← Chapters

နောင်တတရား

Vol. 5 Ch. 65

နောင်တတရား

Vol. 5 Ch. 65

လီလျန့်သည် သူမ၏ပုံစံကိုမြင်ပြီး ပိုဒေါသထွက်လာကာ သူမကို ကန်ကျောက်လိုက်သည်။ “မငိုနဲ့။ အဲ့လိုသမီးမျိုး မွေးထားတာ မင်းမှာ ငိုစရာ မျက်နှာရော ရှိသေးလို့လား။”

အမျိုးသမီးကျူးသည် အကန်ခံရပြီးနောက် အိပ်ရာမှနိုးလာသလိုပင် သူမသည် မျက်ရည်များကိုသုတ်ကာ ထလိုက်ပြီး ဟဲကျစ်ယန်ရှိရာသို့ တစ်ဟုန်ထိုး ပြေးဝင်လိုက်သည်။

“ဟဲကျစ်ယန် ရို့အာကို ပြန်ပေးစမ်း။”

မော့ကျိုးယွီနှင့် ဆန်းတာ့ကျိုးတို့သည် ဟဲကျစ်ယန် အန္တရာယ်ရှိနေပြီဆိုတာကို မြင်သောအခါ တပြိုင်နက်ထဲ လှုပ်ရှားလိုက်ကြ၏။

ဆန်းတာ့ကျိုးက အမျိုးသမီးကျူး၏ ခန္ဓာကိုယ်ကို ကြာပွတ်ဖြင့်ရိုက်ကာ မော့ကျိုးယွီက သူမကို ကန်လိုက်သည်။ ကန်ချက်ကြောင့် သူမသည် မီတာပေါင်းများစွာ လွင့်ထွက်သွားရသည်။

အမျိုးသမီးကျူးသည် မြေကြီးပေါ်သို့ လဲကျသွားကာ ဖုန်းများ ပေကျံသွားသည်။ သူမ၏ ပါးစပ်မှ နီရဲနေသော သွေးတစ်လုတ် အန်ထွက်လာခဲ့၏။

အကန်ခံရခြင်းကြောင့် သူမဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး လဲကျသွားသည်ဆိုတာ မြင်တွေ့နိုင်ပေသည် ...။

သူမ၏ သနားစရာ အခြေအနေကို တွေ့ကြသော်လဲ လီမိသားစုထဲက ဘယ်သူကမှ သွားမကူကြပေ။

အမျိုးသမီးကျူးသည် သူမ၏ ဗိုက်ကို လက်ဖြင့်အုပ်ပြီး အသက်ကို ရှိုက်လိုက်သည်။

သူမ နာကျင်စွာ မတ်တပ်ရပ်လာခဲ့ပြီး ဒီတစ်ခေါက်တော့ ဟဲကျစ်ယန်ကို မတိုက်ခိုက်တော့ပေ။ ထိုအစား သူမ၏ အားအကုန်လုံးကို အသုံးပြုကာ မြစ်ကမ်းဆီသို့ ပြေးသွားလိုက်သည်။

ဖမ်းဝမ်က အော်လိုက်သည်။ “အကျဉ်းသားက မြစ်ထဲခုန်ချဖို့ လုပ်နေပြီ။ သူမကို တားထားကြ။”

အရာရှိများက ထိုနေရာသို့ ပြေးသွားကြသည်။ အမျိုးသမီးကျူးသည် မြစ်ထဲကျရန် ခြေတစ်လှမ်းအလိုမှာပဲ ပြန်ဆွဲခံလိုက်ရ၏။

အမျိုးသမီးကျူးသည် မြစ်ထဲသို့ ခုန်မချနိုင်တော့သဖြင့် ချက်ချင်းပင် ရူးသွပ်သွားလေသည်။

“ငါ့ကိုလွှတ်၊ ရို့အာကိုသွားရှာမယ် ငါ့ကိုလွှတ်”

သူမသည် အော်ဟစ်ရင်းနှင့်ပင် သူမကို ဆွဲထားသော အရာရှိတစ်ယောက်ကို ကိုက်လိုက်သည်။

အရာရှိမှာ နာကျင်မှုကြောင့် ချက်ချင်းပဲ လွှတ်ပေးလိုက်ရသည်။ သူ သတိပြန်ဝင်လာသောအခါ သူမကို ခဲကျသွားသည်အထိ ကန်ကျောက်တော့သည်။

