← Chapters

ငွေတွေ ခွဲဝေကြမယ်

Vol. 5 Ch. 73

ငွေတွေ ခွဲဝေကြမယ်

Vol. 5 Ch. 73

ဆရာတော်ဝူချန်းက ကိုယ်လုပ်တော်ယွမ်သည် မင်းသမီးလေးတစ်ပါးကို လွယ်ထားရကြောင်း ဖြေကြားခဲ့သည်။

နန်းတော်ထဲတွင် သူမ၏ နေရာကို ထိန်းသိမ်းနိုင်ရန်အတွက် ကိုယ်လုပ်တော်ယွမ်သည် သူမ သမီးလေးမွေးဖွားခဲ့ပါက ကလေးချင်း လဲရန် စီစဉ်တော့သည်။

သူမသည် သူမနှင့်အတူ တစ်ပြိုင်တည်း ကိုယ်ဝန်ရှိနေသော အမျိုးသမီးများကို ရှာဖွေရန် မရေမတွက်နိုင်သော လက်အောက်ငယ်သားများကို စေလွှတ်ခဲ့သည်။ တခြားလူတစ်ယောက်၏ မွေးရက်က သူမ၏‌မွေးရက်နှင့် နီးလာလျှင် ထိုမိသားစု၏ သားဖြစ်သူကို သူမ၏သားအဖြစ် အစားထိုးလိုက်ဖို့ပင်ဖြစ်သည်။

ကိုယ်လုပ်တော်ယွမ် မီးဖွားသည့်နေ့တွင် သူမသည် သားဖွားပေးသူကို လာဘ်ထိုးကာ ကလေးကို အောင်အောင်မြင်မြင် ဖွားမြင်ခဲ့သော်လဲ ဘာမှမကြေငြာဖို့ပြောပြီး ကလေးကို အနှီးဖြင့်ပတ်ကာ သူမ၏ ကိုယ်ပိုင်အစေခံကို ပေးလိုက်သည်။

တိုက်ဆိုင်စွာပင် ထိုနှစ်က ကိုယ်လုပ်တော်ယွမ်နှင့် ဝန်ကြီးမော့၏ ဇနီးဖြစ်သူတို့မှာ တစ်ရက်ထဲ ဖွားမြင်ခဲ့ကြသည်။ ထို့အပြင် ဝန်ကြီးကော၏ ဇနီးဖြစ်သူက သူမ လိုချင်ခဲ့သည် သားယောက်ျားလေးကို အမှန်တကယ် ဖွားမြင်ခဲ့လေသည်။

ကိုယ်‌လုပ်တော်ယွမ်၏ လျှို့ဝှက်လှည့်စားမှုဖြင့် ဝန်ကြီးမော့၏ သားလေးမှာ ယခု တတိယမင်းသား နန်ချီဟု ဖြစ်လာခဲ့သည်။

တကယ်တော့ ကိုယ်လုပ်တော်ယွမ် ကိုယ်တိုင်လဲ သားယောက်ျားလေး ဖွားမြင်ခဲ့သည်။ သို့သော် သူမသည် ဆရာတော်ဝူချန်း၏ ရှေ့ဖြစ်ဟောမှုကို  ခိုင်မြဲစွာ ယုံကြည်နေခဲ့သဖြင့် ကလေးမွေးဖွားလာသည်ကို ဘယ်သူ့ကိုမှ အသိမပေးရန် လက်သည်ကို တင်းတင်းကြပ်ကြပ် နှုတ်ပိတ်ထားခဲ့သည်။ ထို့ကြောင့် ငွေလက်ခံရရှိထားသော လက်သည်သည်လည်း ပါးစပ်ကို စေ့နေအောင် ပိတ်ထားကာ တစ်လုံးမှ မဆိုခဲ့ပေ။ သူမသည် ကလေးကို အနှီးဖြင့်ပတ်ကာ အနီးကပ်အစေခံကို ပေးလိုက်တော့သည်။

ရလဒ်အနေဖြင့် သားဖွားပေးသူမှလွဲ၍ ဘယ်သူကမှ ထိုကလေးသည် သားယောက်ျားလေးဖြစ်ကြောင်း မသိလိုက်ကြပေ။

ကလေးချင်း လဲပြီးသော အခါမှသာ ကိုယ်လုပ်တော်ယွမ်သည် မင်းကြီးဆီသို့ သတင်းပို့စေ၏။

ဧကရာဇ်သည် သူ့တွင် နောက်ထပ် သားတစ်ယောက် ရလာသည်ဟု ကြားသောအခါ အလွန်ပျော်ရွှင်သွားပြီး လက်ဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကာ ကိုယ်လုပ်တော်ယွမ်၏ နန်းဆောင်သို့ ပို့စေခဲ့သည်။

