သူ ငါ့ကို ဆန့်ကျင်လိုက်ကတည်းက ငါတို့ ညီအကိုတွေ မဟုတ်ကြတော့ဘူး
Vol. 6 Ch. 77
ထိုအချိန်တွင် ဟဲကျစ်ယန် လုံးဝ စိတ်ပျက်သွားရသည်။
မူလက သူမ ထင်နေခဲ့သည်မှာ မော့ကျိုးယွီကိုယ်ပေါ်မှ မွေးရာပါအမှတ်သည် မော့မိသားစုက တက်တူးထိုးထားခြင်းဖြစ်မည်ဟုပင်။
သို့သော် နန်ချီတွင် မော့မိသားစုဝင် အားလုံး၌ရှိသည့် ထင်ရှားသည့် အမှတ်အသား လုံးဝ ရှိမနေခဲ့ပေ။ ဆိုလိုသည်မှာ သူတို့က မွေးတုန်းက အလဲမခံခဲ့ရဘူးဆိုသည့် သဘော ဖြစ်သည်။
တစ်နည်းဆိုသော် သေချာစစ်ဆေးကြည့်ပြီးနောက် တဪားမဝင် သမိုင်းကြောင်းထဲက စကားများမှာ လုံးဝ ယုံကြည်ဖို့ မဖြစ်နိုင်ပေ။
မော့ကျိုးယွီ၏ မွေးဖွားခြင်းနှင့် ပတ်သက်သည့် နောက်ဆုံးအဖြေကို ကြားရပြီးနောက် ဟဲကျစ်ယန်သည် သူ့ဇစ်မြစ်နှင့် ပတ်သက်သည့် သံသယများကို လုံးဝ လက်မြှောက်လိုက်တော့သည်။
တစ်ချိန်တည်းပင် သူ့အပေါ် နန်ချီ၏ အပြုအမူကြောင့် ပိုလို့ပင် ရှုပ်ထွေးလာရသည်။
ကြောင်ကို ခြူလုံးတပ်ပေးတဲ့လူကပဲ ခြူလုံးကို ပြန်ဖြုတ်ပေးရမှာပေါ့။ ထိုလိုသည်မှာ နန်ချီတစ်ယောက်သာလျှင် ထိုအဖြေကို သိနိုင်ပေလိမ့်မည်။
ဟဲကျစ်ယန်က အခုထိ အလေးအနက် တွေးနေသည်ကို မြင်သောအခါ မော့ကျိုးယွီသည် သူမက ဒီလို ယုတ္တိမတန်လွန်းသော စကားမျိုးကို ဘယ်ကကြားခဲ့လဲဟု မေးချင်မိ၏။
သို့သော် သူမကို သူပေးထားခဲ့သည် ကတိကို ပြန်သတိရကာ သူ၏ သိချင်စိတ်ကို အကောင်းဆုံး ပြန်ထိန်းသိမ်းထားလိုက်သည်။
ဤမိန်းကလေးက မဟုတ်မဟတ်တွေ တွေးတောပြီး မပျော်ရွှင်ဖြစ်နေမှာစိုးသောကြောင့် မော့ကျိုးယွီသည် သူ့အတွေးများကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
“ကိုယ်က ငယ်ငယ်လေးကထဲက နန်ချီနဲ့ အတူ ကြီးလာတာ၊ ကိုယ်တို့က အရင်းနှီးဆုံး သူငယ်ချင်းတွေပဲ။ သူက အမြဲတမ်း ကိုယ့်အပေါ် ကောင်းခဲ့ပါတယ်။
ကိုယ် နယ်စပ်မှာ တိုက်ခိုက်နေရတုန်း ရိက္ခာတွေ ပြတ်တောက်သွားတော့ ကိုယ် ရုံးတော်ကို စာတင်ခဲ့ပေမဲ့ အချိန်အကြာကြီး ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။ အရမ်းအရေးကြီးနေတဲ့ အချိန်မှာ ကိုယ့်ရဲ့ စစ်သားတွေ ရိက္ခာပြတ်လုနီးပါး ဖြစ်သွားတော့ နန်ချီက သူ့ပိုက်ဆံထဲက ထုတ်ပြီးတော့ အနယ်အနယ် အရပ်ရပ်ကို လူတွေ လွှတ်ပြီး ရိက္ခာတွေ စုစေတယ်။ ပြီးတော့ နယ်စပ်ကို ပို့ပေးခဲ့တာ။အဲ့ဒီအချိန်တုန်းက သူ ကိုယ့်ကို တကယ်ကူညီခဲ့တာ။
