← Chapters

မင်းရဲ့ဆင်ခြေက အဆင်ပြေပါတယ်

Vol. 4 Ch. 57

မင်းရဲ့ဆင်ခြေက အဆင်ပြေပါတယ်

Vol. 4 Ch. 57

မော့ကျိုးယွီလဲ မတွေးမိဘဲမနေပေ။ သို့သော် သူနှင့် နန်ချီကြားက သူငယ်ချင်းဆက်ဆံရေးကို အလွန်အလေးထားပေသည်။

ထို့ကြောင့်ပင် မကောင်းသောအတွေးများကို လုံးဝ ဖျောက်ပစ်ချင်ခဲ့ခြင်း ဖြစ်၏။

အခုတော့ ဟဲကျစ်ယန်က သေချာပြောလာသောအခါ မော့ကျိုးယွီသည် အမှန်တရာကို ပြန်လည် ရင်ဆိုင်ရတော့သည်။

“အဘွားလျှို့ကို ရေတွင်းကို အဆိပ်ခတ်ခိုင်းတာ ပထမမင်းသား နန်ဟန်လို့ ကိုယ် သံသယဖြစ်မိတယ်။ ဒီကိစ္စကြောင့်နဲ့ နန်ချီ့ကို သံသယဝင်တာ ပျောက်ကွယ်သွားတာမျိုးတော့ မဟုတ်ဘူး။

သူ ဘာလုပ်ချင်တာလဲဆိုတာ အခု ကိုယ်နားမလည်နိုင်သေးပေမဲ့ နောက်ကျရင် ကိုယ်တို့ သတိကြီးကြီးထားဖို့လိုတယ်။

လူတစ်ယောက်က ကိစ္စတွေအများကြီးလုပ်ရင် အနှေးနဲ့အမြန် သဲလွန်စပေါ်လာတာပါပဲ။”

သူမတို့နှစ်ယောက် စကားအများကြီး ပြောခဲ့ကြသော်လဲ နန်ချီ၏ ရည်ရွယ်ချက်ကို မဖော်ထုတ်နိုင်ကြသေးပေ။

သို့သော် အနာဂတ်တွင် သတိထားရမည့်လူ တစ်ယောက်တိုးလာပြီဖြစ်ကြောင်း သူမတို့ သိကြပေသည်။

မသိလိုက်ဘဲနှင့် အပြင်ဘက်ရှိ ကောင်းကင်မှာ လင်းထိန်နေပြီဖြစ်သည်။ သူတို့နှစ်ယောက်လုံး တစ်ညလုံး မအိပ်ခဲ့ရသော်လဲ အခု အိပ်လို့ မရတော့ပေ။

မော့ကျိုးယွီက အခြေအနေ ကောင်းသေးသည်။ အပြင်လူများရှေ့တွင် သူက ဒဏ်ရာပြင်းထန်နေသူ ဖြစ်သောကြောင့် လှည်းပေါ်တွင် အိပ်လို့ ရပေသည်။

တစ်ဖက်တွင်တော့ ဟဲကျစ်ယန်မှာ တစ်ရက်လုံး မအိပ်ဘဲနှင့် လမ်းပေါ်သွားရတော့မည်ဖြစ်သည်။

ထိုအကြောင်းကို တွေးရင်းနှင့် မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို သေချာကြည့်မိကာ စိုးရိမ်စွာ ပြောရန် ပြင်လိုက်၏။

သို့သော် ဖုန်များနှင့် ဖုံးနေသော ဟဲကျစ်ယန်၏ အဝတ်အစားများက အခု ယအချိန်တွင် အဖာရာများ ရှိနေသေးသော်လဲ သန့်ရှင်းနေသည်ကို အံ့ဩဖွယ်ရာ တွေ့လိုက်ရသည်။

သူမ၏ အဆီပြန်နေသော ဆံပင်မှာလဲ အခုအချိန်တွင် တောက်ပြောင်နေပြီး အမွှေးနံ့ဖျော့ဖျော့ပင် ရနေသည်။

