မိသားစု အမှတ်အသား
Vol. 6 Ch. 76
“ကိုယ် ငယ်ငယ်တုန်းက နန်ချီရဲ့ စာလုပ်ဖော်အနေနဲ့ ကိုယ်လုပ်တော်ယွမ်ရဲ့ နန်းဆောင်ထဲ ခဏခဏ ဝင်ထွက်ရတယ်လေ။
ကိုယ်လုပ်တော်ယွမ်မှာ သူယုံကြည်ရတဲ့ ဖေးမားမားလို့ ခေါ်တဲ့ အစေခံရှိတယ်။ ကိုယ်လုပ်တော်ယွမ်က ကိုယ်နဲ့ နန်ချီ ဖေးမားမားနဲ့ အတူတူ စကားပြောရင် အမြဲကြည့်နေတာ။
တစ်ခေါက်တော့ ကိုယ်လုပ်တော်ယွမ်က မေးတယ်။ ဖေးမားမားမှာ ကိုယ်တို့နဲ့ အသက်တူ တူလေးရှိတယ်မလားတဲ့။ သူမက အဲ့ကလေးကိုပါ နန်းတော်ထဲ ခေါ်လာပြီး ကိုယ်တို့နဲ့ အတူကစားစေချင်တာ။
အဲ့အချိန်တုန်းက ဖေးမားမားက အဲ့အကြံကို မထောက်ခံခဲ့ဘူး။ ဖေးနန်ယွီရဲ့ အဆင့်အတန်းက အရမ်းနိမ့်ကျတော့ သူ နန်းတော်ထဲ ဝင်လာရင် တော်ဝင်အမျိုးသမီးတွေကို စော်ကားမိမှာ စိတ်ပူလို့တဲ့”
သမိုင်းမှတ်တမ်းများထဲမှ ဖေးနန်ယွီ၏ အသက်ကို ပြန်တွေးကြည့်လျှင် မော့ကျိုးယွီတို့နှင့် အမှန်တကယ် မတိမ်းမယိမ်းပင်။
ထို့ကြောင့် ဟဲကျစ်ယန်သည် ဖေးမားမား၏ တူလေးက ဖေးနန်ယွီဖြစ်ရမည်ဟု သံသယမရှိ ကောက်ချက်ချလိုက်၏။
မော့ကျိုးယွီ၏ စကားအရဆိုလျှင် ဖေးမားမားသည် ကိုယ်လုပ်တော်ယွမ်၏ သစ္စာရှိအစေခံဖြစ်ကာ ငွေရေးကြေးရေး မပြတ်လပ်သင့်ပေ။ သူမ တူလေးရဲ့ မိသားစုက အရမ်းခက်ခဲနေချိန်မှာ သူမက ဘာဖြစ်လို့ မကူညီရတာလဲ။
ထိုမေးခွန်းသည် ဟဲကျစ်ယန်၏ ခေါင်းထဲဝင်လာပြီးနောက် ချက်ချင်းပင် ပြန်ပျောက်သွားသည်။ လူတစ်ယောက်က ဆွေမျိုးသားချင်းတွေကို ဆက်ဆံတဲ့ပုံစံက တသမတ်တည်း မှတ်ထားလို့မရပေ။
သူမတို့ ယခုအထိ စကားပြောခဲ့ကြသည့် ရည်ရွယ်ချက်မှာ မော့ကျိုးယွီကို ဖေးနန်ယွီ၏ တည်ရှိမှုအကြောင်း ပြောပြချင်သောကြောင့်သာ ဖြစ်သည်။
သို့သော် မော့ကျိုးယွီဘက်မှ အရင်စတင်ကာ သူ ငယ်ငယ်က ကိုယ်လုပ်တော်ယွမ်၏ နန်းဆောင်ဆီသို့ ခဏခဏ ဝင်ထွက်ရသည့်အကြောင်း ပြောလာသောအခါ ဟဲကျစ်ယန်သည် စမ်းသပ်ကာ မေးလိုက်၏။” ရှင် ကိုယ်လုပ်တော်ယွမ်ရဲ့ နန်းဆောင်ဆီ သွားရင် သူမက ရှင့်ကို ဘယ်လိုဆက်ဆံလဲ”
ထိုအကြောင်းပြောလျှင် မော့ကျိုးယွီတွင် အလွန်လေးနက်သော ထင်မြင်ချက် ရှိပေသည်။
“ဘာလို့လဲတော့ မသိဘူး၊ ကိုယ်လုပ်တော်ယွမ်က ကိုယ့်ကို နန်ချီ့ထက်တောင် ပိုပြီး ကောင်းကောင်း ဆက်ဆံသေးတယ်”