ကိုယ် ပထမဆုံးအကြိမ် စစ်တိုက်ထွက်တော့ ရန်သူ့ဘက်က အဆိပ်လူးထားတဲ့ မြှားထိမိသွားရော။ ကိုယ့်ကို အဆိပ်ဖြေပေးဖို့ အဆိပ်ဖြေဆေးရဖို့အတွက် နန်ချီက ဆေးတောင်ကြားဆီ ချက်ချင်း ပြေးသွားပေးခဲ့တာ။
နန်ချီ့ရဲ့ ကိုယ့်အပေါ် စစ်မှန်မှုတွေကို သက်သေပြလို့ရတဲ့ အရာတွေ အများကြီး ရှိသေးတယ်။
ဒီနှစ်အစောပိုင်း ကိုယ် နယ်စပ်ကနေ မြို့တော်ပြန်လာမှသာ သူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေမှန်း ကိုယ် သတိထားမိခဲ့တာ။ သူ ကိုယ့်ကို ပုံမှန်အတိုင်းပဲ မြို့ပြင်ထွက်ပြီး ကြိုဆိုပေမဲ့ နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်လာခဲ့တာရော၊ ဒီနှစ်တွေအတွင်း ကိုယ် သူ့အပေါ် နားလည်ထားတာတွေရောကြောင့်မို့ ကိုယ် ပြန်ရောက်လာတာကို သူ ပျော်မနေမှန်း သေချာသိနေခဲ့တာ။
ပြီးတော့ သူ့မျက်လုံးတွေ အမြဲတမ်း မှုန်မှိုင်းနေခဲ့တာ ကိုယ် သူ့ကို အဲ့အကြောင်း မေးလိုက်တိုင်း သူက ဒဲ့မဖြေဘဲနဲ့ စကားလမ်းကြောင်းလွှဲသွားတာချည်းပဲ။
ကိုယ် မြို့တော်မှာ အခြေကျတာနဲ့ ပထမဆုံးလုပ်တဲ့ အလုပ်က သူ့ကိုတွေ့ဖို့ ဝမ်အိမ်တော်ဆီ အပြေးသွားခဲ့တာပဲ။
ဒါပေမဲ့ သူက ကိုယ့်ကို မေးခွန်းတစ်ခု မေးခဲ့တယ် __ ငါသာ ဧကရာဇ်ရဲ့ သားမဟုတ်ဘူးဆိုရင် ငါတို့တွေ ညီအကိုကောင်းတွေ ဆက်ဖြစ်နိုင်သေးလားတဲ့။
အဲ့ဒီအချိနိတုန်းက ကိုယ် သူ့စကားတွေကို အတည်မယူခဲ့ဘဲနဲ့ ဒီတိုင်းပဲ သူ့ကို နှစ်သိမ့်ပေးခဲ့တာ။
အခုပြန်တွေးကြည့်မယ်ဆိုရင် နန်ချီမေးခဲ့တဲ့ မေးခွန်းအရ သူတစ်ခုခု ကြားခဲ့တာ သေချာတာပေါ့။ ဒါမှမဟုတ် သူက တကယ်ပဲ တော်ဝင်သွေး မဟုတ်ဘဲ တစ်ယောက်ယောက်နဲ့ လဲခံခဲ့ရတာ ဖြစ်နိုင်လိမ့်မယ်၊ ဒါပေမဲ့ လဲခဲ့တဲ့ကလေးကတော့ ကိုယ် မဟုတ်ဘူး”
မော့ကျိုးယွီ၏ တွက်ချက်မှုကို နားထောင်ပြီးနောက် ဟဲကျစ်ယန်သည် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိလိုက်၏။
“ရှင်ပြောသလိုဆို နန်ချီရဲ့ ရှင့်အပေါ် ညီအစ်ကို ခင်မင်မှုက အရင်တုန်းကတော့ တကယ်ပဲ ဒါပေမဲ့ ရုတ်တရတ်ကြီး ပြောင်းလဲသွားတာပေါ့။ ကျွန်မထင်တာတော့ သူက တကယ်ပဲ တော်ဝင်သွေး မဟုတ်ဘဲ မွေးပြီးပြီးချင်း အလဲခံခဲ့ရတာ ဆိုတာကတော့ ဖြစ်နိုင်လိမ့်မယ်။
