ငါတို့ရဲ့ ကြီးမြတ်လှတဲ့ ဝန်ကြီးက ကြောက်တတ်တာပဲ
Vol. 5 Ch. 67
သိပ်မကြာခင်ဘဲ သူမတို့နှစ်ယောက် ကျောက်ပြားကြီးကို တိုက်ချွတ်ပြီး နေရာတကျ ထားလိုက်ကြသည်။
ထိုအချိန်တွင် ဝံပုလွေအသား ပထမအသုတ်မှာ အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ဟဲကျစ်ယန်သည် ကျောက်ပြားပေါ်တွင် ဆီသုတ်လိုက်ပြီး အပေါ်တွင် ဝံပုလွေသားများကို သေသေချာချာ စီတန်းထားလိုက်သည်။
မော့ကျိုးယွီက တစ်ဖက်တွင်ထိုင်နေကာ ကျောက်ပြားအောက်ကို မီးထိုးပေးနေသည်။
ဇနီးမောင်နှံနှစ်ယောက်က ချောချောမွေ့မွေ့ လက်တွဲလုပ်ကိုင်နေကြသည်။ သိပ်မကြာခင်ပဲ မွှေးပျံ့လှသည့် ရနံ့လေးက လေထဲသို့ ပျံ့နှံ့လာကာ လူတိုင်းကို သွားရည်ကျသွားစေခဲ့သည်။
ဖမ်းဝမ်သည် အနံ့ခံရင်း ချက်ချင်း ပြေးလာလေသည်။
ဟဲကျစ်ယန်သည် အသားခြောက်ကင်တစ်ခုကိုယူကာ သူ့အား ပေးလိုက်၏။
“ခေါင်းဆောင်ဖမ်း၊ စားကြည့်ပြီးရင် အရသာကောင်းတဲ့ ဒီအသားခြောက်က ဈေးကောင်းရနိုင် မရနိုင် ပြောကြည့်ပါဦး။”
ဖမ်းဝမ်သည် အသားခြောက်ကို ပါးစပ်ထဲ အလျင်အမြန် ထည့်လိုက်ပြီး သေချာဝါးလိုပ်သည်။
“နူးညံ့ပြီး အရသာရှိတယ်။ ဝံပုလွေသား အရသာအပြည့်ပဲ။ ဒီလောက်ဝါးလို့ကောင်းတဲ့ အသားကို စားဖူးတာ ဒါ ပထမဆုံးပဲ။ ဒါက ရှားရှားပါးပါးကို အရသာရှိနေတာ”
ဤသည်မှာ ဖမ်းဝမ်၏ စိတ်ရင်းအတိုင်း အကဲဖြတ်ခြင်း ဖြစ်သည်။
ဟဲကျစ်ယန်သည် အသားခြောက် ပထမအသုတ်က ချီးကျူးခံလိုက်ရသောကြောင့် စိတ်သက်သာရာ ရသွားသည်။ သူမသည် ပျော်ရွှင်စွာပင် အသားခြောက် တစ်ခုကို ကောက်ယူကာ မော့ကျိုးယွီ ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
“ယောက်ျား၊ ရှင်လဲ မြည်းကြည့်ဦး။”
မရည်ရွယ်ပါဘဲ သူမ၏ လက်ချောင်းထိပ်လေးများသည် မော့ကျိုးယွီ၏ နှုတ်ခမ်းသားများကို ပွတ်တိုက်မိသွားသည်။
မော့ကျိုးယွီတစ်ယောက် အနည်းငယ် တုန်ယင်သွားကာ သူ့နှလုံးခုန်နှုန်းက နှစ်ဆလောက် မြန်လာသည်ဟု ခံစားလိုက်ရသည်။
သူသည် မသိလိုက်ပါဘဲ ဟဲကျစ်ယန်၏ လက်နှင့် ထိမိသောနေရာကို ကိုင်လိုက်ကာ သူဘာလို့ကြည်နူးသွားမိမှန်းပင် မပြောတတ်တော့ပေ။