နောက်တစ်နေ့တွင် အနီးကပ်အစေခံက သားဖွားပေးသူကို နှုတ်ပိတ်ဖို့ လုပ်သောအခါမှ ကိုယ်လုပ်တော်ယွမ်သည် အမှန်တကယ်ပင် ယောင်္ကျားလေးတစ်ယောက်ကို ဖွားမြင်ခဲ့ကြောင်း သိရှိခဲ့ရပြီး သူမတို့က ရူးသွပ်စွာဖြင့် မော့မိသားစု၏ ကလေးနှင့် ကလေးချင်း လဲခဲ့မိသည်ကို သိလိုက်ရသည် ...

ကိုယ်လုပ်တော်ယွမ် ထိုအကြောင်းကို သိလိုက်ရသောအခါ သူမ အသည်းများ ကွဲကြေသွားရပြီး ရက်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

သို့သော် ဧကရာဇ်က မော့မိသားစု၏ သားဖြစ်သူကို တွေ့မြင်ပြီးပြီဖြစ်သောကြောင့် သူမ၏ ကိုယ်ပိုင်ကလေးနှင့် ပြန်လဲချင်လျှင်တောင် မဖြစ်နိုင်တော့ပေ။ သူမသည် အမှားအတိုင်းသာ ရှေ့ဆက်သွားရတော့သည် ...

နန်ချီ အသက်ငါးနှစ်သို့ ရောက်သောအခါ စာပေသင်ကြားရမည့် အရွယ်သို့ ရောက်လာခဲ့သည်။ ကိုယ်လုပ်တော်ယွမ်က မင်းကြီးအား မော့မိသားစု၏ ကိုးယောက်မြောက်သားသည် နန်ချီနှင့် တစ်ရက်ထဲ မွေးဖွားခဲ့ခြင်း ဖြစ်သောကြောင့် ထိုအရာက ကံကြမ္မာပဲဟု လျှောက်တင်ခဲ့၏။ မော့ကျိုးယွီက နန်ချီ၏ စာသင်ဖော်ဖြစ်လာဖို့ သူမ မျှော်လင့်မိပေသည်။

ထိုမှသာ သူမ၏ သားဖြစ်သူကို အမြဲ တွေ့နိုင်မှာပင်။

ဧကရာဇ်ကလဲ မငြင်းပယ်ခဲ့ဘဲ မော့ကျိုးယွီကို နန်းတော်ထဲခေါ်ဖို့ အမိန့်ထုတ်ပေးလိုက်တော့သည်။

ထိုစာပိုဒ်ကို ဖတ်ပြီးနောက် ဟဲကျစ်ယန်သည် လေအေး တစ်ချက် ပင့်ရှိုက်လိုက်မိ၏။

ဤစာအုပ်က တရားမဝင်သမိုင်းကြောင်း ဖြစ်နေသော်လဲ ဤကဲ့သို့သော စာအုပ်များထဲတွင် ရေးထားသည်များက အကုန်လုံး လုပ်ကြံဖန်တီးထားသည်တော့ မဟုတ်ပေ။

တရားမဝင်သော သမိုင်းကြောင်းစာအုပ်များထဲတွင် အာဏာရှိသော လူများက အပြင်သို့ မပေါက်ကြားစေလိုသော လူသိမခံဝံ့သည့် လျှို့ဝှက်ချက်များ ပါဝင်နေတတ်သည်။

ထို့ကြောင့်ပင် သူတို့က တရားဝင်မဟုတ်သော သမိုင်းကြောင်း စာအုပ်များကို ဟန့်တားဖို့ ကြိုးစားခဲ့ကြခြင်း ဖြစ်သည်။

သို့ရာတွင် ထိုကဲ့သို့သော လူသိမခံချင်သည့် လျှို့ဝှက်ချက်များက ယနေ့ထိတိုင်အောင် စီးဆင်းလာနေဆဲပင်။

ဤမှတ်တမ်းကသာ အမှန်တကယ်ဆိုပါက နန်ချီက မော့ကျိုးယွီကို ဘာလို့ဆန့်ကျင်ရလဲဆိုတာ တွေးဖို့မခက်တော့ပေ။

