ဝံပုလွေတွေကို စီစဉ်မယ်
Vol. 5 Ch. 66
ဟဲကျစ်ယန် ချက်ချင်း သတိရသွားသည်။ ဖမ်းဝမ်သာ မပြောလျှင် မနေ့ညက ဝံပုလွေတွေ သတ်ခဲ့ရတာကို သူမ မေ့တောင်မေ့နေပြီဖြစ်သည်။
ဖမ်းဝမ်က သူမကို ဘယ်လိုစီစဉ်ချင်လဲဟု မေးလာသောကြောင့် ဟဲကျစ်ယန်သည် မငြင်းလိုက်တော့ဘဲ သူမ၏ လက်ရှိအနေအထားကို မေ့ချင်ချင်ဖြစ်သွားရသည်
ဖမ်းဝမ်သည် သင့်တင့်လျောက်ပတ်သော အရာရှိကြီး တစ်ဦး ဖြစ်သည်။
အကယ်၍ မရိုးသားသော အရာရှိမျိုးသာဖြစ်ပါက ဝံပုလွေတွေကို ဘယ်သူသတ်ခဲ့လဲ ဂရုစိုက်နေမည်မဟုတ်ပေ။ ထိုဝံပုလွေများကို ပိုက်ဆံဖြင့် လဲဖို့သာ မြို့သို့ သယ်သွားကြမည်ဖြစ်သည်။ ထိုအရာက သူတို့အတွက် ပိုအကျိုးရှိပေမည်။
ထို့ကြောင့် ဟဲကျစ်ယန်သည် စည်းမကျော်ဘဲ ပြန်မေးလိုက်၏။ “ခေါင်းဆောင်ဖမ်းကရော ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ။”
ဖမ်းဝမ်က လက်ကိုဖြန့်ကာ အမှန်အတိုင်း ပြောလိုက်သည်။
“အရင်တုန်းကသာဆိုရင် ဝံပုလွေတွေ အများကြီး သတ်ထားတာကို ဘယ်သူသတ်တာလဲလို့ ငါစဉ်းစားနေမှာမဟုတ်ဘူး။ အဲ့ကောင်တွေကို မြို့ထဲခေါ်သွားပြီး ပိုက်ဆံနဲ့ပဲ လဲလိုက်မယ်။”
ထိုစကားကို ကြားသောအခါ ဟဲကျစ်ယန်နှင့် မော့ကျိုးယွီသည် ထိုစကားက ရိုးသားသည်ဟု ခံစားလိုက်ရ၏။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူတို့က ထိုအရာရှိများ လက်အောက်က ပြည်နှင်ဒဏ်ခံ အကျဉ်းသားများသာဖြစ်ပြီး သူတို့၏ သနားညှာတာမှုဖြင့် ရှင်သန်နေရခြင်းပင်။ ဖမ်းဝမ်က သူတို့ကို ဒီလိုပြောလာရခြင်းမှာ သူတို့ကို အကျဉ်းသားများဟု မမြင်တော့သောကြောင့်သာဖြစ်ပေသည်။
ဒီလိုလူမျိုးက သူငယ်ချင်းဖွဲ့ဖို့ ထိုက်တန်ပေသည်။
တကယ်တော့ ဖမ်းဝမ် မေးလာကတည်းက ဟဲကျစ်ယန်မှာ အကြံရှိပြီးသားပင်။
အခု ဖမ်းဝမ်၏ အတွေးကို နားလည်သွားပြီဖြစ်သောကြောင့် သူမလဲ တုံ့ဆိုင်းမနေတော့ပေ။
“ခေါင်းဆောင်ဖမ်း၊ တကယ်လို့ အဲ့ဒီဝံပုလွေတွေကို မြို့မှာ သွားလဲရင် ရှင် အများကြီးမရနိုင်ဘူး ဟုတ်တယ်မဟုတ်လား။”
ဖမ်းဝမ်က ခေါင်းငြိမ့်လိုက်သည်။ “မနှစ်က ငါတို့လမ်းမှာ ဝံပုလွေရိုင်းနှစ်ကောင် သတ်ပြီး မြို့ကိုယူသွားပြီး လဲခဲ့တာ တစ်ကောင်ကို ငွေနှစ်ချောင်း ရခဲ့တယ်။”
ဟဲကျစ်ယန် မျက်ခုံးပင့်လိုက်သည်။ “ရှင် အဲ့ဒီဝံပုလွေတွေကို သားမွေးဆိုင်ဆီ သယ်သွားခဲ့တာမလား။”