သူ၏ ခံစားချက်ကို ဖုံးကွယ်ရန် မော့ကျိုးယွီမှာ အသားခြောက်ကိုသာ ဖိဝါးနေမိသည်။
ထို့နောက် ဟဲကျစ်ယန်၏ ချိုမြိန်သော အသံလေးက သူ့နားထဲဝင်လာခဲ့သည်။
“ယောက်ျား၊ အသားခြောက်က အရသာရှိရဲ့လား။”
“အင်း၊ အရမ်းအရသာရှိတယ်” ထိုအချိန်တွင် မော့ကျိုးယွီ၏ စိတ်မှာ အသားခြောက်ပေါ်တွင် လုံးလုံးရှိမနေသောကြောင့် ဖမ်းဝမ်လို ဂရုတစိုက် အကဲဖြတ်ကာ ပြောလိုက်ခြင်း မဟုတ်ပေ။ သို့သော် အသားက တကယ်အရသာရှိတာတော့ သေချာပေသည်။
ဟဲကျစ်ယန်သည် မော့ကျိုစယွီ၏ အမူအရာကို မကြည့်လိုက်မိပေ။ သူ၏ တိုတိုတုတ်တုတ်အဖြေက သူ၏ အေးစက်စက် အမူအကျင့်လိုပဲဟု ထင်လိုက်ကာ အများကြီး ထပ်မတွေးတော့ပေ။
သူမက ဖမ်းဝမ်ကို ထပ်ကြည့်လိုက်သည်။ “ခေါင်းဆောင်ဖမ်း၊ ဒီဝံပုလွေအသားက တန်ဖိုးမရှိဘူးလို့ ထင်သေးလား။”
“မထင်ဘူး၊ လုံးဝ မထင်တော့ဘူး။ ဒီအသားခြောက်က မြို့တော်မှာတောင် ဈေးကောင်းရမှာ သေချာတယ်။”
ဖမ်းဝမ်သည် သူ့အပေါ်ကျလာမည့် မရေမတွက်နိုင်သော ငွေဒင်္ဂါးများကို ကြိုမြင်ယောင်နေမိသည်။
“ကောင်းပြီ၊ ဒီဝံပုလွေအသားတွေ အကုန်လုံးကို ဒီနည်းအတိုင်း အသားခြောက်လုပ်ပြီး မြို့မှာရောင်းဖို့ ယူသွားကြရအောင်။
ပြီးတော့ နေရောင်လေး ကောင်းနေတုန်း အဲ့ဒီ ဝံပုလွေအရေခွံတွေကိုလဲ နည်းနည်းအခြောက်ခံလိုက်ပါဦး။ ကောင်းကောင်းလုပ်မယ်ဆိုရင် အပိုငွေလေး နည်းနည်းပါးပါး ရနိုင်မယ်ထင်တယ်”
ဟဲကျစ်ယန်က ဗဟုသုတ ကြွယ်ဝစွာ ပြောသည်ကို ကြားလိုက်သောအခါ ဖမ်းဝမ်သည် သူမအား ပိုလေးစားသွားရ၏။
ဤအမျိုးသမီး၏ ခေါင်းသေးသေးလေးထဲတွင် အကြံဉာဏ်တွေ အများကြီး ဘယ်လိုထည့်ထားလဲ သူ တကယ် နားမလည်နိုင်ပေ။
“ကောင်းပြီ မင်းပြောတဲ့အတိုင်း လုပ်လိုက်မယ်။”
ဖမ်းဝမ်သည် ထွက်သွားရမည့်အစား ထိုနေရာတွင်ပဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေခဲ့သည်။ ဤအရသာရှိသော အသားခြောက်ကို သူအရင် ဗိုက်ဖြည့်ထားရပေမည်။
ဝံပုလွေသားတွေ ဒီလောက်အများကြီးရှိတာ သူနည်းနည်းလေး စားမိတာ ဘာမှမဖြစ်ပါဘူး ...။
