ဖေးနန်ယွီနဲ့ ထပ်တွေ့ပြီ
Vol. 6 Ch. 78
ဖင်းယွမ်ကောင်တီသည် မသေးငယ်ပေ။ သူမတို့ ကောင်တီမြို့တစ်ခုလုံးကို ဖြတ်သန်းသွားဖို့ လိုအပ်ပေသည်။
အရှေ့ဘက်ဂိတ်တံခါးမှ ဝင်လာပြီး အနောက်ဘက် ဂိတ်တံခါးမှ ထွက်ခွာသည်မှာ စုစုပေါင်း နှစ်နာရီခန့် ကြာမြင့်သည်။
လမ်းတစ်လျှောက်တွင် အရာရှိများက လိုအပ်သည်များ ဝယ်ယူရဦးမည်ဖြစ်လေရာ အနောက်ဘက်ဂိတ်သို့ ရောက်သည့်အချိန်သည် နေဝင်စအချိန်လောက် ဖြစ်ပေမည်။
ဖင်းယွမ်ကောင်တီတွင် တစ်ညနားကိုနားရမည်ဖြစ်သောကြောင့် ကောင်တီထဲ ဝင်လာပြီးနောက် ဖမ်းဝမ်သည် လူတိုင်းကို အလျင်စလို မလုပ်ခိုင်းတော့ပေ။
သူတို့သည် လမ်းတစ်လျှောက် လျှောက်ရင်းရပ်ရင်းနှင့် လိုအပ်သည်များကိုလဲ ဝယ်ယူနေကြသည်။
ဖန့်မိသားစုနှင့် ရှဲ့မိသားစုတွင်လဲ ငွေချောင်း ၂၀ စီ ရှိနေကြ၏။ အရာရှိများက မမြင်ချင်ယောင် ဆောင်ပေးထားသဖြင့် သူတို့သည်လည်း နေ့စဉ်သုံးပစ္စည်းများ လွတ်လွတ်လပ်လပ် ဝယ်ယူခွင့်ရကြသည်။
သို့သော် သူတို့ အရမ်းကြီး ထင်ထင်ပေါ်ပေါ် မလုပ်ရဲကြပေ။ ရှေ့ဆက်ရမည့်ခရီးက အဝေးကြီးကျန်သေးသည်။ ခက်ခက်ခဲခဲရထားသော ဝင်ငွေလေးများကို အကုန်သုံးလိုက်လို့မဖြစ်ပေ။ အလွန်အရေးကြီးသည့် အချိန်မျိုးတွင် သုံးဖို့လဲ ချန်ထားရပေမည်။
မော့မိသားစုက လူများမှာ ပိုရက်ရောကြသည်။ ဟဲကျစ်ယန်တွင် မရေမတွက်နိုင်သော ငွေများရှိနေသည်ကိုမဆိုထားနှင့်၊ တတိယမရီးနှင့် စတုတ္ထမရီးတို့၏ မိဘအိမ်မှ ပေးလိုက်သော ငွေများကလဲ မနည်းလှပေ။
သူမတို့၏ ငွေများကို အသုံးပြုလို့ရနိုင်တော့မည်ဖြစ်သောကြောင့် မရီးနှစ်ယောက်သည် အလွန်စိတ်အားထက်သန်နေကြသည်။
သူမတို့မြင်သမျှ လိုက်ဖက်သည်ဟုထင်သော အရာအားလုံးကို ဝယ်ယူနေကြသည်။ လှည်းကပြည့်သွားကာ ပစ္စည်းများကို ထပ်မကိုင်နိုင်သောအခါမှ မတတ်နိုင်ဘဲ ရပ်တန့်လိုက်ရတော့သည်။
ဟယ်မိသားစုသည် တခြားလူများ ပစ္စည်းဝယ်နေကြသည်ကို မျှော်ကြည့်ကာ စိတ်ထဲတွင် ဖော်ပြလို့မရနိုင်သော ခံစားချက်များ ရှိနေကြသည်။
မရီးနှစ်ယောက်၏ ဝေစုများဖြင့် ဝယ်ယူနေခြင်းတွင် ဟဲကျစ်ယန်က ပါဝင်ခဲ့ခြင်း မရှိပေ။
သူမတို့ သစ်သားထည်ဆိုင်လေးကို ဖြတ်သွားသောအခါမှ သူမ စိတ်ဝင်စားမှုတချို့ ရှိလာခဲ့သည်။
