← Chapters

အကုန်ရောင်းကုန်သွားပြီ

Vol. 5 Ch. 69

အကုန်ရောင်းကုန်သွားပြီ

Vol. 5 Ch. 69

ဟဲကျစ်ယန်က ဖမ်းဝမ်ကို ကြည့်လိုက်သည်။

“အကိုဖမ်း၊ ဘာပဲဖြစ်ဖြစ် ဒီအရေခွံတွေက ဆောင်းရာသီ မရောက်မချင်း ပျက်စီးသွားမှာမှ မဟုတ်တာ၊ ဆောင်းရာသီရောက်မှ ရောင်းကြရင်ရော”

ဖမ်းဝမ်ကလဲ အလွန် လိုက်လျောညီထွေ ရှိပေသည်။ “ကောင်းပြီ၊ ညီမလေး ပြောသလိုပဲပေါ့။”

ဖမ်းဝမ်သည် ထိုသို့ပြောပြီးနောက် ပြန်လည်ထွက်ခွာရန် လက်ဟန်ပြလိုက်သည်။

အရောင်းအဝယ် ပျက်တော့မှာကို မြင်သောအခါ ဆိုင်ရှင်က ချက်ချင်းပင် သူတို့လမ်းကို အပြုံးလေးဖြင့် ပိတ်ရပ်လိုက်သည်။

“လူကြီးမင်းတို့၊ မလောကြပါနဲ့ဦး။ ထပ်ပြီး ဆွေးနွေးကြရအောင်လေ”

“ဆွေးနွေးစရာ မလိုတော့ဘူး။ ဝံပုလွေသားမွေးတွေ ဒီလောက်အများကြီးရဖို့ ငါတို့ အများကြီး ကြိုးစားခဲ့ရတာ။ ဈေးအမြင့်ဆုံးဖြစ်မဲ့အချိန်ကိုပဲ စောင့်ပြီး ရောင်းတော့မှာပေါ့။”

ဖမ်းဝမ်သည် ဆိုင်ရှင်က သူတို့ကို လာတားသောအခါ စိတ်ထဲမှာ ပျော်ရွှင်မိသွားသော်လဲ အပြင်မှာတော့ မရောင်းချင်သည့်ပုံစံ လုပ်လိုက်၏။

စိတ်ပူပန်သွားသော ဆိုင်ရှင်က အလျင်အမြန် အော်လိုက်သည်။ “သားမွေးတစ်ခုအတွက် ဝမ် ၁၀၀ စီပိုပေးပါမယ်။ ဒါက မြင့်လွန်းနေပါပြီဗျာ”

ဟဲကျစ်ယန်က ပြန်လှည့်ကာ ဆိုင်ရှင်ရှေ့သို့ လက်ဝါးကို ဖြန့်ပြလိုက်သည်။

“အပို ဝမ် ၅၀၀ ပေးနိုင်ရင် ရောင်းမယ်။”

“ဝမ် ၅၀၀ က အရမ်းများလွန်းနေပြီ။ ဆောင်းရာသီမှာတောင် ဝံပုလွေသားမွေးက အဲ့လောက် မတန်ဘူးလေ” ဆိုင်ရှင်မှာ မျက်ရည်ကျလုနီးပါးပင်။ ဝမ် ၅၀၀ စီ အပိုပေးရမည်ဆိုပါက သူ့အတွက် အမြတ်က ထက်ဝက်တောင် လျော့ကျသွားလိမ့်မည်ဖြစ်သည်။

“ဒါဆိုလဲ မေ့လိုက်တော့။ ကျွန်မတို့လဲ နောက်ရက်အနည်းငယ်ဆို မြို့တော်ဆီရောက်မှာပဲဟာ။ ဒီဟာတွေကို မြို့တော်မှာ ရောင်းရင် သေချာပေါက် ဈေးကောင်းရမှာပဲ” ဟဲကျစ်ယန်က ပြောကာ ထွက်သွားရန် ပြင်လိုက်သည်။

ဆိုင်ရှင်သည် အလွန်အမင်း ပျာယာခတ်သွား၏။

“ကောင်းပြီ၊ သားမွေးတစ်ခုကို ငွေတစ်ချောင်းခွဲပေါ့။ ငါ အကုန်လုံး ယူမယ်။”