ဟဲကျစ်ယန်: မှန်တာပေါ့။ ဒါကြီးက တရားမဝင် သမိုင်းကြောင်းထဲကနဲ့ သွားတူနေတာပဲ။ ကိုယ်လုပ်တော်ယွမ်က မော့ကျိုးယွီကို သူမရဲ့ သားအရင်းမှန်း သိလို့ ဒီလို ဆက်ဆံနေတာပဲ ဖြစ်ရမယ်။
မော့ကျိုးယွီက အတော်လေး သတိရှိသူ ဖြစ်သည်။ ဟဲကျစ်ယန်၏ မေးခွန်းက အနည်းငယ် ထူးဆန်းနေသည်ဟု သူ ချက်ချင်း ခံစားလိုက်ရ၏။
“မင်း ဘာလို့ ဒါကို မေးတာလဲ”
မော့ကျိုးယွီ၏ အလေးအနက်ပုံစံကိုမြင်သောအခါ ဟဲကျစ်ယန်သည် သူ့အား အနည်းငယ် စနောက်ချင်လာမိသည်။
“ရှင်က ကိုယ်လုပ်တော်ယွမ်ရဲ့ သားဖြစ်နိုင်တယ်လို့ မတွေးဖူးဘူးလား”
“လုံးဝ မဖြစ်နိုင်ဘူး” မော့ကျိုးယွီက ပြတ်ပြတ်သားသား ငြင်းလိုက်ကာ သူ့အမူအရာသည် ပို၍ပင် လေးနက်လာခဲ့သည်။
“ရှင် သေချာလို့လား” ဟဲကျစ်ယန်ကတော့ မဆုတ်မနစ် ဆက်မေးလိုက်သည်။
“သေချာတာပေါ့။ ကိုယ်က မော့မိသားစုရဲ့ ကလေးလေ၊ မော့မိသားစုရဲ့ ထူးခြားတဲ့ မိသားစုအမှတ်အသား ကိုယ့်မှာ ပါတယ်” မော့ကျိုးယွီသည် သူ့ဇစ်မြစ်ကို နည်းနည်းလေးမှ သံသယမဖြစ်ပေ။
“မိသားစု အမှတ်အသားလား” မိသားစုတစ်ခုတွင် ထိုကဲ့သို့သော အမှတ်အသားမျိုးရှိသည်ဟု ဟဲကျစ်ယန် ပထမဆုံးကြားဖူးခြင်းပင်။ ဒါမျိုးက လူတွေ တမင်သက်သက် လုပ်ထားခြင်း မဟုတ်လျှင် သိပ္ပံနည်းကျ ရှင်းပြဖို့ ခက်ခဲပေသည်။
“ကိုယ်နဲ့ ကိုယ့်အကို ရှစ်ယောက်လုံး မွေးတုန်းက ဘယ်ဘက်ပုခုံးမှာ လခြမ်းကွေးပုံသဏ္ဍာန် မွေးရာပါအမှတ်အသား ပါလာခဲ့တာ။
ကိုယ့်အဖေပြောတာတော့ အဲ့ဒါက မော့မိသားစု ဆက်ခံထားတဲ့ ရှေးဟောင်းအမွေတဲ့။ သူ့မှာရော ကိုယ့်ရဲ့ ဘိုးဘေးတွေမှာရော ပါကြတယ်”
မော့ကျိုးယွီက တိကျသေချာစွာ ပြောလာသောအခါ ဟဲကျစ်ယန် စိတ်ရှုပ်သွားရသည်။
ဤကမ္ဘာကြီးပေါ်တွင် မရေမတွက်နိုင်သော အံ့ဩစရာများရှိနေပြီး ကမ္ဘာကူးပြောင်းလာခြင်းလိုမျိုး ထူးထူးဆန်းဆန်း အရာများပင် ဖြစ်နိုင်သေးရာ မိသားစုအမှတ်အသားက ထူးတော့ မထူးဆန်းပေ။
ဟဲကျစ်ယန်သည် တရားဝင်မဟုတ်သော သမိုင်းကြောင်းထဲတွင် မော့ကျိုးယွီအကြောင်းကို ဖတ်လိုက်ရတုန်းက သူမ၏ ပထမဆုံးအတွေးမှာ ထိုအကြောင်းရင်းကြောင့် နန်ချီက မော့ကျိုးယွီကို တိုက်ခိုက်သည်ဟုပင်။
