ရှင် အဲ့လူကိုသိလား
Vol. 4 Ch. 56
သူမ၏ အသစ်စက်စက် စတိုးဆိုင်လေးက အရမ်းကြီးရိုးရှင်းမနေဘဲ ပစ္စည်းအမျိုးမျိုး ရောင်းချရန်အတွက် ဟဲကျစ်ယန်သည် လက်ရေးလှတစ်ချို့၊ ပန်းချီနှင့် ကျောက်မျက်ရတနာများကို စတိုးဆိုင်တွင် တင်ထားလိုက်သည်။
ထိုပစ္စည်းများကို တင်ပြီးသည်နှင့်တစ်ပြိုင်နက် ပစ္စည်းများမှာ လေထဲတွင် ပျောက်ကွယ်သွားကြသည်။
ဟဲကျစ်ယန်က စိတ်မပူပေ။ ဘယ်လိုပဲဆိုပါစေ ဤထောင်းပေါင်သည် သူမ အရင်ဘဝကသိခဲ့သည်နှင့် အလွန်ကွာခြားနေ၏။ ၎င်းက ပစ္စည်းများကို ဈေးဖြတ်ပေးရုံသာမကဘဲ ပုံလဲ တင်ပေးသည်။ ထိုပစ္စည်းများ ပျောက်ကွယ်သွားခြင်းက လက်သင့်ခံနိုင်ပေသည်။
နှစ်နာရီကျော်လောက် အလုပ်များပြီးနောက် ဟဲကျစ်ယန်သည် ပစ္စည်းပေါင်း အမျိုး ၂၀ ကို အောင်မြင်စွာ တင်နိုင်ခဲ့၏။
တန်ဖိုးအရှိဆုံးမှာ နာမည်ကြီးသူတစ်ယောက်၏ ပန်းချီကား ဖြစ်သည်။ ထောင်းပေါင်က ၎င်းကို ယွမ်သန်း ၁၀၀ - ၁၃၀ ဟု တန်ဖိုးဖြတ်ပေးခဲ့သည်။
ဈေးအပေါဆုံးမှာ ငွေဆံထိုးဖြစ်ပြီး ယွမ်တစ်သိန်းခွဲဖြစ်သည်။
ထောင်းပေါင်လို အက်ပ်ပလီကေးရှင်းမျိုးအတွက် သူမ၏ ပစ္စည်းများက အတော်လေး ဈေးကြီးလွန်းလှသည်။ ရောင်းအားက အများကြီးရှိလိမ့်မည်ဟုလဲ မမျှော်လင့်ထားခဲ့ပေ။
ကြားခံအဖြစ် သုံးလို့ရမဲ့ ပိုက်ဆံလေး အနည်းငယ် ယူလာပေးနိုင်သရွေ့ အဆင်ပြေပေသည်။ သူမ၏ နေရာလွတ်ထဲတွင်လဲ ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများ အများအပြား ရှိနေသေးသည်။
သူမသာ အရာရှိများနှင့် အဆင်ပြေနေသရွေ့ လိုအပ်သော ပစ္စည်းများကို အချိန်မရွေး ပြန်ဖြည့်လို့ ရပေသည်။
ပစ္စည်းများကို စတိုးဆိုင်၏ စင်ပေါ်တင်ပြီးနောက် ထိုအရာသည် ဟဲကျစ်ယန်အတွက်လဲ ကိစ္စကြီးတစ်ခု ပြီးသွားခြင်းပက်။
သူမ ဒီနေရာသို့ ကူးပြောင်းလာပြီးကတည်းက နေရာလွတ်ထဲတွင် အကြာကြီး နေဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
နံရံပေါ်ရှိ နာရီကိုကြည့်လိုက်သောအခါ အချိန်က ည ၁၁ နာရီခွဲနေပြီဖြစ်သည်။
မော့ကျိုးယွီက ခဏလောက်တော့ ပြန်မလာလောက်သေးဘူးဟုတွေးကာ ဟဲကျစ်ယန်သည် ရေချိုးခန်းထဲသို့ ဝင်လိုက်သည်။