သူ့ရဲ့ အမြတ်အစွန်းက နည်းသွားပေမဲ့ လုံးဝ အမြတ်မရတာထက်စာရင်တော့ တော်သေးသည်။

ဖမ်းဝမ်သည် ဟဲကျစ်ယန်က အခုလေးတင် အပို ငွေချောင်း ၂၅ ချောင်းရအောင် ညှိယူနိုင်ခဲ့သဖြင့် အလွန်အံ့အားသင့်သွားရသည်။

သူက သူမအား တိတ်တိတ်လေး လက်မထောင်ပြလိုက်သည်။

ဝံပုလွေသားမွေးများကို သစ်သားလှည်းပေါ်မှ အလျင်အမြန် ချလိုက်ပြီးနောက် သံအိုးကြီးများတွင် ထည့်ထားသော ဝံပုလွေအသားခြောက်များ ပေါ်ထွက်လာလေသည်။

ဆိုင်ရှင်က စိတ်ဝင်စားစွာ မေးလိုက်၏။ “ညီအကို၊ ဒါတွေက ဘာတွေလဲ”

ပိုက်ဆံအပိုရသဖြင့် ဖမ်းဝမ်သည် စိတ်ကောင်းဝင်နေကာ ဆိုင်ရှင်ကို အသားခြောက် တစ်ခု ပေးလိုက်သည်။

“ဆိုင်ရှင်၊ ‌မြည်းကြည့်ပါ။ ဒါက ဝံပုလွေအသားခြောက်လေ။”

“ဝံပုလွေအသားခြောက်လား” ဆိုင်ရှင်သည် စီးပွားရေးလုပ်တာ နှစ်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လဲ ဒီလိုအရာမျိုးကို ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။

သူသည် ဖမ်းဝမ် ပေးသော အသားခြောက်ကိုယူကာ သတိထားပြီး ကိုက်လိုက်သည်။

တစ်ကိုက် ကိုက်ပြီးသည်နှင့် သူ ဆက်မစားဘဲ မနေနိုင်တော့ပေ။

“အရသာရှိပြီး ဝါးလို့ကောင်းတယ်။ ဝါးလေလေ ပိုမွှေးလာလေလေပဲ။”

မြို့ကိုလာသည့်လမ်းတွင် ဟဲကျစ်ယန်သည် သူမတို့ ယူလာသည့် အသားခြောက်များက များပြားလွန်းသဖြင့် ဈေးထဲတွင် လက်လီထိုင်ရောင်းနေလို့ အဆင်မပြေဘူးဟု ပြောပြ‌ခဲ့သည်။ လက်ဖက်ရည်ဆိုင် သို့မဟုတ် စားသောက်ဆိုင် တစ်ခုကို ရှာကာ ဈေးညှိပြီး အကုန်လုံး ရောင်းချနိုင်ခြင်းက အကောင်းဆုံး ဖြစ်သည်။

ထို့ကြောင့် သားမွေးဆိုင်ပိုင်ရှင်က အသားခြောက် ဘယ်လိုကောင်းကြောင်း အဆက်မပြတ် ချီးကျူးနေသော်လဲ သူတို့က သူ့ကိုခွဲရောင်းပေးဖို့ စိတ်ကူးမရှိကြပေ။ ဆိုင်ရှင်က အရမ်းကြိုက်နေသည်ကို မြင်သောအခါ ဖမ်းဝမ်သည် သူ့အား အနည်းငယ် ထပ်ပေးလိုက်၏။

ငွေချောင်းများ လက်ခံရရှိပြီးနောက် ဖမ်းဝမ်နှင့် လူများသည် ပြန်လည်ထွက်ခွာလာသော်လဲ သူတို့နောက်မှ ဆိုင်ရှင်က လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။

“လူကြီးမင်း၊ ခဏလေး စောင့်ပါဦး။”

“ကိစ္စရှိသေးလို့လား”

