ယွမ် ၄ သန်းကျော်ပိုင်တဲ့ သူဌေးမကြီး
Vol. 5 Ch. 68
ထို့အပြင် မော့ကျိုးယွီပြောတာလဲ အဓိပ္ပါယ် ရှိပေသည်။ သူမတို့က အလင်းထဲရှိနေချိန်တွင် ရန်သူက ပုန်းကွယ်နေသောကြောင့် တိုပ်ခိုက်လာမှုများကို ကာကွယ်ဖို့က အမှန်တကယ် ခက်ခဲလှသည်။ သူမတို့ လုပ်နိုင်သည်မှာ အချိန်ပြည့် သတိရှိနေပြီး ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေ ရှိနိုင်ဖို့ပင်။
မော့ကျိုးယွီကို ခုခံကာကွယ်နိုင်ဖို့ ပစ္စည်းများ ပိုပေးရန်အတွက် ဟဲကျစ်ယန်သည် ဝံပုလွေများကို သတ်ဖို့ သုံးခဲ့သည့် မြှားများကို မပေးဘဲ သူ့အတွက် မြှားအစုံလိုက်ကို အသစ်ဝယ်ပေးလိုက်သည်။
“ဒါ ရှင့်အတွက်ပဲ။ အရေးကြီးတဲ့အချိန်တွေမှာ အဆင်ပြေနိုင်တာပေါ့”
လက်စွပ်မြှားကို ရပြီးကတည်းက မော့ကျိုးယွီသည် သူ၏ လှပသော လက်နက်ငယ်လေးကို အလွန်သဘောကျသွားခဲ့သည်။
သူက ဟဲကျစ်ယန်ကို လေးလေးနက်နက်ကြည့်လိုက်၏။ “ကျေးဇူးတင်ပါတယ်”
ဤပစ္စည်းလေးက မော့ကျိုးယွီအတွက် အသက်ကယ်လက်နက်ပင်။
အခက်အခဲတွေ ဘယ်လောက်ရှိလာဦးမလဲ ဘယ်သူမှမသိနိုင်ပေ။ လက်ထဲတွင် လက်နက်တစ်ခု ရှိထားခြင်းက အနည်းဆုံးတော့ ခဏတာ ခုခံနိုင်ပေမည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီက ထိုမြှားငယ်လေးများကို ဘယ်ကရသလဲဟု မေးလာမှာ စိတ်ပူနေခဲ့သည်။ ထို့ကြောင့် စကားလမ်းကြောင်းလွှဲရန် သူ့ကို ကျောပေးကာ လှဲချလိုက်တော့သည်။
“ကျွန်မ ပင်ပန်းနေပြီ။ စောစောနားကြစို့။”
မော့ကျိုးယွီ၏ စိတ်ထဲတွင် ထိုမေးခွန်းမျိုး ရှိနေသော်လဲ အဲ့ဒါကို ဖော်ထုတ်လိုက်ဖို့ လောမနေခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုအဆင့်မြင့်လက်နက်မျိုး ဟဲကျစ်ယန် အသုံးပြုသည်ကို သူ မြင်ခဲ့ဖူးပြီးသားပင်။
ဟဲကျစ်ယန်သည် အမှန်တကယ် ပင်ပန်းနေ၏။ သူမသည် စတိုးဆိုင်လေးမှ ရောင်းအားကို သွားရောက်စစ်ဆေးချင်ခဲ့သော်လဲ အိပ်ချင်စိတ်ကို မတွန်းလှန်နိုင်သောကြောင့် ခန္ဓာကိုယ်၏စကားကို အလိုလိုက်ကာ အိမ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားတော့သည်။
…