“ဟုတ်တယ် သားမွေးဆိုင်ပိုင်ရှင်က ဝံပုလွေသားဆို ဘယ်သူမှမစားဘူးတဲ့။ သူက သားမွေးဖိုးပဲ ပေးလိုက်တာ”
အမှန်တကယ်တော့ ဖမ်းဝမ်သည် ဝံပုလွေတစ်ကောင်အတွက် ငွေတစ်ချောင်း နှစ်ချောင်းလောက်က အတော်လေး ကောင်းသည်ဟု ထင်မိပေသည်။ ဘာပဲဖြစ်ဖြစ် ထိုအရာက အလကားရသော ပိုက်ဆံဖြစ်ကာ နည်းသည် များသည် မဆိုသာပေ။
ထို့အပြင် မနေ့ညက သူတို့ ဝံပုလွေတွေ အများကြီး သတ်ခဲ့ကြတာဖြစ်သည်။ တစ်ကောင်ကို ငွေတစ်ချောင်းဆိုလျှင်ပင် ငွေချောင်း ၅၀ ရနိုင်ပေသည်။
သူတို့နှစ်ဦးကို လေးစားသမှုဖြင့် လာဆွေးနွေးတာဖြစ်ပြီး သူတို့ သဘောတူပါက နောက်ပိုင်းမှ ငွေချောင်းများ ပြန်ခွဲယူကြဖို့လဲ တွေးတောနေပေသည်။
သို့သော် ဟဲကျစ်ယန်၏ အမူအရာကို ကြည့်ခြင်းဖြင့် သူမက ထိုဝံပုလွေများကို သားမွေးဆိုင်တွင် သွားလဲမည့်အကြံကို လက်မခံသည့်ပုံပင်။
“ကျွန်မ ဒီဝံပုလွေတွေကို ပိုပြီးတန်ဖိုးရှိအောင် လုပ်ပေးနိုင်ရင် ခေါင်းဆောင်ဖမ်း သဘောတူလား။”
“ဘာလို့ သဘောမတူမှာလဲ” ဖမ်းဝမ်က စဉ်းတောင်မစဉ်းစားဘဲ ပြောလိုက်သည်။
တိကျသော အဖြေကိုရလိုက်ပြီးနောက် ဟဲကျစ်ယန် ချက်ချင်းပင် တက်ကြွသွားရသည်။
သက်တောင့်သက်သာရှိသော အနှိပ်သမားလေးကို ခဏစောင့်ခိုင်းဖို့ လိုပေသည်။ သူမက ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်၏။
“ဝံပုလွေတွေကို အခုပဲ သွားစီစဉ်ကြရအောင်”
မော့ကျိုးယွီသည်လဲ ဟဲကျစ်ယန်က ဝံပုလွေတွေကို ပိုပြီးတန်သွားအောင် ဘယ်လိုလုပ်မလဲ သိချင်နေသည်။
ထို့ကြောင့် သူပါ နောက်က လိုက်သွားလိုက်သည်။
ဟဲကျစ်ယန်သည် ရှဲ့မိသားစုနှင့် ဖန့်မိသားစုမှ အမျိုးသားများကို ခေါ်လိုက်၏။
ထို့နောက် ဖမ်းဝမ်ကိုကြည့်လိုက်သည်။ “ခေါင်းဆောင်ဖမ်း၊ ကျွန်မတို့ အရင်ဆုံး ဒီဝံပုလွေတွေကို အရေခွံခွာရမယ်”
ဖမ်းဝမ်သည် ဟဲကျစ်ယန်၏အကြံကို မှန်းဆမိပြီဖြစ်သည်။ သူမက ဝံပုလွေ အရေခွံများကို သပ်သပ်ရောင်းချချင်ခြင်းပင်။ အရေခွံများက ငွေတစ်ချောင်း တန်သည်။
သို့သော် ဝံပုလွေအသားက တန်ဖိုးမရှိပေ။ ဒါဆို သူမ ပြောခဲ့သည့် အပိုအမြတ်က ဘယ်ကနေ ရောက်လာမှာလဲ။
သူနားမလည်သော်လဲ ဟဲကျစ်ယန်ကို ကူညီဖို့သာ ဆုံးဖြတ်လိုက်သည်။ အသုံးမဝင်သည့် ဝံပုလွေအသားများကို ဒီအမျိုးသမီးက ရတနာအဖြစ် ဘယ်လိုပြောင်းလဲလိုက်မလဲ သူလဲ မြင်ချင်မိပေသည်။
