ကျွန်မ ဘာလို့ဒါတွေသိနေရလဲ ရှင် မသိချင်ဘူးလား
Vol. 6 Ch. 75
မရီးများ၏ ကြိတ်ချီးကျူးမှုများမှာ ဟဲကျစ်ယန် နောက်ထပ် ပြောလိုက်သောစကားကြောင့် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားကြရသည်။
“အမေ၊ မရီးတို့ အထည်ဆိုင်ပိုင်ရှင်က ဒီအစလေးတွေ ကျွန်မကို အလကားပေးခဲ့တာ။ သူတို့ကို အင်္ကျီတွေဘာတွေ ဖာတဲ့နေရာမှာ သုံးလို့ရမယ်ထင်လို့ ကျွန်မလဲ မငြင်းခဲ့လိုက်ဘူး”
“ယောင်းမလေး၊ အဲ့ဒီအစတွေက ဖိနပ်လုပ်ဖို့ မဟုတ်ဘူးလား” ဒုတိယ မရီးက ဝင်ပြောလိုက်၏။
“ဖိနပ်လား” ဟဲကျစ်ယန် လုံးဝ စိတ်ရှုပ်ထွေးသွားသည်။ ဒီလို အဝတ်စအသေးလေးတွေကနေ ဖိနပ် ဘယ်လိုလုပ်မှာလဲ။
သူမ မသိတာလဲ အံ့ဩစရာမဟုတ်ပေ၊ မူလကိုယ်သည် အိမ်မှုကိစ္စများကို မုန်းသောကြောင့် အစေခံများကိုပင် သူမအနီး၌ အချုပ်အလုပ်များ မလုပ်စေခဲ့ပေ။ ရလဒ်အနေဖြင့် သူမသည် ဖိနပ်ချုပ်ရာတွင် သုံးသည့် ပစ္စည်းများကို နည်းနည်းလေးတောင် မသိတော့ပေ။
ရှေ့နှစ်ပေါင်းများစွာ ကျော်လွန်သော မော်ဒန်ခေတ်တွင် မွေးဖွားလာသည့် ဟဲကျစ်ယန်သည် စစ်တပ်သုံးဖိနပ်များ သို့မဟုတ် သူမကိုယ်တိုင် အပြင်က ဝယ်လာသည် ဖိနပ်များကိုသာ စီးခဲ့သည်။ သူမက ဒီလိုကိစ္စတွေကို နားမလည်ပေ။
ဒုတိယမရီးသည် ဟဲကျစ်ယန်အား လူထူးဆန်းတစ်ယောက်ကို တွေ့လိုက်ရသလိုပင် လှည့်ပတ်ကြည့်ရှုနေ၏။
“ယောင်းမလေး၊ ဖိနပ်ချုပ်တာကို တစ်ခါမှ မမြင်ဖူးဘူးလို့တော့ မပြောနဲ့နော်”
ဟဲကျစ်ယန်သည် အကူအညီမဲ့စွာ လက်ဖြန့်ပြလိုက်ပြီး ဆင်ခြေတစ်ခုသာ ပေးလိုက်တော့သည်။
“ကျွန်မ အိမ်မှာတုန်းက ဆေးစာအုပ်တွေပဲ တစ်နေကုန် ဖတ်ပြီး ဆေးပညာတွေပဲ လေ့လာနေခဲ့တာ။ အဲ့လိုအရာတွေ ကြည့်ဖို့ အချိန်မရှိခဲ့ဘူး”
ယောင်းမလေး၏ ပုံမှန်ထက် ထူးချွန်နေသော ဆေးပညာအရည်အချင်းကို ပြန်တွေးကြည့်ကာ မရီးများသည် သူမ၏ ဆင်ခြေကို ယုံကြည်သွားကြတော့သည်။
ယောင်းမလေးက မိန်းကလေးတွေရဲ့ အိမ်မှုကိစ္စတွေ မသိတာ မဆန်းတော့ပါဘူး၊ ဒီလောက်ကောင်းတဲ့ ဆေးပညာတွေကို သင်ယူနေရမှတော့ အဲ့ဒီအတွက် ဘယ်အချိန်ရှိပါ့မလဲ။
ပြည်နှင်ဒဏ်ပေးခံရသည့် နေ့ကတည်းက မရီးများသည် ဤကဲ့သို့သော ဘဝမျိုးကို နေသားကျလာကြပြီဖြစ်သည်။