ဆိုင်ရှင်က သူတို့ဆီ လျှောက်လာပြီး ပါးစပ်ကလဲ နားရွက်တက်ချိတ်မတတ်ပင်။

“ညီအကို၊ ဒီဝံပုလွေ အသားခြောက်တွေကလဲ ရောင်းဖို့ပဲလား”

“သေချာပေါက် ရောင်းဖို့ပဲပေါ့။ ဒါပေမဲ့ ငါတို့ ခွဲမရောင်းချင်ဘူး” ဖမ်းဝမ်က ပြန်ဖြေလိုက်သည်။

သူစကားပြောလို့ မဆုံးခင်ဘဲ ပိုးဘရိုကိတ်ဝတ်ထားသော အသက်သုံးဆယ်ခန့် လူတစ်ယောက်သည် ဆိုင်ထဲမှ ထွက်လာခဲ့သည်။

ထိုလူက ယပ်တောင်တစ်ချောင်းကို ဟန်ပါပါကိုင်ထားပြီး သူတို့အနီး ချည်းကပ်လာသည်နှင့်အမျှ သူ့ကိုယ်သူ သိမ်မွေ့သောအမူအရာရှိသည်ဟု ယုံကြည်နေသည်။

“ချွေ့ဆိုတာ ကျွန်တော်ရဲ့ မထိုက်တန်တဲ့ နာမည်လေးပါ။ သုံးရက်အတွင်း ဒီအနီးနားကောင်တီတွေက ကဗျာပညာရှင်တွေပါ တက်ရောက်မဲ့ စုဝေးပွဲကြီးတစ်ခု ကျင်းပဖို့ ကျွန်တော် စီစဉ်ထားတယ်။ ဒီဝံပုလွေအသားခြောက်ကို သတိထားမိလို့ ဒါလေးက ‌သရေစာကောင်းဖြစ်မယ်လို့ ထင်မိပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် တချို့တလေ ဝယ်ယူချင်ပါတယ်။”

ဖမ်းဝမ်သည် ဤလုပ်ငန်းအလားအလာအတွက် ဟဲကျစ်ယန်ကိုသာ ကြည့်လိုက်သည်။

ဟဲကျစ်ယန်သည် ဤဝံပုလွေအသားခြောက်များက ဝယ်လိုအားရှိမည်ဖြစ်ကြောင်း သိထားပြီးသားပင်။

“လူကြီးမင်းချွေ့၊ ကျွန်မတို့ရဲ့ အသားကို နည်း‌နည်းလေးဆို မရောင်းနိုင်ဘူး။ ရှင်သာ အကုန်လုံးဝယ်မယ်ဆိုရင် ကျွန်မတို့ ဈေးညှိပေးလို့ရတယ်။”

လူကြီးမင်းချွေ့သည် လှည်းပေါ်မှ အသားခြောက်ပမာဏကိုကြည့်ကာ ပြန်ဖြေလိုက်၏။ “ပြဿနာမရှိဘူး”

ထိုစကားကြောင့် ဟဲကျစ်ယန်သည် တုံ့ဆိုင်းမနေတော့ဘဲ ဈေးကို တစ်ခါထဲပြောလိုက်တော့သည်။ “ဒီအသားခြောက်အားလုံးအတွက် တစ်ကျင်းကို ဝမ်သုံးရာနှုန်းပဲ”

(ကျင်း - အလေးချိန် တိုင်းရာတွင် သုံးသည့်စကေး)

“တစ်ကျင်းကို ဝမ်သုံးရာ။ မိန်းကလေး မင်းက ငါတို့ကို ဓားပြတိုက်နေတာပဲ” ဆိုင်ရှင်မှာ ဈေးကို မယုံကြည်နိုင်ဖြစ်သွားရ၏။

ဆိုင်ရှင်တင်သာမဟုတ် ဖမ်းဝမ်သည်လည်း အံ့အားသင့်သွားရသည်။

အသားက အလွန်အရသာရှိနေသောကြောင့်သာ မဟုတ်ပါလျှင် သူတို့ သေချာကြိုတင်ပြင်ဆင်ပြီး ဈေးထဲ သွားရောင်းချလျှင်ပင် ထိုဈေးလောက်တော့ မရနိုင်ပေ။