မော့ကျိုးယွီက သူမကို ငေးကြည့်နေသည်ကို မြင်သောအခါ ဟဲကျစ်ယန်သည် သူမပေါ်တွင် တစ်ခုခုပေနေသည်ဟု ထင်လိုက်၏။

သူမလက်များဖြင့် မျက်နှာကို ထိကြည့်ကာ မေးလိုက်သည်။

“ဘာဖြစ်လို့လဲ၊ ကျွန်မမျက်နှာပေါ်မှာ တစ်ခုခုပေနေလို့လား။”

သူမသည် အချိန်အတော်ကြာ ပြန်ရောက်မလာသည့် မော့ကျိုးယွီကို စိတ်ပူနေရသောကြောင့် နေရာလွတ်ထဲတွင် ရေချိုးခဲ့သည့်အကြောင်းကို မေ့သွားခဲ့သည်။

“မင်း အဝတ်တွေ လျှော်ထားတာလား။”

မော့ကျိုးယွီ မေးချင်သည်မှာ မင်း ရေချိုးထားတာလား ဟူ၍ပင်။

သို့သော် သူ၏ ယဉ်ကျေးသော အပြုအမူအရ မိန်းကလေးတစ်ယောက်ကို ရေချိုးထားတာလားဟု မေးရမည်ကို ရှက်ရွံ့မိပေသည်။

ထိုသို့ အမေးခံလိုက်ရမှ ဟဲကျစ်ယန်သည် သူမ၏ ပြောင်းလဲမှုများကို ပြန်သတိထားမိသွားသည်။

သူမ အခုလေးတင် သတိလက်လွတ်ဖြစ်သွားတာဖြစ်ပြီး သူမကိုယ်သူမ သန့်ရှင်းခြင်းက ပိုပြီးသက်တောင့်သက်သာ ဖြစ်သွားမည်ကိုသာ တွေးကာ တခြားလူများ မေးခွန်းထုတ်လာမည်ကိုတော့ မတွေးခဲ့လိုက်မိပေ။

“ရှင် အပြင်ထွက်သွားတုန်း ကျွန်မလဲ အိပ်မပျော်တာနဲ့ ရိုးရိုးရှင်းရှင်းလေးပဲ ဆေးကြောထားတာပါ။”

အကြောင်းပြချက်က မဖြစ်နိုင်ဖို့ များနေသည်ဆိုသော်လဲ ဟဲကျစ်ယန်သည် ဒီထက် ပိုပြီး မလိမ်တတ်တော့ပေ။

ဤတစ်ကြိမ်တွင်တော့ မော့ကျိုးယွီက သူမကို အလွယ်တကူလွှတ်‌မပေးချေ။

“မင်း အဝတ်အစားတွေက တစ်ညထဲနဲ့ ခြောက်သွားတာလား။”

“အာ .. ကျွန်မ အဝတ်အစားတွေကို လေဝင်လေထွက်ကောင်းတဲ့ အနောက်ဘက်ပြတင်းပေါက်မှာ ချိတ်ထားဝာာလေ၊ ရှင် ပြန်မရောက်ခင်ပဲ ခြောက်လုနီးပါး ဖြစ်သွားတယ်။”

ဟဲကျစ်ယန်၏ အဓိပ္ပါယ်မရှိသော အကြောင်းပြချက်ကို နားထောင်ပြီး မော့ကျိုးယွီသည် ထိုအရာက သူမ၏ လျှို့ဝှက်ချက်နှင့် ဆက်စပ်နေတာဖြစ်ရမည်ဟု တွေးလိုက်သည်။

ထို့ကြောင့် သူ ဆက်မမေးတော့ပေ။

သူမရဲ့ လျှို့ဝှက်ချက်ကို မမေးပါဘူးလို့ ကတိပေးထားခဲ့သူမှာ သူဖြစ်သောကြောင့် သိချင်စိတ်က ငယ်ထိပ်ရောက်နေလျှင်တောင်မှ သူ ဆက်မေးလို့မရပေ။