အမျိုးသမီးကျူးသည် မော့ကျိုးယွီ၏ ကန်ချက်ကြောင့် အတွင်းဒဏ်ရာများ ရရှိခဲ့ပြီးဖြစ်သည်။ ယခု လဲကျသွားသောအခါ သူမ သတိလစ်သွားတော့သည်။

အရာရှိများက လီမိသားစုကို သူမအား ပြန်သယ်လာရန် ခိုင်းလိုက်သည်။

အခုတော့ ပြဿနာက ယာယီပြီးဆုံးသွားပြီဖြစ်သည်။ ဖမ်းဝမ်က ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်သည်။

အကျဉ်းသားများ ထွက်ပြေးခြင်းက ကိစ္စသေးသေးလေး မဟုတ်ပေ။ မိသားစုဝင်အားလုံး၏ အပြစ်ဒဏ်များကို တစ်ဆင့်မြှင့်လိုက်၏။

အတိအကျကိုတော့ သူနှင့် ထိုအရာရှိများ လုပ်ပိုင်ခွင့် မရှိကြပေ။

အထူးသဖြင့် လီမိသားစု၏ ပိုင်ဆိုင်မှုများ သိမ်းခြင်းနှင့် ပြည်နှင်ဒဏ်ပေးခြင်းတို့မှာ အရှင်မင်းကြီး၏ အမိန့်တော် ဖြစ်နေသည်။ လီရို့အာ၏ အပြစ်မှာ အမိန့်တော်ကို ဖီဆန်နေခြင်းနှင့် တူညီပေသည်။

ထိုကဲ့သို့သော ကိစ္စကြီးကို ဖမ်းဝမ် နည်းနည်းလေးမှ မနှောင့်နှေးရဲပေ။ သူသည် ဆန်းတာ့ကျိုးနှင့် တခြားသော အရာရှိ လေးယောက်အား လီမိသားစုဝင်အားလုံးကို ပြန်လည်စစ်ဆေးရန် မြို့တော်ဆီသို့ ပြန်လွှတ်လိုက်သည်။

ဖမ်းဝမ်၏ ဆုံးဖြတ်ချက်ကို ကြားသောအခါ လီမိသားစုဝင်များမှာ ချက်ချင်းပဲ အသက်မဲ့သွားကြရ၏။

အထူးသဖြင့် လီလျန့်ပင်။ ရုံးတော်ထဲမှာ ရာစုနှစ်တစ်ခုကြာအောင် တာဝန်ထမ်းဆောင်ခဲ့သော လူတစ်ယောက်အနေနှင့် ပြည်နှင်ဒဏ်ပေးခြင်းတွင် ထွက်ပြေးသူများကို အပြစ်ဒဏ် တစ်ဆင့်မြှင့်သည်ဆိုတာကို သူ မသိဘဲ မနေပေ။

ဤတစ်ကြိမ် မြို့တော်သို့ ပြန်ပို့ခံရပြီးပါက မျိုးနွယ်စု တစ်ခုလုံး ခေါင်းဖြတ်ခံရရင် ခံရ၊ ဒါမှမဟုတ် တစ်သက်လုံး ထောင်ထဲမှာပဲ နေသွားရမည့် ဘဝမျိုး ဖြစ်လာပေမည်။

ထိုအရာကို တွေးကြည့်ရုံနှင့်ပင် လီလျန့် ခြေထောက်များ ပျော့ခွေသွားရသည်။

သူသည် ဖမ်းဝမ်ကို ဦးညွှတ်ကာ မြေကြီးတွင် ဒူးထောက်လိုက်သည်။

“အရာရှိကြီး ကျေးဇူးပြုပြီး ကျွန်တော့်မိသားစုကို ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ။ ကျွန်တော် တောင်းပန်ပါတယ် .. တောင်းပန်ပါတယ် ...”