သူမက ဖမ်းဝမ်နှင့် ဆွေးနွှေးလိုက်၏။ “အကိုဖမ်း၊ ကျွန်မ နောက်ထပ် သစ်သားလှည်းနှစ်စီးလောက် ဝယ်လို့ရမလား”
ဖမ်းဝမ်သည် ဟဲကျစ်ယန်၏ ရည်ရွယ်ချက်ကို သိ၏။ သူတို့တွင် ပစ္စည်းများ ပိုပိုများလာသဖြင့် ၎င်းတို့ကို သယ်ဖို့က အနည်းငယ် အခက်အခဲ ဖြစ်လာပေသည်။
သို့သော် သူက ငြင်းဆန်လိုက်သည်။
“ညီမလေး၊ မင်း မသိလို့ ငါတို့နောက်ရက်အနည်းငယ်ဆို တောင်ပေါ်လမ်းတွေနဲ့ တွေ့ရတော့မှာ။ အဲ့ဒီမှာဆို ငါတို့ တောင်ပေါ်ကို တွယ်တက်ပြီးမှ ဖြတ်သွားလို့ရမဲ့ နေရာတောင် ရှိသေးတယ်။ အဲ့ဒီအချိန်ကျရင် မင်းမှာ အခုရှိနေတဲ့ လှည်းနှစ်စီးတောင် သိမ်းထားနိုင်ပါ့မလား မသိဘူး။
မင်း လှည်းဝယ်ချင်တယ်ဆိုရင် အဲ့ဒီတောင်ကို ကျော်ပြီးမှ ဝယ်ဖို့ ငါအကြံပေးချင်တယ်”
ဟဲကျစ်ယန်သည် သူမတို့ တောင်များနှင့် တောင်ကြောများကို ဖြတ်သွားရမည်ဟု မသိခဲ့ပေ။
“ဒီလိုဆိုမှတော့ အကိုဖမ်းရဲ့ စကားကို နားထောငိပါမယ်”
လှည်းဝယ်ဖို့အတွက် ပိုက်ဆံကိုရော၊ ၎င်းတို့ကို ရက်အနည်းငယ်သာ သုံးပြီး စွန့်ပစ်လိုက်ရမှာကိုရော သူမ စိတ်ထဲ မထားသော်လဲ သူမတို့၏ လက်ရှိအခြေအနေအရ အရမ်းကြီး မထင်ပေါ်ခြင်းက ပိုကောင်းပေသည်။
တစ်ချိန်တည်းမှာပင် သူမကစဉ်းစားလိုက်သည်။ နောက်ရက်အနည်းငယ်အတွင်း အစားအစာတွေကို အများကြီး ပြန်မဖြည့်သင့်ပေ။ ထိုမှသာ တောင်တက်ရာတွင် အခက်အခဲ မများမှာ ဖြစ်သည်။
ဟဲကျစ်ယန်သည် ဘယ်လိုလုပ်ရမလဲဟု အထူးတလည် စဉ်းစားနေချိန်တွင် သူမဆီမှ ဝံပုလွေအသားခြောက်များ ဝယ်ယူသွားခဲ့သော လူကြီးမင်းချွေ့သည် အနီးရှိစားသောက်ဆိုင် တစ်ခု၏ ဝင်ပေါက်တွင် ဧည့်သည်များကို နွေးထွေးစွာ ကြိုဆိုနေသည်ကို တွေ့လိုက်ရသည်။
ဟဲကျစ်ယန်သည် လူကြီးမင်းချွေ့က ထိုအသားခြောက်များ ဝယ်ရသည့် ရည်ရွယ်ချက်မှာ ကဗျာစုဝေးပွဲအတွက် တည်ခင်းဧည့်ခံဖို့ဖြစ်ကြောင်း သိရှိထားပြီးဖြစ်သည်။
ယနေ့က ထိုကဗျာစုဝေးပွဲ ကျင်းပသည့်နေ့ ဖြစ်ရပေမည်။
သူမလဲ ထိုအရာကို စိတ်မဝင်စားပေ။ သူမ၏ ကောက်ရိုးခမောက်ကို ပိုပြီး ငိုက်ချလိုက်ကာ တခြားလူများနှင့် မဆုံတွေ့မိစေရန် လုပ်လိုက်သည်။
ထိုအချိန်တွင် အရှေ့မှ ရန်ဖြစ်နေသံများ ထွက်ပေါ်လာသည်။
