← Chapters

ဆိုးအတူ ကောင်းအတူ

Vol. 6 Ch. 88

ဆိုးအတူ ကောင်းအတူ

Vol. 6 Ch. 88

ရွာသူကြီးလျိုနှင့် ရွာသားများက စကားပြောနေကြပြီး ခြေသံများနှင့် ငိုကြွေးသံများက နီးသထက်နီးလာသည်။

ထိုရွာသားများသည် တောင်ချိုင့်တစ်ဖက်မှ မီးရောင်ကို မြင်လိုက်ရသောအခါ ရွာသူကြီးလျို လမ်းပြသည့်နောက်မှ လိုက်လာကြသည်။

သိပ်မကြာခင်ပင် မှောင်မဲပြီး မိုးသည်းထန်စွာ ရွာနေသောညတွင် လူတစ်စု၏ ပုံရိပ်ကို ခပ်ဝါးဝါး မြင်တွေ့လာရသည်။ သေချာကြည့်မည်ဆိုလျှင် ထိုလူများကို ဦးဆောင်လာသူမှာ ရွာသူကြီးလျိုပင်။

ဖမ်းဝမ်က ကျယ်လောင်စွာ အော်လိုက်သည်။ “ရွာသူကြီးလျို၊ တောင်အောက်က အခြေအနေတွေ ဘယ်လိုဖြစ်သွားပြီလဲ”

ရင်းနှီးနေသော အသံကိုကြားလိုက်သောအခါ ရွာသူကြီးလျိုသည် သွားနေသည့်အရှိန်ကို မြှင့်လိုက်သည်။ ကောင်းကောင်းတောင် မရပ်နိုင်သေးဘဲ ငိုသံပါကြီးနှင့် ပြန်ပြောလိုက်သည်:

“ဒါတွေအားလုံး ကျွန်တော် ခင်ဗျားရဲ့ စကားကို နားမထောင်ခဲ့လို့ပါ။ အခု ရွာက ရေကြီးမှုနဲ့ အကုန်ပါသွားပြီ။ လွတ်လာတာ ရွာသားအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းတောင် မရှိတော့ဘူး”

ပြောရင်းနှင့် ရွာသူကြီးလျိုသည် မထင်မှတ်ထားစွာ မျက်ရည်များ ကျလာပြီး သူ့ကြည့်ရသည်မှာ အလွန်သနားစရာ ကောင်းနေပေတော့သည်။

သူ့နောက်မှ ရွာသားများလဲ အကျယ်ကြီး အော်ငိုနေကြသည်။

ရွာသားအားလုံးသည် ဂူကြီးရှေ့တွင် စုလိုက်ကြပြီး စုစုပေါင်း ၄၀ ၅၀ လောက်သာ ရှိတော့သည်။

ထို့အပြင် အများစုမှာ လူငယ်များ ဖြစ်ကြပြီး လူကြီးများ၊ အားနည်းသူများ၊ မိန်းမများနှင့် ကလေးများမှာ အလွန်နည်းပါးသော အရေအတွက်သာ ရှိသည်။

တွေးကြည့်စရာပင်မလိုတော့ဘဲ ထိုတောင်ပေါ်သို့ အတူတူ တက်မလာနိုင်သူများမှာ သေဆုံးသွားပြီဖြစ်သည်။

ရေကြီးမှုကြောင့် လူတွေ ဒီလောက် အများကြီး သေဆုံးသွားသည်ကို မြင်လိုက်ရသောအခါ ဖမ်းဝမ်နှင့် မော့ကျိုးယွီတို့ ဝမ်းနည်းမှု လှိုင်းလုံးကြီးကို ခံစားလိုက်ကြရသည်။

စကားပုံက တကယ်မှန်ကန်၏ - လွှမ်းမိုးလာသောရေသည် သနားညှာတာခြင်း ကင်းမဲ့သည်။

ဤအချိန်က နောင်တရနေရမည့် အချိန်မဟုတ်ပေ။ ဖမ်းဝမ်သည် သု့မျက်လုံးကို ပွတ်လိုက်ကာ ချက်ချင်းပဲ ဆုံးဖြတ်ချက် ချလိုက်သည်။

