← Chapters

လီရို့အာ ပျောက်သွားတယ်

Vol. 5 Ch. 63

လီရို့အာ ပျောက်သွားတယ်

Vol. 5 Ch. 63

မိသားစုတွင် ထွက်ပြေးသူတစ်ယောက်ရှိလာသည်နှင့် တစ်မိသားစုလုံး ငြိစွန်းမှာ ဖြစ်သည်။

ဖမ်းဝမ်ကဲ့သို့သော အရာရှိများပင်လျှင် စောင့်ကြပ်ရာတွင် ပေါ့လျော့မှုကြောင့် အပြစ်ပေးခံရမည်ဖြစ်သည်။

ထို့ကြောင့် ထိုသို့သော ကိစ္စကို ဘယ်သူကမှ လက်လွတ်စပယ်မလုပ်ရဲပေ။

သခင်မကြီးမော့က ပထမဆုံး စကားပြောလာသူဖြစ်သည်။ “မော့မိသားစုက ဘယ်သူမှ ပျောက်ဆုံးမနေပါဘူး။”

ဖန့်ချွမ်ကျိုးကလဲ တင်ပြလိုက်သည်။ “ဖန့်မိသားစုကလဲ လူစုံပါတယ်။”

“အရာရှိကြီး၊ လီရို့အာ ပျောက်နေတယ်” လီယွီအာက ကျယ်လောက်စွာ အော်ဟစ်လိုက်ပြီး သူမ၏ လေသံမှာ စိတ်လှုပ်ရှားနေသည့်ပုံပင်။

လီယွီအာသည် သူမ၏ စိတ်ပျက်စရာ အစ်မက မိသားစုကနေ ပျောက်ဆုံးသွားသည်ကို တွေ့သည်နှင့် စိတ်ပျော်သွားခဲ့၏။ သူမ၏ မိသားစုရှေ့ဆက်တွေ့ရမည့် အကျိုးဆက်များကို သဘောမပေါက်လိုက်ပေ။

ဖမ်းဝမ်၏ မျက်နှာက မဲမှောင်သွားကာ အရာရှိများကို အမိန့်ပေးလိုက်သည်။ “မီးတိုင်တွေကိုထွန်းလိုက်၊ မြေကြီးကို သုံးပေလောက် တူးရမယ်ဆိုရင်တောင် အဲ့လူကို ရှာလာခဲ့ကြ”

“ဟုတ်ကဲ့” အရာရှိများက တစ်ညီထဲ ပြန်ဖြေလိုက်ကာ မီးတိုင်များကို လက်တွင်ကိုင်ပြီး လီရို့အာကို လိုက်ရှာကြတော့သည်။

မော့ကျိုးယွီက ဟဲကျစ်ယန်ကို ခပ်တိုးတိုးပြောလိုက်၏။

“လီရို့အာက ရှဲ့လင်းကို ဓားစာခံအဖြစ် ခေါ်သွားတယ်လို့ ကိုယ် သံသယရှိမိတယ်။”

“ဟုတ်တယ်၊ ခဏကတင် လီရို့အာရဲ့ အော်သံကို ကြားနေရသေးတာ။ ကျွန်မလဲ အဲ့လိုပဲ သံသယရှိမိတယ်။”

သူတို့၏ သံသယများက ထပ်တူညီနေပြီး နှစ်ယောက်လုံး အသံတိတ်သွားကြကာ လီရို့အာက ရှဲ့လင်းကို ဘာလို့ခေါ်သွားရလဲဆိုသည့်အကြောင်းနှင့် သူမ အခု ဘယ်မှာပုန်းနေနိုင်လဲဆိုတာကို စဉ်းစားနေကြသည်။

မော့ကျိုးယွီသည် ဘာတွေးမိသွားမှန်းတော့မသိ၊ ဟဲကျစ်ယန်၏လက်ကိုဆွဲကာ ဖမ်းဝမ်ရှေ့သို့ သွားလိုက်သည်။

“အရာရှိကြီး၊ ကျွန်တော်နဲ့ ကျွန်တော့်မိန်းမလဲ လူရှာ‌တဲ့နေရာမှာ ကူညီချင်ပါတယ်။”