သူမ ရေပိုက်ခေါင်းကို လှည့်ဖွင့်လိုက်သောအခါ ရေများကျလာပြီး ထိုရေများမှာ ရေပူများဖြစ်ကြသည်။
မြို့တော်က ထွက်လာပြီးကတည်းက သူမ တစ်လမ်းလုံး လျှောက်နေခဲ့ရသောကြောင့် ခန္ဓာကိုယ်သည်လည်း ဖုန်မှုန့်များနှင့် ကပ်နေ၏။
ဟဲကျစ်ယန်သည် သူမကိုယ်သူမ သန့်ရှင်းပြီးမှ အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
သူမသည် အဖာရာများဖြင့် ပြည့်နေသော အင်္ကျီကို လုပ်ဆောင်ချက် အပြည့်အစုံပါသော အဝတ်လျှော်စက်ထဲ ထည့်လိုက်ကာ သူမကတော့ ရေပူဖြင့် သေချာချိုးလိုက်သည်။
အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သည့် ခံစားချက်လေးက သူမကို သက်တောင့်သက်သာ ဖြစ်စေသည်။ ကြမ်းပြင်ပေါ်တွင် အဖြူရောင်ပူပေါင်းများ မျောနေသည်မှာ သူမ၏ တစ်နေ့တာ စိတ်ညစ်စရာများကိုပါ တစ်ခါထဲ သယ်ယူပေးသွားသလိုပင်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီ ခန့်မှန်းထားသော အချိန် လွဲသွားမည်ကို စိတ်ပူသောကြောင့် အကြာကြီး လုပ်မနေရဲပေ။
သူမ မြန်မြန်ချိုးလိုက်ကာ အရင်ဘဝက သူမ၏ ပဝါဖြင့် ခန္ဓာကိုယ်ကို ပတ်ပြီး ရေချိုးချန်းထဲမှ ထွက်လာခဲ့၏။
ဆံပင်လေမှုတ်စက်ကိုတွေ့ပြီး သူမ ဆံပင်များကို အခြောက်ခံလိုက်သည်။
ထိုအချိန်တွင် အဝတ်လျှော်စက်မှ အကုန်ပြီးသွားပြီဖြစ်ကြောင်း အချက်ပြလာခဲ့သည်။
ဟဲကျစ်ယန်သည် အနည်းငယ် မွဲတေနေသေးသော အဝတ်အစားများကို ဆွဲထုတ်ကာ ဆံပင်မှုတ်စက်ဖြင့် ရသလောက် အခြောက်ခံလိုက်သည်။
ထို့နောက် အမြန်ပြန်ဝတ်ကာ နေရာလွတ်ထဲမှ ထွက်လိုက်သည်။
အချိန်က ညလယ်ခေါင်ကျော်နေပြီဖြစ်သော်လဲ မော့ကျိုးယွီ ပြန်မလာသေးပေ။
ဟဲကျစ်ယန်သည် သူမ မနက်ဖြန်ခရီးဆက်ရမည်ဖြစ်သောကြောင့် စောစောနားရတ်အတွက် ကုတင်ပေါ် လှဲလိုက်သည်။
သို့သော် စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေချိန်တွင် အိပ်ပျော်ရန် ခက်ခဲလှပေသည်။ ကူကယ်ရာမဲ့စွာပင် ဟဲကျစ်ယန်သည် မျက်လုံးသာမှိတ်ပြီး အနားယူနေရတော့သည်။
အချိန်က ဖြေးညှင်းစွာ ကုန်လွန်သွားပြီး နေရာလွတ်ထဲမှ နာရီကို ကြည့်လိုက်သောအခါ မနက် ၂ နာရီ ရှိပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