ဖမ်းဝမ်သည် စားနေရင်း တစ်ခုခုကို သတိရသွားသည့်ပုံပင်။ ချက်ချင်းလှည့်ကာ ပြေးတော့သည်။
သူပြန်ရောက်လာသောအခါ ဘူးသီးခြောက် ဝိုင်တစ်လုံးကို သေသေချာချာ ပွေ့လာခဲ့သည်။
သူသည် ဝိုင်ဘူးကို ဖွင့်လိုက်ပြီး ကိုယ်တိုင်မသောက်ဘဲ မော့ကျိုးယွီကို လှမ်းပေးလိုက်သည်။
“ဒီလောက်အရသာရှိတဲ့ အသားခြောက်ကို ဝိုင်မပါဘဲ ဘယ်လိုလုပ်စားနိုင်မှာလဲ။ မင်း အရင်သောက်ပါ။”
စစ်တပ်ထဲတွင် မော့ကျိုးယွီသည် အရာရှိများ စစ်သည်များနှင့်အတူ အသားများစားကာ ပါးစပ်အပြည့် ဝိုင်များ သောက်ခဲ့ဖူးပေသည်။
ထိုခံစားချက်ကို သတိရသွားသောကြောင့် သူသည် ဝိုင်ဘူးကို မငြင်းပယ်ဘဲ လက်ခံလိုက်ကာ သောက်ဖို့ပြင်လိုက်သော်လဲ ဟဲကျစ်ယန်က သူ့ကို တားလိုက်၏။
“ရှင့်ဒဏ်ရာတွေ မပျောက်သေးဘူး။ အရက်သောက်လို့ မရဘူး။”
သူမ၏ စကားကြောင့် မော့ကျိုးယွီသည် ဝိုင်ဘူးကို မော့ဖို့ ကြံနေရင်း လက်မှာ လေထဲတွင် အေးခဲသွားရသည်။
သို့သော် သူသည် ချက်ချင်းပဲ ဝိုင်ဘူးကို ဖမ်းဝမ်ဆီ ပြန်ပေးလိုက်၏။
“ကျွန်တော်မိန်းမပြောတာ မှန်တယ်။ ဒဏ်ရာရထားတာဆိုတော့ မသောက်သင့်သေးဘူး။”
ဖမ်းဝမ်သည် သူတို့အား ရယ်ချင်စွာကြည့်လိုက်ပြီး အဓိပ္ပါယ်အပြည့်ဖြင့် စနောက်လိုက်သည်။
“ငါတို့ရဲ့ ဂုဏ်သိက္ခာရှိတဲ့ ဝန်ကြီးက ဇနီးလေးကို ဒီလောက်ကြောက်ရမယ်လို့ မထင်ထားဘူး။”
မော့ကျိုးယွီသည် ဖမ်းဝမ် စနောက်နေမှန်း သိသော်လဲ လေးလေးနက်နက် ပြန်ပြောလိုက်သည်။ “စကားတွေ သတိထားပါ အရာရှိကြီး။ ကျွန်တော်က အခု ပြည်နှင်ဒဏ်ကျထားတဲ့ အပြစ်သားပါ၊ ဝန်ကြီး မဟုတ်တော့ပါဘူး။”
ဖမ်းဝမ်သည်လည်း သူ့စကားများက အနည်းငယ် မလျော်ကန်ကြောင်း နားလည်လိုက်သည်။
“ဒီလိုဆိုမှတော့ ငါ မင်းကို ဝန်ကြီးလို့မခေါ်တော့ဘူး။ မင်းလဲ ငါ့ကိုအရာရှိလို့ မခေါ်နဲ့တော့။ မင်း စိတ်ထဲမထားဘူးဆိုရင် ငါ့ကို အစ်ကိုဖမ်းလို့သာခေါ်ပါ”
မော့ကျိုးယွီက ဇဝေဇဝါဖြစ်မသွားပေ။ သူသည် ဖမ်းဝမ်၏ အကျင့်စရိုက်ကို တိတ်တခိုး အသိအမှတ်ပြုပေသည်။
“အစ်ကိုဖမ်း”