ဤကဲ့သို့သော ကိစ္စကြီးကို လီလျန့်က သူ့အားအကြိမ်များစွာ ရှိခိုးနေရုံဖြင့် သူသနားကာ လွှတ်ပေးလိုက်ဖို့ မဖြစ်နိုင်ပေ။

“လာကြစမ်း၊ လီလျန့်ကို ဆွဲခေါ်သွားကြ။ ချက်ချင်း အထုပ်ပြင်ပြီး ပြန်ပို့လိုက်ကြစမ်း။”

သူစကားပြောပြီးပြီးချင်း အရာရှိများရောက်လာကု လီလျန့်ကို သူ၏နေရာသို့ ပြန်ဆွဲခေါ်သွားကြသည်။

ဖမ်းဝမ်သည် ကြောက်လန့်နေသော လီမိသားစုဝင်များကို အမိန့်ပေးလိုက်သည်။ “ထကြစမ်း၊ မင်းတို့အားလုံးကို မြို့တော် ပြန်ပို့မယ်။”

လီလျန့်သည် အတင်းအကြပ် ခေါ်သွားခံရပြီးနောက် စိတ်နှလုံး‌ကြေကွဲသွားရ၏။

ဒီတစ်ခါက လီမိသားစု၏ အဆုံးသတ်ဖြစ်ကြောင်း သူ့နှလုံးသားထဲတွင် သေချာပေါက် သိနေခဲ့သည်။

ဆန်းတာ့ကျိုးနှင့် တခြားအရာရှိများက အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ လီမိသားစုဝင်များက မရွေ့ကြသည်ကို မြင်သောအခါ သူတို့ခါးမှ ကြာပွတ်များကိုထုတ်ပြီး ဝေ့ယမ်းလိုက်သည်။

လီမိသားစုသည် မြို့တော်ပြန်ရမည်ကို ကြောက်သော်လဲ အရာရှိများ၏ ကြာပွတ်ကို ပိုကြောက်ပေသည်။

အသားမနာဖို့အတွက် သူတို့သည် မြို့တော်ဆီသို့သာ လိမ်လိမ်မာမာနှင့် ပြန်လည် လိုက်ပါသွားကြရသည်။

ကံကောင်းစွာပင် သူတို့၏ ခရီးအစနှင့် တစ်ထောက်နားခြင်းတို့ကြောင့် ခရီးအဝေးကြီး မရောက်ကြသေးပေ။

ခရီးမလေးဖင့်ပါက ဆန်းတာ့ကျိုးနှင့် တခြားလူများ ၄ရက် ၅ရက်အတွင်း ပြန်ရောက်လာမှာဖြစ်သည်။

ဖမ်းဝမ်သည် ဆန်းတာ့ကျိုးနှင့် တခြားလူများ ပြန်ရောက်လာသည်အထိ ဤနေရာတွင် စောင့်ကြရန် အကုန်လုံးကို အမိန့်ပေးလိုက်သည်။

လီမိသားစု၏ အဖြစ်ကိုမြင်သောအခါ အားလုံး သက်ပြင်းချလိုက်မိကြ၏။

ထွက်ပြေးဖို့ အကြံအစည်က လုံးဝ မလုပ်သင့်ပေ။ မိသားစုဝင်များကို ပက်သက်စေရုံသာမက ထွက်လမ်းလေးတောင် မရှိနိုင်တော့ပေ။

လီရို့အာက အဓိက ဥပမာဖြစ်သည်။ သူမ သေဆုံးသွားခဲ့သော်လဲ ထိုအရာနှင့် မလုံလောက်ဘဲ တစ်မိသားစုလုံးကိုပါ သူမနှင့်အတူ ဆွဲချသွားခဲ့သည်။

လီမိသားစုဝင်များ လူတိုင်း၏ မျက်စိအောက်မှ ပျောက်ကွယ်သွားချိန်တွင် မိုးစင်စင်လင်းနေပြီဖြစ်သည်။

ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ တဲအိမ်လေးဆီ ပြန်လာကြသောအခါ မရီးများက မနက်စာ ပြင်နေကြပြီဖြစ်သည်။