မော့ကျိုးယွီက ပြန်မလာသေးပေ။
ဟဲကျစ်ယန် အနည်းငယ် စိတ်ပူစပြုလာ၏။
မော့ကျိုးယွီက ဤအချိန်တွင် မတော်တဆတစ်ခုခု ကြုံလိုက်မည်ကို စိတ်ပူနေ၏။ ထိုသို့သာဆိုပါက သူမ ကြိုးစားခဲ့သမျှ သဲထဲရေသွန် ဖြစ်ပေလိမ့်မည်။
သို့သော် ဒီအချိန်တွင်တော့ သူမ စောင့်ဖို့ပဲ တတ်နိုင်ပေသည်။
မျက်နှာချင်းဆိုင်မှ ပြတင်းပေါက် စက္ကူများကိုကြည့်ပြီး အလင်းရောင်က ဖြည်းဖြည်းချင်း တက်လာနေသည်ကို တွေ့လိုက်ရသည်။
အပြင်ဘက်ဆီမှ ကြက်တွန်သံများကိုလဲ တစ်ချက်တစ်ချက် ကြားနေရ၏။
မိုးလင်းဖို့က သိပ်မလိုတော့ပေ။
ဟဲကျစ်ယန်သည် ပိုပြီး စိတ်ပူလာရကာ သူမကိုယ်တိုင် အပြင်ထွက်ပြီး သူ့ကိုသွားရှာဖို့ အကြိမ်ပေါင်းများစွာ တွေးကြည့်နေခဲ့သည်။
သို့သော် မော့ကျိုးယွီ၏ အလွန်တော်သော သိုင်းပညာကြောင့် သူအန္တရာယ်တော့ဖြစ်မည်မဟုတ်ပေ။ ထို့ကြောင့် သူမ စိတ်ပြန်ထိန်းလိုက်၏။
သူမ အလွန်အမင်း စိတ်ပူနေသည့်အချိန်တွင် တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားသည်။
သူမကို တစ်ညလုံးစိတ်ပူစေခဲ့သော အရပ်ရှည်ရှည်နှင့်လူက သူမ အမြင်အာရုံထဲ ဝင်ရောက်လာခဲ့သည်။
မော့ကျိုးယွီ၏ အမူအရာမှာ အလွန်အမင်း လေးနက်နေသောကြောင့် အသုံးဝင်သော သတင်းတချို့ သူရလာပြီဖြစ်ကြောင်း ဟဲကျစ်ယန် ခန့်မှန်းမိလိုက်သည်။
“အကုန်လုံး အဆင်ပြေခဲ့ရဲ့လား။”
မော့ကျိုးယွီက ခေါင်းငြိမ့်ကာ ကုတင်အစွန်းတွင် ဝင်ထိုင်လိုက်သည်။
“အရမ်းအဆင်ပြေတယ်။ လုပ်ကြံသူတွေ မလာတော့ဘူးထင်နေတာ၊ ကိုယ် ပြန်လာတော့မလို့ လုပ်တဲ့အချိန်မှ အဲ့ကောင်တွေ ပေါ်လာတယ်။ လီဟူကို သတ်ဖို့လာတာ လူနှစ်ယောက်ပဲ။ သူတို့ လီဟူကို သတ်ပြီးတော့ ခြံဝင်းတစ်ခုဆီသွားတာနဲ့ ကိုယ် နောက်ကနေ လိုက်သွားခဲ့တာ။ လီဟူနဲ့ အဆက်အသွယ်လုပ်နေတဲ့ ကုန်းကုန်းကို ကိုယ့်မျက်စိနဲ့ ကိုယ်တိုင် တွေ့ခဲ့ရတယ်။”
ဟဲကျစ်ယန် မျက်လုံးပြူးသွားပြီး မေးလိုက်သည်။ “အဲ့လူကို ရှင်သိလား။”
မော့ကျိုးယွီ၏ မျက်လုံးများမှာ ပိုလေးနက်သွားကာ တစ်ချိန်တည်းပင် သူ အနည်းငယ် စိတ်ပျက်နေကြောင်း ဟဲကျစ်ယန် ခံစားမိလိုက်၏။