ဖမ်းဝမ်သည် မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့ ဇနီးမောင်နှံ၏ အကျင့်စရိုက်ကို ယုံကြည်ပြီး ထိုလူနှစ်ယောက်က မိသားစုဝင်များကို ပစ်ကာ ထွက်ပြေးမည့်လူများ မဟုတ်ဘူးဟုလဲ ယုံကြည်ပေသည်။

ထို့ကြောင့် သူက တုံ့ဆိုင်းမှု မရှိဘဲ ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ၊ ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့နှစ်ယောက် ဒီနေရာကို အာရုဏ်မတက်ခင် ပြန်လာရမယ်။”

သူမတို့ မထွက်ခွာခင် ဟဲကျစ်ယန်က သတိပေးလိုက်သည်။ “ခေါင်းဆောင်ဖမ်း၊ ကျွန်မရဲ့ ယောက္ခမနဲ့ မရီးတွေကို သေချာလေး စောင့်ရှောက်ပေးပါဦး။”

“စိတ်မပူပါနဲ့” ဖမ်းဝမ်ခေါင်းငြိမ့်လိုက်ပြီး လက်ကိုဝေ့ယမ်းကာ သူတို့နှစ်ယောက်ကို အမြန်ထွက်ခွာရန် အချက်ပြလိုက်သည်။

မော့ကျိုးယွီသည် ဟဲကျစ်ယန်၏လက်ကိုဆွဲကာ ရှဲ့လင်း၏မိခင်က သူ့ကို နောက်ဆုံးတွေ့ခဲ့သည့် နေရာဆီသို့ သွားလိုက်၏။

ထို့နောက် ထိုနေရာမှစကာ သဲလွန်စတစ်ခုမှ မလွတ်ရအောင် သေချာစစ်ဆေးကြည့်လိုက်ကြသည်။

တစ်ချိန်တည်းမှာပင် သူတို့စိတ်ထဲတွင် ဤနေရာမှထွက်ပြေးမည်ဆိုပါက အကောင်းဆုံး လမ်းကြောင်းနှင့် ဦးတည်ရာကို တွက်ချက်ကြည့်နေကြသည်။

သူတို့ကိုသာ ရှာမတွေ့ခဲ့ဘူးဆိုလျှင် အကောင်းဆုံး ထွက်ပြေးလို့ရသည့်လမ်းကြောင်းမှာ အရာရှိများ အနားယူကြသည့်နေရာပင်ဖြစ်သည်။

အရာရှိများသည် မီးဝိုင်း၏ အပြင်ဘက်တွင် ဝံပုလွေများကို ဟန့်တားနေခဲ့ကြသည်။ လီရို့အာက ရှဲ့လင်းနှင့်အတူ ထွက်ပြေးသွားစဉ်က လူတစ်ယောက်မှ ရှိမနေဘဲ ပုန်းခိုရန် တဲအိမ်များလဲ ရှိနေသောကြောင့် တခြားလူများအမြင်မှ ကွယ်ရန် အလွန်အထောက်အကူ ဖြစ်နေခဲ့ပေမည်။

အရာရှိများ၏ တဲအိမ်များကို ဖြတ်သွားသောအခါ လမ်းသေးသေးလေး တစ်ခု ရှိနေသည်။

ထိုလမ်းအတိုင်း လိုက်သွားကြပြီး သူတို့သည် အလွန်ဂရုတစိုက် စစ်ဆေးနေကြကာ လမ်းဘေးက မြက်ပင်များပင် မလွတ်စေရပေ။

မီတာတစ်ရာခန့် လျှောက်ပြီးနောက် လမ်းခွဲတစ်ခု ပေါ်လာခဲ့သည်။

နှစ်ယောက်သား လမ်းခွဲလိုက်ကြပြီး ဟဲကျစ်ယန်က ဘယ်ဘက်လမ်းကိုသွားကာ မော့ကျိုးယွီက ညာဘက်လမ်းကို သွားလိုက်၏။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဟဲကျစ်ယန်သည် စုတ်ပြဲနေသော အဝတ်စလေးတစ်ခုကို ထိုင်ချပြီး ကောက်ယူလိုက်သည်။