မိန်းကလေးများက မော့မိသားစုဂူတွင် နေရမည်။ သူကတော့ အရာရှိများနှင့်အတူ အကျဉ်းသားများရှိသည့် အကြီးဆုံးဂူတွင် နေမည်ဖြစ်သည်။ သူတို့၏ အခုလက်ရှိဂူကိုတော့ ရွာသားများ နားခိုဖို့ပေးမည်ပင်။

ဤနည်းဖြင့် လူပိုကြပ်သွားနိုင်သော်လဲ ဘယ်နေရာမှ သွားစရာမရှိသဖြင့် ဤရွာသားများကို ဒီတိုင်းကြည့်မနေနိုင်ပေ။

အကုန်လုံး စီစဉ်ပြီးသောအခါ မော့ကျိုးယွီနှင့် ဟဲကျစ်ယန်တို့သည် ရွာသားများဆီသို့ မီးသွေးများသယ်သွားပေးသည်။ အဝတ်အစားများကို အခြောက်ခံစေသည်။

အစားအစာအတွက်တော့ သူမတို့ အခုထိ အဖြေမရှာနိုင်သေးပေ။

မော့ကျိုးယွီနှင့် ဟဲကျစ်ယန်သည် ရွာသူကြီးလျိုကို မီးသွေးများ ပေးပြီးချိန်တွင် ရွာသားများကြားထဲမှ ငိုသံကြီး ထွက်လာသည်ကို ကြားလိုက်ရသည်။

“ရွာသူကြီးလျို၊ ကျွန်မမိသားစုက လီထျယ်ကျူး မူးလဲသွားပြီ။ ကျွန်မ ဘာလုပ်ရမလဲ။ ကျွန်မတို့ ရွာရဲ့ သမားတော်ကလဲ ရေကြီးတဲ့ထဲ မျောပါသွားပြီ။ ဘယ်သူများ ငါ့ရဲ့ ထျယ်ကျူးကို ကုသပေးနိုင်လဲ ...”

ထိုအသံကို ကြားသောအခါ ဟဲကျစ်ယန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြေးသွားလိုက်၏။

“ကျွန်မ ဆေးပညာ ကျွမ်းကျင်ပါတယ်။ တစ်ချက်လောက် ကြည့်ပါရစေ”

စိတ်အားထက်သန်စွာ စေတနာ့ဝန်ထမ်းလုပ်လာသူက ငယ်ရွယ်သော အမျိုးသမီးတစ်ယောက် ဖြစ်နေသည်ကိုမြင်သောအခါ ရွာသူကြီးလျို၏ စိတ်ထဲ အနည်းငယ် သံသယဖြစ်သွားမိသည်။

ဤမျှ ငယ်ရွယ်သော မိန်းကလေးက ဆေးပညာအကြောင်း နားလည်လိမ့်မည်ဟု သူ လုံးဝ မယုံကြည်ပေ။

ဖမ်းဝမ်သည် သူ၏ တုံ့ဆိုင်းနေမှာကို တစ်ချက်တည်းဖြင့် နားလည်လိုက်၏။

“ရွာသူကြီးလျို၊ ဒီမော့အမျိုးသမီးက တော်ရုံတန်ရုံ သမားတော်မျိုး မဟုတ်ဘူး။ သူမကို နတ်ဆေးသမားတော်လို့ ခေါ်မယ်ဆိုရင်တောင် အဲ့ဒါ မလွန်ဘူး။”

ဖမ်းဝမ်က သူမကို နတ်ဆေးသမားတော်အဖြစ် အမွှမ်းတင်လိုက်ခြင်းကို ဟဲကျစ်ယန် ပြန်ဖြေရှင်းနေဖို့ အချိန်မရှိပေ။

သူမသည် ရွာသူကြီးလျိုကို အမြန်ဆော်ဩလိုက်သည်။ “ဒီအခြေအနေက အရမ်းအရေးကြီးတယ်။ နောက်ထပ် တုံ့ဆိုင်းမနေနဲ့တော့” ယခု လူနာ၏ အခြေအနေကို သေချာမသိရသေးသောကြောင့် ကုသမှု နှောင့်နှေးနေခဲ့ပါက အသက်တစ်ချောင်း ဆုံးရှုံးသွားနိုင်သည်။

ရွာသူကြီးလျိုသည် ဖမ်းဝမ်၏စကားကို အလွန်ယုံကြည်သည်။ သူသည် ချက်ချင်းပင် ဟဲကျစ်ယန်က လီထျယ်ကျူး၏ အခြေအနေကို စစ်ဆေးပေးနိုင်ရင် နေရာတစ်ခု ဖယ်ပေးခိုင်းလိုက်သည်။

