ဒီလိုသေသွားတာ ဘယ်လောက်လွယ်ကူလိုက်သလဲ
Vol. 5 Ch. 64
သို့သော် ထိုစကားများက မော့ကျိုးယွီထံမှ ထွက်လာသောအခါ လီရို့အာသည် ထိုအရာက လက်ခံရန် ခက်ခဲလှကြောင့် တွေ့လိုက်ရ၏။
ဤလူက သူမ သဘောကျခဲ့ဖူးသောလူဖြစ်သည်။ သူက ဒီလိုစကားများ ပြောနိုင်တယ်လား။
“မော့ကျိုးယွီ၊ အဲ့ဒီမိန်းမက ရှင့်ကို ဘယ်လောက်တောင် လက်မထပ်ချင်လဲဆိုတာ သိလား။
မော့မိသားစုထဲ လက်ထပ်လိုက်ရင် ရှင့်ရဲ့ မရီး၈ယောက်လိုမျိုး မုဆိုးမဖြစ်ကျန်ခဲ့မှာကို အရမ်းစိုးရိမ်လွန်းလို့ အဲ့ဒီအိမ်ထောင်ရေးကို ဘယ်လိုဖျက်သိမ်းရမလဲဆိုတာ ကျွန်မကို လာမေးဖို့ တစ်ချက်လေးမှ တွန့်ဆုတ်ခဲ့တဲ့လူ မဟုတ်ဘူး။
ပြီးတော့ သူမက တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့တဲ့လူပဲ။ အဲ့လိုမိန်းမမျိုးက ရှင် ကာကွယ်ပေးရဖို့ မထိုက်တန်ဘူး။”
မော့ကျိုးယွီသည် ဟဲကျစ်ယန်နှင့် အချိန်အကြာကြီး မဖြတ်သန်းရသေးသော်လဲ သူမ၏ အကျင့်စရိုက်ကို နားလည်ကာ မော့မိသားစုအပေါ် သူမ ဘယ်လိုဆက်ဆံတယ်ဆိုတာလဲ မြင်တွေ့ထားပြီးပြီဖြစ်သည်။
“ငါ မော့ကျိုးယွီရဲ့ အမျိုးသမီးကို ငါ့အသက်ပါ အသေခံပြီး ကာကွယ်သွားမှာ။ အဲ့ဒါ မင်းနဲ့ဘာမှမဆိုင်ဘူး။”
လီရို့အာသည် မော့ကျိုးယွီ၏ စကားများဖြင့် အစော်ကားခံလိုက်ရသလို ခံစားလိုက်ရ၏။
သူမက ဖြည်းညှင်းစွာ ထရပ်ကာ ရှဲ့လင်း၏ လည်ပင်းကို ကျောက်တုံးအချွန်ဖြင့် ဖိလိုက်သည်။
သူမ၏ ဖူးယောင်နေသေးသော မျက်နှာမှာ ပို၍ပင် နီရဲနေသည်။
“ဒီလိုဆိုမှတော့ ငါ ထပ်ပြီးလေကုန်မခံတော့ဘူး။ နင်တို့ကို ရွေးစရာနှစ်ခုပေးမယ်။
ပထမတစ်ခု ငါ့ကိုလွှတ်ပေး၊ ငါလုံခြုံတဲ့နေရာ ရောက်ပြီဆိုတာနဲ့ ဒီကလေးရဲ့ အသက်ကို ချမ်းသာပေးမယ်။ ဒုတိယကတော့ ...”
