ရွက်ဖျင်တဲအိမ်များ
Vol. 4 Ch. 51
“ဟုတ်တယ်၊ ဟုတ်တယ် ကုန်းကုန်းဆိုတဲ့လူဆီကနေသာ စရှာမယ်ဆိုရင် ဒီကိစ္စရဲ့ နောက်ကွယ်ကလူကို ရှာတွေ့နိုင်ဖို့ဆိုတာ အရမ်းခက်မှာ” ဟဲကျစ်ယန်သည် ဒီကိစ္စ နောက်ကွယ်မှ တကယ့်ကြိုးကိုင်သူကို ရှာဖွေဖို့ အလွန်ခက်ကြောင်း သဘောတူလိုက်သည်။
လီဟူဆီမှ ရလာသော သတင်းလေးနှင့် ဒီကိစ္စကြီး၏ နောက်ကွယ်မှ လူကို ဖော်ထုတ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း သူမတို့နှစ်ဦးလုံး သိပေသည်။
သို့သော် မြို့တော်မှ ထွက်ပြီး မကြာခင်ပဲ နောက်ယောင်ခံသူကို ရှာတွေ့နိုင်ခဲ့ခြင်းက ကောင်းလား ဆိုးလားဆိုတာတော့ သူမတို့လဲ မပြောတတ်တော့ပေ။
ထိုအကြောင်းကို တွေးကြည့်ကြရင်း ဟဲကျစ်ယန်ရော မော့ကျိုးယွီပါ အတွေးထဲ နစ်မြုပ်သွားကြသည်။
အချိန်အတော်ကြာပြီးမှ ဟဲကျစ်ယန်သည် သူမ၏ ခွဲခြမ်းစိတ်ဖြာမှုကို ပြောပြလိုက်၏။
“လီဟူက ဆန်းတာ့ကျိုးကို ရေထဲပစ်ချတဲ့ ဒီကိစ္စမှာ သူ့ကို ကူညီပြီး လုပ်ပေးတဲ့လူတွေ အများကြီးပဲ ရှိနေတယ်။
အရာရှိတွေက ဆန်းတာ့ကျိုးကို မြစ်ထဲကသွားဆယ်ဖို့လုပ်တော့ လူတွေ အများကြီးပဲ အဲ့နေရာမှာ ကြည့်နေကြတာ။
လီဟူရဲ့ ကြံရာပါတွေလဲ အဲ့ဒါကို မြင်မှာ သေချာတယ်။
ပြီးနော့ ကျွန်မက ဆန်းတာ့ကျိုးကို လူတိုင်းရှေ့မှာ ကယ်တင်ပေးခဲ့တယ်။ အဲ့ဒါကိုကြည့်ပြီး လီဟူကျရှုံးသွားပြီဆိုတာ သူတို့ သေချာပေါက် သိသွားပြီ။
သူတို့ထဲက တစ်ယောက်ယောက်ကတော့ ဒီအကြောင်း အထက်ကို ပြန်တင်ပြပြီး နောက်ဘယ်လိုဆက်လုပ်မလဲဆိုတာ နည်းလမ်းရှာမှာပဲ။
လီဟူ ဒီလိုဖြစ်သွားတာကိုသာ သူ့အထက်ကလူတွေသိရင် လီဟူကို နှုတ်ပိတ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိမ့်မယ်လို့ ကျွန်မ သံသယရှိတယ်”
ထိုစကားကို ကြားသောအခါ မော့ကျိုးယွီသည် သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
“မင်းဆိုလိုတာက လီဟူကို သတ်မဲ့လူနောက်လိုက်ပြီး နောက်ကွယ်ကလူ ဘယ်သူလဲဆိုတာ ရှာကြမှာလား”
ဟဲကျစ်ယန်က ခေါင်းငြိမ့်လိုက်သည်။ “ကျွန်မပြောချင်တာ အဲ့ဒါပဲ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အခုအခြေအနေနဲ့ အဲ့လိုလုပ်ဖို့ သိပ်မသင့်တော်ဘူး”
