တာ့ကျိုး၏အတွေး
Vol. 4 Ch. 52
ထိုအခြေအနေကို မြင်လိုက်သောအခါ ရှဲ့မိသားစုဝင်များသည် ဒုတိယ မရီး၏ မိခင်ဖြစ်သူ သခင်မချိုးအား လှည့်ကြည့်လိုက်ကြသည်။
ဖန်းမိသားစု သခင်မကဲ့သို့ပင် သူမသည်လည်း တူညီသော လွှမ်းမိုးမှုမျိုးနှင့် အခိုင်အမာရပ်တည်ကာ ထိုကဲ့သို့သော စကားမျိုးပြောဖို့ မျှော်လင့်ခဲ့ကြသည်။
ဤနည်းဖြင့် မော့မိသားစု၏ စေတနာကို လက်ခံရရှိချိန်တွင် သူတို့လဲ ပို၍စိတ်သက်တောင့်သက်သာ ရှိနိုင်ပေမည်။
သခင်မချိုးသည် အနည်းငယ် တုံ့ဆိုင်းနေပြီး လှည့်ပတ်ကြည့်လိုက်သော်လဲ သူမ စိတ်ကို ဆုံးဖြတ်ချက် မချနိုင်ခဲ့ပေ။
ဒုတိယ မရီးသည် သူမ မိခင်ဖြစ်သူ၏ စိတ်အခြေအနေကို နားအလည်ဆုံးပင်။ သူမ မိခင်ဖြစ်သူသည် ခင်ပွန်းသည်၏ စကားကိုသာ အမြဲတစေ နာခံပြီး ဤကဲ့သို့သော ကိစ္စများကို သူမဘာသာ မဆုံးဖြတ်ရဲပေ။
“အမေ၊ ဒီကိစ္စအတွက် စိတ်မပူပါနဲ့တော့။ နောက်ကျရင် သမီးတို့ရဲ့ လုပ်ရပ်တွေနဲ့ ပြန်သက်သေပြလို့ရပါတယ်”
သခင်မချိုးက ခေါင်းငြိမ့်လိုက်၏။ “ဖန်းအာ ပြောတာ မှန်ပါတယ်။ ဒါ ကျွန်မစိတ်ထဲမှာရှိတဲ့ စိတ်ရင်းပါပဲ”
ဟဲကျစ်ယန်သည် ဤအရာအားလုံးကို လုပ်ခဲ့ခြင်းမှာ မော့ကျိုးယွီ၏ သဘောတူညီမှုကြောင့်သာလျှင် မဟုတ်ဘဲ လူအများရှိနေလျှင် ပိုပြီးအားအင်ဖြစ်စေသောကြောင့် လုပ်ခဲ့ခြင်း ဖြစ်သည်။
ပြည်နှင်ဒဏ်ခရီးက ရှည်လျားပြီး သူတို့တွေ တစ်ယောက်နဲ့ တစ်ယောက် မလိုအပ်ဘူးလို့ ဘယ်သူကများ အတပ်ပြောနိုင်ပါ့မလဲ။
“ဒေါ်လေးတို့၊ အရမ်းကြီး စိတ်ထဲမထားကြပါနဲ့။ ခက်ခဲတဲ့အချိန်မှာ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီကြတာပဲ၊ အရမ်းကြီး စိတ်ထဲ လေးပင်နေစရာ မလိုပါဘူး။”
မရီးများကလဲ ဝင်ထောက်ခံလိုက်သဖြင့် လေထုမှာ ပြန်ပြီးတက်တက်ကြွကြွ ဖြစ်လာခဲ့၏။
ဟဲကျစ်ယန်သည် ဆီစိမ်အစ ၁၃ လိပ်ဖြင့် ရွက်ဖျင်တဲအိမ် ၂၆ လုံးကို ပြုလုပ်ပြီးသွားသောအခါ ညနေစာစားချိန်ပင် ရောက်နေပြီဖြစ်သည်။
တိုက်ဆိုင်စွာပင် လီဟူကို သွားပို့သော အရာရှိများကလဲ ထိုအချိန်တွင် ပြန်ရောက်လာခဲ့သည်။
ဟဲကျစ်ယန်သည် လူတိုင်း ရှိနေတုန်း ရွက်ဖျင်တဲအိမ်များကို ခွဲဝေပေးရန် စီစဉ်လိုက်သည်။