သူသည် အရာရှိများအား ဓားမြှောင်များကို ဟဲကျစ်ယန်ထံပေးလိုက်ရန် အမိန့်ပေးလိုက်၏။
ဟဲကျစ်ယန်သည် ဓားမြှောင်တစ်ချောင်းကိုင်ကာ ဝံပုလွေ၏ အရေခွံကို ခြေထောက်မှစပြီး ခွာတော့သည်။
ထိုအရာကိုမြင်သောအခါ မော့ကျိုးယွီလဲ ဓားမြှောင်တစ်ချောင်းကိုင်ကာ ဝင်ကူလိုက်သည်။
ရှဲ့မိသားစုနှင့် ဖန့်မိသားစုမှ အမျိုးသားများကလဲ သူတို့လုပ်သလို လိုက်လုပ်ကြသည်။
ဟဲကျစ်ယန်သည် သူတို့အား အရေခွံကို မထိခိုက်မိအောင် သေချာသတိထားဖို့ပြောလိုက်၏။ မဟုတ်ပါက ဈေးနည်းသွားပေမည်။
သတ္တိရှိသည့် အမျိုးသမီးများကလဲ ကူညီရန် ရောက်လာကြသည်။ မနက်စာစားချိန်ရောက်သောအခါ သူမတို့ ဝံပုလွေအကောင်နှစ်ဆယ်ကို အရေခွံခွာပြီးပြီဖြစ်သည်။
လီမိသားစုကို ပြန်လည်စစ်ဆေးရန်အတွက် မြို့တော်ဆီ ပြန်လွှတ်လိုက်သောကြောင့် အကျဉ်းသားများကြားတွင် ဟယ်မိသားစုမှာ ပို၍ထင်ရှားနေပေသည်။
သူတို့ ဂျုံကြမ်းပေါင်မုန့်များ စားနေကြချိန်တွင် ဟယ်မိသားစုသည် အတူတကွ အလုပ်လုပ်ကိုင်နေကြသူများကိုကြည့်ကာ မနာလိုဖြစ်ကြရင်း မော့မိသားစုကို ဆန့်ကျင်မိသည်ကိုပင် နောင်တရမိလာကြ၏။
အခုတော့ သူတို့သည် ဂျုံကြမ်းပေါင်မုန့်များ စားရင်း နင်နေကြပြီး လုံးဝ အပယ်ခံထားရသလိုပင် ...
မော့၊ ရှဲ့နှင့် ဖန့်မိသားစုတို့မှာ ထိုအကြည့်များကို ကျင့်သားရနေကြပြီဖြစ်ကာ သူတို့ကို တစ်ချက်တောင် လှည့်မကြည့်ကြပေ။
အရာရှိများသည်လဲ မတတ်နိုင်တော့ဘဲ ဟယ်မိသားစုကို သေချာစောင့်ကြည့်ရတော့သည်။ အထူးသဖြင့် လီရို့အာ၏ ကိစ္စဖြစ်သွားပြီးနောက် သူတို့ ဘယ်အချိန်ပဲ သွားစစ်စစ် လူစုံနေသလား သေချာစစ်ဆေးကြတော့သည်။
သို့သော် ဟယ်မိသားစုနှင့် မတူညီစွာပင် တခြားမိသားစုသုံးစုကို ဆက်ဆံပုံမှာ ကွဲပြားလှသည်။ သူတို့၏ စားစရာများက အရင်က စားခဲ့ရသည့် အဖိုးတန်များကို မမှီသော်လဲ ပြည်နှင်ဒဏ်ခရီးလမ်းတွင် ကောင်းကောင်းမွန်မွန် စားနိုင်သည့်အတွက် အလွန်ကျေနပ်ခဲ့ကြသည်။
တခြားမိသားစုများနှင့် အရာရှိများကြား သဟဇာတဖြစ်နေသော လေထုနှင့် အစားအသောက်ကောင်းများကို ပျော်ပျော်ပါးပါး စားသောက်နေကြသည်ကို မြင်သောအခါ ဟယ်မိသားစု၏ မျက်လုံးများမှာ မနာလိုမှုကြောင့် မီးဝင်းဝင်းတောက်နေကြသည်။