“ကိုယ် အဲ့လူနဲ့ အရမ်းရင်းနှီးတာ။ သူက တတိယမင်းသား ငယ်ငယ်လေးကတည်းက စောင့်ရှောက်ပေးခဲ့တဲ့ အပါးတော်မြဲကုန်းကုန်း လီလုပဲ။”
မော့ကျိုးယွီက တတိယမင်းသားဟု ပြောလိုက်သောအခါ ဟဲကျစ်ယန် အလွန်အံ့ဩသွားရသည်။
သူမ သိထားသော သမိုင်းမှတ်တမ်းများတွင် တာ့ရွှင်းအင်ပါယာ၏ နောက်တက်မည့် ဘုရင်မှာ တတိယမင်းသား နန်ချီ ဖြစ်သည်။
မော့ကျိုးယွီ၏ ရာဇဝတ်မှုများကို ကင်းလွတ်စေခဲ့ပြီး သူ့အတွက် ယီကဠမ်းသင်္ချိုင်းကို တည်ဆောက်ပေးခဲ့ကာ နောင်လာနောက်သားများက မော့ကျိုးယွီကို အမြဲသတိရနေအောင် ကြိုးပမ်းပေးခဲ့သူလဲ ဖြစ်သည်။
သမိုင်းစာအုပ်တွေက မှားယွင်းမနေဘူးဆိုရင် နန်ချီက မော့ကျိုးယွီကို ကောင်းကောင်း ဆက်ဆံသင့်တာ မဟုတ်ဘူးလား။ သူ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။
ဟဲကျစ်ယန်သည် ဦးနှောက်များ ပူလာသည်အထိ စဉ်းစားနေသော်လဲ အဖြေထွက်မလာပေ။
လီဟူ၏ လုပ်ဆောင်ချက်များအရ သူသည် သူမကို ထောင်ချောက်ဆင်ဖို့အတွက် ကျိုးလောင်ပါ့ကိုပါ ထောင်ချောက်ဆင်ခဲ့သည်မှာ အကြောင်းရင်း တစ်ချက်က သူ လွတ်မြောက်ဖို့အတွက်ဖြစ်ပြီး နောက်တစ်ချက်ကတော့ လီရို့အာအတွက် လက်စားချေပေးခြင်း ဖြစ်သည်။
သို့သော် သူမကသာ အမှန်တကယ် ထွက်ပြေးသွားကြောင်း ကြေငြာလိုက်ပါက မော့မိသားစုရှိလူများမှာ အပြစ်ဒဏ်ကို ပိုပြီးခံရမည်ဖြစ်ကာ အရာရှိများကလဲ ထိုအကြောင်းကို ရုံးတော်ဆီ တင်ပြပြီး မော့မိသားစုကို ပိုပြီးထိခိုက်စေမည်ဖြစ်သည်။
ထိုအရာကြောင့် လီဟူက မော့မိသားစုရှိလူများကို ကောင်းကောင်းမနေစေချင်တာ ထင်ရှားပေသည်။
အပေါ်က တွေ့ရှိချက်များကြောင့်သာ မဟုတ်ပါလျှင် ဟဲကျစ်ယန်သည် လီဟူက ဒီလို လုပ်လိမ့်မည်ဟု လုံးဝ ယုံကြည်မှာ မဟုတ်ပေ။
“ရှင်နဲ့ တတိယမင်းသား အရင်က ဘယ်လိုဆက်ဆံရေးမျိုးလဲ။”
တတိယမင်းသားနှင့် ဆက်ဆံရေးအကြောင်း မေးလာသောအခါ မော့ကျိုးယွီသည် လေးပင်သော အသံဖြင့် ရှင်းပြလိုက်၏။
“ကိုယ်တို့က တစ်ရက်ထဲမွေးခဲ့ကြတာ ပြီးတော့ ငယ်ငယ်လေးထဲက သူ့ရဲ့ စာကျက်ဖော်အဖြစ် ကိုယ့်ကို အရှင်မင်းကြီးက ရွေးချယ်ခဲ့တယ်။ အသက် ၁၆ နှစ်အထိ အိပ်တဲ့အချိန်ကလွဲရင် ကိုယ်တို့ အမြဲအတူတူရှိခဲ့ကြတာ။
