← Chapters

သူမကိုပဲ ကြည့်နေခဲ့တယ်

Vol. 5 Ch. 59

သူမကိုပဲ ကြည့်နေခဲ့တယ်

Vol. 5 Ch. 59

မော့ကျိုးယွီက လုံးဝနားလည်လာပြီဖြစ်ကြောင်း ဟဲကျစ်ယန် သိလိုက်သည်။

“ကောင်းပြီ၊ အဲ့ဒီလူတွေ ကျွန်မတို့မိသားစုကို နည်းနည်းလေးမှ ဒုက္ခမပေးနိုင်အောင် အတူတူကြိုးစားကာကွယ်ကြရအောင်”

အခန်းထဲတွင် လင်မယားနှစ်ယောက်သား သူတို့၏ အတွေးအမြင်များကို စုစည်းကာ ရွှေကိုတိနေအောင် ဖြတ်လိုက်သကဲ့သို့ ဆုံးဖြတ်ချက်ကိုလဲ တိနေအောင်ချလိုက်ကြ၏။ အပြင်ဘက်တွင် ခရီးဆက်ဖို့အတွက် အရာရှိများက လူများကိုခေါ်နေသည်။

မရီးများက အားလုံးကို အရင်ကတည်းက ထုပ်ပိုးသိမ်းဆည်းပြီးဖြစ်ကာ တစ်ချို့က တဲများကို ကျောတွင် လွယ်ထားကြပြီး တစ်ချို့ကတော့ မနေ့က ဝယ်လာသည့် အထည်အလိပ်များကို သယ်ပိုးထားကြသည်။

အစားအသောက်၊ ဟင်းသီးဟင်းရွက်များ၊ သံအိုးကြီးများနှင့် တခြားပစ္စည်းများမှာ ရှဲ့မိသားစုနှင့် ဖန်းမိသားစုထံ မနေ့ကတည်းက ခွဲပေးထားပြီဖြစ်ကာ ဖန်းမိသားစုနှင့် ရှဲ့မိသားစုသည်လည်း သူတို့နိုင်သလောက် သယ်ယူကြရပေမည်။

ဖမ်းဝမ်သည် မနက်ခင်းစောစော နိုးလာကတည်းက သူ့ကျန်းမာရေးအခြေအနေ ပြန်ကောင်းသွားပြီဟု ပြောလာကာ မော့ကျိုးယွီနှင့်အတူ လှည်းသေးသေးလေးကို တိုးမအိပ်တော့ပေ။

ထို့ကြောင့် မော့မိသားစုသည် အစားအသောက်နှင့် မီးဖိုချောင်သုံးပစ္စည်းများကို လှည်း၏ တစ်ဖက်တွင် ထားလိုက်ကာ မော့ကျိုးယွီအတွက်တော့ တစ်ဖက်ကို အလွတ်ထားထားပေးသည်။

ဟယ်လျန့်၏ ကြောက်စရာ သေဆုံးမှုအရ မော့ကျိုးယွီသည် လုံခြုံမှုအတွက် သစ်သားလှည်းကို လိုက်မစီးတော့ရန် ဆုံးဖြတ်လိုက်၏။

သူသည် ဟဲကျစ်ယန်ကို အားပြုကာ အခန်းထဲမှ ထွက်လာခဲ့သည်။

မော့အမျိုးသမီးများသည် မော့ကျိုးယွီ၏ ပြင်းထန်သော ဒဏ်ရာများက အတုအယောင်ဆိုတာ သိထားကြသော်လဲ သူလမ်းလျှောက်ထွက်လာသည်ကို မြင်သောအခါ မတတ်နိုက်ဘဲ တုန်လှုပ်သွားကြရသည်။