လှည်းပေါ်မှ အဝတ်စထုပ်ကြီးကို ချလိုက်ကြပြီး ညစာစားပြီးနောက်တွင် ဖိနပ်ချုပ်ရန် ကြံရွယ်ထားကြ၏။
လှည်းပေါ်တွင် အစားအသောက်များ ကျန်နေခဲ့သည်။ ဟဲကျစ်ယန်သည် သူမတို့ မိသားစု စားဖို့ ဘဲကင် ကြက်ကင် အလုံအလောက် ချန်လိုက်ပြီး ကျန်သည်များကို အရာရှိများ၊ ရှဲ့မိသားစုနှင့် ဖန့်မိသားစုတို့ကို ခွဲဝေပေးလိုက်သည်။
ရှဲ့မိသားစုနှင့် ဖန့်မိသားစုသည် သူမတို့အား ကျေးဇူးတင်ကြပြီး အခကြေးငွေပေးရန် ကမ်းလှမ်းလာကြသည်။
သူတို့၏ ပိုက်ဆံပေးချင်နေသော မျက်နှာများကိုကြည့်ကာ ဟဲကျစ်ယန် ပြောလိုက်ချင်သည် : မလိုဘူး စားကြ။ ဒါ ဟိုခွေးဧကရာဇ် ဝယ်ကျွေးတာ။
သို့သော် သူမ စိတ်ထဲတွင်သာထားပြီး အပြင်ဘက်သို့ ထုတ်မပြောရဲပေ။
ယဉ်ကျေးစွာ ငြင်းပယ်လိုက်ပြီးနောက် ဟဲကျစ်ယန်သည် သူမအား ငွေချောင်းများ ထိုးပေးချင်နေသူများကို ဖယ်ရှားလိုက်နိုင်ကာ နောက်ဆုံးတော့ တိတ်ဆိတ်အေးချမ်းမှုလေးကို ရရှိလိုက်သည်။
မရီးများသည် ဟဲကျစ်ယန် ချက်သော ဟင်းအရသာများကို နှစ်ခြိုက်ကြသော်လဲ သူမက ယနေ့ ပင်ပန်းလာသည်ကို မြင်သောကြောင့် သူမကို တဲထဲတွင် အလျင်အမြန် အနားယူခိုင်းကာ ညစာချက်ရန်အတွက် လှည်းပေါ်မှ အသားနှင့် ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်ကိုယ်ကျ ယူလိုက်ကြသည်။
တဲဆီသို့ပြန်ရောက်သောအခါ မော့ကျိုးယွီသည် မြက်ပင် တစ်ပင်ကို ပါးစပ်တွင်ကိုက်ကာ ထိုင်ပြီး အတွေးလွန်နေသည်ကို တွေ့လိုက်ရသည်။
သူမသည် သူ့ဘေးတွင် ဝင်ထိုင်လိုက်ပီ့း တရားဝင်မဟုတ်သော သမိုင်းကြောင်းထဲမှ မော့ကျိုးယွီအကြောင်း ရေးသားထားသည့် စာမျက်နှာက သူမစိတ်ထဲ ပေါ်လာခဲ့သည်။
တစ်ချိန်တည်းပင် သူမ သိထားသည်များကို မော့ကျိုးယွီအား ဘယ်လောက်ထိ သိခွင့်ပေးရင်ကောင်းမလဲဟု စဉ်းစားနေမိသည်။
တိတ်ဆိတ်နေသော ဟဲကျစ်ယန်ကိုတွေ့ကာ မော့ကျိုးယွီက အရင်စကားစပြောလာခဲ့၏။
“မင်း ဒီနေ့ ပင်ပန်းခဲ့တာပဲ။ နေလို့မကောင်းရင် ကိုယ်နှိပ်ပေးရမလား”
ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ အနှိပ်စွမ်းရည်ကိုတော့ တိတ်တိတ်လေး ချီးကျူးမိသည်။ သူ့ဘက်ကစပြီး ကမ်းလှမ်းလာသည်ကို ကြားသောအခါ သူမ၏ ကျောဘက်မှ နာကျင်မှုအနည်းငယ်ကို သတိပြုလိုက်မိသလိုပင်။