သို့သော် လူတိုင်းက ထိုအကြည့်များကို ကျင့်သားရနေကြပြီဖြစ်ပြီး သူတို့ကို လျစ်လျူရှုထားကြလေသည်။
မနက်စာစားပြီးနောက် ထိုလူများက ဝံပုလွေအရေခွံများကို အေးအေးဆေးဆေး ခွာနိုင်နေပြီဆိုတာ တွေ့သောအခါ ဟဲကျစ်ယန်သည် သူတို့ကို လွှတ်ထားလိုက်ပြီး တခြားတစ်ခုကို လုပ်တော့သည်။
သူမသည် အမျိုးသမီးများကို ခေါ်လိုက်ပြီး ဝံပုလွေအသားများကို လက်မခန့်ထူသော အမြှောင်းများဖြစ်အောင် လှီးဖြတ်ခိုင်းကာ သူမ၏ နေရာလွတ်ထဲမှ ဟင်းခတ်အမွှေးအကြိုင်များကို တိတ်တိတ်လေးထုတ်ပြီး အသားကို နှပ်ထားလိုက်သည်။
သူမက အသားနှပ်ပြီးနောက် အမျိုးသမီးများက ဆက်လှီးနေကြသည်။ ဟဲကျစ်ယနါသည် မော့ကျိုးယွီကိုခေါ်ကာ မြစ်ကမ်းသို့ သွားလိုက်သည်။
သူမ မှတ်မိတာသာမှန်ပါက မနေ့က မြစ်ကမ်းစပ်တွင် ရေဖြည့်နေတုန်း ဤနေရာတွင် အလွန်ပါးသော ကျောက်ပြားတစ်ချပ်ကို တွေ့ခဲ့ရသည်ပင်။
သူ၏ဇနီးက မြစ်ကမ်းနံဘေးသို့ ဆွဲခေါ်လာသဖြင့် မော့ကျိုးယွီ စိတ်ရှုပ်ထွေးသွားရသည်။
သူမက ထပ်အနှိပ်ခံချင်ပေမဲ့ လူတွေအများကြီး ရှိနေလို့ မလုပ်ခိုင်းရဲဘဲ ဆိတ်ငြိမ်တဲ့နေရာကို ခေါ်လာတာများလားဟု သူ တွေးလိုက်မိ၏။
မော့ကျိုးယွီက သူသည် ဒီတစ်ခေါက်တော့ ဇနီးလေးကို သေသေချာချာ နှိပ်ပေးရမည်ဟုတွေးကာ ထုတ်ပြောတော့မည့်အချိန်တွင် ဟဲကျစ်ယန်က မြစ်ကမ်းစပ်မှ ကျောက်ပြားတစ်ချပ်ကို လက်ညှိုးထိုးလိုက်သည်ကို တွေ့လိုက်ရသည်။
“အဲ့ဒီကျောက်ပြားကို ရေထဲယူသွားပြီး သေသေချာချာ ဆေးကြောရအောင်။ ပြီးရင် အသားတွေ အခြောက်ခံဖို့ သုံးရမယ်”
ကျောက်ပြားကို ရေဆေးရမှာလား။
အသားခြောက်လုပ်ဖို့လား။
မော့ကျိုးယွီ၏ အတွေးများမှာ တစ်ခဏခန့် ငြိမ်သက်သွားရသည်။
ဟဲကျစ်ယန်က ကျောက်ပြားတစ်ဖက်ကို မ,နေပြီဆိုတာတွေ့မှ မော့ကျိုးယွီ သဘောပေါက်လိုက်သည်။
သူသည် ဘာမှမတွေးတော့ဘဲ ဟဲကျစ်ယန်ကို ဘေးသို့ဆွဲဖယ်လိုက်ပြီး အားစိုက်ထုတ်ကာ ကျောက်ပြားကို မြစ်ကမ်းဆီသို့ မ,လိုက်သည်။
ဟဲကျစ်ယန်က မြက်ကြမ်းတစ်ချို့ကို ဆွဲနှုတ်ကာ ထိုင်ချလိုက်ပြီး ကျောက်ပြားကို ပွတ်တိုက်လိုက်သည်။
ရွေးချယ်စရာ မရှိပေ။ ဒီလိုအထူးကာလမှာတော့ ဖြစ်အောင် လုပ်ရမည်ပင်။
မော့ကျိုးယွီသည် သူမကိုကြည့်ကာ သူမအတိုင်း ကျောက်ပြားကို လိုက်တိုက်တော့သည်။