သို့သော် ပြင်ပလူများ၏ ရှေ့တွင် ဘာမေးခွန်းမှ မမေးခဲ့ပေ။

တစ်ဖက်တွင် အံ့အားသင့်စွာ လျှောက်လာသူမှာ ဖမ်းဝမ် ဖြစ်သည်။

“မော့ကျိုးယွီ၊ မင်းကိုမင်း ဖိအားမပေးပါနဲ့။ ငါ မင်းကို မမြင်ရတာ တစ်ရက်ကျော်ပဲ ရှိသေးတယ်၊ မင်း အခု လမ်းတောင်လျှောက်နေပြီလား။”

မော့ကျိုးယွီသည် အကောင်းဆုံး ကြိုးစားပြီး သူ့မျက်နှာအသွင်အပြင်ကို ပျော့ပြောင်းအောင် လုပ်ယူလိုက်သည်။

“ကျွန်တော်က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပါတယ်။ ကျွန်တော့်မိန်းမကလဲ ကောင်းကောင်း ဂရုစိုက်ပေးနေတာမို့ လမ်းလျှောက်လို့ အဆင်ပြေပါပြီ။”

သူပြောပြီးနောက် ဟယ်လျန့်၏ မိသားစုကို စာနာစွာ ကြည့်လိုက်သည်။

“ကျွန်တော်ကြားတာတော့ ဟယ်မင်ရဲ့ ဒဏ်ရာတွေက ပိုပြင်းထန်တယ်တဲ့။ ခရီးစဉ်နောက်မကျဖို့အတွက် ကျွန်တော့်မိန်းမနဲ့ တိုင်ပင်ပြီး သူတို့ကို ရက်အနည်းငယ်လောက် လှည်းငှားပေးချင်လို့ပါ။”

ထိုစကားကြောင့် ဟဲကျစ်ယန်သည် မော့ကျိုးယွီအား စိတ်ထဲမှ အထွန့်တက်လိုက်သည်။

ဒီလူ အန္တရာယ်ရှိလိုက်ပုံကတော့၊ ပစ်မှတ်ကို ဆွဲဆောင်ဖို့ တခြားလူကို ငါးစာအဖြစ် အသုံးချရုံမကဘူး၊ လှည်းတွန်းရမဲ့ မော့မိသားစုဝင်တွေကိုပါ တစ်ဖက်လှည့်နဲ့ ကူညီလိုက်တာပဲ။

ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်ချလိုက်တယ်။

ဟယ်မင်၏ မိသားစုက ဘယ်လိုတွေလုပ်ခဲ့လဲ ပြန်တွေးကြည့်လိုက်သောအခါ ဟဲကျစ်ယန်သည် သူတို့အပေါ် သနားစိတ် မရှိတော့ဘဲ အနည်းငယ်ပင် ကျေနပ်သည့် စိတ်လေး ဝင်လာခဲ့၏။

ဟယ်မိသားစုနှင့် မော့မိသားစုကြားက ရန်ညှိုးမှာ ကြီးလွန်းလှပြီး မော့ကျိုးယွီက သစ်သားလှည်းလေး ငှားပေးလိုက်ရုံဖြင့် ထိုရန်ညှိုးကို မဖယ်ဖျက်နိုင်ပေ။

သို့သော် ဟယ်မိသားစု၏ လက်ရှိအခြေအနေအရ သူတို့သည် ထိုသစ်သားလှည်းကို အမှန်တကယ် လိုအပ်ပေသည်။

ဖမ်းဝမ်က မကန့်ကွက်တာကို မြင်သောအခါ ဟယ်ကျီယွမ်သည် ကျေးဇူးတင်စကားတောင်မဆိုဘဲ သစ်သားလှည်းကို တွန်းထုတ်သွားခဲ့သည်။

မော့ဟန်ယွဲ့သည် အနည်းငယ် ရှုပ်ထွေးနေကာ နားမလည်နိုင်ခဲ့ပေ။ ထို့အပြင် သူမတို့မိသားစု၏ ပစ္စည်းများ လှည်းပေါ်ပါသွားသောကြောင့် အနည်းငယ် စိတ်ပူနေခဲ့သည်။