“ပြောစရာ မလိုတော့ဘူး။ မင်းကို ထွက်သွားဖို့ ခွင့်မပြုနိုင်ဘူး” ဟဲကျစ်ယန်သည် လီရို့အာ၏ စကားလုံးများကို အေးစက်စွာ ဖြတ်တောက်ပစ်လိုက်၏။
ထိုအချိန်တွင် အရာရှိများလဲ ထိုနေရာသို့ ရောက်လာကြသည်။
လီရို့အာက ရှဲ့လင်းကို ဓားစာခံအနေဖြင့် ကိုင်ထားတာကိုတွေ့ပြီး သူမပို ပော်လိုက်သည်။
“လီရို့အာ ပြစ်ဒဏ်ပြေးတစ်ယောက်ကို ဘာက စောင့်ကြိုနေလဲဆိုတာရော သိလား။”
လီရို့အာသည် ထိုအချိန်တွင် ဘာအကြောက်တရားမှ မရှိတော့ပေ။ သူမ ဒီနေ့ အောင်အောင်မြင်မြင် မလွတ်မြောက်နိုင်ခဲ့ပါက သေခြင်းတရားနှင့် တွေ့ရမည်ဖြစ်ကြောင်း သိပြီးသားပင်။
“ဟားဟားဟား .. ငါ့ကို ဘာကစောင့်နေလဲ ငါဂရုမစိုက်ဘူး။ ငါ ဘာပြစ်မှုမှ မကျူးလွန်ထားဘူး။ ငါက ဘာလို့ ဒါတွေကို သည်းခံပေးရမှာလဲ။”
သူမက ပြောလိုက်ပြီး ရှဲ့လင်း၏ လည်ပင်းဆီသို့ ရွယ်ထားသော ကျောက်တုံးအချွန်ကို အားဖြင့် ခြစ်လိုက်သည်။
သွေးများက ရှဲ့လင်း၏ အင်္ကျီကော်လာဆီ စီးကျလာခဲ့သည်။
ရှဲ့လင်းမှာ ကလေးတစ်ယောက်သာဖြစ်သောကြောင့် နာကျင်မှုကို ခံစားရသောအခါ အလိုလို ရုန်းကန်မိတော့သည်။
သို့သော် သူရုန်းလေလေ လီရို့အာအတွက် အားကို ထိန်းရန် ပိုခက်လေလေဖြစ်ကာ ဒဏ်ရာက ကြီးသထက်ကြီးလာတော့သည်။
တစ်ချိန်တည်းမှာပင် လီရို့အာသည် ရှဲ့လင်းကိုင် ကိုင်ထားရင်း တဖြေးဖြေး နောက်ဆုတ်နေ၏။
ထိုအရာကို မြင်သောအခါ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့မှာ အရာရှိများ ရှိနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ သူမတို့နှစ်ယောက်လုံး လက်မောင်းများကိုမြှောက်ကာ လက်နက်ပုန်းမြှားနှစ်ချောင်းကို လီရို့အာ၏ နဖူးဆီသို့ ပစ်လွှတ်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လီရို့အာ၏ နဖူးကို ငှက်မွှေးမြှားနှစ်ချောင်း စိုက်သွားပြီး သူမ နောက်သို့ လဲကျသွားတော့သည်။
မော့ကျိုးယွီသည် ကိုယ်ဖော့ပညာဖြင့် ကလေးကို ပြေးပွေ့လိုက်ကာ ချက်ချင်း ပြန်လှည့်လာလိုက်သည်။
သူတို့ရပ်နေသော နေရာသို့ပြန်ရောက်သောအခါ ကျန်းချင်သည် ကလေးပါးစပ်ကို ဆို့ထားသောအရာကို ဖယ်ရှားပေးလိုက်သည်။
သို့သော် သူ့လက်ထဲမှ အရာကို မြင်လိုက်သောအခါ ချက်ချင်း ရွံရှာသွားလေသည်။
“ဒီလောက် နံစော်နေတဲ့ ခြေအိတ်ကို လီရို့အာ ဘယ်ကရှာတွေ့တာလဲ။ ငါ မူးလာပြီ ...”
ဆန်းတာ့ကျိုးမှာ ထိုအနံ့က အနည်းငယ် ရင်းနှီးနေသည်ဟု ထင်မိလိုက်သည်။ ထို့နောက် သူ့ခြေထောက်ကို ပြန်ငုံ့ကြည့်လိုက်သောအခါ ခြေအိတ်ဝတ်မထားကြောင်း တွေ့လိုက်ရသည်။
“အဲ့ဒါ ငါ့ခြေအိတ်ထင်တယ်”
“အာ ..” ကျန်းချင်သည် သူ၏အန်ချင်စိတ်ကို ဆက်ထိန်းထားလို့ မရတော့ပေ။
“အဟွတ် အဟွတ် .. ဆန်းတာ့ကျိုး၊ မင်းရဲ့ခြေအိတ်တွေက တကယ်အဆိပ်ရှိတာပဲ..”