“ကျွန်မ နည်းနည်းတော့ မသက်မသာ ခံစားနေရတယ်”
စကားဆက်မပြောတော့ဘဲ မော့ကျိုးယွီသည် သူမနောက်သို့သွားကာ ပုခုံးကို စနှိပ်ပေးတော့သည်။
ဟဲကျစ်ယန်သည် ဘေးပတ်လည်ကို ကြည့်လိုက်ပြီး သူမ မိသားစုက အလုပ်များနေသည်ကိုတွေ့ကာ တခြားလူများကလဲ သူမတို့ဆီ အာရုံရောက်မနေကြောင်း တွေ့တော့မှ စကားစပြောလိုက်သည်။ “ဒီနေ့ ရှင် လုံးဝ မျှော်လင့်ထားမှာ မဟုတ်တဲ့လူတစ်ယောက်ကို ဖင်းယွမ်ကောင်တီမှာ တွေ့လိုက်ရတယ်”
“ဘယ်သူလဲ” မော့ကျိုးယွီ၏ လေသံမှာ ပုံမှန်အတိုင်း အေးစက်စက်ပင်။ ဟဲကျစ်ယန်ကတော့ ထိုအသံကို ကျင့်သားရနေသည်။
“နန်ချီ”
“နန်ချီလား” မော့ကျိုးယွီ မယုံနိုင်အောင်ဖြစ်သွားတာ ထင်ရှားပေသည်။ “သူက အဲ့မှာ ဘာလုပ်နေတာလဲ”
ထိုမေးခွန်းက ဟဲကျစ်ယန်ကိုယ်တိုင်လဲ တွေးနေမိသည့် မေးခွန်း ဖြစ်သည်။
ကံကောင်းစွာပင် တရားမဝင် သမိုင်းကြောင်းထဲတွင် ထိုအပိုင်းကို မှတ်တမ်းတင်ထားခဲ့သည်။
မော့ကျိုးယွီ၏ သံသယများကို မနှိုးဆွမိအောင် ဘယ်လိုပြောပြရမလဲဟု စဉ်းစားလိုက်သည်။
သူမ အတော်ကြာ ဦးနှောက်ကို အလုပ်ပေးလိုက်သော်လဲ ရှုံးနိမ့်သွားရ၏။
သူမ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သင့်တော်သော အကြောင်းပြချက်ကို ရှာမတွေ့ပေ။ သို့သော် မော့ကျိုးယွီကို ထိုကဲ့သို့သော ကိစ္စကြီးအား ပြောမှရပေမည်။
သူမက မော့ကျိုးယွီကို ထိုအကြောင်းပြောပြချင်သောကြောင့် အရင်ဆုံး ရေအတိမ်အနက်ကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
“နန်ချီက ဖင်းယွမ်ကောင်တီကို လာရတဲ့ရည်ရွယ်ချက်ကို ကျွန်မ သိနေတယ်လို့ပြောရင်ရော။ ရှင် အဲ့ဒါကို အရမ်းထူးဆန်းတယ်လို့ မထင်ဘူးလား ဒါမှမဟုတ် ကျွန်မက နန်ချီလွှတ်ထားတဲ့ သူလျှိုတစ်ယောက် ဖြစ်နိုက်တယ်လို့ရော မထင်မိဘူးလား”
မော့ကျိုးယွီသည် စဉ်းတောင်မစဉ်းစားဘဲ ပြန်ဖြေလိုက်၏။ “မင်းသာ နန်ချီရဲ့ လူဆိုရင် ကိုယ် သေတာ ကြာလှပေါ့။ သူက ကိုယ့်ကို သတ်ဖို့ ဒီလောက်ထိ ဒုက္ခခံပြီး လုပ်ကြံသူတွေ လွှတ်နေမှာတဲ့လား”
“ကျွန်မ ဘာလို့ ဒါတွေသိနေရလဲဆိုတာ ရှင် မသိချင်ဘူးလား”
မော့ကျိုးယွီသည် သူ၏ သိချင်စိတ်ကို ဖုံးကွယ်မထားခဲ့ပေ။