“ဖေးနန်ယွီ၊ မင်း ဆင်းရဲသား တန်ဖိုးမရှိတဲ့ကောင်။ မင်းက တခြားလူဆီက အကူအညီယူပြီး ငါတို့ကို ငွေချောင်း တစ်ရာတောင် ဓားပြတိုက်သွားတယ်။ ဒါတောင် ငါတို့ရှေ့မှာ မျက်နှာလာပြရဲသေးတာလား”
“ဖေးနန်ယွီ၊ မင်းမှာ ဘယ်လိုဂုဏ်သိက္ခာများရှိလဲလို့ မင်းကိုယ်မင်း မှန်ထဲပြန်ကြည့်လိုက်ပါဦး။ ဒါက လူကြီးမင်းချွေ့ ဦးဆောင်ကျင်းပတဲ့ ကဗျာစုဝေးပွဲကြီးပဲ။ လမ်းဘေးကလူတိုင်း တက်ရောက်ဖို့ အဆင့်မှီတယ်များ ထင်နေတာလား”
“မြန်မြန်ထွက်သွားစမ်း။ မင်း နှေးတုံ့နှေးတုံ့လုပ်နေဦးမယ်ဆိုရင် ဒီအကိုတွေက မင်းကို ယဉ်ကျေးနေတော့မှာ မဟုတ်ဘူး”
ဟဲကျစ်ယန်သည် အသံများထွက်ပေါ်လာသော နေရာကိုကြည့်လိုက်ရာ သူမ နောက်ဆုံးအကြိမ်တုန်းက စာအုပ်ဆိုင်ရှေ့တွင် တွေ့ခဲ့သည့် စာသင်သားများ ဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။
လူအနည်းငယ်က ဖေးနန်ယွီကို ထောင့်တွင် ချောင်ပိတ်ကာ စကားလုံးများဖြင့် တိုက်ခိုက်နေကြသည်။
ဖေးနန်ယွီက ခန္ဓာကိုယ်ကို ဖြောင့်နေအောင် ရပ်နေကာ နညိးနည်းလေးမှ ကြောက်နေသည့်ဟန်မရှိပေ။
“စာသင်သား အပေါင်းအဖော်တွေပဲဟာ၊ ငါက ဘာလို့ ကဗျာစုဝေးပွဲကို တက်ခွင့်မရှိရမှာလဲ”
ဖေးနန်ယွီက ပြောလိုက်သောအခါ ထိုစာသင်သားများက ဖြည်းဖြည်းချင်း သူ့အနား တိုးကပ်လာကြသည်။
“မင်က ငါတို့ဆီကနေ ပိုက်ဆံတွေ လုယက်သွားတာကိုတောင် ကိုယ့်ကိုယ်ကို စာသင်သားလို့ ခေါ်ရဲသေးတယ်ပေါ့”
တစ်ချိန်တည်းမှာပင် စာသင်သားများက တိုက်ခိုက်ကြရန် အချင်းချင်း အချက်ပြလိုက်၏။
လူကြီးမင်းချွေ့သည် အသံများကြားကာ ဘာဖြစ်နေလဲ ကြည့်ရှုရန် အလျင်အမြန် ပြေးထွက်သွားသည်။
ကြည့်ရှုသူများက ပိုပိုပြီး များပြားလာခဲ့သည်။
လမ်းကျဉ်းလေးမှာ မကြာခင်ပဲ လူများဖြင့် ပြည့်သွားကာ ဖြတ်သွားလို့ မရနိုင်အောင်ပင် ဖြစ်သွားရသည်။
လူကြီးမင်းချွေ့သည် သူ့ရှေ့တွင် စာသင်သားပုံစံ ဝတ်ဆင်ထားသူများကို ကြည့်လိုက်၏။
“ငါ ကဗျာစုဝေးပွဲလုပ်နေတာကို မင်းတို့က ဘာလို့ ပြဿနာရှာနေရတာလဲ”
လူကြီးမင်းချွေ့၏ ရှေ့တွင် ထိုကျောင်းသားများက ဖေးနန်ယွီကို ထပ်မတိုက်ခိုက်ရဲတော့ပေ။ သူတို့က လေချိုသွေးကြတော့သည်။