မီးရောင်အောက်တွင် ဟဲကျစ်ယန်သည် ရွာသားကို စစ်ဆေးကြည့်လိုက်သည်။ သိပ်မကြာခင်ပဲ သူမ လေးအေး တစ်ချက် ရှူရှိုက်မိသွား၏။

လီထျယ်ကျူး၏ လည်ပင်း တစ်ခြမ်းက ဖောင်းကားနေရုံသည်ကို မြင်နေရသည်။

ပထမဆုံး သူမစိတ်ထဲ ရောက်လာသည်မှာ ပလိပ်ကပ်ရောဂါပင်။

ဟဲကျစ်ယန်သည် ရွာသားများကို ကြည့်ကာ မေးလိုက်သည်။ “သူ့မိသားစုဝင်တွေ ဒီမှာရှိလား”

“ကျွန်မ လီထျယ်ကျူးရဲ့ ဇနီးပါ” စကားပြောသူမှာ ခုဏက လီထျယ်ကျူး မေ့လဲသည်ကို အကူအညီတောင်းခဲ့သည့် အမျိုးသမီးပင်။

အမျိုးသမီးက အနည်းငယ် တုန်လှုပ်နေသည်ကို မြင်သောအခါ ဟဲကျစ်ယန်သည် တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။ “မကြောက်ပါနဲ့။ ကျွန်မ မေးခွန်းတွေကို သေချာဖြေပေးပါ”

“ကောင်းပြီ”

“သူ မူးမလဲခင်တုန်းက သူ့မှာ ချမ်းတုန်တာ၊ အဖျားတက်တာ၊ ခေါင်းအရမ်းကိုက်တာ၊ အန်တာ ပြီးတော့ အသက်ရှူရကြပ်တဲ့ လက္ခဏာတွေ ရှိခဲ့သေးလား”

ဟဲကျစ်ယန် ပြောလိုက်သော လက္ခဏာများကို လီထျယ်ကျူး၏ မိန်းမက ခေါင်းငြိမ့်ကာ ထောက်ခံနေသည်။

“ရှင်ပြောတာ အကုန်မှန်ပါတယ်။ ကျွန်မရဲ့ ထျယ်ကျူးက ဒီနှစ်ရက်အတွင်း အဲ့လိုလက္ခဏာတွေ တကယ်ခံစားနေခဲ့ရတာ”

သူမပြောပြီးနောက် လီထျယ်ကျူး၏ ဇနီးသည် ဟဲကျစ်ယန်၏ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်လိုက်ကာ စိတ်ပူစွာ မေးလိုက်သည်။ “သမားတော်၊ ကျွန်မရဲ့ ထျယ်ကျူးက ပြင်းထန်တဲ့ ရောဂါ တစ်ခုခုကို ခံစားနေရတာလား”

လီထျယ်ကျူး၏ လက္ခဏာများအရ ထိုအရာများသည် ပလိပ်ကပ်ရောဂါ၏ လက္ခဏာများနှင့် တစ်ထပ်ထဲ ကျနေပေသည်။

သူမ၏ ရောဂါအခြေအနေကို အတည်ပြုရန်အတွက် ဟဲကျစ်ယန်သည် ရွာသူကြီးလျိုဘက်သို့လှည့်ကာ မေးလိုက်သည်။

“ရွာသူကြီးလျို၊ ရှင့်ရွာထဲမှာ အခုတလော ကြွက်တွေ အများကြီး ရှိနေလား”

သူမက ကြွက်များဟု မေးလိုက်သောအခါ ရွာသူကြီးလျိုသည် သက်ပြင်းချလိုက်မိ၏။

“ပြောမနေပါနဲ့တော့။ အရင်နှစ်တွေတုန်းက ရွာမှာ ကြွက်တွေရှိပေမဲ့ အရေအတွက်ကတော့ အရမ်းမများပါဘူး။ ဘာလို့လဲမသိဘူး အခုတလော ကြွက်အရေအတွက်က အရမ်းများလာပြီး အရွယ်အစားတွေကလဲ အကြီးကြီး ဖြစ်လာတယ်။ မနေ့ကပဲ ငါ့အိမ်က စတိုခန်းထဲမှာ ကြွက်တွေ အများကြီး သေနေတာ တွေ့ခဲ့သေးတယ်”