“ကိုယ် တကယ်ပဲ သိချင်တယ်။ မင်း အရင်ကပြောခဲ့တယ်လေ လူတိုင်းမှာ လျှို့ဝှက်ချက်ရှိတယ်တဲ့။ ကိုယ် ထပ်ပြောမယ်၊ မင်း မော့မိသားစုကို ထိခိုက်အောင် လုပ်ဖို့ စိတ်ကူးမရှိသရွေ့ ကိုယ်လဲ မင်းရဲ့ လျှို့ဝှက်ချက်ကို တူးဖော်ဖို့ လုပ်မှာ မဟုတ်ဘူး”
ဤသည်မှာ သူ ဒုတိယအကြိမ် ထပ်ပြောသည့် စကားတစ်ခွန်းပင်။
ထို့အပြင် သူက သူပြောသည့်အတိုင်း ကတိတည်ကာ မလုပ်သင့်သည်ကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပေ။
ရေအတိမ်အနက်ကို စမ်းသပ်ကြည့်ပြီးနောက် ဟဲကျစ်ယန်သည် ဖြေးညှင်းစွာ ပြောလိုက်၏။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဆရာတစ်ယောက်က နန်ချီကို ဒီနှစ် ဩဂုတ်လမှာ ဒီဖင်းယွမ်ကောင်တီမှာ မြင့်မြတ်တဲ့လူတစ်ယောက် ထွက်ပေါ်လာမယ်လို့ ဟောပြောခဲ့တယ်”
မော့ကျိုးယွီသည် ဗေဒင်ကိုယုံကြည်ပြီး မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကို ရှာဖွေခြင်းက အဓိပ္ပါယ်မဲ့သည်ဟု ခံစားရသော်လဲ နန်ချီသာဆိုပါက မအံ့ဩတော့ပေ။
နန်ချီက ဤရှေ့ဖြစ်ဟောခြင်း ပညာရပ်များကို အလွန်အမင်း စွဲလမ်းနေကာ တစ်ခါကဆိုလျှင် သူ့အနာဂတ်ကို ဟောပေးရန် ရှေ့ဖြစ်ဟော ဆရာကြီးများကို တိုင်းပြည်နေရာအနှံ့ပင် လိုက်ရှာခဲ့သေးသည့်အကြောင်း ဘယ်သူမှ မသိကြပေ။
ထို့ကြောင့် ဟဲကျစ်ယန် ပြောသည်ကို သူ သံသယမဝင်ပေ။
ဟဲကျစ်ယန်က ဒါကို ဘယ်က သိသလဲဟု ဟူ မေးသင့်သော်လဲ သူ တခြား မေးခွန်း တစ်ခု မေးသင့်သည်ဟု ခံစားလိုက်ရသည်။
“အဲ့ဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ကို သူရှာတွေ့သွားမယ်လို့ မင်းထင်လား”
ဟဲကျစ်ယန်ကလဲ ထိုမေးခွန်းကို ဖုံးကွယ်ထားဖို့ မကြိုးစားခဲ့ပေ။
“ကျွန်မသာ ဒီနေ့ ဖင်းယွမ်ကောင်တီကို မသွားခဲ့ဘူးဆိုရင် နန်ချီက အဲ့ဒီလူကို သေချာပေါက် တွေ့သွားလိမ့်မယ်။”
“အဲ့ဒါ ဘာကို ဆိုလိုတာလဲ” မော့ကျိုးယွီ အနည်းငယ် ရှုပ်ထွေးသွားသည်။ သူ ဘယ်လိုပဲတွေးတွေး ထိုကိစ္စက ဟဲကျစ်ယန်နှင့် ဘယ်လိုပတ်သက်နေလဲ ဆက်စပ်ကြည့်လို့မရပေ။
“အဲ့ဒီ မြင့်မြတ်တဲ့လူဆိုတာ ဖေးနန်ယွီလို့ခေါ်တယ်။ သူက ကောင်တီစာမေးပွဲကို အသက် ၁၂ နှစ်နဲ့ အောင်မြင်ခဲ့ပြီးတော့ အရမ်းကို ထူးချွန်တဲ့လူပဲ...”