ကိုယ်တို့ ဆက်ဆံရေးက ချိုးဖျက်လို့ မရဘူးလို့တောင် ပြောလို့ရတယ်။ ဧကရာဇ်ရွှင်းဝူကိုယ်တိုင်တောင်မှ အနာဂတ်ကျရင် တတိယမင်းသား ထီးနန်းလုဖို့အတွက် အကောင်းဆုံး အထောက်အပံ့က ကိုယ်ပဲလို့ ယုံကြည်ခဲ့တယ်။”
ထိုစကားကို ကြားသောအခါ ဟဲကျစ်ယန်မှာ ပို၍ပင် ရှုပ်ထွေးသွားရသည်ာ
“ရှင်တို့ ဒီလောက်ရင်းနှီးကြတာကို သူက ဘာလို့ရှင့်ကို အခက်အခဲတွေ့စေဖို့ လူလွှတ်ရတာလဲ။”
“အဲ့ဒီနှစ်ယောက်ကို ခြံဝင်းထဲ နောက်ယောင်ခံလိုက်သွားတုန်းက သူတို့ပြောနေတာ ကိုယ်ကြားခဲ့တယ်။
လီလုပြောပုံအရဆို ကိုယ် နန်ချီ့ရဲ့ အကြောင်းတွေ တော်တော်များများကို သိနေတော့ အဲ့ဒါတွေ ပေါက်ကြားသွားမှာစိုးလို့ အရာရှိတွေထဲမှာ နောက်ယောင်ခံတဲ့လူ ထည့်ပေးလိုက်တာတဲ့။
မမျှော်လင့်ဘဲနဲ့ လီဟူက လီရို့အာကြောင့်နဲ့ သူတို့ရဲ့ ရည်မှန်းချက်ကို ဖျက်ဆီးပစ်လိုက်ပြီး နောက်ကျောဓားနဲ့ထိုးသလို ဖြစ်စေခဲ့တာလေ။”
မော့ကျိုးယွီပြောပြတာကို ဟဲကျစ်ယန် လုံးဝ မယုံကြည်နိုင်ပေ။
မချိုးဖျက်နိုင်သော ဆက်ဆံရေးဆိုမှတော့ နန်ချီက မော့ကျိုးယွီကို ယုံကြည်ပေးသင့်ပေသည်။ သူ့ကိုစောင့်ကြည့်ဖို့ လုံးဝမလိုအပ်ပေ။ ကူညီပေးခြင်းက ပိုပြီးကျိုးကြောင်းဆီလျော်ပေမည်။
သို့သော် သမိုင်းစာအုပ်ထဲက မှတ်တမ်းများကို ပြန်တွေးကြည့်ပြီးနောက် ဟဲကျစ်ယန်သည် နန်ချီ့ကို မဝေဖန်လိုပေ။ သူမသည် သူမ၏အတွေးများကို မော့ကျိုးယွီအား ပြောပြရန် ကြိုးပမ်းလိုက်၏။
“ကာကွယ်ရေးဝန်ကြီးအိမ်တော် အရှာဖွေမခံရခင်က နန်ချီ့အနေနဲ့ဆို အဲ့သတင်းကို မကြားစရာအကြောင်းမရှိဘူး။ သူ လူတစ်ယောက်ယောက်လွှတ်ပြီး ရှင့်ကို သတိပေးခဲ့သေးလား”
မော့ကျိုးယွီ ခေါင်းယမ်းလိုက်သည်။ “ဟင့်အင်း၊ သူ သတိမပေးခဲ့ဘူး”
“ရှင့်ကို သတိမပေးခဲ့ဘူးဆိုတာ သူ့မှာလဲ ပြောပြလို့မရတဲ့ အခက်အခဲရှိနေနိုင်တယ် ဟုတ်တယ်။ ရှင်တို့ရဲ့ ဆက်ဆံရေးအရဆို ရှင့်မိသားစု ဒီလို အန္တရာယ်ကြီးနဲ့ ကြုံနေချိန်မှာ ဒီအရာရှိတွေနဲ့ ကောင်းကောင်းဆက်ဆံနိုင်ဖို့ သူ ကူညီပေးသင့်တယ်။ ဒါပေမဲ့ သူက မကူညီပေးရုံတင်မကဘူး၊ ရှင့်ကို နောက်ယောင်ခံလိုက်ဖို့ အရာရှိထဲမှာ လူတောင်ထည့်ထားသေးတယ်။ နန်ချီ ဘာလို့ အဲ့လိုလုပ်ရလဲဆိုတာ ရှင်စဉ်းစားမိလား။”