ရှဲ့မိသားစုနှင့် ဖန်းမိသားစုရှိ အမျိုးသမီးများမှာ သူမတို့ လိုအပ်သော ရွက်ဖျင်တဲအိမ်များကိုယူကာ ထွက်ခွာသွားကြသည်။
မော့မိသားစုအတွက် လိုအပ်သော ရွက်ဖျင်တဲအိမ် ၆ ခုကို မရီးများက သေသေသပ်သပ် ထုပ်ပိုးကာ သယ်ဆောင်သွားကြ၏။
ကျန်သည်မှာ အရာရှိများကို မျက်နှာချိုသွေးဖို့အတွက်ပင်။
ဟဲကျစ်ယန်သည် ဖမ်းဝမ်ကိုရှာပြီး ဆန်းတာ့ကျိုး၏ အခြေအနေကို မေးမြန်းရန် ပြင်လိုက်သည်။
တာဝန်ကျနေသော အရာရှိများကို မေးမြန်းကြည့်ပြီးနောက် ဖမ်းဝမ်သည် ဆန်းတာ့ကျိုးနှင့်အတူ အခန်းထဲတွင် ရှိနေသည်ဟု သိရသောကြောင့် သူမလဲ အခန်းဆီသို့သာ တောက်လျှောက်သွားလိုက်သည်။
သူမက တံခါးခေါက်လိုက်သောအခါ ဖမ်းဝမ်က သူမကို အထဲသို့ ဝင်ခွင့်ပြုလိုက်၏။
ဖမ်းဝမ်သည် အကောင်းအဆိုးကို သေချာခွဲခြားနိုင်သော လူတစ်ယောက် ဖြစ်သည်။ ဟဲကျစ်ယန်အပေါ် သူ၏ အပြုအမူက လွန်ခဲ့သည့်နှစ်ဂက်တွင်လဲ အတော်လေး ကောင်းခဲ့သော်လဲ အခုကတော့ ပို၍ပင် ကောင်းမွန်နေလေသည်။
ဖမ်းဝမ်သည် ဟဲကျစ်ယန် အထဲဝင်လာသောအခါ မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်သည်။
“ဟဲကျစ်ယန်၊ ဆန်းတာ့ကျိုးရဲ့ အသက်ကို ကယ်တင်ပေးလို့ သူ့ကိုယ်စား ငါ တကယ်ပဲ ကျေးဇူးတင်ပါတယ်”
ဤသည်က သူမြွေကိုက်ခံရသော အခြေအနေနှင့် ကွာခြားပေသည်။ ထိုအချိန်တုန်းက သူသည် သတိလစ်နေခဲ့ကာ ထို သေခြင်းရှင်ခြင်း အခြေအနေကို ကိုယ်တိုင် မမြင်ခဲ့ရပေ။
ထို့ကြောင့် ဖမ်းဝမ်၏ ဟဲကျစ်ယန်အပေါ် ခံစားချက်များမှာ သူ့အသက်ကို ကယ်ပေးခဲ့တုန်းကထက် ဆန်းတာ့ကျိုးကို ကယ်ပေးခဲ့ခြင်းအပေါ် ပို၍ လေးနက်နေပေသည်။
တခြားလူများက မကယ်တင်နိုင်တော့ဘူးဟု ထင်ထားသည့် လူတစ်ယောက်ကို အသက်ပြန်ရှင်လာအောင် ကယ်တင်ပေးနိုင်ခဲ့သည် ဟဲကျစ်ယန်အား သူ့မျက်လုံးဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရ၏။
ထိုလူ့ကို ကယ်တင်သည့် နည်းလမ်းက အနည်းငယ် ထူးဆန်းကာ မဖော်ပြနိုင်ပေမဲ့လည်းပေါ့။
ဤအရာက သူ့အတွေးသက်သက်သာ ဖြစ်သည်။
သူ၏ ကိုယ်ပိုင်အသက်လေးကိုပင် အနည်းငယ် အားနာသွားရ၏။
ဖမ်းဝမ်၏ ဦးညွှတ်ခြင်းကို ဟဲကျစ်ယန် မရှောင်တိမ်းလိုက်ပေ။