သေချာပေါက် ခန့်မှန်းထားသည့်အတိုင်းပင် နောက်တစ်နေ့ညမရောက်ခင် အမျိုးသမီးများ၏ ကြိုးစားမှုကြောင့် အသားများအားလုံး အခြောက်ခံပြီးသွားလေသည်။
ဖမ်းဝမ်သည် အားလုံးစားဖို့အတွက် တစ်ချို့တစ်ဝက်ကို ချန်ထားကာ ကျန်သည့်အသားခြောက်များကို မနက်ဖြန်မနက်ပဲ အနီးဆုံးမြို့ဆီ သွားရောင်းရန် ဆုံးဖြတ်လိုက်သည်။
ဟဲကျစ်ယန်သည် သူမလဲ ဖမ်းဝမ်နှင့် ဆွေးနွေးပြီး နောက်တစ်နေ့မနက် မြို့သို့လိုက်ကာ လိုအပ်သော ပစ္စည်းများ ဝယ်ဖို့အတွက် ခွင့်တောင်းရန် အကြံထုတ်နေသည်။
သို့သော် သူမ ပါးစပ်မဟရသေးခင် ဖမ်းဝမ်ဘက်မှ အစပြုကာ ပြောလာခဲ့သည်။
“မိန်းကလေးဟဲ၊ မင်းနဲ့ ညီလေးမော့တို့ မနက်ဖြန် မြို့ကိုလိုက်ခဲ့ချင်ရင် တစ်ခါထဲ လိုက်ခဲ့လို့ရတယ်နော်။”
ဟဲကျစ်ယန်၏ မိသားစုက သူမကို လိုက်ပို့စဉ် ငွေတုံးအတော်များများ ပေးထားခဲ့ကြောင်း သူသိပေသည်။
လက်ထဲတွင် ငွေရှိနေလျှင် ပစ္စည်းများ ဝယ်ခြင်းက ကျိုးကြောင်းဆီလျော်၏။
“ကောင်းပြီ၊ ကျွန်မ မနက်ဖြန်လိုက်ခဲ့ပြီး တချို့ပစ္စည်းတွေ ဝယ်ဦးမယ်” ဟဲကျစ်ယန်က အပြုံးလေးနှင့် ပြောလိုက်သည်။ သူမက ဒီအရာကို မျှော်လင့်နေခဲ့ပြီး အခုတော့ ပြောစရာတောင် မလိုဘဲ အခွင့်အရေးက သူမလက်ထဲ ရောက်လာခဲ့ပြီ။
မော့ကျိုးယွီသည် ဟဲကျစ်ယန်နှင့်အတူ မြို့သို့ လိုက်သွားခဲ့သော်လဲ ပေကျင်းမှ လုပ်ကြံသူများက ဤအချိန်ကိုရွေးကာ တိုက်ခိုက်လာမည်ကို စိတ်ပူမိသည်။ ထိုသို့ဆိုလျှင် ကျန်ခဲ့သည့် အကာကွယ်မဲ့နေသာ အမျိုးသမီးများမှာ အန္တရာယ်ရှိမှာ အသေအချာပင်။
“ကျွန်တော့်မှာ ဒဏ်ရာတွေ ရှိသေးတော့ မလိုက်တော့ပါဘူး။”
ဖမ်းဝမ်သည် အများကြီး မတွေးလိုက်ဘဲ မော့ကျိုးယွီက အမှန်အတိုင်း ပြောနေသည်ဟုသာ ထင်လိုက်သည်။
“ဒါဆို ဒီတိုင်း ဆုံးဖြတ်လိုက်ပြီနော်။ မြို့က အတော်လေး ဝေးသေးတာမို့ မနက်ဖြန်မနက် အာရုဏ်တက်မှာ စထွက်ကြမယ်။”
ဖမ်းဝမ်ထွက်သွားပြီးသောအခါ ဟဲကျစ်ယန်သည် တဲထဲတွင် လှဲနေရင်း နေရာလွတ်ထဲသို့ စိတ်ဖြင့် ဝင်လိုက်သည်။
သူမသည် ဆိုင်၏ အရောင်းကို စစ်ဆေးချင်ရုံသာဖြစ်သည်။ နှစ်ရက်တောင်ရှိနေပြီမို့ တစ်ခုခုတော့ ရောင်းရပြီလောက်ပြီဟု ထင်မိ၏။