ဒီမိန်းကလေးက တကယ်ကြီး ဝမ်သုံးရာနှုန်း တောင်းချလိုက်တာပဲ။

ဟဲကျစ်ယန်၏ဈေးမှာ ညှိနှိုင်းလို့ ရသော အချက်များ ပါဝင်နေသည် - ထိုဈေးက တစ်ခွန်းဈေး မဟုတ်သောကြောင့် တစ်ဖက်လူက သေချာပေါက် ဈေးလျှော့ပေးဖို့ ပြောမှာပင်။

သို့သော်လဲ သူမဘက်က စလျှော့ပေးလိုက်ဖို့တော့ လုံးဝ မဖြစ်နိုင်ပေ။

“အသားခြောက် တစ်ကျင်းလုပ်ဖို့ ဝံပုလွေအသားစိမ်း ငါးကျင်းလောက် သုံးရတာ။ ဒီဝံပုလွေတွေက ကျွန်မမိသားစု အသက်နဲ့ရင်းပြီး တိုက်ခိုက်ခဲ့ရတာတွေပဲ။ ပြီးတော့ အသားခြောက်ကို ပြုလုပ်ရတဲ့အဆင့်တွေကလဲ များတယ်၊ ဒီဈေးက သင့်တော်တယ်လို့ ထင်တာပဲ”

“အသားခြောက် တစ်ကျင်းအတွက် ဝံပုလွေအသား ငါးကျင်း လိုအပ်တယ်ဆိုရင်တောင်မှ တစ်ကျင်းကို ဝမ် ၃၀၀ တော့ မတန်ဘူးလေ” ဆိုင်ရှင်က ပြန်ပြောလိုက်သည်။

လူကြီးမင်းချွေ့ကလဲ သဘောတူညီသည်။ “အမှန်ပါပဲ၊ တစ်ကျင်းကို ဝမ်သုံးရာကတော့ အရမ်းဈေးများလွန်းတယ်။”

နှစ်ယောက်လုံးက ဈေးများလွန်းသည်ဟု ထင်နေကြသောကြောင့် ဖမ်းဝမ်သည် ဤအရောင်းအဝယ်က လွဲချော်သွားတော့မည်ဟု ခံစားလိုက်ရ၏။

စိတ်ပူသွားသောကြောင့် သူသည် ဟဲကျစ်ယန်ကို တိတ်တဆိတ် လှမ်းကြည့်ကာ ဈေးလျှော့ပေးဖို့ အရိပ်အမြွက်ပြလိုက်သည်။

သို့သော် ဟဲကျစ်ယန်က ဖမ်းဝမ်ကို လျစ်လျှူရှုကာ ဆိုင်ရှင်နှင့် လူကြီးမငိးချွေ့တို့ကို ပြန်ပြောလိုက်သည်။

“ရှင်တို့နှစ်ယောက်လုံး အသားခြောက်ကို ‌မြည်းကြည့်ပြီး အရာသာကို သဘောကျလို့ ဝယ်ချင်တာလို့ထင်ပါတယ်”

တစ်ဖက်လူက မငြင်းဆန်တာကို တွေ့သောကြောင့် ဟဲကျစ်ယန်က ဆက်ပြောလိုက်သည်။

“ဒီအသားခြောက် လုပ်တဲ့နည်းက ကျွန်မရဲ့ မိသားစု လက်ဆင့်ကမ်းလာတဲ့ လျို့ဝှက်နည်းပဲ။ ဒီလောက် အရသာရှိတဲ့ အသားခြောက်မျိုး ရှင်တို့ ဘယ်မှာမှ ဝယ်လို့မရဘူးလို့ ကျွန်မယုံကြည်တယ်။

လူကြီးမင်းချွေ့၊ ရှင်က ကဗျာစုဝေးပွဲ ကျင်းပမှာဆိုတော့ ‌တက်ရောက်လာသူတွေက ထင်ရှားပြီး ဩဇာညောင်းတဲ့လူတွေ ဖြစ်မှာ သေချာတယ်။