သူမကြောင့်သာ မဟုတ်ရင် ဆန်းတာ့ကျိုးတစ်ယောက် ရေသရဲဖြစ်နေတာ ကြာလှပြီဆိုတာ သူမထက် ပိုပြီး ဘယ်သူကမှ မသိနိုင်ပေ။
ဖမ်းဝမ်က ဦးညွှတ်ပြီးသောအခါ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး သူ၏ ခေါင်းဆောင်ကိုယ်ဟန်အနေအထားဆီ ပြန်ပြင်လိုက်သည်။
“ဟဲကျစ်ယန်၊ ငါနဲ့ ပြောစရာရှိလို့လား”
ဟဲကျစ်ယန်သည် ထိုလူ၏ တစ်မိနစ်အတွင်း ချက်ချင်း ပြောင်းလဲသွားသော အပြုအမူကို မအံ့ဩခဲ့ပေ။
သူမက သူ့အပြုအမူကို ပို၍ပင် လေးစားသွားခဲ့၏။
“ခေါင်းဆောင်ဖမ်း၊ တခြားမိသားစုက အမျိုးသမီးတွေနဲ့အတူ ကျွန်မ ရွက်ဖျင်တဲအိမ်တွေ အများကြီး ဆောက်ထားတာ။ အရာရှိတွေလဲ ဝေစုရ,ရမယ်လေ။ ခဏနေကျရင် အဲ့ဒါတွေ ယူဖို့ တစ်ယောက်ယောက်ကို လွှတ်ပေးပါဦး။ ပြီးတော့ ကျွန်မ အရာရှိကျိုးရဲ့ အခြေအနေကိုလဲ စစ်ဆေးချင်လို့ပါ”
သူမ စကားပြောပြီးနောက် ဟဲကျစ်ယန်သည် အိပ်ရာပေါ်တွင် မျက်လုံးများကို တင်းကြပ်စွာ ပိတ်ထားသော ဆန်းတာ့ကျိုးအား ကြည့်လိုက်သည်။
သူမကို မျက်စိလည်သွားစေသည့်အရာမှာ ဆန်းတာ့ကျိုး၏ မျက်နှာက ပုံမှန်ထက် နီနေခြင်းပင်။
“အရာရှိကျိုး အဖျားရှိနေတာလား”
ဖမ်းဝမ်သည် ဤအခန်းထဲတွင် ဆန်းတာ့ကျိုးကို ဂရုစိုက်ပေးနေခဲ့သည်ဖြစ်ရာ ထိုလူ အဖျားမရှိကြောင်း သေချာသိပေသည်။
သို့သော် ဟဲကျစ်ယန် ပြောလိုက်သည့်အတွက် ဆန်းတာ့ကျိုး၏ မျက်နှာကို ကြည့်လိုက်သောအခါ သူလဲ အနည်းငယ် မသေချာဖြစ်သွားရသည်။
“တာ့ကျိုး၊ မင်း နေမကောင်းဖြစ်နေတာလား။ ရုတ်တရတ်ကြီး မင်းမျက်နှာက ဘာလို့နီလာရတာလဲ။ ခုဏကတင် အကောင်းကြီးရှိသေးတာကို”
သူတို့နှစ်ယောက်လုံး၏ စကားကြောင့် ဆန်းတာ့ကျိုးမျက်နှာမှာ ပိုလို့ပင် ပူလောင်လာရသည်။
ထိုအချိန်တွင် သူသည် တွင်းတစ်တွင်းထဲသာ ဝင်အောင်းနေချင်မိတော့၏။
ဖမ်းဝမ်၏လက်က သူ့နဖူးကို စမ်းဖို့ ရောက်လာသည်ကို မြင်သောအခါ ရှောင်လိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်သည်။
“နေလို့ကောင်းတယ်၊ အဖျားရှိနေတာ မဟုတ်ဘူး”
ဖမ်းဝမ်မှာ ပိုလို့ပင် ရှုပ်ထွေးသွားရသည်။