ထိုအတွေးဖြင့် ဟဲကျစ်ယန်သည် ဖုန်းစခရင်ကို ဖွင့်လိုက်သည်။ စတိုးရှိ ပစ္စည်းအားလုံး ရောင်းထွက်သွားပြီး သူမ၏ အကောင့်တွင် ယွမ် ၄.၂၅ မီလီယမ် ဝင်နေသည်ကို တွေ့လိုက်ရလေသည်။
အံ့အားသင့်စရာကောင်းသော စပရိုက်ကြောင့် ဟဲကျစ်ယန် အနည်းငယ် တုန်လှုပ်သွားရသည်
ဤအရာက အိမ်မက်တစ်ခု မဟုတ်ကြောင်း သေချာရန်အတွက် ဟဲကျစ်ယန်သည် သူမခြေထောက်ကို ပြန်ဆိတ်ကြည့်လိုက်၏။
နာကျင်မှုက ထိုအရာသည် အမှန်တကယ်ဖြစ်ကြောင်း ပြောပြနေသလိုပင်။
သူမ ထင်ထားခဲ့သည်မှာ ဤမျှ ဈေးကြီးလှသော ရှေးဟောင်းပစ္စည်းများကို တစ်နှစ်အတွင်း အနည်းငယ်လောက် ရောင်းရလျှင်ပင် အဆင်ပြေလှပြီဟု ထင်ခဲ့သော်လဲ ၂ ရက်အတွင်းပင် ပစ္စည်း ၁၉ ခုလုံး ရောင်းထွက်သွားခဲ့လေသည်။
ဟဲကျစ်ယန်သည် ရှေးဟောင်းပစ္စည်းများ ရောင်းရချိန်ကို စစ်ဆေးရန်အတွက် မှတ်တမ်းနေရာကို နှိပ်လိုက်သည်။
ပေါ်လာသည်မှာ ပစ္စည်းအားလုံးကို ဝယ်သွားသူသည် “စုဆောင်းသူလေး” ဟု အမည်ရသည့်လူဖြစ်ပြီး ပထမဆုံးနေ့က ဆံထိုးကိုလဲ သူပဲ ဝယ်သွားခြင်း ဖြစ်သည်။
သေချာသည်မှာ ဤစုဆောင်းသူလေးသည် ပထမဆုံးနေ့က ဈေးအနည်းဆုံး ဆံထိုးကို ဝယ်သွားခဲ့ခြင်းမှာ ရှေးဟောင်းပစ္စည်း စစ် မစစ် စစ်ဆေးချင်သောကြောင့်ပင်။
ငွေဆံထိုးက ရှေးဟောင်းပစ္စည်းဖြစ်ကြောင်း အတည်ပြုပြီးနောက် စုဆောင်းသူလေးသည် အကုန်လုံးကို တစ်ခါထဲဝယ်ကာ ရင်းနှီးမြှုပ်နှံထားဖို့ ဆုံးဖြတ်လိုက်တော့သည်။
ထိုသည်သာမကဘဲ စုဆောင်းသူလေးသည် ရောင်းကုန်အားလုံးအတွက် သုံးသပ်ချက်များကိုလဲ ချန်ထားပေးခဲ့သေးသည်။ အကြောင်းအရာ အများစုမှာ ဈေးနည်းသော်လဲ ပစ္စည်းများက အစစ်အမှန်ဖြစ်သောကြောင့် ရောင်းသူကို များများထပ်တင်ပေးဖို့ တောင်းဆိုထားသော စာများဖြစ်ကြ၏။
ထိုအရာက ဟဲကျစ်ယန်ကို ပျော်ရွှင်သွားစေသည်။ သူမ၏ဆိုင်လေးက အခုမှဖွင့်တာဖြစ်ပြီး ထိုကဲ့သို့သော သုံးသပ်ချက်များက ဧည့်သည်အသစ်များအတွက် အလွန် အထောက်အကူ ဖြစ်ပေသည်။
ယွမ်လေးသန်းကျော်သည် ဟဲကျစ်ယန်အတွက် နည်းနည်းနောနော ပမာဏ မဟုတ်ပေ။
သူမသည် ဤပိုက်ဆံများကို ဘယ်လိုသုံးရမလဲမသိသေးသော်လဲ ပိုက်ဆံတွေ အများကြီးရှိနေလို့ စိတ်ညစ်တဲ့လူတော့ မရှိပေ။