မူလကိုယ်က ဒီခန္ဓာကိုယ်ကို လေ့ကျင့်မပေးထားသောကြောင့် အလွန်ပျော့ညံ့ပေသည်။ ဟဲကျစ်ယန်သည် ယခု အလွန်ပင်ပန်းနွမ်းနယ်နေသလို ခံစားရပြီး အသက်ကို ပြင်းပြင်းရှူရှိုက်နေရ၏။ မရီးများကို ကူညီချင်လျှင်ပင် သူမမှာ အားရှိမနေခဲ့ပေ။

သခင်မကြီးမော့သည် သူမ၏အခြေအနေကိုမြင်ပြီး အလျင်အမြန် ပြောလိုက်သည်။ “ဟဲရှီက ရှဲ့လင်းကို ရှာပေးရင်း အများကြီး လုပ်ခဲ့ပြီးပြီ။ မနက်စာအတွက် သမီး လုပ်ပေးစရာ မလိုပါဘူး။ မရီးတွေကိုပဲ လွှဲထားလိုက်ပါ။ အခုကစပြီး အမေတို့ အစားအသောက်နဲ့ အဝတ်အထည်အတွက် ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ရတော့မှာလေ။ သူတို့ကို များများ လေ့ကျင့်ခိုင်းလိုက်ပါ။”

ဟဲကျစ်ယန်လဲ သူမကိုယ်သူမ ဖိအားမပေးခဲ့ပေ။ “ဒါဆို အမေ့စကားကို နားထောင်ပါမယ်။ ကျွန်မ တော်တော်လေး ပင်ပန်းနေလို့ ခဏနားပါဦးမယ်။”

သူမပြောပြီးနောက် လက်သီးဆုပ်ကိုမြှောက်ကာ ပုခုံးများကို ထုလိုက်သည်။

မော့ကျိုးယွီက ထိုအရာကိုမြင်ကာ ရောက်လာခဲ့၏။ “အကူအညီ လိုသေးလား။”

အခုလေးတင် ဟဲကျစ်ယန်မှာ အမှန်တကယ် အကူအညီလိုနေခဲ့တာပင်။

“ရှင် ဘယ်လိုနှိပ်ရလဲသိလား”

မော့ကျိုးယွီသည် သူ့လက်များကို အလိုလို ငုံကြည့်လိုက်မိသည်။

“ကိုယ် ကြိုးစားကြည့်မယ်လေ။”

သခင်မကြီးမော့က သူမ၏ သားဖြစ်သူအတွက် စကားဝင်ကူပေးလိုက်သည်။

“ကျိုးယွီက နှိပ်တဲ့နေရာမှာ အတော်ဆုံးပဲ။ သူ့အဖေက အမြဲစစ်ထွက်နေရတာဆိုတော့ ခန္ဓာကိုယ်က ပြဿနာပေါင်းစုံပဲလေ။ ကျိုးယွီ ငယ်ငယ်လေးထဲက သူ့အဖေကို နှိပ်ပေးဖို့ သင်ထားခဲ့တာ။ အားနည်းနည်းပါတာကလွဲရင် တော်တော်ကို တော်တယ်။”

ဟဲကျစ်ယန်သည် မျက်ခုံးပင့်ကာ မော့ကျိုးယွီကို မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ “ရှင့်မှာ အဲ့လို အရည်အချင်းမျိုး ရှိလိမ့်မယ်လို့ မထင်ထားမိဘူး။”

မော့ကျိုးယွီမှာ ဇနီးလေးဆီမှ အစခံလိုက်ရသောကြောင့် အနည်းငယ် ရှက်သွားရသည်။

အနည်းငယ် ထူးဆန်းနေသည်ကို သူမ မရိပ်မိသွားစေရန်အတွက် ခေါင်းကိုငုံ့ကာ ဟဲကျစ်ယန်နောက်သို့ သွားလိုက်သည်။

သူ၏ ထက်မြပြီးရှည်လျားသော လက်ချောင်းများကို သူမ ပုခုံးပေါ်တွင် တင်လိုက်ကာ ကျွမ်းကျွမ်းကျင်ကျင် နှိပ်နယ်ပေးတော့သည်။