သူသည် သတင်းအချက်အလက် တချို့ကို ရရှိခဲ့ပြီး သူတို့ကြား ကလေးချင်းလဲခဲ့သည်ကိုလဲ သိရှိခဲ့ပေမည်။ အမှန်တရား ထွက်ပေါ်လာမည်စိုးသောကြောင့် မော့ကျိုးယွီကို ရှင်းထုတ်ပစ်ချင်နေခြင်းသာဖြစ်၏။

ဒါက သေးသေးမွှားမွှား မဟုတ်ပေ။ သူမသည် မော့ကျိုးယွီကို မေးခွန်းတချို့ ဘယ်လိုမေးရင်ကောင်းမလဲဟု စဉ်းစားနေမိ၏။

ထိုအချိန်တွင် ဟဲကျစ်ယန်သည် ထထိုင်လိုက်ပြီး သူမ၏ ရင်ဘတ်ကို လက်ဖြင့်အုပ်ထားလိုက်သည်။ တခြားလူများ အမြင်တွင်တော့ သူမက အိမ်မက်ဆိုးကြောင့် လန့်နိုးလာသည့်ပုံပင်။

ဟဲကျစ်ယန်ကတော့ ထိုအချက်အလက်ကြောင့် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေမိသည်။

တရားမဝင်မှတ်တမ်းများကသာ အမှန်ဆိုပါက ဧကရာဇ်ရွှင်းဝူက သူ့သားအရင်းကို သူ့လက်နဲ့ ပြန်သတ်မိတာပဲ မဟုတ်ဘူးလား။

ကောင်းကျီ၏ ခြေလှမ်း၇ လှမ်း ကဗျာကို အမှန်အကန် သရုပ်ဖော်ပြနေသလိုပင် ...

သစ်သားလှည်းလေးသည် လှုပ်တုတ်လှုပ်တုတ်နှင့် သွားနေကာ ဟဲကျစ်ယန်၏ အတွေးများအားလုံးကို စခန်းဆီသို့ ပြန်လည်ခေါ်ဆောင်ပေးသွားခဲ့သည်။

အနောက်ဘက်တွင် နေဝင်တော့မည်ဖြစ်ပြီး မော့မိသားစုအားလုံးသည် လမ်းဘေးတွင် ထိုင်စောင့်နေကြကာ ဦးတည်ရာတစ်ခုကို လည်ပင်းဆန့်ပြီး မျှော်နေကြသည်။

ဟဲကျစ်ယန်သည် သစ်သားလှည်းပေါ်တွင် ထိုင်နေသည်ကို အဝေးမှ လှမ်းမြင်လိုက်သော မော့ဟန်ယွဲ့က သူမ၏ လက်ကို ဝေ့ယမ်းကာ အော်လိုက်သည်။ “နဝမ ယောင်းမလေး ပြန်လာပြီ”

ဟဲကျစ်ယန်သည် လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး သူမ၏ မိသားစုဆီသို့ လျှောက်သွားလိုက်သည်။

မရီးဖြစ်သူက အလိုက်တသိပင် ပုဝါအစိုတစ်ထည်ကို ကမ်းပေးလာသည်။ “နဝမ ယောင်းမလေး၊ ခရီးက ပင်ပန်းနေမှာပေါ့။ ချွေးတွေ မြန်မြန်သုတ်လိုက်ဦး”

ဟဲကျစ်ယန်သည် သူမ မိသားစု၏ တွေးပေးမှုကြောင့် နှစ်သိမ့်မှုကို ခံစားလိုက်ရသည်။

တခြားကမ္ဘာသို့ မတော်တဆ ရောက်ရှိလာရသော်လဲ သူမ အလွန်အမင်းတောင့်တခဲ့ပြီး ဘယ်တုန်းကမှ မရခဲ့ဖူးသည့် မိသားစုချစ်ခြင်းကို ဒီမှာမှ ရနေလိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။

ပြည်နှင်ဒဏ်ခရီးက ကြမ်းတမ်းပြီး အန္တရာယ်များသော်လဲ သူမတို့အားလုံး ဒီဒုက္ခကြီးကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ကြပြီး အနာဂတ်တွင် ပျော်ရွှင်စွာ အတူတကွ နေထိုင်နိုင်ကြလိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

မရီးဖြစ်သူကို ကျေးဇူးတင်လိုက်ပြီးနောက် သူမသည် ပုဝါကိုယူပြီး မျက်နှာကိုသုတ်လိုက်သည်။