ထို့အပြင် သူမ၏နေရာလွတ်ထဲတွင် နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှ နှိုက်လာသော ပစ္စည်းပေါင်းများစွာ ရှိနေသေးသည်။ သူတို့က အဖိုးတန်သော်လဲ ဟဲကျစ်ယန်အတွက်တော့ သူတို့က နေရာရှုပ်နေခြင်းပင်။
သာမန်ပစ္စည်းများဆိုလျှင် အဆင်ပြေသေးသည် - သူမက အပေါင်ဆိုင်သို့ သယ်သွားကာ ငွေနှင့်လဲနိုင်ပြီး လက်ထဲတွင် ငွေပေါ်လာနိုင်သေးသည်။
သို့သော် ဤပစ္စည်းများအားလုံးသည် နိုင်ငံ့ဘဏ္ဍာတိုက်ထဲမှဖြစ်နေ၏။ သူတို့ကို ထုတ်ပြလိုက်ရုံဖြင့် သူမနှင့် မော့ကျိုးယွီကို စုံစမ်းနေကြသူများကို သဲလွန်စပေးလိုက်သလို ဖြစ်သွားမှာဖြစ်ပြီး အဆမတန် ဆုံးရှုံးသွားရပေမည်။
အခုတော့ အရာအားလုံး အဆင်ပြေနေသည်။ သူမသည် အေးအေးဆေးဆေးပင် ထိုပစ္စညါးများကို ထောင်းပေါင်ဈေးဆိုင်တွင် ရောင်းဖို့တင်ထားလျှင် ဘာပြဿနာမှ မရှိတော့ပေ။ ထိုအရာက သူမ၏ ဆေးရုံနေရာလေးကို ရှင်းသွားစေနိုင်ရုံသာမက သူမလဲ ပိုက်ဆံများစွာ ရနိုင်ပေမည်။
သူမ လောလောဆယ်တွင် ငွေလိုမနေသော်လဲ သွားရမည့်လမ်းက ဝေးသေးပြီး သူမ ဘာတွေကြုံတွေ့လာရမလဲ ဘယ်သူမှ မပြောနိုင်ပေ။
သူမ ပိုက်ဆံ မလိုအပ်ဘဲ အေးအေးဆေးဆေး ရောက်သွားခဲ့လျှင် လိုအပ်သူများအတွက် ပရဟိတအဖွဲ့များကို လှူဖို့ နည်းလမ်းရှာနိုင်သေးသည်။
အတိုချုပ်ရလျှင် သူမ ထိုအရာကို ဘယ်လိုပဲ တွေးနေသည်ဖြစ်စေ၊ ပစ္စည်းများ အောင်မြင်စွာ ရောင်းချနိုင်ခြင်းက ဟဲကျစ်ယန်အတွက်တော့ အလွန်ကောင်းမွန်သောအရာပင်။
ဟဲကျစ်ယန်သည် သံပူနေတုန်း ထုရမည်ဆိုသော စကားပုံကို သေချာနားလည်ပေသည်။ သူမသည် စိတ်ကိုအသုံးချကာ နေရာလွတ်ထဲမှ ပစ္စည်းများစွာကို ရွေးချယ်လိုက်ပြီး ပုံရိုက်၊ ဈေးနှုန်းကပ်ကာ ဈေးဆိုင်တွင် တင်ထားလိုက်သည်။
ယွမ်လေးသန်းကျော် ပိုင်ဆိုင်သော သူဌေးမကြီးသည် သုံးရက်ကြာပြီးနောက် အေးအေးဆေးဆေး အိပ်မောကျသွားခဲ့သည်။
နောက်တစ်နေ့မနက် အာရုဏ်မတက်ခင်တွင် ဟဲကျစ်ယန်သည် ဖမ်းဝမ်နှင့် တခြားအရာရှိနှင့်အတူ ကတိပေးထားသည့်အတိုင်း မြို့သို့ ထွက်ခွာခဲ့ကြသည်။