ရှင်သာ သူတို့ကို ဒီလောက် အရသာရှိတဲ့ အသားနဲ့ ဧည့်ခံနိုင်ရင် ရှင့်အတွက် မထင်မှတ်ထားတဲ့ အကျိုးသက်ရောက်မှုတွေ ရမှာ သေချာတယ်”

ဟဲကျစ်ယန်၏ စကားလုံးများမှာ လူကြီးမင်းချွေ့၏ စိတ်နှလုံးကို သွားထိ‌လေသည်။

အကြိမ်အနည်းငယ် တွန့်ဆုတ်နေပြီးနောက် သူက ပြောလိုက်သည်။ “တစ်ကျင်းကို ဝမ် ၂၀၀ ဆိုရင် ကျွန်တော် အကုန်လုံး ယူပါမယ်။”

ဟဲကျစ်ယန်၏ ခန့်မှန်းချက်အရ၊ အသားအတွက် လက်ခံနိုင်သည့် အနိမ့်ဆုံးဈေးမှာ တစ်ကျင်းကို ၁၅၀ ဝမ်ဖြစ်သည်။ ပေးလာသောဈေးက ဝမ် ၂၀၀ ဖြစ်သောကြောင့် သူမ စိတ်ထဲ တိတ်တိတ်လေး ပျော်သွားရသည်။

သို့သော် သူမ၏ ပျော်ရွှင်မှုကို ဖော်မပြဘဲနှင့ ဟဲကျစ်ယန်သည် အနည်းငယ် တုံ့ဆိုင်းသွားကာ စဉ်းစားနေသည့်ဟန် လုပ်လိုက်၏။

သူမ တွေးနေသည့်ပုံကိုမြင်ကာ လူကြီးမင်းချွေ့က ထပ်ပြောလိုက်သည်။

“တစ်ကျင်းကို ဝမ် ၂၀ ထပ်တိုးပေးမယ်၊ ဒီထက်တော့ ကျွန်တော် မပေးနိုင်တော့ဘူး။”

ဟဲကျစ်ယန်သည် မဆုံးဖြတ်နိုင်သော ပုံစံဖြင့် ဖမ်းဝမ်ကို လှည့်ကြည့်လိုက်သည်။

“အကိုဖမ်း၊ ကျွန်မတို့ ဒီဈေးကို သဘောတူလိုက်ရမလား။”

ဖမ်းဝမ်ကလဲ ဟန်ဆောင်ကောင်းလှသည်။ နာကျင်နေသော အမူအရာဖြင့် သူပြောလိုက်၏။ “ဒါဆိုလဲ တစ်ကျင်းကို ဝမ် ၂၂၀ ပဲပေါ့။ ဒီအသားခြောက်တွေ အကုန်ရောင်းကုန်ရင် အိမ်စောစော ပြန်လို့ရတယ်လေ။”

ထိုအခါမှသာ ဟဲကျစ်ယန်သည် လူကြီးမင်းချွေ့ကို တွန့်ဆုတ်စွာ ကြည့်လိုက်သည်။

“အကိုကြီးက သဘောတူမှတော့ ကျွန်မ ဘာမှ မပြောနိုင်တော့ပါဘူး။ တစ်ကျင်းကို ဝမ် ၂၂၀ ပေါ့။”

ဆိုင်ရှင်က လူများကိုခေါ်ကာ အသားခြောက်များ ချိန်တွယ်ခိုင်းလိုက်သည်။

ဝံပုလွေ အသားခြောက်သည် စုစုပေါင်း ၁၆၈ ကျင်းရှိကာ ဈေးနှုန်းအားဖြင့် ငွေချောင်း ၃၆ ချောင်းနှင့် ၉၈၀ ဝမ်ဖြစ်သည်။

လူကြီးမင်းချွေ့က ဟဲကျစ်ယန်အား ငွေချောင်း ၄၀ ပေးလိုက်သည်။

ဖမ်းဝမ်အတွက်တော့ ဘယ်သူမှမလိုချင်သည့် ဝံပုလွေသားများကို ငွေချောင်း ၄၀ ဖြင့် ရောင်းချနိုင်ခြင်းမှ ပိုက်ဆံ အလကား ကောက်ရလိုက်သလိုပင် ဖြစ်သည်။

All Chapters