ဖမ်းဝမ်က သူတို့ ဒီနေ့ ရခဲ့သော ငွေချောင်း ၁၁၅ ချောင်းကို ဟဲကျစ်ယန်လက်ထဲ ပေးလိုက်သည်။ သူက သူမကို ခွဲဝေခိုင်းတာဖြစ်ပြီး သူ့စကားကို ပြန်မရုတ်သိမ်းပေ။

ဟဲကျစ်ယန်သည် ငွေချောင်းများ ရသောအခါ ဖန့်မိသားစုနှင့် ရှဲ့မိသားစုကို ခေါ်လိုက်ပြီး ရှိသမျှလူအားလုံးကို ငွေများ ပြလိုက်သည်။

“ကျွန်မတို့ ဝံပုလွေသားမွေးတွေက ငွေ ၇၅ ချောင်း၊ အသားခြောက်က ငွေ ၄၀ ချောင်းနဲ့ ရောင်းလို့ရခဲ့တယ်။ စုစုပေါင်း ငွေချောင်း ၁၁၅ ချောင်းပေါ့”

ဟဲကျစ်ယန်၏စကားနှင့် လက်ထဲမှ ငွေများကို မြင်လိုက်သောအခါ ဖန့်မိသားစုနှင့် ရှဲ့မိသားစုသည် မယုံကြည်နိုင်စွာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့စိတ်ထဲတွင် ပျော်ရွှင်နေကြသော်လဲ သူတို့ကိုယ်သူတို့ တိတ်တိတ်လေး ပြန်သတိပေးနေကြသည်။

ဒီငွေချောင်းတွေက သူတို့နဲ့ ဘာမှ မဆိုင်ပေ။ ဟဲမိသားစုက ဘာလို့ အကုန်လုံးကိုခေါ်ပြီး ပြောပြနေရတာလဲ။

မကြာခင်ပဲ သူတို့၏ အတွေးများ ရှင်းလင်းသွားရသည်။

ဟဲကျစ်ယန်သည် ငွေချောင်း ၂၀ ထုတ်ယူကာ ရှဲ့ထျန်းဟိုင်အား ပေးလိုက်သည်။ “ဦးလေးရှဲ့၊ ဒါက ဦးလေးတို့ရဲ့ ဝေစုပါ”

ရှဲ့ထျန်းဟိုင်သည် စိတ်ရှုပ်ထွေးသွားရ၏။ လက်ရှိရှဲ့မိသားစုအတွက် ငွေချောင်း ၂၀ ဆိုသည်မှာ အလွန်များသော ပမာဏပင်။

ဒါကိုသာ ခြွေတာပြီး သုံးစွဲပါက သူတို့မိသားစု လပေါင်းများစွာ နေထိုင်ဖို့ လုံလောက်ပေသည်။

ဟဲကျစ်ယန် ပေးလာသော ငွေချောင်းများကိုကြည့်ကာ ရှဲ့ထျန်းဟိုင်သည် ယူရမလား မယူရမလား မသိတော့ပေ။

သူ့မျက်လုံးများသည် မတတ်နိုင်တော့ဘဲ ဖမ်းဝမ်ဆီသို့ ရွေ့သွားလေသည်။

ဖမ်းဝမ်က ပုံမှန်အတိုင်း ပုခုံးတွန့်လိုက်သည်။

“မိန်းကလေးဟဲက ခင်ဗျားကို ပေးချင်တယ်ဆိုရင် ယူလိုက်ပေါ့။ ရှဲ့မိသားစုလဲ ဝံပုလွေတွေ သတ်တဲ့နေရာမှာ ကူညီခဲ့တယ်၊ အရေခွံခွာတဲ့နေရာရော၊ အသားခြောက်လုပ်တဲ့နေရာရော အကုန်ကူညီခဲ့တာပဲ။ ခင်ဗျားတို့နဲ့ ထိုက်တန်ပါတယ်”

ဖမ်းဝမ်၏စိတ်ထဲတွင် ရှဲ့မိသားစုကို ငွေချောင်း ၂၀ ပေးလိုက်ခြင်းက တကယ်ပဲ အတော်လေးများသည် ထင်မိ၏။

သူ အခုပဲ သူတို့ ထိုအရာများလုပ်ခဲ့သည်ဟု ပြောခဲ့ပြီး သေသေချာချာ ပြန်တွေးကြည့်မည်ဆိုပါက ဝံပုလွေ အကောင် ငါးဆယ်တွင် ၄၅ ကောင်လောက်က မော့ကျိုးယွီနှင့် သူ့မိန်းမတို့ပဲ သတ်ခဲ့ကြခြင်း ဖြစ်သည်။