“နဝမ ‌အကို၊ လှည်းပေါ်မှာ ကျွန်မတို့ပစ္စည်းတွေ ရှိသေးတယ်။ သူများတွေ ခိုးသွားရင် ဘယ်လိုလုပ်မလဲ။”

မော့ကျိုးယွီက အေးအေးဆေးဆေး ဖြေလိုက်၏။ “ကိစ္စမရှိပါဘူး၊ အရာရှိတွေရှိနေတာပဲဟာ၊ ဘယ်သူကများ ပစ္စည်းခိုးရဲမှာတဲ့လဲ”

သူ ထိုစကားကို မပြောခဲ့သင့်ပေ။ ထိုစကားကြောင့် ဟယ်ကျီယွမ်မှာ လှည်းပေါ်မှ ပစ္စည်းများကို ဒေါသတကြီး ကန်ချလုနီးပါးပင်။

သို့သော် သူသည် ဒေါသကိုစိတ်ထဲမှာသာ ထိန်းထားလိုက်၏။

သူသာ အဲ့လို လုပ်လိုက်ရင် သူ့ဒေါသတွေ ပြေလျော့သွားမှာဆိုပေမဲ့ ဟယ်မင် ဘယ်လိုဖြစ်သွားမလဲ။

မိသားစုထဲတွင် မိန်းမများနှင့် ကလေးများမှလွဲ၍ ပစ္စည်းများတင်နိုင်ချနိုင်သည့် ယောက်ျားသားမှာ သူတစ်ယောက်ထဲသာရှိသည်။ သူက ယောက်ျားရင့်မာကြီးဖြစ်သည့် ဟယ်မင်ကို ကျောမှာ မပိုးထားနိုင်ပေ။

ဟယ်ကျီယွမ်၏ မျက်နှာက ဒယ်အိုးဖင်လို မဲမှောင်နေသည်ကို ဘယ်သူကမှ ဂရုမစိုက်ကြပေ။ ဖမ်းဝမ်၏ အမိန့်ရသောအခါ ပြည်နှင်ဒဏ်ပေးခံရသည့်အဖွဲ့မှာ စတင်ထွက်ခွာလာလေသည်။

ယွင့်လိုင်ကောင်တီမှထွက်ကာ လမ်းမကြီးပေါ်ရောက်သည်နှင့် ကျိုးလောင်ပါ့သည် စိတ်ဓာတ်ကျစွာ ဟဲကျစ်ယန်အား မကြာခဏ သွားကြည့်မိနေ၏။

(ကျိုးလောင်ပါ့နဲ့ ဆန်းတာ့ကျိုးက အတူတူပါပဲ။ ကျိုးလောင်ပါ့က နာမည်အရင်းဖြစ်ပြီး ဆန်းတာ့ကျိုးက အိမ်နာမည်သဘောမျိုးပါ)

သူသည် လူတန်းကြီး၏ နောက်တွင် ဖမ်းဝမ်နှင့်အတူ လျှောက်လာသည်ဖြစ်ရာ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီကတော့ သူ၏ ပုံမမှန်မှုကို သတိမထားမိကြပေ။

သို့သော် သူ့အပြုအမူက ဖမ်းဝမ်၏ မျက်လုံးထဲကတော့ မလွတ်သွားပေ။

ဖမ်းဝမ်သည် ထိုအရာကို အလွန်သဘောမကျဖြစ်မိသော်လဲ ဒဲ့ကြီးထုတ်ပြောလိုက်ဖို့လဲ မဖြစ်နိုင်သောကြောင့် ကျိုးလောင်ပါ့ကို အခက်အခဲ ဘယ်လောက်များကြောင်း အရိပ်အမြွက်ပြောပြကာ လက်လျှော့ရန် သိမ်သိမ်မွေ့မွေ့နှင့် တိုက်တွန်းချင်ခဲ့သည်။