“မင်း အဖျားရှိမနေဘူးဆိုရင် မျက်နှာက ဘာလို့ရဲနေတာလဲ။ ဟဲကျစ်ယန်လဲ ဒီမှာရှိနေတာဆိုတော့ တစ်ခုခုဆို သူမကိုသာ ပြောလိုက်လေ၊ သူမ ကုပေးလို့ရတာပေါ့”
ဟဲကျစ်ယန်၏ နာမည်ကိုကြားရသောအခါ ဆန်းတာ့ကျိုး၏ မျက်နှာမှာ ပိုလို့ပင် နီရဲသွားပြီး အရှက်တရားကြောင့် လောင်ကျွမ်းနေသော အပူကို သူကိုယ်တိုင်ပင် ခံစားမိလာရသည်။
သမားတော်တစ်ယောက်၏ အမြင်အရဆိုလျှင် ဤကဲ့သို့သော အခြေအနေက ဆန်းတာ့ကျိုး၏ ခန္ဓာကိုယ်တွင် တစ်ခုခုဖြစ်နေခြင်းသာ ဖြစ်ပေသည်။
ထို့ကြောင့် စကားဆက်ပြောမနေတော့ဘဲ ဟဲကျစ်ယန်သည် ကုတင်ဘေးသို့ သွားလိုက်ကာ ဆန်းတာ့ကျိုး၏ သွေးခုန်နှုန်းကို စမ်းကြည့်လိုက်၏။
နှလုံးခုန်နှုန်း မြန်နေသည်ကလွဲရင် အားလုံးက ပုံမှန်ပင်။
ဟဲကျစ်ယန်သည် ဆန်းတာ့ကျိုး ခံစားနေရသော လက္ခဏာများကို ဖြစ်နိုင်မည့် အကြောင်းရင်းအမျိုးမျိုးကို စဉ်းစားကြည့်လိုက်သည်။
ဖမ်းဝမ်သည် ဟဲကျစ်ယန်အား တည့်တည့်စိုက်ကြည့်နေကာ ဆန်းတာ့ကျိုး၏ အခြေအနေကို ပြောပြလာမည့်အချိန်ကို စောင့်ဆိုင်းနေလေသည်။
ထိုအချိန်တွင် ဆန်းတာ့ကျိုးက ကုတင်ပေါ်မှ ချက်ချင်းထလိုက်၏။
“ကျွန်တော် ဖျားမနေပါဘူး”
“တာ့ကျိူး၊ မင်း ဘာဖြစ်နေတာလဲ။ ငါတို့ကို အဲ့လိုကြီး မခြောက်နဲ့လေကွာ။ နှလုံးရောဂါ ရသွားနိုင်တယ်ကွ” ဖမ်းဝမ်သည် ပြောရင်းနှင့် သူ့ရင်ဘတ်ကို ဖြေးဖြေးပုတ်လိုက်သည်။
ဆန်းတာ့ကျိုးသည် ဖမ်းဝမ်ကို ဘာမှရှင်းမပြဘဲ ဟဲကျစ်ယန်အား ခဲယဉ်းစွာ ကြည့်လိုက်သည်။
သူ၏ စကားများမှာ အနည်းငယ် ထစ်ငေါ့နေခဲ့သည်။
“ဟဲ .. ဟဲကျစ်ယန်၊ ကျွန် .. ကျွန်တော် ကြားခဲ့တာ .. မင်း ငါ့ကို နမ်း ..နမ်းပြီးတော့ ကယ်တင်ပေးခဲ့တာဆို။ အမျိုးသမီးတစ်ယောက်အတွက် ဂုဏ်သိက္ခာက အရေးကြီးဆုံးပဲဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်း .. မင်းက လက်ထပ်ပြီးသားလူလေ။ မင်းကို တာဝန်ယူပါမယ်ဆိုတဲ့ စကားမျိုး ငါ ပြောလို့မရဘူးလေ။ ဒါ.. ဒါပေါ့၊ မော့ကျိုးယွီက မင်းကို ငြင်းပြီး ကွာရှင်းခဲ့မယ်ဆိုရင် ငါ .. ငါ .. မင်းကို လက်ထပ်မှာပါ။”
ထိုသို့ပြောပြီးနောက် ဆန်းတာ့ကျိုးသည် ချက်ချင်း အကြည့်လွှဲပစ်လိုက်ပြီး ဟဲကျစ်ယန်ကို ထပ်မကြည့်ရဲတော့ပေ။
ဟဲကျစ်ယန် ...