“လူကြီးမင်းချွေးမသိလို့ပါ။ ဒီလူက လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်တို့ဆီကနေ ငွေချောင်း ၁၀၀ လှည့်စားပြီး ယူသွားတာ။ ဒီနေ့ကျတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေနဲ့ ဒီကဗျာစုဝေးပွဲမှာ ပြဿနာရှာဖို့ ရောက်လာတယ်လေ။ ကျွန်တော်တို့ ဒီလိုလူမျိုးကို ဝင်ခွင့်ပေးလို့ မဖြစ်ဘူးလေ”
ထိုအချိန်တွင် ဖေးနန်ယွီ၏မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ သူသည် လူကြီးမင်းချွေ့အား လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏။
“ဒီကျောင်းသားဖေးနန်ယွီက ဂုဏ်ထူးဆောင် စာသင်သားတစ်ယောက်ပါ။ ကျွန်တော် မေးပါရစေ၊ လူကြီးမင်း ကျင်းပတဲ့ ကဗျာစုဝေးပွဲကို ကျွန်တော် တက်ရောက်ဖို့ အရည်အချင်း ပြည့်မှီပါသလား”
လူကြီးမင်းချွေ့က တုံ့ဆိုင်းမနေဘဲ ဖြေကြားလိုက်သည်။ “ဒါပေါ့ သေချာပေါက် အရည်အချင်း ပြည့်မှီပါတယ်”
သူက ခဏရပ်ကာ ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ သူတို့ ခုဏကပြောခဲ့တယ် မင်းမှာ မသင့်လျော်တဲ့ အပြုအမူတွေရှိတယ်တဲ့။ ဘယ်သူကမှ မင်းကိုမထောက်ခံရင်တော့ မင်း ခန်းမထဲကို ဝင်ခွင့် မရှိဘူး”
ဖေးနန်ယွီက သူ့ကိုသူ ခုခံပြောဆိုဖို့ ပြင်လိုက်စဉ်တွင် ယပ်တောင်ကိုင်ထားသော အဖြူရောင်ပုံရိပ်လေးတစ်ခုသည် ဒုတိယထပ်မှ ခုန်ဆင်းလာကာ လူကြီးမင်းချွေ့နှင့် ဖေးနန်ယွီကြား ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်သည်။
နန်ချီသည် သူ ဘယ်သူလဲဆိုတာ မဖုံးကွယ်ထားပေ။
“ဒီမင်းသားက ဒီကလူကြီးမင်းကို ကဗျာစုဝေးပွဲ တက်ရောက်ဖို့ ကိုယ်တိုင်ကိုယ်ကျ ထောက်ခံပေးရင်ရော လူကြီးမင်းချွေ့ ဖြစ်နိုင်မယ်လို့ ထင်သလား”
လူကြီးမင်းချွေ့သည် နန်ချီကို မြင်သောအခါ ချက်ချင်း ဒူးထောက်ချကာ အရိုအသေပေးလိုက်သည်။
“မင်းသားချီ ကျွန်တော်ကို တကယ်ပဲ သိမ်ငယ်စေပါတယ်။ ကဗျာစုဝေးပွဲဆီ မင်းသားသာ လူခေါ်ချင်တယ်ဆို ထောက်ခံဖို့တွေ ဘာတွေ လိုမနေပါဘူးဗျာ”
နန်ချီက ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် ဖေးနန်ယွီအား ကြင်နာစွာ ကြည့်လိုက်၏။ “သွားကြစို့၊ ငါနဲ့အတူ အပေါ်ထပ်က အထူးခန်းကို လိုက်ခဲ့ပါ”