အသားခြောက်အဖြစ် ပြုလုပ်ပြီးနောက် ဝံပုလွေအသားက နေရာအများကြီးမယူခဲ့ပေ။ သစ်သားလှည်းလေးပေါ်တွင် တောင်ကလေး တစ်လုံးလို စုပုံထားသည်များမှာ ဝံပုလွေသားမွေးများ ဖြစ်ကြသည်။
ဝံပုလွေသားမွေးများမှာ မြင့်မားလွန်းနေသဖြင့် လှည်းကို တွန်းသည့် အရာရှိသည် လမ်းကိုပင် မမြင်ရပေ။ ဖမ်းဝမ်သည် ရွေးချယ်စရာ မရှိတော့ဘဲ လမ်းပြဖို့အတွက် ရှေ့မှ လျှောက်ပေးရတော့သည်။
လွယ်လွယ်ကူကူ ခရီးထွက်နိုင်ရန်အတွက် ဖမ်းဝမ်နှင့် ထိုအရာရှိသည် တစ်နေရာမှ သာမန်လယ်သမား အဝတ်အစားများကိုရှာကာ လဲလှယ် ဝတ်ဆင်လာခဲ့ကြ၏။
အဝေးမှကြည့်လျှင် သူမတို့သုံးယောက်သည် သားကောင်များ ရောင်းချရန် မြို့သို့သွားနေသည့် ပုံမှန်မုဆိုးများလိုပင်ဖြစ်သည်။
နောက်ဆုံးတွင် မနက်ချင်း ချန်အချိန်ကို အနည်းငယ် ကျော်လွန်ပြီးနောက် သူမတို့သည် ဖင်းယွမ်ကောင်တီသို့ ရောက်ရှိလာခဲ့ကြသည်။
လူဦးရေများသောကြောင့်လား မသိပေ၊ ဤနေရာသည် ယွင့်လိုင်ကောင်တီထက် ပိုပြီးစည်ကားသည်ဟု ထင်ရသည်။
ဤခရီး၏ အဓိကရည်ရွယ်ချက်မှာ ဝံပုလွေသားမွေးများနှင့် ဝံပုလွေအသားခြောက်တို့ ရောင်းချရန် ဖြစ်သည်။ ဖမ်းဝမ်သည် သူမတို့အား ဤနေရာတွင်ရှိသော တစ်ခုတည်းသော သားမွေးဆိုင်သို့ ခေါ်ဆောင်သွားလေသည်။
ဝံပုလွေ သားမွေးများကို စစ်ဆေးကြည့်ပြီးနောက် ဆိုင်ရှင်သည် ဖမ်းဝမ် ခန့်မှန်းထားသလိုပင် သားမွေးအရေခွံ တစ်ခုအတွက် ငွေတစ်ချောင်း ပေးလာသည်။
ဖမ်းဝမ်က သဘောတူလိုက်တော့မည့် အချိန်တွင် ဟဲကျစ်ယန်က ရှေ့သို့ တက်လိုက်၏။
“ဆိုင်ရှင်၊ ဒီသားမွေးတွေက သန့်ရှင်းပြီး အခြောက်ခံပြီးသားလေ။ ဝံပုလွေတစ်ကောင်လုံး သယ်လာတဲ့ဈေးနဲ့ ဘာလို့ အတူတူပေးရတာလဲ။”
ဆိုင်ရှင်သည် စကားပြောလာသူက မိန်းမငယ်လေးတစ်ယောက်ဖြစ်သည်ကို တွေ့ပြီး သူမ၏ စကားကို ရိုးရိုးရှင်းရှင်းပဲ ပယ်ချလိုက်သည်။
“မိန်းမငယ်လေးက စီးပွားရေးကို နားမလည်ဘူးပဲ။ ဒီသားမွေး တစ်ချပ်ကို ငွေတစ်ချောင်းပေးတာ ဒါတွေက သန့်ရှင်းပြီးသားတွေ ဖြစ်နေလို့ပဲလေ။”
ထိုစကားကို ကြားသောအခါ ဟဲကျစ်ယန်က အေးအေးဆေးဆေး ပြန်မေးလိုက်သည်။ “ဒါဆိုရင် ဆိုင်ရှင်ရဲ့ စကားအရ ဒီသားမွေးတွေက ဘယ်လိုအချိန်ဆို ဈေးပိုရတာလဲ။”