ကျန်းချင်သည် မအီမလည်ဖြစ်နေမှုကြီးကို ချောင်းဆိုးကာ ဖြေဖျောက်လိုက်သည်။
သူ၏ နံစော်နေသော ခြေအိတ်ကို ဟဲကျစ်ယန်ရှေ့တွင် ဖော်ထုတ်ခံလိုက်ရသောကြောင့် ကျိုးလောင်ပါ့ အလွန်အမင်း ရှက်ရွံ့သွားရသည်။
ကံကောင်းစွာနှင့်ပင် အခုလောလောဆယ် လူတိုင်း၏အာရုံက ကျိုးလောင်ပါ့ထံတွင် ရှိမနေကြပေ။
ရှဲ့လင်း၏ ပြာနှမ်းနေသောမျက်နှာကို မြင်သောအခါ ဟဲကျစ်ယန်သည် ထိုအရာက အသက်ရှူကြပ်လို့လား ထိုခြေအိတ်အနံ့ကြောင့်လား ဟဲကျစ်ယန် မခွဲခြားပေးနိုင်တော့ပေ။
ဘယ်လိုပဲဖြစ်ပါစေ ဒီကလေးက နေမကောင်းဖြစ်နေတာ သေချာပေသည်။
ထို့အပြင် ကျောက်တုံးကြောင့် လည်ပင်းတွင်လဲ ဒဏ်ရာရထားသေးသည်။ အရမ်းကြီး ဆိုးဝါးသည့်ပုံမပေါ်သော်လဲ ချက်ချင်း ကုသပေးဖို့ လိုပေသည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် ရှဲ့လင်း၏ ခြေနှင့်လက်ကို တုပ်ထားသော ကြိုးများကို လျှင်မြန်စွာဖြေလိုက်ပြီး သူမခါးမှ ရေအိတ်ကိုဖြုတ်ကာ သူ့ကို ရေအနည်းငယ်တိုက်လိုက်သည်။
“အရာရှိတို့၊ ကျွန်မတို့ လူရှာတွေ့ပြီပဲ။ မြန်မြန်ပြန်ကြရအောင်” သူမက ပြောလိုက်သည်။
လူအများကြီးရှေ့တွင် သူမသည် ရှဲ့လင်း၏ ဒဏ်ရာကို ကုသဖို့အတွက် အထူးပစ္စည်းတွေ ထုတ်သုံးလို့ မရနိုင်ပေ။
ထို့အပြင် သူမတို့ လူရှာတွေ့သည်ဖြစ်စေ မတွေ့သည်ဖြစ်စေ အာရုဏ်မတက်ခင် ပြန်လာမည်ဟု ကတိပေးခဲ့ပြီးဖြစ်သည်။
ထိုအတွေးကြောင့် ဟဲကျစ်ယန်သည် ဤမေရာတွင် တစ်မိနစ်တောင် မနေချင်တော့ပေ။ သူမက ရှဲ့လင်းကိုပွေ့ကာ လမ်းလျှောက်သွားလိုက်သည်။
မော့ကျိုးယွီနှင့် ကျိုးလောင်ပါ့သည် တစ်ပြိုက်နက်နီးပါးပင် ဟဲကျစ်ယန်လက်ထဲမှ ရှဲ့လင်းကို သယ်ပေးရန် သူမရှေ့သို့ ရောက်လာကြ၏။
ကျိုးလောင်ပါ့သည် မော့ကျိုးယွီထက် အနည်းငယ် နောက်ကျသွားသဖြင့် ကလေးမှာ မော့ကျိုးယွီလက်ထဲ ပွေ့ပိုက်ပြီးသား ဖြစ်သွားရသည်။
ထို့နောက် မော့ကျိုးယွီသည် လှည့်တောင်မကြည့်တော့ဘဲ ဟဲကျစ်ယန်နှင့် ဘေးချင်းယှဉ်လျှောက်ကာ ထွက်ခွာသွားကြသည်။