သူမ ဘယ်လို ပြဿနာတွင်းကြီးထဲ ပြုတ်ကျသွားတာလဲ။
သူမ အသက်လေးပဲ ကယ်တင်မိတာပါ၊ ဒါပေမဲ့ ဘာလို့ ဒီလိုဖြစ်သွားရတာလဲ။
အဲ့ဒါအပြင်၊ သူမ ဆန်းတာ့ကျိုးကို နမ်းတောင် မနမ်းခဲ့ဘူးလေ။
ဖမ်းဝမ်သည်လည်း ဆန်းတာ့ကျိုး၏ စကားများကြောင့် ဒေါသထွက်သွားရ၏။
ဒီလောက်အကြာကြီး ရှင်းပြပြီးတာတောင် ဒီကောင် သဘောမပေါက်သေးဘူးဟု သူ မထင်ထားခဲ့ပေ။
“တာ့ကျိုး၊ ငါ မင်းကို ခုဏကပဲ ရှင်းပြခဲ့ပြီလေ။ မင်းကို နိုးအောင် လုပ်ပေးခဲ့တာ ဟဲကျစ်ယန် မဟုတ်ဘူး။ ငါကွ ငါ ငါ။ ငါပြောတာကို ဘာလို့ မယုံတာလဲ။”
ဤကိစ္စမှာ ဟဲကျစ်ယန်၏ ဂုဏ်သိက္ခာကို အလွန်ထိခိုက်စေမည်ဖြစ်ရာ သေချာရှင်းလင်းမှရမည်ဟု သူ ခံစားလိုက်ရသည်။
ဟဲကျစ်ယန်သည် အလွန်အမင်း စိတ်ပျက်လက်ပျက်ဖြစ်နေ၏။
သူမသည် စိတ်ထဲမှ ဒေါသများကို ထိန်းကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ဖြေးညှင်းစွာ ပြောလိုက်သည်။
“အရာရှိကျိုး၊ ကျွန်မ ရှင်းကို ကယ်တင်ခဲ့တာ သမားတော်တစ်ယောက်ရဲ့ ကျင့်ဝတ်အရပဲ။ ရှင့်ကို တကယ်နိုးလာအောင် လုပ်ပေးခဲ့တာက ခေါင်းဆောင်ဖမ်းဆိုတဲ့ ဖမ်းဝမ်ပဲ။ ကျွန်မက သူ့ကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းပဲ သင်ပေးခဲ့တာ”
ထို့နောက် ဖမ်းဝမ်သည် ရဲရင့်သော မျက်နှာထားဖြင့် ဆက်လက်ရှင်းပြလိုက်သည်။ “တာ့ကျိုး၊ မင်းအခု ငါ့ကို သံသယဝင်နေတာလား။ ငါ မင်းကိုကယ်ဖို့ အကုန်လုပ်ခဲ့တာ။ ငါ့မှာ ယောက်ျားရင့်မာကြီးဖြစ်တဲ့ မင်းကိုတောင် နမ်းခဲ့ရတာကွ”
ဟဲကျစ်ယန်က ဆက်ပြောသည်။ “ဖမ်းဝမ်ရော ကျွန်မပါ ဒီလောက်ထိ ရှင်းပြပြီးနေပြီ။ ရှင်က ဘာကို မယုံကြည်နိုင်သေးတာလဲ”