“မော့ကျိုးယွီက တစ်ချိန်တုန်းက အင်မတန် ဂုဏ်သိက္ခာ ကြီးမားခဲ့တယ်။ သူ ပြည်တော်ပြန်လာတုန်းကအချိန် ငါမှတ်မိသေးတယ်၊ အရှင်မင်းကြီးက စစ်ဘက်ဆိုင်ရာ အရာရှိတွေအားလုံးကို မြို့ပြင်လွှတ်ပြီး သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုစေခဲ့တာ။

ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ခဲ့တဲ့ မြင်ကွင်းကဆို တစ်မြို့လုံး ခြိမ့်ခြိမ့်သဲ ကြည်နူးစရာချည်းပဲ။

သူ ဒီနေ့ ပြည်နှင်ဒဏ်ပေးခံရပေမဲ့ အဲ့ဒီတုန်းက ကြီးမြတ်မှုကတော့ ဖျောက်ဖျက်ပစ်လို့မရဘူး။”

ဖမ်းဝမ်က မော့ကျိုးယွီအကြောင်း ရုတ်တရတ်ကြီး ပြောလာသောအခါ ကျိုးလောင်ပါ့ အနည်းငယ် စိတ်ဆတ်သွားရသည်။

“ခေါင်းဆောင်၊ ဘာလို့ ဒီကိစ္စတွေ ရုတ်တရတ်ကြီး ထပြောနေရတာတုန်း။”

ဖမ်းဝမ်သည် ကျိုးလောင်ပါ့က ပြဿနာကို တမင်ရှောင်ချင်နေသည်ဟု သံသယဖြစ်မိ၏။

ကိစ္စက ဒီလောက်ထိ ဖြစ်လာပြီ ဖြစ်သောကြောင့် သူသည် တစ်ဖက်လူကို ဆက်ပြီး အရိပ်အကဲပြနေရုံနှင့် မလုံလောက်တော့ပေ။

“ငါပြောချင်တာက မော့ကျိုးယွီက ယောက်ျားတွေကြားထဲက နဂါးနဲ့ ဖီးနစ်လို လူမျိုးပဲ။ သူ့မိန်းမကလဲ သာမန်လူ မဟုတ်ဘူး။ သူတို့နှစ်ယောက်က ရုပ်ရည်ရော အရည်အချင်းပါ အရမ်းလိုက်ဖက်ညီတဲ့ အတွဲလို့ ငါထင်တယ်။”

“ခေါင်းဆောင်၊ မော့ကျိုးယွီ ဘယ်လောက်ပဲ ကြီးမြတ်ခဲ့ပါစေ အဲ့ဒါက အတိတ်တုန်းကပါ။ သူ အခု ပြည်နှင်ဒဏ် ပေးခံလိုက်ရပြီ၊ သူ လမ်းမှာ အသက်ရှင်နိုင်ရင်တောင် အနာဂတ်မှာ သာမန်လူပဲ ဖြစ်သွားတော့မှာ။ သူ့တစ်ဘဝလုံး မြေကြီးကို မျက်နှာမူပြီး ကောင်းကင်ကို ကျောပေးရတဲ့ လယ်သမားဘဝနဲ့ ဟဲကျစ်ယန်ကို ဘယ်လိုလုပ် ပျော်အောင် ထားနိုင်မှာလဲ။”

ကျိုးလောင်ပါ့သည် ဖမ်းဝမ်၏ အဓိပ္ပါယ်ပါသော စကားလုံးများကို ငြင်းပယ်လိုက်သည်မှာ သူ့နှလုံးသားက လုံးဝ လက်မခံနိုင်သည့်အလားပင်။

“ပြီးတော့ မိန်းကလေးဟဲက ကျွန်တော်နဲ့ ခန္ဓာကိုယ်ချင်း ထိတွေ့မိပြီးသွားပြီ မော့ကျိုးယွီက သူမကို ဘယ်လိုလုပ် မငြိုငြင်ဘဲနေမှာလဲ။