ဒါပေမဲ့ သူရထားတဲ့သတင်းက သူနဲ့ ရှင့်ကို ကလေးချင်းလဲခဲ့တာလို့ သတင်းရတာဖြစ်မယ်။ အချိန်အကြာကြီးနေပြီးမှ အဖြစ်မှန်ပေါ်သွားမှာကို ကြောက်လို့ သူက ရှင့်ကို သတ်ချင်တာများလား”
မော့ကျိုးယွီက တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်သည်။ “ဒါတွေက ကိုယ် ခန့်မှန်းထားရုံပါ။ သူ့ရဲ့ တကယ့်ဇစ်မြစ်က အခုထိ ဘယ်သူမှ မသိသေးဘူး”
“တကယ်ပဲ အဲ့လိုသာဆိုရင် ရှင် သူနဲ့ အထင်လွဲနေတာကို မဖြေရှင်းချင်ဘူးလား” ဟဲကျစ်ယန်သည် မော့ကျိုးယွီ၏ အတွေးများကို နားလည်ချင်မိ၏။
မော့ကျိုးယွီသည် မဲ့ပြုံးပြုံးကာ ခေါင်းယမ်းလိုက်သည်။
“ဒါက အထင်လွဲတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် သူ ကိုယ့်ကို ဆန့်ကျင်ဖို့ လုပ်လိုက်ပြီဆိုကတည်းက ကိုယ်တို့က ညီအကိုတွေ မဟုတ်ကြတော့ဘူး”
သးမတို့ တတ်နိုင်သလောက် ဤကိစ္စနှင့် ပတ်သက်၍ လေ့လာခဲ့ကြပြီး ဖြစ်သော်လဲ မော့ကျိုးယွီက ပိုပြီးစိတ်ပျက်အားငယ်လာသည်ကို မြင်သောအခါ ဟဲကျစ်ယန်သည် ထိုအကြောင်းကို ဆက်မပြောတော့ဖို့ ဆုံးဖြတ်လိုက်သည်။
နှစ်ယောက်လုံး တစ်ခဏခန့် အသံတိတ်သွားကြကာ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။
နောက်ဆုံးတွင် တဲအိမ်လေးထဲမှ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုပ်သူက မော့ကျိုးယွီ ဖြစ်သည်။
“ကိုယ် မြစ်ကမ်းဘေးမှာ ခဏသွားထိုင်ဦးမယ်၊ အဲ့ဒီက ပိုအေးတယ်”
တဲအိမ်ထဲတွင် အနည်းငယ် ကျဉ်းကျပ်နေသည်မှာ အမှန်ပင်။ ဟဲကျစ်ယန်သည် သူမ နေရာလွတ်ထဲ ဝင်ကာ ရေချိုးနိုင်လျှင် ကောင်းမည်ဟု တွေးမိသည်။
မော့ကျိုးယွီ ထွက်သွားတော့မည်ကို မြင်သောအခါ သူမက ထိုအခွင့်အရေးကို အရယူလိုက်၏။
“အာ .. ရှင် နောက်နာရီဝက်လောက်နေမှ ပြန်လာလို့ ရမလား”
မော့ကျိုးယွီသည် သူမအား လေးလေးနက်နက်စိုက်ကြည့်ကာ သဘောတူကြောင်း အသံပေးလိုက်သည်။
ဟဲကျစ်ယန်သည် သူ သဘောတူကြောင်း သိလိုက်သည်။ သူ့ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် သူမလဲ နေရာလွတ်ထဲသို့ ဝင်လိုက်တော့သည်။
အချိန်က တန်ဖိုးရှိသည်။ ဟဲကျစ်ယန်သည် အမြန်ဆုံးရေချိုးကာ ဆံပင်ကို ဆံပင်မှုတ်စက်ဖြင့် မှုတ်ပြီး သန့်ရှင်းသော အတွင်းခံများ လဲဝတ်လိုက်သည်။