ဤယူဆချက်မှာ မော့မိသားစု၏ မွေးရာပါ အမှတ်အသားကြောင့် မဖြစ်နိုင်တော့ပေ။ နန်ချီက မော့ကျိုးယွီကို ဘာလို့ တိုက်ခိုက်ရလဲဆိုဟည့် အကြောင်းရင်းက ပိုပြီးထူးဆန်းလာလေသည်။
တစ်ချိန်တည်းမှာပင် မော့ကျိုးယွီ၏ စိတ်ထဲတွင်လဲ မေးခွန်းပေါင်းများစွာ ရှိနေသည်။
နန်ချီက ဘာလို့ သူ့ကို သေစေချင်ရတာလဲ။
ဟဲကျစ်ယန်က ဘာလို့ အဲ့လိုမေးခွန်းမျိုး မေးတာလဲ။
နှစ်ယောက်စလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြကာ စကားဆက်မပြောဖြစ်ကြတော့ပေ။
သူတို့စိတ်ထဲတွင် တွေးစရာများရှိနေသောကြောင့် ညစာကို ပုံမှန်လေးသာ စားလိုက်ကြသည်။
တဲထဲတွင် လှဲနေရင်း ဟဲကျစ်ယန် အိပ်မပျော်နိုင်ပေ။
သူမ၏ အသိစိတ်က ဈေးဆိုင်ထဲသို့ ဝင်သွားကာ ဆိုင်၏ ရောင်းအားကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။ ယနေ့ ပစ္စည်းတစ်ခုသာ ရောင်းရပြီး ယွမ်နှစ်သိန်းခွဲ အကောင့်ထဲသို့ ဝင်နေသည်။
ဆိုင်တွင် ပစ္စည်းများစွာ ကျန်သေးသောကြောင့် ထပ်ဖြည့်ဖို့ မလိုအပ်သေးပေ။ ထို့ကြောင့် ဟဲကျစ်ယန်သည် သမိုင်းစာအုပ်များကိုသာ လှန်လှောကြည့်ဖို့ ရွေးချယ်လိုက်ပြီး တခြား အချက်အလက်လေး ရလာဖို့လဲ မျှော်လင့်နေမိ၏။
တစ်ချိန်တည်းမှာပင် ဖင်းယွမ်ကောင်တီ၏ တည်းခိုဆောင် အပေါ်ထပ်တွင်။
နန်ချီက စားပွဲတွင်ထိုင်နေကာ လက်ချောင်းထိပ်လေးများဖြင့် စားပွဲကို ခေါက်နေသညါ။
“သခင်၊ အခုလေးတင်ပဲ လီလုဆီက ခိုစာတစ်စောင် ရထားပါတယ်”
ပြောနေရင်းနှင့် ဟဲ့ဖန်သည် ငါးစင်တီမီတာလောက်သာရှိသော စက္ကူလိပ်လေးကို နန်ချီလက်ထဲသို့ ရိုရိုသေသေ ပေးလိုက်သည်။
နန်ချီသည် စာရွက်ကို အေးအေးဆေးဆေး ဖွင့်ကြည့်ကာ အထဲရှိ စာကို ဖတ်ပြီးနောက် စားပွဲကို အားဖြင့် ရိုက်ချလိုက်သည်။
“အသုံးမကျတဲ့ အမှိုက်တွေချည်းပဲ။ တစ်ယောက်ယောက်ကို သတ်မဲ့ဟာတောင် လူမှားသတ်ရသေးတယ်တဲ့။ အဲ့လို အရည်အချင်းမရှိတဲ့ကောင်တွေကို ငါဘေးမှာ ဆက်ထားလဲ ဘာအသုံးဝင်မှာလဲ”
ဟဲ့ဖန်သည် လီလု၏ စာထဲတွင် ဘာရေးထားမှန်း မသိသော်လဲ သခင်က အရမ်းစိတ်ဆိုးနေသောကြောင့် ကိစ္စကြီးတစ်ခုတော့ ဖြစ်သွားပြီဖြစ်သည်။
“သခင် ဘာဖြစ်လို့ပါလဲ” ဟဲ့ဖန် သိချင်စွာ မေးလိုက်သည်။