ရွာသူကြီးလျို၏ အဖြေကိုကြားပြီးနောက် ဟဲကျစ်ယန်၏ အမူအရာမှာ ပို၍ပင် ဆိုးဝါးလာခဲ့သည်။

“ရွာသူကြီးလျို၊ လီထျယ်ကျူးက ပလိပ်ကပ်ရောဂါ ဖြစ်နေတာ ဖြစ်နိုင်တယ်”

“ပလိပ်ကပ်ရောဂါလား” ရွာသူကြီးလျိုသည် ချက်ချင်းပင် တောင့်တင်းသွားရသည်။

သူသည် ထိုစကားလုံးနှင့် ရင်းနှီးနေခဲ့ဟည်။

လွန်ခဲ့သည့် အနှစ်နှစ်ဆယ်က ဤနေရာနှင့် လီ ရာပေါင်းများစွာ ဝေးကွာသော ကောင်တီတစ်ခုတွင် အဖျားရောဂါတစ်ခု ရှိခဲ့သည်ဟု သူကြားခဲ့ဖူးသည်။

အစပိုင်းတွင် တော်ဝင်ရုံးတော်က သမားတော်များစွာ လွှတ်ပြီး ကုသစေခဲ့သော်လဲ အဆုံးတွင် သမားတော်များတောင် ထိုပလိပ်ကပ်ရောဂါမှ မလွတ်မြောက်နိုင်ခဲ့ကြဘဲ ကူးစက်ခံခဲ့ရသည်။ ထို့နောက် ပလိပ်ရောဂါ ဆက်လက်ပြန့်ပွားမည်ကို တားဆီးရန်အတွက် တော်ဝင်ရုံးတော်သည် ထိုကောင်တီကို လုံးဝ ပိတ်ချပစ်လိုက်ဖို့သာ တတ်နိုင်ခဲ့သည်။

မြို့ထဲရှိ သနားစရာလူများမှာ ဖျားမာမှုကြောင့် နာကျင်စွာ သေဆုံးသွားသူများ ရှိသလို အစာရေစာ ပြတ်လပ်မှုကြောင့် သေဆုံးသွားသူများလဲ ရှိသည်။ အတိုချုပ်ဆိုရသော် တစ်ယောက်မှ အသက်မရှင်နိုင်ခဲ့ကြပေ။

ထိုအကြောင်းကို တွေးကြည့်မိသောအခါ ရွာသူကြီးလျို၏ ခြေထောက်များ ပျော့ခွေသွားရသည်။

“သမားတော်၊ မဟုတ်ဘူး နတ်ဆေးသမားတော် ကျွန်တော်တို့ကို ကယ်ပေးဖို့ တောင်းပန်ပါတယ်”

သူပြောပြီးပြီးချင်းပင် ချက်ချင်းပဲ ဟဲကျစ်ယန်ရှေ့တွင် ဒူးထောက်ကာ အကြိမ်များစွာ ဦးချနေတော့သည်။

ဂူပေါက်ဝတွင် ရပ်နေသော မော့ကျိုးယွီသည် တစ်ခုခု မှားနေမှန်း သိလိုက်ပြီး အမြန်ရောက်လာသည်။

ထိုအချိန်တွင် ဟဲကျစ်ယန်သည် ရွာသူကြီးလျိုကို ထဖို့ ကူညီပေးလိုက်သည်။

မော့ကျိုးယွီက မေးလိုက်သည်။ “ဘာဖြစ်သွားတာလဲ”

ရွာသားတွေကြားထဲ အရမ်းထိတ်လန့်သွားတာမျိုး မဖြစ်စေရန်အတွက် ဟဲကျစ်ယန်သည် အသံမထွက်ဘဲ “ပလိပ်ကပ်ရောဂါ” ဟု ပါးစပ်လှုပ်ပြီးသာ ပြောလိုက်သည်။

မော့ကျိုးယွီကဲ့သို့ သေခြင်းရှင်ခြင်းကို အမြဲတွေ့ကြုံနေရသောလူပင် ထိုစကားလုံးကို ကြားလိုက်ရသောအခါ မတတ်နိုင်ဘဲ မျက်နှာဖြူဖျော့သွားရသည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူသည် ပါးစပ်မှ ခပ်တိုးတိုးရေရွတ်နေရင်း ဟဲကျစ်ယန်ရှိရာသို့ လှမ်းလာနေသညါ။