ဖမ်းဝမ်သည် ဝိုင်ကို အလုတ်ကြီး တစ်လုတ် သောက်ပြီးမှ လက်သီးဆုပ်လိုက်၏။ “ဟားဟား .. ကောင်းတယ်။ အခုကစပြီး မင်းကငါ့ရဲ့ ညီလေးမော့ပဲ၊ မိန်းကလေးဟဲကတော့ ငါ့ခယ်မလေးပေါ့။”
အရာရှိအဖွဲ့၏ ခေါင်းဆောင်နှင့် ရင်းနှီးသော ဆက်ဆံရေးရှိဖို့က ဟဲကျစ်ယန် မျှော်လင့်နေသည့်အရာပင်။
သူမသည် အသားကင်ကို ပိုပြီး စိတ်ပါလက်ပါ ကင်ပေးလိုက်သည်။
သင်းပျံ့နေသော မွှေးရနံ့ကြောင့် မရီးများနှင့် မော့ဟန်ယွဲ့တို့လဲ ရောက်လာကြသည်။ ဟဲကျစ်ယန်သည် သူမတို့အား ဖိတ်ခေါ်ကာ အသားခြောက်ကို မြည်းစမ်းခိုင်းလိုက်သည်။
သူမတို့သည် တစ်လုတ် စားပြီးသည်နှင့် မရပ်တန့်နိုင်ကြတော့ပေ။
အသားခြောက်မှာ အလွန်အရသာရှိလှပြီး ပြည်နှင်ဒဏ်ပေးခံရသည့် လမ်းခရီးတွင် မဆိုထားနှင့်၊ မြို့တော်တွင် ရှိနေသည့်အချိန်တုန်းကပင် ဤမျှ မွှေးကြိုင်ပြီး အရသာစုံသော အသားခြောက်ကို မစားခဲ့ဖူးပေ။
မရီးများသည် ဟဲကျစ်ယန်တစ်ယောက်ထဲ လုပ်နေရသည်ကိုကြည့်ကာ စိတ်မကောင်းဖြစ်သွားကြ၏။ သူမ၏ အသားခြောက်ကင်သည့်နည်းကို သေချာလေ့လာသင်ယူပြီးနောက် သူမနေရာတွင် ဝင်လုပ်ပေးကြတော့သည်။
အရသာရှိသော အသားခြောက်ကို မြည်းစမ်းကြည့်သူတိုင်း မချီးကျူးဘဲ မနေနိုင်ကြပေ။
ဝမ်းသာအားရဖြစ်နေသော ဟဲကျစ်ယန်သည် ယနေ့ အသားခြောက်များကို အကန့်အသတ်မရှိ စားကြမည်ဟု ကြေငြာလိုက်သည်။
ပစ္စည်းများက အကန့်အသတ်နှင့်သာ ရှိသောကြောင့် ညဘက်သို့ရောက်ချိန်တွင် အသား၏ သုံးပုံ တစ်ပုံသာ အခြောက်ခံနိုင်သေးသည်။
သခင်မကျောက်သည် ဝံပုလွေသားက အကြာကြီးထားလိုက်လျှင် သိုးသွားမည်ကို စိတ်ပူမိပြီး သူမ၏ အမျိုးသမီးများနှင့် ထိုတစ်ညလုံး လုပ်ကိုင်ရန် တာဝန်ယူလိုက်၏။
သခင်မရှဲ့ကလဲ မနက်ဖြန်မနက်တွင် ဖန့်အမျိုးသမီးများ အနားယူပြီး သူမတို့ ဆက်လုပ်မည်ဖြစ်ကြောင်း ပြောလာသည်။
ထိုနှုန်းဖြင့်ဆိုလျှင် အသားခြောက်များက မနက်ဖြန်ည မတိုင်ခင် အကုန်အခြောက်ခံပြီးပေမည်။
ရာသီဥတုက ပူစပ်စပ်ဖြစ်နေသည်။ နယ်ထားသော ဝံပုလွေသားများ ပျက်စီးသွားမည်ကို စိတ်ပူသောကြောင့် ဟဲကျစ်ယန်သည် ထိုအသားများကို မြစ်ကမ်းဘေးသို့ ရွှေ့ထားခိုင်းလိုက်သည်။