ထိုလိုက်ဖက်ညီသော စုံတွဲက တစ်ယောက်ကိုတစ်ယောက် အမှီပြုကာ ထွက်ခွာသွားကြသည်ကိုကြည့်ရင်း ကျိုးလောင်ပါ့သည် သူ၏ အရှိန်ကို တမင်နှေးလိုက်ကာ သူတို့ကို မနှောင့်ယှက်မိအောင် ကြိုးစားလိုက်သည်။
သို့သော် သူ၏နှလုံးသားထဲမှ ရှုံးနိမ့်သွားသော ခံစားချက်ကို သူသာ သိပေသည်။
လီရို့အာ၏ အလောင်းကို ဖြေရှင်းရန်အတွက် အရာရှိနှစ်ယောက်ကို ထားခဲ့ပြီး ကျန်လူများက စခန်းဆီသို့ အမြန်ပြန်လာကြသည်။
ဟဲကျစ်ယန်သည် လမ်းလျှောက်နေစဉ်အတွင်း မနာလိုဝန်တိုသည့် လီရို့အာ သေသွားသည့်အကြောင်း တွေးနေမိ၏။ တကယ်တော့ သူမ သေသွားတာ လွယ်ကူလွန်းပေသည်။
သို့သော် သူမအတွက် နောက်ထပ် ပြဿနာဖြစ်စရာ မလိုတော့သောကြောင့် ထိုအရာကလဲ ကောင်းပေသည်။ မူလကိုယ်အတွက် လက်စားချေပေးလိုက်နိုင်သည်ဟု တွေးနိုင်ပေသည်။
အဖွဲ့က စခန်းဆီသို့ အမြန်ပြန်ရောက်လာကြသည်။
မော့ကျိုးယွီက ရှဲ့လင်းကို ပြန်သယ်လာတာ မြင်ပြီး ရှဲ့မိသားစုဝင်များ ဝိုင်းအုံလာကြသည်။
ရှဲ့လင်းသည် သူ့မိသားစုဝင်များကို မြင်သောအခါ မျက်ရည်များ အဆက်မပြတ် ကျလာခဲ့သည်။ သူ့အမေကို လက်သေးသေးများဖြင့် လှမ်းကာ ဖက်တွယ်ထားလိုက်သည်။
အမျိုးသမီးလွီမှာ ငိုကြွေးနေရင်း ရှဲ့လင်းကို ပွေ့ရန် လက်လှမ်းလိုပ်သည်။
ဘာတွေဖြစ်ခဲ့တာလဲ မေးမလို့ကြံနေစဉ် သူမသည် ရှဲ့လင်း၏ လည်ပင်းမှ ဒဏ်ရာကို တွေ့သွားရသည်။
“လင်းအာ၊ ဘယ်လိုလုပ် ဒဏ်ရာရလာတာလဲ။ အမေ့ကို မြန်မြန်ပြော၊ မင်းကို ဘယ်သူ နာကျင်အောင် လုပ်လိုက်တာလဲ ... အမေ့ ကလေးလေး” အမျိုးသမီးလွီက ထိတ်လန့်စွာ အော်လိုက်သည်။
သူမ၏ အော်သံကိုကြားရသောအခါ ရှဲ့မိသားစုများအားလုံး ထွက်လာကြပြီး ရှဲ့လင်း၏ အခြေအနေကို စစ်ဆေးကြတော့သည်။
ဟဲကျစ်ယန်သည် လူအုပ်ကြီးကို တွန်းကာ ပြောလိုက်သည်။ “လူတိုင်းပဲ စိတ်မပူကြပါနဲ့။ ကျွန်မမှာ ဆေးနည်းနည်းရှိပါတယ်။ ကလေး ကျွန်မကိုပေးပါ အနာကို ကျွန်မ ဆေးထည့်ပေးပါ့မယ်။”
ထိုစကားကို ကြားသောအခါ ရှဲ့လင်း၏ မိခင်မှာ ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။ ဟဲကျစ်ယန်၏ လက်မောင်းကို ဆွဲလိုက်သည်။
“မိန်းကလေးဟဲ၊ ကျွန်မကိုလဲ လိုက်ခွင့်ပြုပါ”