သူမရဲ့ ခင်ပွန်းဆီက တစ်ဘဝလုံး အငြိုငြင်ခံနေရမှာကို လွှတ်ထားရမှာထက်စာရင် ကျွန်တော်နဲ့လိုက်ခဲ့ရင် ကျွန်တော် သူမကို ကောင်းကောင်းဆက်ဆံမှာပါဗျ။”

ကျိုးလောင်ပါ့၏ ခေါင်းမာသော စကားလုံးများကိုကြားသောအခါ ဖမ်းဝမ်သည် သူ့ကို ပါးတွေနားတွေရိုက်ပြီးသာ အသိဉာဏ်ဝင်လာအောင် လုပ်ပေးချင်မိတော့သည်။

“တာ့ကျိုး၊ ငါ မင်းကို ညီလေးလိုခင်လို့ ပြောနေတာကွ။”

သူ ရပ်လိုက်ပြီးမှ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ တစ်ယောက်ကိုတစ်ယောက် အားပြုကာ လမ်းလျှောက်နေကြသည်ကို လက်ညှိုးထိုးပြလိုက်သည်။

“မင်းကိုယ်မင်း လှည့်စားနေတာ ရပ်လိုက်ပါတော့။

ကြည့်စမ်း မော့ကျိုးယွီကို၊ သူက မိန်းကလေးဟဲကို ငြိုငြင်နေတဲ့ပုံနဲ့ တူလို့လားကွ။

လင်မယားနှစ်ယောက်က ဆက်ဆံရေးကောင်းကြတာ ရှင်းရှင်းလင်းလင်းကြီးကို မြင်နေရတယ်။ အဲ့ဒီ မသင့်တော်တဲ့ အတွေးတွေကို တတ်နိုင်သမျှ မြန်မြန်ဖျောက်ပစ်လိုက်ဖို့ ငါ အကြံပေးချင်တယ်။”

တကယ်တော့ ကျိုးလောင်ပါ့ ပြောသောစကားများသည် သူ့နှလုံးသားထဲမှ လာခြင်း ဖြစ်၏။

သူသည် ခံစားချက်ကိုရော ဂုဏ်သိက္ခာကိုပါ တန်ဖိုးထားသောလူဖြစ်ပြီး ဟဲကျစ်ယန်က သူ့ကိုနိုးအောင်လုပ်ပေးခဲ့သည်ဆိုတာကို ကြားသောအခါ ထိုအတွက် သူ အမှန်တကယ် တာဝန်ယူချင်ခဲ့သည်။

ထိုအရာက ယောက်ျားတစ်ယောက်၏ မရှိမဖြစ်ကျင့်ဝတ်ပင်။

သို‌ေ့သာ် ဖမ်းဝမ် လက်ညှိုးထိုးပြသည့် နေရာကို သေချာကြည့်ပြီးနောက် မော့ကျိုးယွီက ဟဲကျစ်ယန်ကို ချွေးသုတ်ပေးနေသည်ကို မြင်တွေ့လိုက်ရ၏။

ခေါင်းဆောင်ပြောခဲ့သလိုပင် သူက ထိုကိစ္စကြောင့် ဟဲကျစ်ယန်ကို စိတ်မပျက်သည့်အပြင် ပိုပြီး ဂရုစိုက်ပေးနေသည်ဆိုသည်မှာ လုံးဝမမှားပေ။

ကိစ္စက ဒီလိုဆိုမှတော့ သူသည် သူမအား လမ်းတစ်လျှောက်လုံး တိတ်တဆိတ် ကာကွယ်ပေးနေရုံပင်။

“ခေါင်းဆောင်၊ မော့ကျိုးယွီက မိန်းကလေးဟဲကို ဒီလိုဆက်ဆံနေသရွေ့ ကျွန်တော် ဘာမှလုပ်မှာမဟုတ်ပါဘူး။”