ဟဲကျစ်ယန်က သူ့ကို လျင်မြန်စွာ တားလိုက်၏။ “ဒီကို မလာခဲ့နဲ့”

မော့ကျိုးယွီသည် သူမ၏ ရည်ရွယ်ချက်ကို နားလည်သည်။ သူက ထိုရွာသားတွေနှင့် အရမ်းနီးကပ်သွားပါက သူလဲ ပလိပ်ရောဂါ ကူးစက်သွားမည်ကို စိုးရိမ်နေခြင်းပင်။

အားကိုရတဲ့ ယောက်ျားကောင်းတစ်ယောက်အနေနဲ့ သူက ဘယ်လိုလုပ် ဟဲကျစ်ယန်ကို သူမ တစ်ယောက်ထဲ သေခြင်းရှင်ခြင်းကြား အခြေအနေကို ရင်ဆိုင်ခွင့်ပြုနိုင်မှာလဲ။

ကူးစက်ခံရပြီးလျှင် လွတ်မြောက်ဖို့လမ်း မရှိသည်ကို သိသော်လဲ သူသည် တုံ့ဆိုင်းခြင်း မရှိဘဲ ဟဲကျစ်ယန်ဆီသို့သာ ပြေးသွားမိသည်။

အမှန်တကယ်တော့ ဟဲကျစ်ယန်သည် ပလိပ်ကပ်ရောဂါကို မကြောက်ပေ။

သူမ၏ အရင်ဘဝတွင် သူမသည် ပလိပ်ကပ်ရောဂါအတွက် အထူးအာနိသင်ရှိသည့် တရုတ်ဆေးဝါးတစ်ခုကို တီထွင်ခဲ့သည်။ ကူးစက်ခံရသူ၏ အခြေအနေက ကိုယ်တွင်းအင်္ဂါပျက်စီးခြင်း နောက်ဆုံးအဆင့်သို့ မရောက်သေးသရွေ့ သူမ၏ ဆေးဝါးက ရောဂါပိုးကို ချေဖျက်ပေးနိုင်သည်။

ကံမကောင်းစွာပင် သူမ ထိုသတင်းကောင်းကို မကြေငြာရသေးခင် ကူးပြောင်းလာခဲ့သည်။

သူမ မထင်ထားမိသည်မှာ ကူးပြောင်းလာပြီးနောက် ဤနေရာတွင် ပလိပ်ကပ်ရောဂါကို အထူးကုသသည့်ဆေးက အသုံးဝင်နေမည်ကိုပင်။

သူမတွင် သိမ်းဆည်းထားသော ပလိပ်ရောဂါကုသရန် ဆေးဖက်ဝင်ပစ္စည်းများ မရှိသေးသော်လဲ အရာအားလုံးကို ထောင်းပေါင်ရတနာဆိုင်လေးတွင် ဝယ်ယူလို့ ရပေသည်။ တစ်ခုတည်းသော ပြဿနာမှာ ဤဆေးဖက်ဝင်ပစ္စည်းများကို ဤ‌ဂူလေးထဲမှာ ဘယ်လိုမြင်ရအောင် လုပ်နိုင်မလဲဆိုတာကိုပင်။

သူမသည် မော့ကျိုးယွီက သူမဘေးသို့ ရောက်နေပြီဖြစ်ပြီး သူမလက်လေးကို တိတ်တိတ်လေး ကိုင်ထားကြောင်း တွေ့လိုက်ရသည်။

မော့ကျိုးယွီ၏ မျက်လုံးထဲမှ အမူအရာမှာ အလွန်ရိုးသားလွန်းနေသည်။

“အမြဲတမ်း ဆိုးအတူ ကောင်းအတူပေါ့”

သူမသည် မော့ကျိုးယွီကို စကားလုံးများဖြင့် မရပ်တန့်နိုင်ကြောင်း သိလိုက်ရသဖြင့် သူ၏ အဖော်ပြုမှုကို လက်ခံလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင် သူမသည် မသိစိတ်ဖြင့် မော့ကျိုးယွီ၏ လက်ကို ပြန်ညှစ်လိုက်ကာ သူ့ကို စိတ်မပူဖို့ ပြောလိုက်သည်။

All Chapters