“မင်းရဲ့ ဆင်ခြေက ဖြစ်နိုင်ချေရှိပါတယ်၊ အမေနဲ့ မရီးတွေကိုတော့ အရူးလုပ်လို့ရမှာပါ။”

မော့ကျိုးယွီက သူမကို သတိပေးရင်းနှင့် တစ်ခါထဲ သူမ၏ ဆင်ခြေကို သူ မယုံကြည်ကြောင်း ပြောပြသွားခြင်းပင်။

သူမ ဆက်ပြီးသာ တုံးအချင်ယောင် ဆောင်လိုက်၏။

“ကျွန်မ မလိမ်ပါဘူး၊ သူတို့မေးလဲ ဒီလိုပဲဖြေမှာပဲလေ။”

ထိုအချိန်တွင် အပြင်ဘက်မှ အရာရှိများ၏ အော်သံထွက်ပေါ်လာသည်။

“ထကြတော့၊ မနက်စာစားပြီး ခရီးဆက်ကြမယ်။”

အခန်းထဲရှိ လူနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် တိတ်ဆိတ်စွာ စိုက်ကြည့်လိုက်ကြ၏။ မော့ကျိုးယွီသည် သပ်သပ်ရပ်ရပ် ပြင်ဆင်ကာ ကုတင်ပေါ်သို့ လှဲလိုက်ပြီး ဟဲကျစ်ယန်ကတော့ အပြင်သို့ ထွက်လိုက်သည်။

ယနေ့ ဘာမှမဖြစ်ပါက လူတိုင်း မနက်စာ စားပြီးသည်နှင့် ခရီးဆက်ကြမှာဖြစ်သည်။

မမျှော်လင့်ထားစွာပင် ဟယ်မိသားစုထံမှ ကောင်းကင်တုန်ဟီးလောက်သည့် ငိုသံကြီး ထွက်ပေါ်လာခဲ့သည်။

ထိုအရာမှာ မိသားစုဝင်များက ဟယ်လျန့်ကို ဂျုံကြမ်းပေါင်မုန့် ကျွေးဖို့လုပ်ချိန်တွင် သူ အသက်မရှိတော့ကြောင်း တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။

ကံကောင်းစွာပင် ဟယ်မင်က အသက်ရှင်နိုင်ခဲ့ပြီး ‌ဟယ်မိသားစုတွင် သားတစ်ယောက်သာ ကျန်ခဲ့တော့သည်။

ထိုသတင်းကိုကြားသောအခါ မော့ကျိုးယွီရော ဟဲကျစ်ယန်ပါ စိတ်ရှုပ်ထွေးသွားကြရသည်။

မော့ကျိုးယွီသည် လေးနက်သော အသံဖြင့်ပြောလိုက်၏။ “ကိုယ့်ရဲ့ အကန့်အသတ်ကို သေချာသိတယ်၊ ဟယ်လျန့်က သေစရာ အကြောင်း မရှိဘူး။”

“ကျွန်မလဲ မနေ့က သူတို့ရဲ့ ဒဏ်ရာတွေကို စစ်ဆေးခဲ့တယ်။ ဒါက သေနိုင်လောက်တဲ့အထိ မပြင်းထန်ပါဘူး” ဟဲကျစ်ယန်က ပြောလိုက်ပြီး အတွေးထဲ နစ်မျောသွားကာ မကောင်းသော ခံစားချက်ကြီး ရလာခဲ့သည်။

မော့ကျိုးယွီ၏ အတွေးများလဲ လေးလံနေကာ ဟယ်လျန့်၏ သေဆုံးမှုက အမှန်တကယ်ပင် သံသဝင်စရာ ကောင်းလှပေသည်။