အနည်းငယ်နှိပ်ပေးပြီးနောက် မော့ကျိုးယွီ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“နောက်ကျရင် များများစားဦး၊ မင်း အရမ်းပိန်လွန်းတယ်။ အရိုးတွေပဲရှိတာ၊ ကိုယ် အားတောင် သိပ်မသုံးရဲဘူး။”

“ဘယ်မှာပိန်နေလို့လဲ။ ကျွန်မကတော့ ကောင်းတယ်လို့ထင်တာပဲ။”

မူလကိုယ်၏ ခန္ဓာကိုယ်အသွင်အပြင်ကို ဟဲကျစ်ယန် အတော်လေး သဘောကျမိသည်။

သူမက ပိန်နေသည့်ပုံပေါ်သော်လဲ ပြည့်သည့် အစိတ်အပိုင်းများကတော့ ပြည့်တင်းနေသည်။

သူမ၏ အရင်ဘဝမှာဆို ဒီလိုခန္ဓာကိုယ်မျိုးကို လူတိုင်း အားကျကြမှာပင်။

“အရမ်း ပိန်နေသေးတယ်” မော့ကျိုးယွီကတော့ ထိုသို့သာ တွေးလေသည်။

ဟဲကျစ်ယန်က ပြန်ပြောတော့မည့်အချိန်တွင် ဖမ်းဝမ်နှင့် ကျန်းချင်တို့ လျှောက်လာသည်ကို မြင်လိုက်ရ၏။

မော့ကျိုးယွီက ဟဲကျစ်ယန်ကို နှိပ်ပေးနေသည်ကို မြင်သောအခါ ဖမ်းဝမ်သည် မစဘဲမနေနိုင်တော့ပေ။

“ရို့ .. မင်းတို့လင်မယားနှစ်ယောက် တော်တော်လိုက်ဖက်တာပဲကွ။”

သူ့စကားကြောင့် မော့ကျိုးယွီ၏ မျက်နှာမှာ ရဲခနဲဖြစ်သွားရသည်။

သူသည် နှိပ်ပေးနေခြင်းကိုရပ်ကာ တခြားလူများ ထွက်သွားမှ ပြန်နှိပ်ပေးရန် ကြံလိုက်သည်။ သို့သော် ဟဲကျစ်ယန်၏ ပျော်နေပုံကိုမြင်ပြီး သူ မရပ်တန့်လိုက်ချင်ပေ။

ထို့ကြောင့် သူ့လက်များမှာ သူမ၏ ပုခုံးပေါ်တွင် မလှုပ်မယှက် အချိန်အတော်ကြာ တင်ထားမိသွား၏။

ဟဲကျစ်ယန်ကတော့ ထိုအရာကို မှားနေသည်ဟု မခံစားရပေ။ ထို့အပြင် မော့ကျိုးယွီ ရှက်နေသည်ကိုလဲ သူမဘက်က မမြင်ရပေ။

“နေလို့ကောင်းနေတာကို မရပ်လိုက်နဲ့လေ။”

ထိုအခါမှသာ မော့ကျိုးယွီ သတိပြန်ဝင်လာသည်။ သူသည် မျက်နှာရဲရဲဖြင့်ပင် ဇနီးလေးကို ဆက်ပြုစုရတော့သည်။

ဟဲကျစ်ယန်သည် သူမ၏ ခန္ဓာကိုယ်က သက်တောင့်သက်သာရှိသွားသည်ကို ခံစားလိုက်ရ၏။ ထို့နောက်မှ ဖမ်းဝမ်ကို မေးလိုက်သည်။

“ခေါင်းဆောင်ဖမ်း၊ တစ်ခုခုရှိလို့လား။”

“အမ်း၊ ငါ အခုပဲ ဟိုဝံပုလွေတွေကို သွားယူခိုင်းလိုက်တာ။ အကောင် ၅၀ ကွက်တိပဲ။ ဒီထဲက အများစုကို မင်းတို့နှစ်ယောက် သတ်ခဲ့တာလို့ ငါထင်တယ်။ အဲ့ဒါကြောင့်မို့ ဝံပုလွေအသေကောင်တွေကို မင်းတို့ ဘယ်လိုလုပ်ချင်လဲ လာမေးတာ”

All Chapters