ဟဲကျစ်ယန်သည် ဖေးနန်ယွီ၏ အတွေ့အကြုံ တချို့ကို ပြောပြခဲ့ပြီး နန်ချီနှင့် ဘယ်လိုတွေ့ကာ သူ ထီးနန်းရဖို့ ဘယ်လိုကူညီမည်ဖြစ်ကြောင်း ပြောပြလိုက်သည်။
သူမသည် ဖေးနန်ယွီက နောက်မင်းဆက်တစ်ခုကို တည်ထောင်မည့်အကြောင်းတော့ ချန်လှပ်ထားခဲ့၏။
ဘယ်လိုပဲပြောပြော ဒီလိုအရာများက ယုံချင်စရာမဟုတ်ပေ။ မော့ကျိုးယွီက ဒီအရာများကို အလွန်အမင်း ယုံကြည်သွားမှာ စိုးရိမ်နေသလို တစ်ဖက်တွင်လဲ ဤအကြောင်းများကို သူ့အား အစောကြီး မသိစေချင်သေးပေ။
သူမ၏ ရောက်ရှိလာမှုကြောင့် ကိစ္စတော်တော်များများ ပြောင်းလဲခဲ့ပြီး အနာဂတ်တွင် ပိုကြီးမားသော အပြောင်းအလဲများပင် ဖြစ်လာနိုင်ပေသည်။
ထိုမယုံကြည်နိုင်လောက်သော သတင်းအချက်အလက်များ မော့ကျိုးယွီသည် တွေးရင်း ငြိမ်ကျသွားလေသည်။
ဖေးနန်ယွီဆိုသော နာမည်သည် သူ ယောင်ဝါးဝါး ရင်းနှီးနေခဲ့ပြီး သူ ဘယ်နေရာမှာ ကြားခဲ့လဲတော့ တစ်ခဏလောက် မမှတ်မိခဲ့ပေ။
မော့ကျိုးယွီက အချိန်အတော်ကြာ စကားပြန်မပြောတာကို တွေ့သောအခါ ဟဲကျစ်ယန်သည် သူမ၏ စကားကို သူ မယုံကြည်ဘူးဟု ထင်မိသွား၏။
သူ့ကို လှည့်ကြည့်လိုက်သောအခါ မော့ကျိူးယွီသည် မျက်မှောင်ကြုံ့ထားရင်း အတွေးနက်နေသည်ကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ။ ကျွန်မစကားတွေက ယုတ္တိမရှိဘူးလို့များ ထင်နေတာလား”
မော့ကျိုးယွီ ခေါင်းယမ်းလိုက်သည်။ “ကိုယ်တွေးနေတာ ဖေးနန်ယွီက ဘယ်သူလဲလို့။ ဘာလို့လဲ မသိဘူး ကိုယ် သူ့နာမည်ကို ရင်းနှီးနေသလိုပဲ”
ဟဲကျစ်ယန်သည် သူ့ကို မလောဘဲ သာသာယာယာ အနှိပ်ခံနေသည်။
အချိန်အတော်ကြာ ပြန်စဉ်းစားပြီးနောက် မော့ကျိုးယွီက ပြောလိုက်သည်။ “ကိုယ် မှတ်မိသွားပြီ”
“ရှင် အဲ့လူကို ဘယ်နေရာမှာ ကြားခဲ့ဖူးတာလဲ”