နံရံပေါ်မှ နာရီကိုကြည့်လိုက်ဟောအခါ သူမ နေရာလွတ်ထဲသို့ ဝင်လာသည်မှာ မိနစ် ၄၀ ရှိပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမ နေရာလွတ်ထဲမှ ထွက်ခွာလာသော်လဲ မော့ကျိုးယွီကတော့ ပြန်မလာသေးပေ။ ဟဲကျစ်ယန်သည် သူမနေရာလေးတွင် လှဲကာ အိပ်ပျော်သွားတော့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် သူမဘေးတွင် ရင်းနှီးနေသော အနံ့ကို ရလိုက်သည်။
မော့ကျိုးယွီ ပြန်လာပြီဆိုတာ သိသောကြောင့် ဟဲကျစ်ယန်၏ ခန္ဓာကိုယ်သည် ဘေးသို့တိုးသွားကာ သူ့ကို နေရာကျယ်ကျယ် ပေးလိုက်သည်။
မော့ကျိုးယွီသည် တဲထဲဝင်ဝင်ချင်း အချိန်အတော်ကြာ မရခဲ့သည် မွှေးရနံ့လေး ပြန်ရလိုက်သည်။
ဘာကြောင့်မှန်း မသိသော်လဲ ထိုအနံ့ကို သူ စွဲလမ်းနေမိ၏။
သူ့ခန္ဓာကိုယ်ထဲတွင် အခြေခံအကျဆုံးသော တွန်းအားတစ်ခုက တွန်းထိုးရိုက်ခတ်နေသည်ကို ခံစားလိုက်ရသည်။
မော့ကျိုးယွီသည် ခေါင်းကို အကြိမ်အနည်းငယ် ခပ်ကြမ်းကြမ်း ခါယမ်းကာ ခေါင်းပြန်ကြည်သွားအောင် လုပ်လိုက်သည်။
နောက်နှစ်ရက်အတွင်း သူမတို့သည် ဆန်းတာ့ကျိုးနှင့် တခြားလူများ ပြန်လာမည်ကို စောင့်ဆိုင်းနေရုံသာ ဖြစ်သည်။
ဟဲကျစ်ယန်သည် အမျိုးသမီးများ အလုပ်လုပ်နေသည့်နေရာတွက် လက်တစ်ဖက်တောင် ဝင်ကူစရာ မလိုခဲ့သော်လဲ သူမလဲ အအားမနေပေ။ တစ်ရက် သုံးနပ် ချက်ပြုတ်ပေးရုံသာမက ကျန်သည့် အချိန်များတွင် ဆေးဖော်နေခဲ့သည်။
ငွေလက်စွပ်မြွေကို သူမ နေရာလွတ်ထဲတွင် သိမ်းဆည်းထားသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။ ဟဲကျစ်ယန်သည် အားနေသော အချိန်လေးများတွင် ထိုမြွေမှ သူမ လိုချင်သော အဆိပ်ကို ဖော်ဖို့ စီစဉ်ထား၏။
သူမ၏ တဲအိမ်လေးထဲတွင် ပုန်းနေရင်း ငွေလက်စွပ်မြွေ၏ ခန္ဓာကိုယ်မှ အဆိပ်ကို ခွဲထုတ်ရန် ခေတ်မှီ ဆေးကိရိယာများကို အသုံးချနေသည်။
အချို့သော ဖော်မြူလာမှတ်စုများအရ အမျိုးမျိုးသော ဆေးဝါးများ ထည့်လိုက်လျှင် အဆိပ်ကလဲ အာနိသင် အမျိုးမျိုး ထွက်လာမည်ဟုဆိုသည်။
ထိုအရာက ဟဲကျစ်ယန်အတွက် မခက်ပေ။ ဆေးပစ္စည်းအားလုံးကို ထောင်းပေါင်တွင် ဝယ်ယူနိုင်ပေသည်။
နှစ်ရက်ကြာ အားစိုက်ထုတ်ပြီးနောက် ဟဲကျစ်ယန်သည် အဆိပ်နှစ်မျိုးနှင့် မေ့ဆေးအမွှေးတိုင်ကို တီထွင်နိုင်ခဲ့သည်။
တစ်မျိုးသည် လူတစ်ယောက်၏ အသိစိတ်ကို အချိန်တိုအတွင်း ပျောက်ကွယ်သွားနိုင်သည်။ ဟဲကျစ်ယန်သည် ထိုအဆိပ်အား ‘သိစိတ်မဲ့’ ဟု အမည်ပေးလိုက်သည်။