“လုပ်ရတာ ပြဿနာမရှိဘူး၊ ကိုယ့်မှာ နည်းရှိတယ်၊ ဒါပေမဲ့ ကိုယ်က သူတို့ကို ရန်စမိပြီးသားဖြစ်သွားပြီ။ မော့မိသားစုကို အန္တရာယ်ပေးချင်နေတဲ့ အဲ့ဒီလူကို ရှာတွေ့ရင်တောင် ကိုယ်တို့ ဘာလုပ်နိုင်မှာလဲ။”
မော့ကျိုးယွီ၏ စကားလုံးများထဲတွင် ကိုယ့်ကိုယ်ကို မယုံကြည်မှုများပါနေသည်ကို ဟဲကျစ်ယန် ကြားလိုက်ရသည်။
“ရှင့်ရဲ့ အရည်အချင်းတွေနဲ့ လက်စားချေဖို့ဆိုတာ မခက်ပါဘူး ဟုတ်တယ်မလား။
အဲ့ဒါအပြင် လီဟူရဲ့ နောက်လူက မော့မိသားစုကို အဆိပ်ခတ်တဲ့လူပဲဖြစ်ရမယ်လို့ ကျွန်မ သံသယရှိနေတယ်”
ထိုနည်းဖြင့် သတိပေးခံလိုက်ရသောအခါ မော့ကျိုးယွီ၏ စိတ်မှာ ရှင်းလင်းသွားပြီး တစ်ချိန်တည်းမှာပင် မဆုံးနိုင်သော အမုန်းတရားများနှင့် မမျှမတ ဆက်ဆံခံရမှုများ စိတ်ထဲမှ ထိုးထွက်လာတော့သည်။
“မင်းပြောတာမှန်တယ်။ ဒီနေ့ည လီဟူကို နောက်ယောင်ခံလိုက်ဖို့ ကိုယ် နည်းလမ်းရှာလိုက်မယ်။”
မော့ကျိုးယွီ သဘောပေါက်သွားပြီးနောက် ဟဲကျစ်ယန်သည် အမျိုးသမီးများ ရွက်ဖျင်တဲအိမ် လုပ်နေသည့်နေရာသို့ ပြန်သွားလိုက်၏။
သူမ အခန်းထဲက ထွက်လာလာချင်း အရာရှိအများအပြားက လီဟူကို ကြိုးတုပ်ပြီးခေါ်လာကာ တည်းခိုခန်းအပြင်သို့ ပို့လိုက်သည်ကို တွေ့လိုက်ရသည်။
လီဟူ၏ ပါးစပ်မှာ အဝတ်စဖြင့် ဆို့ခံထားရသောကြောင့် ဘာမှမပြောနိုင်ဘဲ အရာရှိများကို အသနားခံသည့် မျက်လုံးများဖြင့်သာ ကြည့်နေသည်။
နှစ်တစ်ဝက်လောက်သာ အဖွဲ့ထဲရှိသေးသော လီဟူနှင့်ယှဉ်လျှင် အရာရှိများမှာ ဆန်းတာ့ကျိုးအပေါ် ပို၍ သံယောဇဉ်ရှိကြသည်။
ဆန်းတာ့ကျိုးက သူ့ကြောင့် အသတ်ခံရလုနီးပါး ဖြစ်သွားသည်ကိုတွေ့ကာ လီဟူကို အလွန် မုန်းတီးသွားကြသည်။ သူတို့က ဘယ်လိုလုပ် သူ့ကို သနားရမှာလဲ။
ကျန်းချင်သည် လီဟူက ရုန်းကန်နေတာကိုတွေ့ပြီး ဖင်ကို ကန်ထည့်လိုက်၏။
“ကောင်းကောင်းနေစမ်း။ ခရိုင်တရားသူကြီးကို တွေ့မှ မင်းကြိုက်သလို အသနားခံလိုက်”
သူ စကားပြောပြီးနောက် ဟဲကျစ်ယန်ကို တွေ့သွားသည်။
အရင်ကနှင့် မတူဘဲ ကျန်းချင်သည် ဟဲကျစ်ယန်အပေါ် မောက်မာစွာ မပြုမူတော့ဘဲ သူမအား ကျေးဇူးတင်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
ဟဲကျစ်ယန်လဲ ပြန်၍ ခေါင်းငြိမ့်ပြလိုက်၏။