နန်ချီသည် မကျေမနပ်ဖြင့် စာရွက်ကို သူ့ဆီ ပစ်ပေးလိုက်သည်။
“မင်းဘာသာကြည့်တော့”
စာထဲတွင်ပါသော အကြောင်းအရာကိုဖတ်ပြီးနောက် ဟဲ့ဖန် သုံးသပ်လိုက်သည်။ “လီမိသားစုက လူတွေကို မြို့တော်ပြန်ပို့လိုက်တာဆိုတော့ သခင် လီလုရဲ့ သတင်းက မှားစရာ မရှိဘူး”
“ဟမ့်၊ အခုတော့ မော့ကျိုးယွီက နိုးလာပြီး သတိလဲပြန်ကောင်းလာပြီ။ ဟယ်လျန့်က သူ့အစားခံလိုက်ရတာကို မသိဘဲနေမှာမဟုတ်ဘူး။ အနာဂတ်မှာ သူ့ကိုသတ်ချင်ရင် လွယ်ကူမနေမှာပဲ စိတ်ပူမိတယ်”
စိတ်အေးသွားပြီးနောက် နန်ချီက နောက်ထပ် ဘာလုပ်ရမလဲ သေချာစဉ်းစားတော့သည်။
ဟဲ့ဖန်သည် သူ့သခင်က မော့ကျိုးယွီကို သတ်ဖို့ ဘာလို့ ဒီလောက် စိတ်ပိုင်းဖြတ်ထားရလဲ မသိသော်လဲ ထိုအရာက သူ့သခင်အတွက် သေချာပေါက် ကောင်းသည့်အရာဖြစ်မှန်း သိပေသည်။
“သခင်၊ သခင့်ရဲ့ ငယ်သားက လူလွှတ်ပြီးတော့ မော့ကျိုးယွီနဲ့ အကျဉ်းသားတွေ ဘယ်ရောက်ပြီလဲ စုံစမ်းခိုင်းပြီး အဲ့ဒီနေရာက အခြေအနေကို သဘောပေါက်အောင် လုပ်ခိုင်းလိုက်ပါမယ်။ ပြီးရင် နောက်ထပ် ခြေလှမ်း တစ်လှမ်း သွားကြမလား”
နန်ချီက လက်ကို ဝေ့ယမ်းလိုက်သည်။ “မလိုဘူး။ လီမိသားစုကို မြို့တော်ပြန်ပို့လိုက်တာဆိုတော့ ပြည်နှင်ဒဏ် အကျဉ်းသားတွေက သေချာပေါက် အဲ့ဒီနေရာမှာပဲ အရာရှိတွေ ပြန်လာတာ စောင့်နေကြမှာ။ ပြီးမှ ခရီးဆက်ကြလိမ့်မယ်”
ဖင်းယွမ်ကောင်တီက အနောက်မြောက်ကို ပြည်နှင်ဒဏ်ပေးခံရသူတွေအတွက် မနားမဖြစ်နေရာတစ်ခုပဲ။ ငါတို့ ဒီမှာပဲစောင့်မယ်။ ငါ မော့ကျိုးယွီကို ကိုယ်တိုင် တွေ့ချင်သေးတယ်”
သခင်က စိတ်ဆုံးဖြတ်ပြီးပြီဖြစ်သောကြောင့် ဟဲ့ဖန်သည် တခြားကိစ္စကိုသာ ပြောလိုက်သည်။
“သခင်၊ ဆရာဝူချန်းပြောထားတဲ့ဟာက မနက်ဖြန် နောက်ဆုံးပဲ။ မနက်ဖြန်အထိ အဲ့ဒီမြင့်မြတ်တဲ့လူကို ရှာမတွေ့သေးရင် ဘာလုပ်ကြမလဲ”
“ဆရာဝူချန်းရဲ့ ဟောပြောချက်တွေက တစ်ခါမှ မလွဲဖူးဘူး။ ငါ အဲ့ဒီလူကို ရှာတွေ့ရမယ်” နန်ချီ၏လေသံသည် သံသယမရှိသော ခိုင်မာမှုကို သယ်ဆောင်လာ၏။
ထို့အပြင် သူက ဤနေရာတွင် နေကာ မော့ကျိုးယွီကို စောင့်ဖို့ပြင်ပြီးပြီဖြစ်သည်။ ထို့ကြောင့် ထိုမြင့်မြတ်သောလူကို ရက်အနည်းငယ်ကြာ ထပ်ရှာဖွေသည်ဆိုတာ မဆီလျော်သော အရာ မဟုတ်ပေ ...