သူမတို့၏ ခန့်မှန်းမှုများကို အတည်ပြုရန်အတွက် ဟဲကျစ်ယန်သည် ဟယ်မိသားစုကို တစ်ချက်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ယခု အရာရှိများက သူမကို အမြင်ကြည်နေကြသောကြောင့် သူမ၏ လှုပ်ရှားမှုများကို တင်းကြပ်ထားခြင်း မရှိပေ။

ဟဲကျစ်ယန်သည် ဟယ်မိသားစု နေထိုင်သော သက်ကယ်တဲဆီ ရောက်လာခဲ့သည်။

ထိုအချိန်တွင် ဖမ်းဝမ်သည် အရာရှိများနှင့်အတူ နောက်ပိုင်းကိစ္စများကို စီစဉ်နေပြီး ခရီးဆက်နိုင်ဖို့အတွက် ပြင်ဆင်နေကြသည်။

ဟဲကျစ်ယန်သည် သူမသာ အလျင်စလိုနှင့် ဟယ်လျန့်၏ အလောင်းကို စစ်ဆေးလိုပါက ဟယ်မိသားစုက လုံးဝ လက်ခံမှာ မဟုတ်ကြောင်း သိပေသည်။

ထို့ကြောင့် ဖမ်းဝမ်ကို အနည်းငယ်အသုံးချရန် တွေးလိုက်၏။

သူမသည် ဖမ်းဝမ်ဆီသို့သွားကာ အတင်းအဖျင်း သိလိုသည့်ပုံစံဖြင့် မေးလိုက်သည်။ “ခေါင်းဆောင်ဖမ်း၊ ဟယ်လျန့်က ဘာလို့ ရုတ်တရတ်ကြီး သေသွားရတာလဲ။”

ဖမ်းဝမ်ကတော့ ဟယ်လျန့်၏ သေဆုံးမှုအပေါ် ဘာမှ သံသယမရှိသည့်ပုံပင်။ မနေ့က ဟယ်လျန့်၏ ဆိုးဝါးသော ဒဏ်ရာများကို သူလဲ မြင်ခဲ့ပြီးပြီ ဖြစ်သည်။

“သူ့ဒဏ်ရာတွေက ဆိုးလွန်းလို့ သေသွားတာပေါ့။”

ဟဲကျစ်ယန်သည် ခေါင်းကိုယမ်းကာ နောင်တရစွာ ပြောလိုက်၏။ “ဒီလောက်ငယ်ငယ်လေးနဲ့ သေသွားရတာ နှမျောစရာပဲ။”

ခဏရပ်သွားပြီးနောက် ဖမ်းဝမ်က ဘာမှမပြောသည်ကို မြင်သောအခါ သူမ ဆက်ပြောလိုက်သည်။ “ခေါင်းဆောင်ဖမ်း၊ ကျွန်မက ကြင်နာတတ်ပါတယ်။ ကျွန်မတို့ မထွက်ခွာခင် ဟယ်မင်ရဲ့ ဒဏ်ရာတွေကို ကျွန်မ တစ်ချက်ကုကြည့်ပေးရင်ရော”

ဖမ်းဝမ်ကလဲ ငတုံး မဟုတ်ပေ။ ဟဲကျစ်ယန်၏စကားကို ကြားသောအခါ ဟယ်မင်၏ ဒဏ်ရာများကို ကုသပေးလိုခြင်းက သူမမှာ အကြံအစည်တစ်ခုခုရှိလို့ဖြစ်မှန်း သိလိုက်၏။

သို့သော် သူက ယဉ်ကျေးစွာပင် ထိုအကြောင်းအရာကို မထုတ်ဖော်ခဲ့ပေ။

“မင်း ဟယ်မင်ကို ကယ်ပေးချင်တယ်ဆိုရင် ကောင်းတာပေါ့။ ငါတို့ သွားတဲ့လမ်းမှာ ဒုက္ခတစ်ခု‌ လျော့သွားတာပေါ့။”