သူမ၏ ရှေးခေတ်အခြေအနေများကို နားလည်ထားသလောက်ဆိုလျှင် ခရိုင်တရားသူကြီးက ကိစ္စများကို မနက်ပိုင်းတွင် ကြားနာလေ့ရှိပြီး အခုကတော့ မှောင်စပြုနေပြီဖြစ်သည်။
လီဟူကို ကောင်တီရုံးသို့ ခေါ်သွားသည်ကို ကြားသောအခါ သူ့ကို ခဏတော့ ထိန်းသိမ်းထားပြီး မနက်ဖြန်မနက် အစောဆုံးအထိ ဘာမှ စစ်ဆေးမှာမဟုတ်ကြောင်း သူမ ခန်ြမှန်းမိလိုက်၏။
ထို့ကြောင့် လီဟူကို နှုတ်ပိတ်ဖို့မှာ ဒီညကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုအကြောင်းကြောင့် ဟဲကျစ်ယန်သည် အခန်းသို့ အမြန်ပြန်ကာ လီဟူကို ကောင်တီရုံးဆီ ခေါ်သွားကြပြီဖြစ်ကြောင်း ပြောကာ သူမ၏ အတွေးကိုလဲ တစ်ခါတည်း ပြောပြလိုက်သည်။
မော့ကျိုးယွီကလဲ သူ အချိန်ကိုက်လုပ်မည်ဟု ပြောလာသည်။
သူသည် လူတစ်ယောက်ကို ကြေးစားသတ်ခြင်းနှင့် နှုတ်ပိတ်ခြင်းများကို တစ်ခါမှ မလုပ်ဖူးသော်လဲ နန်းတော်၏ အုပ်ချုပ်ရေးတွင် အနေကြာလာပြီးနောက် ထိုကဲ့သို့သော ညစ်ပတ်သည့်အရာများကို သူလဲ ကြားဖူးနားဝ ရှိပေသည်။
နှုတ်ပိတ်ရန်အတွက် အကျဉ်းခန်းသို့ သွားလေ့ရှိသူများမှာ မနက် ၁ နာရီနှင့် ၃ နာရီကြား အချိန်ကို ရွေးချယ်ကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် လူများ မှိန်းနေတတ်ပြီး အစောင့်အကြပ်လဲ လျော့ပေါ့နေသောကြောင့် ဖြစ်သည်။
သို့သော် အခြေအနေကို အကောင်းဆုံး ဖြစ်စေရန် မော့ကျိုးယွီသည် မနက်တစ်နာရီမတိုင်ခင် ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။
အခု အရာအားလုံး စီစဉ်ပြီးဖြစ်သောကြောင့် ဟဲကျစ်ယန်မှာ ပို၍ စိတ်ပေါ့ပါးစွာ အလုပ်လုပ်နိုင်သွားသည်။
အမျိုးသမီးများမှာ သူမ ခန့်မှန်းထားသည်ထက်ပင် ပိုပြီးမြန်မြန်ချုပ်နိုင်သည်။ အထူးသဖြင့် ခက်ခက်ခဲခဲ ချုပ်ရန် မလိုအပ်သော ရွက်ဖျင်တဲအိမ်များ ဖြစ်သောကြောင့် ပို၍ပင် မြန်ကြသည်။
ဟဲကျစ်ယန် အလုပ်နေရာသို့ ပြန်လာသောအခါ အမျိုးသမီးများက ပစ္စည်းတွေ အများကြီး ပြီးအောင် လုပ်ပြီးပြီဖြစ်သောကြောင့် သူမ အလွန် အံ့အားသင့်သွားရသည်။
သို့သော် သူမတို့က ရွက်ဖျင်တဲအိမ်များ ဘယ်လိုလုပ်ရလဲဆိုတာ မသိသောကြောင့် အားလုံးကို သပ်သပ်ရပ်ရပ် စီထားလေသည်။