ထိုနေရာမှ အပူချိန်သည် အတော်လေးနိမ့်သည်ဖြစ်ရာ အသားများထားဖို့ ပိုသင့်တော်ပေသည်။
အလုပ်ရှုပ်သော နေ့တစ်နေ့အပြီးတွင် သူမတို့ နောက်ဆုံးတော့ အနားယူနိုင်ပြီဖြစ်သည်။
ဆေးကြောပြီးနောက် ဟဲကျစ်ယန်သည် ရွက်ဖျင်တဲလေးဆီသို့ ပြန်လာခဲ့လိုက်သည်။
မော့ကျိုးယွီက ဂရုတစိုက် ပြောလိုက်၏။ “စောစောနားတော့။ မင်း ဒီနေ့ အလုပ်အများဆုံး လုပ်ခဲ့တာပဲ။”
ဟဲကျစ်ယန်သည် မော့ကျိုးယွီက စကားထပ်ပြောဦးမည်ဟု ထင်ခဲ့သော်လဲ နောက်ထပ် ဘာအသံမှ ထွက်မလာတော့ပေ။
သူက မပြောမှတော့ သူမက ပြောရပေမည်။
“လီမိသားစုက မြို့တော်ကို မနက်ဖြန်လောက် ရောက်နိုင်မယ်ထင်တယ်”
“အမ်း၊ သူတို့မြို့တော် ရောက်သွားရင် တဲထဲမှာ သေသွားတဲ့လူက ဘယ်သူဆိုတာ ကိုယ့်ရန်သူတွေဆီ ချက်ချင်း သတင်းရောက်သွားမှာပဲ” မော့ကျိုးယွီ၏ လေသံမှာ အလွန်ပုံမှန်ဖြစ်နေကာ ထိုကိစ္စက သူနှင့် ဘာမှ မသက်ဆိုင်သည့်အလားပင်။
ဟဲကျစ်ယန်သည် သူ့သဘောထားကို နားမလည်ပေ။
“သူတို့ နောက်ထပ် တစ်ယောက်ယောက်ကို ပို့လိုက်မှာ မစိုးရိမ်ဘူးလား။”
“ကိုယ်တို့ ကြိုပြီးကာကွယ်ထားလို့ရတဲ့ အရာမှမဟုတ်တာ” သူသာ ဟဲကျစ်ယန်နှင့်အတူ တစ်နေကုန် အလုပ်ရှုပ်မနေခဲ့ပါက သူလဲ ထိုကိစ္စကို တစ်နေကုန် စဉ်းစားနေမိမှာပင်။
သို့သော် သူမအတွက် အနှောင့်အယှက် မဖြစ်စေချင်သောကြောင့် တမင်တကာ ဘာမှ မဖြစ်သလို နေနေခြင်းပင်။
သူတို့၏ လက်ရှိအခြေအနေအရ ကိစ္စများဖြစ်လာလျှင် သူတို့လုပ်နိုင်သည်မှာ တိုက်ခိုက်ခံရမည့်အရာကို တတ်နိုင်သမျှ တုံ့ပြန်နိုင်ဖို့ပင်ဖြစ်သည်။
သူတို့ဘက်မှ စလှုပ်ရှားဖို့က လုံးဝ မလွယ်ကူပေ။
နောက်ကွယ်က ခေါင်းဆောင်အစစ်ကိုပင် သူတို့ မရှာဖွေနိုင်သေးပေ။
လီရို့အာ သေဆုံးသွားပြီးနောက် ရန်သူတွေ ထပ်တိုက်ခိုက်မှာကို စိတ်ပူစရာမလိုဘဲ နှစ်ရက်လောက် စိတ်အေးလက်အေး ရှိနေခဲ့သည်။
သို့သော် ဟဲကျစ်ယန်က ထိုကိစ္စမျိုးကို ဘယ်တော့မှ မကြောက်ခဲ့ပေ။
မမြင်နိုင်တဲ့ ပြဿနာတွေ ရှိနေသေးတာလား။ လာစမ်းပါစေ။