ပြောရင်းနှင့် ဖမ်းဝမ်သည် ဟဲကျစ်ယန်ကို ဟယ်မင်ဆီ ခေါ်သွားပေးလိုက်သည်။

ဟဲကျစ်ယန် ရောက်လာသည်ကိုတွေ့သောအခါ ဟယ်မိသားစုမှာ နိုးနိုးကြားကြား ဖြစ်သွားရသည်။

ဟယ်မိသားစုရှိ လူအများစုမှာ သူမသည် မနေ့က လီရို့အာကို အညှာအတာမဲ့စွာ ရိုက်နှက်ခဲ့သည်ကို မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။

သူတို့ နှလုံးသားထဲက ကြောက်စိတ်ကြောင့်သာ မဟုတ်ပါက သူတို့သည် သူမအား ဆဲဆိုကြမှာပင်။

ဖမ်းဝမ်သည် ဟယ်မိသားစု၏ အပြုအမူကို လျစ်လျူရှုလိုက်၏။

“ဟယ်မင်ကို ကုသပေးဖို့ ငါ မိန်းကလေးဟဲကို ပြောနိုင်ခဲ့ပြီ။ ငါတို့ ပြည်နှင်ဒဏ်ပေးခံရတဲ့လူထဲ နောက်ထပ် လူသေစရာ မရှိတော့ဘူး။”

သူ့စကားလုံးများက ကြမ်းတမ်းသော်လဲ ထိုအရာက ဟယ်မိသားစု အကြောက်ဆုံးအရာလဲ ဖြစ်သည်။

အခု ဟဲကျစ်ယန်က ဟယ်မင်၏ ဒဏ်ရာများကို ကုသပေးမည်ဖြစ်သောကြောင့် သူတို့ ထပ်တောင်းဆိုစရာ မလိုတော့ပေ။

လူတိုင်းက တိတ်ဆိတ်စွာ ရွှေ့ပေးလိုက်ကြပြီး ဟဲကျစ်ယန်က ဟယ်မင်ကို ကုသပေးဖို့ နေရာဖယ်ပေးလိုက်ကြသည်။

တကယ်တော့ ဟဲကျစ်ယန်သည် မနေ့ကတည်းက ဟယ်မင်၏ ဒဏ်ရာများကို သေချာမြင်ခဲ့ပြီးဖြစ်ပြီး သူ့အခြေအနေကိုလဲ သေချာစစ်ဆေးခဲ့ပြီးသားပင်။

သို့သော် လူအများ၏ အကြား၊ အမြင်များကို ဖုံးကွယ်ရန်အတွက် ဟဲကျစ်ယန်သည် ဟယ်မင်၏ အဝတ်အစားကို လှန်တင်လိုက်သည်။

ဒဏ်ရာက လေဖြင့် ထိတွေ့သွားသောကြောင့် ဟယ်မင်၏ လက်မှာ အလိုလို တုန်ရီသွားရသည်။

ဟယ်မိသားစုဝင်များမှာ သူမကို နီးနီးကပ်ကပ် စောင့်ကြည့်နေကြပြီး အဖြေကို မျှော်လင့်နေကြသည်။

ဟဲကျစ်ယန်သည် အခြေအနေကို ပြောမပြသေးဘဲ ဟယ်မိသားစုကို လှမ်းမေးလိုက်သည်။

“ဟယ်လျန့်ရဲ့ ဒဏ်ရာတွေကရော သူနဲ့ အတူတူပဲလား။”

ဟယ်ကျီယွမ်သည် ထိုမေးခွန်းက ဟယ်မင်ကို ကုသပေးသည်နှင့် ဆက်စပ်နေသည်ဟု ထင်သောကြောင့် ချက်ချင်း ပြန်ဖြေလိုက်၏။

“မနေ့က သူတို့ဒဏ်ရာတွေကို ဆေးကြောဖို့ ငါကိုယ်တိုင် ရေသန့်သန့်ကို သေချာသုံးခဲ့တာပါ၊ သူတို့ဒဏ်ရာတွေက အကုန်လုံး တစ်ပုံစံထဲပါပဲ။”

All Chapters