ဟဲကျစ်ယန်ပြန်လာသည်ကို မြင်သောအခါ မော့ဟန်ယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ယောင်းမလေး၊ ကြည့်ပါဦး ကျွန်မရဲ့ ရွက်ဖျင်တဲက ပြီးတော့မယ်။”
မော့ဟန်ယွဲ့သည် စကားပြောရင်းနှင့် အခုလေးတွင် ဆွဲချုပ်ထားသော ဆီစိမ်အစ၏ ထောင့်မှ အပ်ချည်ကြိုးကို ချည်လိုက်ပြီး အပိုကို ဖြတ်လိုက်သည်။ ထို့နောက် မတ်တပ်ထကာ သူမ လုပ်ထားသော ရွက်ဖျင်တဲကို ဟဲကျစ်ယန်လက်ထဲသို့ အပ်လိုက်သည်။
ဟဲကျစ်ယန်သည် သူမ ဒီဇိုင်းဆွဲထားသော ရွက်ဖျင်တဲအိမ်က အဆင်ပြေမပြေ ကြည့်ချင်၏။
အားလုံးရှေ့မှာပဲ သူမက ရွက်ဖျင်တဲအိမ်ကို ဖြန့်ချလိုက်သည်။
ရွက်ဖျင်တဲအိမ်သည် ရိုးရှင်းသော ပိရမစ်ပုံစံဖြစ်ပြီး ဝါးတိုင်များကို ဘောင်အဖြစ် အသုံးပြုထားသည်။
ရွက်ဖျင်တဲထိပ်တွင် တွဲလဲကျနေသော ကြိုးတစ်ချို့ရှိကာ ကြိုး၏ တခြားအစွန်းများက ပိုကြီးသော ဝါးအဆစ်များဖြင့် ချည်နှောင်ထားကြပြီး ထိုဝါးတိုင်များကို မြေကြီးထဲစိုက်ကာ ရွက်ဖျင်တဲအိမ် ပိုခိုင်မာဖို့ အသုံးပြုနိုင်ပေသည်။
ရွက်ဖျင်တဲအိမ်မှာ အကြမ်းထည်ဆန်လှသော်လဲ လက်တွေ့ဆန်ပေသည်။
ဟဲကျစ်ယန်က ရွက်ဖျင်တဲကို ဆောက်လိုက်သည်ကိုမြင်ပြီး အမျိုးသမီးများ၏ မျက်လုံးများ ထိတ်လန့်သွားကာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားကြသည်။
“ယောင်းမလေး၊ အစ်မပြောတဲ့ ရွက်ဖျင်တဲဆိုတာ ဘယ်လိုမျိုးလဲလို့ သိချင်နေခဲ့တာ။ အခုတော့ ကျွန်မသိပြီ၊ ဒါက အိမ်သေးသေးလေးပဲ မဟုတ်ဘူးလား။”
မော့ဟန်ယွဲ့သည် စိတ်လှုပ်ရှားလွန်းကာ ရူးကြောင်ကြောင်လေး ပြုံးနေ၏။ သူမက ဒီလောက် ကောင်းမွန်လှသော အိမ်တစ်လုံးကို သူမလက်ဖြင့် ဆောက်လိုက်နိုင်ပေသည်။
မော့ဟန်ယွဲ့၏ အပြုံးကို မြင်ပြီးနောက် ဟဲကျစ်ယန်သည် သူမ၏ ရင်ထဲမှ အောင်မြင်မှု ခံစားချက်များ ပွက်ပွက်ဆူလာသလို ခံစားလိုက်ရ၏။
“ဒါကို အိမ်လို့ခေါ်တာ နည်းနည်းချဲ့ကားလွန်းနေပါပြီ၊ ဒါပေမဲ့ ဒါက လေနဲ့ မိုးကို ကာကွယ်ဖို့အတွက်တော့ အတော်လေး အသုံးဝင်တယ်။”
ရှဲ့မိသားစုနှင့် ဖန်းမိသားစုမှ အမျိုးသမီးများသည် မော့မိသားစုအား မနာလိုစွာ ကြည့်လိုက်ကြသည်။
အနာဂတ်တွင် ညဘက် အပြင်မှာ အိပ်ရပါက သူမတို့မှာ ကောင်းကင်ကြီးကို မျက်နှာမူပြီး အိပ်စရာ မလိုတော့ပေ။