ကျိုးလောင်ပါ့က ထိုသို့ပြောလာသောအခါ ဖမ်းဝမ်သည် ဘာကြောင့်မှန်းမသိ အနည်းငယ် စိတ်သက်သာရာရသွား၏။

ဒီညီလေးက ခံစားချက်နဲ့ ဂုဏ်သိက္ခာအပေါ် အရမ်းရှေ့တန်းတင်လွန်းတော့ သူ ထိုအရာပေါ် နစ်မြုပ်သွကာ သူ့ကိုသူ ရုန်းမထွက်နိုင်တော့မှာကို ဖမ်းဝမ် တကယ် စိတ်ပူမိတာ ဖြစ်သည်။

သို့သော် ဤသတိပေးချက်မျိုးက အလွန်အကျွံပြောမိလျှင်လဲ ငြီး‌ငွေ့သွားစေတတ်သောကြောင့် ဖမ်းဝမ်သည် ခေါင်းစဉ်ပြောင်းကာ တခြားအကြောင်းသာ ပြောနေလိုက်တော့သည်။ ထိုအရာက ကျိုးလောင်ပါ့ကို အာရုံလွှဲပေးခြင်းလဲဖြစ်ပြီး ထိုကလေး ဟဲကျစ်ယန်ကို အမြဲတမ်း ငေးကြည့်မနေစေဖို့လဲ ဖြစ်ပေသည်။

မော့မိသားစုကသာ ထိုအရာကို သတိထားမိသွားပါက ဟဲကျစ်ယန်အတွက် ဘေးကြပ်နံကြပ် ဖြစ်သွားပေလိမ့်မည်။

လူတန်းကြီးသည် တစ်ရက်တာ ခရီးနှင်ခဲ့ကြပြီး ညနေခင်းတွင် ဖမ်းဝမ်၏ အမိန့်အတိုင်း မြစ်ငယ်လေးတစ်စင်း၏ အနီးတွင် အနားယူရန် ရပ်လိုက်ကြ၏။

အရာရှိများက ရေအိတ်များကိူဖြည့်ရန် မြစ်ဆီသို့ အရင်သွားကြပြီးနောက် သစ်ပင်ကြီးများကိုမှီကာ အနားယူကြသည်။

အကျဉ်းသားများလဲ အတူတူပင်။ ရေအိတ်ပါသောလူများမှာ ရေဖြည့်ရန်အတွက် မြစ်‌ဆီသို့ ပြေးသွားကြလေသည်။

မော့အမျိုးသမီးများကလဲ ထိုသို့လုပ်ကြမည်ကို တွေ့သောအခါ ဟဲကျစ်ယန်သည် သူတို့အား အလျင်အမြန် တားလိုက်၏။

“အစ်မတို့၊ မြစ်မှာ ‌လူတွေ အများကြီးပဲ ရှိနေတာ၊ ကျွန်မတို့ ခဏနေမှ သွားကြရအောင်”

မော့မိသားစုသည် ယခုအချိန်တွင် ဟဲကျစ်ယန်စကားဆို မေးခွန်းတောင်ပြန်မထုတ်တော့ဘဲ လက်ခံနေကြပြီဖြစ်ပြီး သူမတို့ ‌နေရာတွင်သာထိုင်ပြီး အေးအေးဆေးဆေး ဆက်အနားယူနေလိုက်ကြသည်။

အရင်တစ်ခေါက်က ဟဲကျစ်ယန်ကိုကြည့်ကာ သင်ယူခဲ့ပြီးသော မော့ကျိုးယွီသည် သစ်ကိုင်းကြီးတစ်ခုကိုရှာကာ အရာရှိတစ်ယောက်၏ ဓားဖြင့် ချွန်လိုက်ပြီး လူတိုင်း၏ညစာအတွက် မြစ်ထဲသို့ ငါးဖမ်းဆင်းရန် ပြင်လိုက်သည်။

All Chapters