မသိလိုက်ပါဘဲနှင့် ဟဲကျစ်ယန်သည် တရားဝင်မဟုတ်သော သမိုင်းကြောင်း တစ်အုပ်လုံးကို ဖတ်မိသွားကာ အထူးသဖြင့် မော့ကျိုးယွီ၏ဇစ်မြစ် အကြောင်းပြောထားသော အပိုင်းကိုပင်။
ဘယ်ဘက်ကပဲ ကြည့်ကြည့် ဤဖော်ပြချက်တွင် ချို့ယွင်းချက်ဟူ၍ မရှိပေ။
ထို့အပြင့် ကိုယ်လုပ်တော်ယွမ်က သူ့ကို နန်ချီ့ထက်တောင် ကောင်းကောင်း ဆက်ဆံသည်ဟု မော့ကျိုးယွီကိုယ်တိုင် ပြောပြခဲ့သည်။ အဲ့ဒါကရော ဘာလို့လဲ။
ဟဲကျစ်ယန်သည် ဖြစ်နိုင်ချေ အမျိုးမျိုးကို မှန်းဆရန် ဦးနှောက်လေးကို စုစည်းထားလိုက်သည်။ နောက်ဆုံးတော့ သူမ၏ လျှပ်တပြက် အတွေးထဲတွင် နန်ချီ ပေါ်လာခဲ့သည်။
အောင်မြင်မှုအသစ်ကို တွေ့ရှိလိုက်ရသောကြောင့် ဟဲကျစ်ယန်မှာ အလွန်စိတ်လှုပ်ရှားသွားရ၏။ သူမသည် ပုံမှန်ထက် ကြမ်းသော လှုပ်ရှားမှုမျိုးဖြင့် ဘေးသို့ လှည့်လိုက်ရာ မော့ကျိုးယွီ၏ လက်မောင်းကို ဖိမိသွားသည်။
တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသဖြင့် ဟဲကျစ်ယန်သည် သူမ၏ ခန္ဓာကိုယ်ကို အလင်းအလျင်ဖြင့် နောက်ပြန်ဆုတ်လိုက်သည်။
သူမ၏ လှုပ်ရှားမှုကပဲ မော့ကျိုးယွီကို နိုးသွားစေသလား ဒါမှမဟုတ် အစကတည်းက သူမလိုပဲ အိပ်မပျော်သေးတာလားတော့ သူမလဲ မသိပေ။
မထင်မှတ်ထားစွာပင် မော့ကျိုးယွီက ထထိုင်လိုက်ကာ သူ၏လေသံကတော့ နဂိုအတိုင်း အေးစက်စက်ပင်။
“မင်းလဲ အိပ်လို့ မရဘူးလား”
“ဟုတ်တယ် ကျွန်မခေါင်းထဲ တွေးစရာတွေ ရှိနေလို့ အိပ်မပျော်နိုင်ဘူး ဖြစ်နေတာ” ဟဲကျစ်ယန်က မဖုံးကွယ်ထားပေ။
မော့ကျိုးယွီက ထပ်မေးလိုပ်သည်။ “ကိုယ့်ဇစ်မြစ်ကို တွေးနေတုန်းလား”
ဒဲ့ကြီး မေးခံလိုက်သောကြောင့် ဟဲကျစ်ယန် ခဏကြောင်သွားကာ ပြီးမှ ပြန်မေးလိုက်သည်။
“ရှင်နဲ့ နန်ချီ အတူတူ ရေချိုးဖူးလား”
ဉာဏ်ကောင်းသောသူဖြစ်သောကြောင့် မော့ကျိုးယွီသည် ထိုမေးခွန်း၏ နောက်ကွယ်မှ မေးချင်သည့် အကြောင်းအရာကို တန်းသိသွား၏။
“သူ့မှာ မွေးရာပါ အမှတ်အသား မရှိတာ ကိုယ် သက်သေခံပေးနိုင်တယ်”