ရှဲ့မိသားစုသည် အရေခွံခွာခြင်းနှင့် အသားခြောက်လုပ်ခြင်းတို့တွင် သေချာကူညီခဲ့ကြသည်ဆိုသော်လဲ သူတို့ကို ဒီလောက်ငွေအများကြီးတော့ မပေးသင့်ပေ။

ဟဲကျစ်ယန်သည် အကြောင်းရင်းကို သူမစိတ်ထဲ သေချာနားလည်နေခဲ့သော်လဲ သူမ သေချာစဉ်းစားပြီးမှ ဒီဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်။

ရှဲ့မိသားစုက သူမ မရီး၏ မိသားစုရင်းဖြစ်သည် ဆိုသည့်အချက်ကို ဖယ်ထားလျှင်ပင် မော့ကျိုးယွီနှင့် နားလည်မှုလွဲနေသည်ကို ဖြေရှင်းပြီးကတည်းက ရှဲ့မိသားစုနှင့် ဖန်းမိသားစုသည် ကျိုးကြောင်းဆီလျော်မှု ရှိသူများဟု သူမ သဘောပေါက်ခဲ့သည်။

ပြည်နှင်ဒဏ်ခရီးတွင် အဝေးကြီးသွားရဦးမှာဖြစ်သည်။ မိသားစုများ တိုက်ခိုက်ကာ ချောက်ချနေခြင်းထက် တစ်ယောက်နှင့် တစ်ယောက် ဖေးမခြင်းက ပိုကောင်းပေသည်။

ထို့အပြင် ရှဲ့မိသားစုနှင့် ဖန့်မိသားစုသည် ယခု သူမ၏ မော့မိသားစု အထောက်အပံ့နှင့် စားသောက်နေကြရခြင်းဖြစ်၏။ ထိုအရာက သိပ်တော့ မကောင်းလှပေ။

ယခု ငွေရမည့်အခွင့်အရေးလေး ရှားရှားပါးပါး ထွက်ပေါ်လာခဲ့ရာ အကယ်၍ ဟဲကျစ်ယ်န်ကသာ သူတို့ကို လုပ်အားခလိုမျိုး ငွေအနည်းသယ်သာ ပေးခဲ့ပါက သူမ၏ မိသားစုသည် အနာဂတ်တွင်လဲ သူတို့ကို ဆက်လက်ပံ့ပိုးပေးနေရမည်ဖြစ်သည်။

ဒါက ဟဲကျစ်ယန်၏ တစ်ပါးသူ၏ ဂုဏ်သိက္ခာကို သတိရှိရှိ ထိန်းသိမ်းပေးသည့် နည်းလမ်းပင် ဖြစ်သည်။

ဖမ်းဝမ်၏ စကားကိုကြားသောအခါ ရှဲ့ထျန်းဟိုင်သည် ထိုအကြံက သူ့အကြံဖြစ်သည်ဟု ထင်လိုက်၏။ သူသည် ငွေချောင်းများကို စိတ်လှုပ်ရှားစွာ ယူလိုက်သည်။

ထိုအရာကို မြင်ပြီးနောက် ဖမ်းဝမ်က သတိပေးလိုက်သည်။ “မင်းကို ငွေတွေပေးဖို့ ငါ အဲ့လောက်ထိ သဘောမကောင်းဘူး။ ဟဲကျစ်ယန်ပြောပေးလို့သာ မဟုတ်ရင် မင်းတို့မိသားစုတွေ ငွေ အရိပ်အယောင်တောင် မြင်ရမှာ မဟုတ်ဘူး”

ထိုစကားကြောင့် ရှဲ့ထျန်းဟိုင်သည် ချက်ချင်းပဲ သဘောပေါက်သွား၏။ မော့မိသားစုက ဖမ်းဝမ်နှင့် ပနံသင့်သည်ကို သူသိသော်လဲ ဖမ်းဝမ်က ဟဲကျစ်ယန်၏ စကားကို အမှန်တကယ်နားထောင်ပြီး သူတို့ငို ငွေများ ခွဲဝေပေးလိမ့်မည်ဟု မထင်ထားခဲ့ဖူးပေ။

ထိုအကြောင်းတွေးပြီးနောက် ရှဲ့ထျန်းဟိုင်သည် ဟဲကျစ်ယန်ဘက်သို့ ကျေးဇူးတင်စွာဖြင့် လက်သီးကိုဆုပ်လိုက်သည်။ “တူမလေး၊ ဒီကျေးဇူးကို ဦးလေး အမြဲတမ်း အမှတ်ရနေမှာပါ”

All Chapters