မော့ကျိုးယွီက ချက်ချင်းရောက်လာခဲ့ကာ မေးလိုက်သည်။ “မင်း တစ်ခုခုတွေ့လို့လား။”

ဟဲကျစ်ယန်သည် လက်ဖဝါးအရွယ် အဝတ်စလေးကို မော့ကျိုးယွီရှေ့တွင် ပြလိုက်၏။

“ကျွန်မ အမှတ်မမှားဘူးဆိုရင် ဒါက ရှဲ့လင်းရဲ့ လက်ကိုင်ပဝါလေးပဲ။”

ဟဲကျစ်ယန်သည် သူမ ယနေ့အစောပိုင်းက ‌ရှဲ့လင်း၏ ခေါင်းကို ထိခဲ့သည်ကို သေသေချာချာ သတိရနေသေးသည်။

ပိုးထည်လက်ကိုင်ပဝါက အစိမ်းပုပ်ရောင် ဖြစ်နေသဖြင့် သူမတောင် ရယ်ချင်သွားခဲ့သေးသည်။ ရှေးခေတ်က လူတွေက တကယ်ကို အသေးစိတ် ဂရုစိုက်ကြပြီး ယောက်ျားလေးကိုတောင် အစိမ်းပုတ်ရောင် ပိုးထည် လက်ကိုင်ပဝါကို ခေါင်းပေါ် ဝတ်ခိုင်းကြသည်ဟုပင် သူမ တွေးလိုက်မိသေး၏။

မော့ကျိုးယွီသည် လက်ကိုင်ပဝါကို လက်ထဲတွင် ဆုပ်လိုက်သည်။

“သွားမယ်၊ ဆက်လိုက်ကြရအောင်” သူက ပြောလိုက်သည်။

သူမတို့နှစ်ယောက် လမ်းလေးအတိုင်း လိုက်သွားကာ ရှာဖွေမှုကလဲ ပိုပြီးအသေးစိတ်လာခဲ့သည်။

လွန်ခဲ့သည့် နာရီဝက်ခန့်အချိန်ကို ပြန်သွားကြရအောင်။

လီရို့အာသည် အရာရှိများက မီးဝိုင်းထဲမှထွက်ကာ ဝံပုလွေများကို မောင်းထုတ်နေသည်ကို တွေ့လိုက်ရ၏။ ဒါက သူမအတွက် အခွင့်အရေးပဲဆိုတာ သိလိုက်သည်။

ဘေးကင်းရန်အတွက် သူမသည် လူများသောနေရာမှ ဖြတ်သွားရန် ဆုံးဖြတ်လိုက်သည်။

ရှဲ့မိသားစုများ အနားယူသောနေရာသို့ ရောက်သောအခါ လူအုပ်ကြီး၏နောက်တွင် ရှဲ့လင်းတစ်ယောက်ထဲ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူမသည် ရဲတင်းစွာ ချည်းကပ်ကာ သူ့ပါးစပ်ကိုပိတ်ပြီး ဘယ်သူမှ သတိမထားမိခင် ဆွဲခေါ်လာခဲ့သည်။

သူမ ရွေးချယ်ထားသော ထွက်ပြေးသည့် လမ်းကြောင်းက မော့ကျိုးယွီ မှန်းခဲ့သည့်အတိုင်း တစ်ထပ်ထဲပင်။ အရာရှိများ၏ တဲအိမ်များ အနောက်ဘက်မှ ထွက်ပြေးခဲ့သည်။

လီရို့အာ၏ လက်မောင်းတစ်ဖက်မှာ အဆစ်လွဲနေသောကြောင့် ရှဲ့လင်းကို လက်တစ်ဖက်ထဲနှင့် ထိန်းရတာ ခက်ခဲပေသည်။

ထို့အပြင် ရှဲ့လင်းက အဆက်မပြတ် ရုန်းကန်နေခဲ့သည်။

ထို့ကြောင့် သူမသည် တဲအိမ်တစ်လုံးအတွင်း ဝင်ကာ အရာရှိတစ်ယောက်က ဝတ်ဖို့ မေ့သွားသော ခြေအိတ်ကို ဆွဲယူပြီး ရှဲ့လင်း၏ ပါးစပ်ထဲ ထိုးထည့်လိုက်သည်။