ဟဲကျစ်ယန်သည် အစက “ဒီလိုမသင့်တော်တဲ့ အတွေးမျိုး မတွေးပါနဲ့ အရာရှိကျိုး” ဟု ပြောလိုက်ချင်သော်လဲ ထိုစကားလုံးက အနည်းငယ် သူ့အပေါ် နာကျင်စေနိုင်သည်ဟု ခံစားလိုက်ရသောကြောင့် မပြောလိုက်ပေ။ အထူးသဖြင့် အကျဉ်းသားဖြစ်သော သူမက အရာရှိတစ်ယောက်ကို ပြောမည့်စကားလုံးကို သေချာဂရုစိုက် ရွေးချယ်ရပေမည်။
ဆန်းတာ့ကျိုးသည် တိကျသော အဖြေကိုမပေးဘဲ မျက်နှာလှည့်ကာ ဟဲကျစ်ယန်ကိုကြည့်ပြီး နောက် ဖမ်းဝမ်ကို ကြည့်လိုက်သည်။
“ခေါင်းဆောင်၊ အကုန်လုံးက မိန်းကလေးဟဲ ကျွန်တော့်ကို နမ်းခဲ့တယ်ပဲ ပြောနေကြတာ။ ကျွန်တော် ဘယ်လိုလုပ် ယုံရမှာလဲ။”
ဟဲကျစ်ယန်နှင့် ဖမ်းဝမ်သည် စကားပြိုင်တူ ထွက်သွားရ၏။
“ငါပြောတာနားထောင်”
“ကျွန်မပြောတာနားထောင်”
ဖမ်းဝမ် သက်ပြင်းချလိုက်သည်။ “အဲ့ဒီတုန်းက ငါ မင်းဘေးမှာ ရှိနေခဲ့တာ။ အဲ့ဒီအခြေအနေကို ဘယ်ကောင်ကမှ ငါ့လောက် မသိဘူး။”
ဆန်းတာ့ကျိုးသည် သူတို့၏ စကားကို ယုံကြည်စပြုလာသော်လဲ သူ၏ ခေါင်းမာသော အကျင့်ကိုတော့ စွဲကိုင်ထားဆဲပင်။
“ကျွန်တော်က ခင်ဗျားတို့ပြောတာကို ယုံတယ်ပဲ ထားဦးတော့၊ လူတွေအများကြီးက မိန်းကလေးဟဲ ကျွန်တော့်ကို နမ်းနေတယ်လို့ပဲ မြင်ကြတာလေ။ အဲ့ဒါက သူမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်။”
ဆန်းတာ့ကျိုး၏ အရှုံးမပေးသော သဘောထားကို တွေ့လိုက်ရသောအခါ ဟဲကျစ်ယန် ဒေါသကို မထိန်းနိုင်တော့ပေ။
သူမ၏ ဒေါသက သူမကို ဖုံးလွှမ်းသွားသောအခါ ချက်ချင်းပဲ ဆင်ခြင်နိုင်စွမ်း မဲ့သွားရသည်။
“ဆန်းတာ့ကျိုး၊ ကျွန်မ ရှင်းရှင်းလင်းလင်း ပြောပြပီးသွားပြီ။ အတွေးလွန်နေတာ ရပ်ပါတော့၊ ပြီးတော့ ကျွန်မရဲ့ ဂုဏ်သိက္ခာက ရှင်နဲ့ ဘာမှဆိုင်တာ မဟုတ်ဘူး။”