နောက်တစ်ခုကတော့ ပိုပြီးဒဲ့တိုးဆန်သည်။ တစ်ယောက်ယောက်က မျိုချလိုက်ပါက ထိုလူချက်ချင်း သေသွားမည်ဖြစ်ပြီး ဟဲကျစ်ယန်ကို အဆိပ်ဖြေဆေး ဖော်စပ်ရမည့် ပြဿနာတော့ ချန်ထားခဲ့ပေသည်။
သူမသည် ထိုအဆိပ်အား ‘မရဏဆင်းသက်’ ဟု အမည်ပေးလိုက်သည်။
မေ့ဆေးအမွှေးတိုင်သည် ထွန်းလိုက်သည်နှင့် ထိုအနံ့ကို ရှူမိသူတိုင်း လျင်မြန်စွာ အသိစိတ်ပျောက်သွားကာ ဆေးအာနိသင်က နှစ်နာရီခန့် ကြာမြင့်သည်။
သူမ၏ ကိုယ်ပိုင်ဘေးကင်းမှုအတွက် ဟဲကျစ်ယန်သည် အမွှေးတိုင်အတွက် ဖြေဆေးကိုလဲ ဖော်ထုတ်ခဲ့ပြီးပြီဖြစ်သည်။
သူမသည် အနာဂတ်အတွက် ထိုအရာများကို တန်ဖိုးထားကာ ဂရုတစိုက် သိမ်းဆည်းထားလိုက်သည်။
ဟဲကျစ်ယန်ဘက်တွင် သူမက အဆိပ်များနှင့် မေ့ဆေးအမွှေးတိုင်ကို အောင်အောင်မြင်မြင် ဖော်ထုတ်နိုင်ခဲ့၏။ တစ်ဖက်တွင်လဲ အမျိုးသမီးများက အဝတ်အစားများနှင့် ဖိနပ်များ ချုပ်လုပ်လို့ ပြီးသွားပြီ ဖြစ်သည်။
ထိုအချိန်တွင်ပဲ ဆန်းတာ့ကျိုးနှင့် အရာရှိများကလဲ မြို့တော်မှ ပြန်ရောက်လာခဲ့လေသည်။
ကောင်းကင်ကြီးကိုကြည့်ကာ အစောပိုင်း ကန်းအချိန်ရောက်နေပြီ ဖြစ်သောကြောင့် ဖမ်းနမ်သည် ဤနေရာမှာပဲ နောက်ထပ်တစ်ညအိပ်လိုက်ပြီး မနက်စောစောမှ ခရီးဆက်ကြရန် ဆုံးဖြတ်လိုက်သည်။
နောက်ထပ် တစ်ည အနားယူပြီးနောက် လူတိုင်းသည် အဝတ်အစားသစ်များ ဖိနပ်သစ်များ လဲလှယ်ကြကာ အဟောင်းအညစ်များကို နောက်မှသုံးရန် အိတ်ထဲ ထည့်လိုက်ကြသည်။
နောက်တစ်နေ့ အာရုဏ်တက် ပထမဆုံးအလင်းရောင်လာပြီး ဖမ်းဝမ်မှ မနက်စာခွဲဝေပေးပြီးနောက် လူတန်းကြီးသည် အားအင်အပြည့်ဖြင့် ခရီးဆက်လာကြတော့သည်။
ဖင်းယွမ်ကောင်တီသည် အနောက်မြောက်သို့ သွားသည့်လမ်းတွင် လိုအပ်သည့် နားရပ်တစ်ခုဖြစ်သည်။ နေ့လည်ခင်းတွင် လူတန်းကြီးက ဖင်းယွမ်ကောင်တီထဲ ဝင်ခဲ့ကြ၏။
အရာရှိအနည်းငယ်က လိုက်ပါလာသောကြောင့်သာ မဟုတ်ပါက ထိုသပ်သပ်ရပ်ရပ် သေသေချာချာ ဝတ်စားထားသော လူစုမှာ ပြည်နှင်ဒဏ်ခံရသူများဟု ဘယ်သူမှ ထင်မိမှာ မဟုတ်ပေ။
သူတို့ မြို့ထဲသို့ ဝင်ကြသောအခါ စူးစမ်းလိုသော မျက်လုံးများနှင့် ရင်ဆိုင်လိုက်ကြရသည်။ မသိစိတ်၏ လှုံ့ဆော်မှုကြောင့် မော့မိသားစုများသည် သူတို့၏ ကောက်ရိုးခမောက်ကြီးများကို အောက်သို့ နှိမ့်ချကာ လူအများ သူတို့မျက်နှာကို မမြင်နိုင်အောင် ကွယ်လိုက်ကြသည်။