အနံ့ဆိုးကြောင့် ရှဲ့လင်းမှာ ဘာမှမတုံ့ပြန်နိုင် ဖြစ်သွားရ၏။ ထိုအရာကို အခွင့်ကောင်းယူကာ သူမသည် ကြိုးတစ်ချောင်းရှာပြီး ရှဲ့လင်း၏ ခြေလက်များကို ခွဲကာ ချည်နှောင်လိုက်သည်။

ထို့နောက် သူ့ကိုသယ်ကာ လမ်းကြောင်းလေးအတိုင်း အမြန်ပြေးတော့သည်။

သူမတို့ လမ်းခွဲလေးဆီရောက်သောအခါ လမ်းတစ်ခုက အတော်လေး မြေညီနေသောကြောင့် လူသွားများသည်မှာ သိသာနေခဲ့သည်။

ထိုအချိန်တွင် လီရို့အာသည် တခြားလူများ တွေ့မိသွားမည်ကို ကြောက်နေသောကြောင့် လူသွားမများသော လမ်းကို ရွေးချယ်လိုက်သည်။

ထိုအချိန်တွင် ရှဲ့လင်းက သူ့ခေါင်းကို ခါယမ်းနေသောကြောင့် ခေါင်းပေါ်မှ ပိုးပဝါလေးမှာ မြေပေါ်သို့ ပြုတ်ကျသွားကာ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ကို အကောင်းဆုံး သဲလွန်စပေးထားနိုင်ခဲ့သည်။

လီရို့အာသည် ရှဲ့လင်းလို ကလေးငယ်လေးက အရမ်းမလေးလောက်ဘူးဟု ထင်ခဲ့သည်။

သို့သော် သူမက သူမ၏ ခွန်အားကို အထင်ကြီးခဲ့မိခြင်းပင်။ ပြေးတာ ခဏလေးပဲ ရှိသေးသော်လဲ သူမ မောပန်းလာခဲ့သည်။

သူမသည် နောက်ပြန်လှည့်ကြည့်ကာ လူတွေလိုက်မလာဘူးဆိုတာ တွေ့သောအခါမှ ရှဲ့လင်းကို လမ်းဘေးက ခြံပုတ်ကြားထဲ ဖွက်ထားလိုက်၏။

သူမ၏ အတွေးမှာ ယနေ့ညသာ သူမတို့ အဖမ်းမခံရပါက အရာရှိများက ရှာဖွေမှုကို လက်လျှော့ပြီး ခရီးဆက်သွားမည်ဟု ထင်ခဲ့မိသည်။ ထိုအချိန်ရောက်လျှင် ဤကောင်လေး ရှဲ့လက်းက အသုံးမဝင်တော့သောကြောင့် သူ့ကို ချက်ချင်းပဲ သတ်ပစ်ကာ ထိုအကျဉ်းသားများနှင့်အတူ ဒုက္ခခံရခြင်းမှ ကင်းဝေးအောင် လုပ်ပေးမည် ဖြစ်သည်။

လီရို့အာသည် အတွေးထဲ ပျောက်ဆုံးနေပြီး ခြုံပုတ်ထဲဝပ်နေစဉ်တွင် သိပ်မဝေးသောနေရာမှ ဖိနပ်သံများကို ကြားလိုက်ရသည်။

သူမသည် ချက်ချင်းပဲ နိုးနိုးကြားကြားဖြစ်သွားကာ ရှဲ့လင်းကို အားဖြင့် သူမရှေ့သို့ ဆွဲလိုက်သည်။

လီရို့အာသည် ချွန်ထက်သော ကျောက်တုံးတစ်ခုကိုကောက်ကာ ရှဲ့လင်း၏ လည်ပင်းတွင် တင်လိုက်သည်။

သူမတို့ကိုသာ ရှာတွေ့သွားပါက ရှဲ့လင်း၏ အသက်ကို ဓားစားခံလုပ်ကာ သူမ လွတ်မြောက်ဖို့အတွက် အခွင့်အရေးရအောင် လုပ်မှာ ဖြစ်သည်။

မော့ကျိုးယွီသည် ကိုယ်ခံပညာ အလွန်ကျွမ်းကျင်ပြီး အာရုံစူးစိုက်မှုလဲ အထူးမြင့်မားပေသည်။