မိန်းကလေးဟဲက မသင့်လျော်သော အပြုအမူကို လုပ်ခဲ့သော်လဲ သူမ၏ ဦးနှောက်မှ ဤကဲ့သို့သော ပထမတန်းစား အတွေးအမြင်မျိုး တတ်မြောက်ပြီး ထူးချွန်လှပေသည်။
သခင်မကျောက် က သခင်မမော့၏လက်ကို ဆွဲလိုက်သည်။
“ဒေါ်လေးချွေ့၊ ဒီလို အရမ်းတော်တဲ့ ချွေးမလေးရှိတာ မော့မိသားစုအတွက်တော့ သုံးဘဝလောက် ကောင်းချီးပေးခံရတာပါပဲ။”
“မှန်တယ်၊ ကျွန်မတို့ရဲ့ နဝမ ယောင်းမလေးက ဒီလို ရိုးရိုးရှင်းရှင်း ရွက်ဖျင်တဲအိမ်လုပ်တာတင် မဟုတ်ဘူး ဘယ်နေရာမဆို အရမ်းတော်တာ” ဒုတိယ မရီးမှာ သူမ၏ ညီမလေး ချီးကျူးခံရသောကြောင့် ဂုဏ်ယူစွာဖြင့် ဝင်ပြောလိုက်သည်။
ချီးကျူးခံရသောအခါ ဟဲကျစ်ယန်သည် သဘာဝကျကျ စကားလုံးအနည်းငယ်သာ ပြန်ပြောလိုက်ပြီး ရှဲ့မိသားစုနှင့် ဖန်းမိသားစု အမျိုးသမီးများ၏ မျက်လုံးများထဲမှ ရွက်ဖျင်တဲအိမ်ကို လိုချင်နေမှုကို တွေ့လိုက်ရ၏။
“ဒေါ်လေးဖန်း၊ ဒေါ်လေးရှဲ့ ကျွန်မတို့ မိသားစုသုံးစုလုံး ဒီရွက်ဖျင်တဲတွေကို အတူတူ လုပ်ခဲ့ကြတာပဲ။ လူနှစ်ယောက်အတွက် ရွက်ဖျင်တဲအိမ်တစ်လုံးပေါ့။ ပြဿနာ မရှိပါဘူး”
ရှဲ့မိသားစုနှင့် ဖန်းမိသားစုမှာ သူမတို့လဲ ရွက်ဖျင်တဲအိမ်များ ရကြမည်ဆိုတာကိုကြားပြီး အလွန်စိတ်သက်သာသွားရကာ ကျေးဇူးတင်ကြောင်း ဘယ်လိုဖော်ပြရမလဲ မသိအောင်ပင် ဖြစ်နေကြသည်။
သူမတို့က ဟဲကျစ်ယန်အား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်ကြ၏။
သခင်မကျောက်သည် ဟဲကျစ်ယန်အား ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး စိတ်ရင်းဖြင့် ပြောလိုက်သည်။ “ကျွန်မတို့ အိမ်တော်တွေ အသိမ်းခံရတုန်းက ဘာမှမယူလာနိုင်ခဲ့ဘူး။ ကံကောင်းလို့ မင်းနဲ့ မော့မိသားစု ကယ်တင်ပေလို့ပဲ။
အခု ငါလဲ နားလည်သွားပြီ။ ငါတို့ အရင်က ရခဲ့ဖူးတဲ့ ပေါ့ပေါ့ပါးပါး ဘဝမျိုး ပြန်မရနိုင်တော့ဘူးဆိုမှတော့ ငါလဲ လက်ရှိအဖြစ်မှန်ကို လက်ခံရတော့မှာပဲ။
အခုကစပြီး ငါ့ရဲ့ ဖန်းမိသားစုက မော့မိသားစုစကားကို နားထောင်ပါမယ်။ ငါဒီနေ့ပဲ ပြောလိုက်မယ်၊ ဒီကိစ္စကို ဆန့်ကျင်ရဲတဲ့ ဘယ်သူမဆို မိသားစုစည်းမျဉ်းအတိုင်း အပြစ်ပေးခံရမယ်”
သူမ စကားပြောပြီးပြီးချင်း တခြားသော ဖန်းအမျိုးသမီးများကလဲ လိုလားမှုရှိကြောင်း ဖော်ပြခဲ့ကြသည်။