကျိုးယွီက ထိုစကားမျိုး ပြောသည်ကို ကြားလိုက်ရသဖြင့် အံ့ဩသွားရ၏။

တကယ်တော့ မော့ကျိုးယွီသည် ရှေးခေတ်က လူတစ်ယောက်ဖြစ်ပြီး သူမက ဆန်းတာ့ကျိုးနှင့် တကယ်ပဲ ဘာမှမဟုတ်တာကို သိနေလျှင်တောင်မှ အပြင်ဘက်ရှိ ကောလဟာလများမှာ ယောက်ျားတစ်ယောက်အတွက် လက်ခံနိုင်ဖို့ ခဲယဉ်းလှပေသည်။

“ရှင် တကယ်ပဲ အဲ့လိုတွေးတာလား” ဟဲကျစ်ယန် အနည်းငယ် မသေချာ မရေရာဖြစ်နေသည်။

“အင်း၊ မင်း ဒီကိစ္စကို စိုးရိမ်စရာ မလိုဘူး။”

မော့ကျိုးယွီ၏ ပုံစံကြောင့် ဟဲကျစ်ယန်မှာ အကြောင်းရင်း မသိရဘဲ သူမနှလုံးသားလေး အနည်းငယ် လှုပ်ခတ်သွားသလို ခံစားလိုက်ရသည်။

အမြင်ကျယ်သော သူရဲကောင်း တစ်ယောက် ဆိုသည်မှာ မြင့်မြတ်သော ယောက်ျားတစ်ယောက် ဖြစ်သင့်သည့်အရာပင်။

ဟဲကျစ်ယန် စိတ်လှုပ်ရှားသွားသည်ကို မြင်သောအခါ မော့ကျိုးယွီ၏ နှလုံးသားထဲတွင် ချက်ချင်းပဲ ပန်းများဖူးပွင့်လာကြ၏။

သူသည် သူမလေးကို ချက်ချင်းပဲ ပွေ့ဖက်ကာ ကောင်းကောင်း နှစ်သိမ့်ပေးလိုက်ချင်မိသည်။

သို့သော် ထိုကဲ့သို့သော လုပ်ရပ်မျိုးကို အလျင်စလို မလုပ်ဝံ့ပေ။

သူတို့အတူရှိသည်မှာ အချိန်တိုလေးသာဖြစ်ပြီး သူ၏ ဇနီးလေးက တခြားအမျိုးသမီးများနှင့် ကွာခြားသည်ဆိုတာကို သူ ကောင်းကောင်း နားလည်ပေသည်။

သူမတွင် ကိုယ်ပိုင်လျို့ဝှက်ချက်များနှင့် ကိုယ်ပိုင် စိတ်နေစိတ်ထား ရှိသည်။

မော့ကျိုးယွီသည် သူလုပ်လိုပ်သည့်အရာက သူမလေးကို စိတ်အနှောင့်အယှက် ဖြစ်သွားစေပြီး သူမလေး သူ့ရှေ့မှ ပျောက်ကွယ်သွားမှာကို ကြောက်မိသည်။

သူ၏ စိတ်အတက်အကျများကို အများကြီး မဖော်ပြမိစေရန်အတွက် မော့ကျိုးယွီသည် အကောင်းဆုံး စိတ်ထိန်းကာ တည်ငြိမ်အောင် နေလိုက်သည်။

တစ်ချိန်တည်းမှာပင် သူ စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်ပြီး ဟဲကျစ်ယန်၏ အာရုံကို လွှဲသွားစေရန် တစ်ခုခုပြောလိုက်၏။

“မင်း ခုဏကပြောခဲ့တာ လီဟူကို နောက်ကနေ စေခိုင်းနေတဲ့လူ ရှိတယ်ဆိုတာလေ။ အဲ့ဒါ ဘယ်သူလဲလို့ မင်းမေးပြီးပြီလား။”

ဟဲကျစ်ယန်သည် ထိုအခါမှ သူမ မော့ကျိုးယွီကို အသေးစိတ် မပြောပြရသေးတာ သတိရမိသွားသည်။

“လီဟူပြောတာတော့ သူနဲ့ အဆက်အသွယ်လုပ်ခဲ့တဲ့လူက အသံစူးရှရှနဲ့တဲ့။ အဲ့လူက ကုန်းကုန်းတစ်ယောက် ဖြစ်လိမ့်မယ်လို့ ကျွန်မ သံသယရှိတယ်။”

မော့ကျိုးယွီ မျက်မှောင်ကြုံ့ကာ ရေရွတ်လိုက်သည်။ “အဲ့ဒါက တကယ်ပဲ ကုန်းကုန်းတစ်ယောက်ဆိုရင် သံသယဝင်စရာလူတွေက တအားများလွန်းသွားပြီ။”

All Chapters