ခြုံပုတ်များမှဖြတ်သွားစဉ် သူ၏ ခြေလှမ်းများကိုရပ်ကာ လီရို့အာပုန်းနေသော ခြုံပုတ်ဦးတည်ရာကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် အရှေ့ဘက်ကောင်းကင်ကြီးမှာ အလင်းရောင်ဖျော့ဖျော့လေး အရိပ်အမြွက်ပြနေပြီဖြစ်သည်။

ထိုခြုံပုတ်ထဲမှ မူမမှန်မှုကို သူ သေသေချာချာ သတိထားမိလိုက်သည်။

ထိုအရာက ရှဲ့လင်း၏ အင်္ကျီအစလေးပင်။

“လီရို့အာ၊ ကလေးတစ်ယောက်ကို ဓားစာခံအဖြစ် သုံးနေတာ ဘာသဘောလဲ” ဟဲကျစ်ယန်သည် လီရို့အာ၏ အကြံအစည်များကို ချက်ချင်း ထုတ်ပြောလိုက်၏။

ထိုစကားကြောင့် လီရို့အာသည် အံ့အားသင့်သွားရုံသာမက သူမ ဆက်ပုန်းနေလို့လဲ မရတော့ဘူးဆိုတာ သိသွားရသည်။

လီရို့အာသည် သူမ အောင်အောင်မြင်မြင် လွတ်မြောက်နိုင်ရန်အတွက် သူမ၏ ရင်ဘတ်ထဲမှ ဟဲကျစ်ယန်အပေါ် အမုန်းစိတ်များကို ခဏတာ ဖိနှိပ်လိုက်သည်။

“ကျစ်ယန်၊ ဒီရက်တွေအတွင်း ငါ နင့်အပေါ် အမှားတွေ အများကြီး လုပ်ခဲ့မိတာ သိပါတယ်။ အဲ့ဒါ ငါ ပြည်နှင်ဒဏ်ပေးခံလိုက်ရတယ်ဆိုတဲ့ အချက်ကို လက်မခံနိုင်လို့ လုပ်မိလုပ်ရာ လုပ်ခဲ့မိတာပါ။ အခု ငါ့အမှားတွေကို နားလည်နေပါပြီ။ ငါတို့ ညီအစ်မ သံယောဇဉ်ကိုထောက်ပြီး ငါ့ကို ခွင့်လွှတ်ပေးနိုင်မလား။”

“မဖြစ်နိုင်ဘူး” ဟဲကျစ်ယန်က ဘာမှမပြောရသေးခင် မော့ကျိုးယွီက လီရို့အာ၏ အသနားခံခြင်းကို အေးစက်စွာ ပယ်ချလိုက်သည်။

သူ့နှလုံးသားထဲတွင် ဟဲကျစ်ယန်အပေါ် လီရို့အာ လုပ်ခဲ့သညများမှာ ခွင့်လွှတ်နိုင်စရာ မရှိပေ။ သူမတို့၏ အရင်က ညီအစ်မသံယောဇဉ်ကို သူ ဂရုမစိုက်ပေ။

သူမလိုလူတစ်ယောက်ကို လွှတ်ပေးလိုက်ခြင်းက ကျားကိုတောထဲပြန်လွှတ်လိုက်သလိုပင်၊ အနာဂတ်အတွက် ပြဿနာအများကြီးကို ယူဆောင်လာမည်ဖြစ်သည်။

မော့ကျိုးယွီက ချက်ချင်းဝင်ဖြေလိုက်ရခြင်းမှာ ဟဲကျစ်ယန်တစ်ယောက် စိတ်ပျော့သွားမည်ကို စိတ်ပူသောကြောင့်ပင်။

ဤစကားလုံးများက ဟဲကျစ်ယန်ပါးစပ်မှထွက်လာလျှင် လီရို့အာအနေနှင့် လက်ခံနိုင်ပေသည်။

ဤရက်အနည်းငယ်အတွင်း သူမတို့နှစ်ယောက်၏ ပဋိပက္ခက နောက်ကြောင်းပြန်လှည့်မရအောင် ကြီးထွားနေခဲ့ပြီဖြစ်သည်။

All Chapters