ဟဲကျစ်ယန်သည် ရှဲ့လင်း၏ ဒဏ်ရာကို ကုသရန်အတွက် အထူးပစ္စည်းများကို အသုံးပြုရန် ရည်ရွယ်ထားသည်ဖြစ်လေရာ အပြင်လူများကို မြင်တွေ့ခွင့် မပေးနိုင်ပေ။
သူမက နူးညံ့စွာ ပြောလိုက်သည်။ “တဲထဲက နေရာကကျဉ်းတယ် ကျွန်မတို့ ၃ ယောက်ဆို ကြပ်နေလိမ့်မယ်။ ပြီးတော့ ပြင်ပဒဏ်ရာတွေကို ကုသတာက အချိန်သိပ်မကြာပါဘူး။ ကျွန်မ ရှဲ့လင်းကို ချက်ချင်းပြန်ခေါ်လာမှာပါ။”
ဟဲကျစ်ယန်၏ စကားကို ကြားပြီးနောက် ရှဲ့လင်း၏ မိခင်သည် ထိုစကားက ကျိုးကြောင်းဆီလျော်သည်ဟု ခံစားလိုက်ရ၏။
သူမသည် သတိကြီးကြီးဖြင့် ရှဲ့လင်းကို ဟဲကျစ်ယန်လက်ထဲ ထည့်ပေးလိုက်သည်။
“ဒါဆို ရှင့်ဆိုပဲ ဒုက္ခပေးရတော့မယ်။”
“ပြဿနာ မရှိပါဘူး” ဟဲကျစ်ယန်က ပြန်ဖြေလိုက်သည်။
ဟဲကျစ်ယန်သည် ရှဲ့လင်းအား သူမတို့တဲဆီ ခေါ်သွားလိုက်သည်။
ရှဲ့လင်းသည် လိမ္မာပြီး သိတတ်သော ကလေးတစ်ယောက်ဖြစ်သည်။ လီရို့အာကြောင့် ကြောက်လန့်ခဲ့ရသော်လဲ သူ့မိသားစုဝင်များရှေ့တွင်တော့ ငိုယိုဂျီကျခြင်း လုံးဝမရှိခဲ့ပေ။
ထို့အပြင် ဒေါ်လေးက သူ့ဒဏ်ရာများကို ကုပေးမည်ဖြစ်ကြောင်း နားလည်သောကြောင့် ဒဏ်ရာက နာကျင်နေသော်လဲ မငိုဘဲ အောင့်ခံထားသည်။
ရှဲ့လင်း မျက်နှာလွှဲနေချိန်တွင် ဟဲကျစ်ယန်သည် ဒဏ်ရာကိုအမြန်ဆေးထည့်ကာ ပတ်တီးစည်းလိုက်၏။
သူမ ရှဲ့လင်းနှင့်အတူ တဲပြင်သို့ ထွက်လိုက်သောအခါ ကျန်းချင်က အဖြစ်အပျက်က်ု လူတိုင်းဆီ ရှင်းပြပြီးနေပြီဖြစ်သည်။
လီရို့အာက ရှဲ့လင်းကို ပြန်ပေးဆွဲကု ထွက်ပြေးသွားသည်ဟု ကြားသောအခါ လီလျန့်သည် ဒေါသထွက်လွန်း၍ မေ့လဲလုမတတ်ပင်။
သူသည် အမျိုးသမီးကျူးကို ဒေါသထွက်စွာ ပါးရိုက်ပြီး အပြစ်တင်ပြောဆိုလိုက်၏။ “အဲ့ဒါ အကုန်လုံး မင်းကြောင့်ပဲ။ လူတစ်ယောက်ကိုတောင် ကြည့်မထားနိုင်ဘူး။ သူမကို လွတ်သွားစေတယ်။”
လီရို့အာက ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားပြီဆိုတာ ကြားသောအခါ အမျိုးသမီးကျူးသည် မရပ်မနားငိုကြွေးနေပြီး သူမနောက်သို့ လိုက်သွားရန်ပင် တွေးတောနေခဲ့သည်။
လီလျန့်ထံမှ ပါးရိုက်ခံရသော်လဲ သူမက တုံ့ပြန်မှုမရှိဘဲ မျက်ရည်များကိုသာ သုတ်နေခဲ့သည်။