နန်ချီ၏ ရုတ်တရက် ပေါ်လာမှုကြောင့် ဖေးနန်ယွီ၏ မျက်နှာအနည်းငယ် ပြောင်းလဲသွားသော်လဲ ချက်ချင်းပဲ ပုံမှန်ပြန်ဖြစ်သွားသည်။
သို့သော် ထိုသေးငယ်သော အပြောင်းအလဲလေးက သိပ်မဝေးသောနေရာတွင် ရှိနေသည့် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ မျက်လုံးထဲမှ လွတ်မသွားပေ။
ဟဲကျစ်ယန်လိုပင် မော့ကျိုးယွီသည်လည်း ဖေးနန်ယွီဆိုသော နာမည်ကိုကြားကတည်းက ထိုဘက်ကို အပြည့်အဝ အာရုံစိုက်ပြီး ကြည့်နေခဲ့သည်မှာ နန်ချီပေါ်လာသည်အထိပင်။ ထို့နောက် ဟဲကျစ်ယန် ပြောခဲ့သည်များကို သူ လုံးဝ ယုံကြည်သွားတော့သည်။
ဖေးနန်ယွီက နန်ချီကို မယုတ်မလွန် အရိုအသေပေးလိုက်သည်။ “မင်းသားရဲ့ မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ထိုသို့ပြောပြီးနောက် ဖေးနန်ယွီသည် မင်းသားနှင့်အတူ စားသောက်ဆိုင်ထဲသို့ ဝင်သွားလေသည်။
ထိုမြင်ကွင်းကြောင့် စာသင်သားများမှာ ချက်ချင်း အံ့ဩထိတ်လန့်သွားကြသည်။
ဖေးနန်ယွီက မင်းသားချီရဲ့ မျက်နှာသာပေးမှုကို ရလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
ဖေးနန်ယွီကသာ မင်းသားချီ၏ရှေ့တွင် သူတို့အကြောင်းပြောလိုက်ပါက သူတို့တင်သာမက သူတို့မိသားစုပါ အကုန်ပတ်သက်ပြီး ပြီးဆုံးတော့မှာဖြစ်သည်။
ထိုအချိန်တွင် လူတိုင်သည် ဖေးနန်ယွီက မင်းသားချီနောက်မှလိုက်ကာ စားသောက်ဆိုင်ထဲ ဝင်သွားသည်ကို ကြည့်နေကြသောကြောင့် ထိုကျောင်းသားများ၏ သနားစဖွယ်ပြုမူနေပုံကို ဘယ်သူမှ အာရုံမရှိကြပေ။
လူအုပ်ကြီးက တဖြေးဖြေးကျဲသွားသည်ကို မြင်သောအခါ ဖမ်းဝမ်သည် အကျဉ်းသားများကိုခေါ်ကာ ရှေ့သို့ဆက်လျှေညက်လိုက်ကြ၏။
ထိုစည်ကားသော ဈေးလမ်းကြီးမှ ထွက်လာသောအခါ ဖမ်းဝမ်သည် ဟဲကျစ်ယန်နှင့် မော့ကျိုးယွီတို့ဆီ ရောက်ချလာလေသည်။
“ညီမလေး၊ မင်းကယ်လိုက်တဲ့လူက မင်းသားချီရဲ့ အာရုံစိုက်မှုကို ရတယ်ဆိုတော့ အဲ့လူက သာမန်တော့ မဖြစ်နိုင်ဘူးနော်”
ဟဲကျစ်ယန်သည် ဖမ်းဝမ်၏ လေသံထဲက သက်သေပြချင်နေသော အရိပ်အယောင်များကို တွေ့လိုက်ရသည်။
“အကိုကြီးဖမ်းကတော့ နောက်ပြီ။ အဲ့လူက မင်းသားချီနဲ့ သိကျွမ်းနေတယ်ဆိုတာ ကျွန်မက ဘယ်လိုလုပ်သိမှာလဲ။ လူအုပ်ကြီးက တစ်ယောက်ထဲကို အနိုင်ကျင့်နေကြတာတွေ့လို့ သည်းမခံနိုင်ဘဲ ဝင်ကူညီမိရုံလေးတင်ပါ”