← Chapters

နန်ချီ အလည်လာခြင်း

Vol. 6 Ch. 79

နန်ချီ အလည်လာခြင်း

Vol. 6 Ch. 79

ထိုအချိန်တွင် မော့ကျိုးယွီသည် ဟဲကျစ်ယန်ကို ပြောချင်သော စကားပေါင်းများစွာ ရှိနေသည်။ ဖမ်းဝမ်က ဒီနားမှာပဲ တွယ်ကပ်နေကာ ထွက်သွားမည့် အရိပ်အယောင် မမြင်သောအခါ သူသည် နေလို့မကောင်းသည့်ပုံစံ တမင်တကာ ဟန်ဆောင်လိုက်၏။

“မိန်းမ၊ ကိုယ့်ရင်ဘတ်က နည်းနည်း နေလို့မကောင်းလို့။ နည်းနည်းလောက် ကူတွဲပေးပါလား”

တစ်ချက်ကြည့်ရုံနှင့်ပင် ဟဲကျစ်ယန်သည် မော့ကျိုးယွီ ဟန်ဆောင်နေမှန်း သိသည်။ သူမလဲ အလွန်လိုက်လျောညီထွေစွာပင် သူ့လက်မောင်းကို ကူထိန်းပေးလိုက်သည်။

“ယောက်ျား၊ ရှင့်ဒဏ်ရာတွေက ကောင်းကောင်း မပျောက်သေးဘူး။ ဒီနေ့ခရီးက ရှင့်ကို ပင်ပန်းသွားစေတာ ထင်တယ်။ ကျွန်မ ထိန်းပေးမယ် ဖြေးဖြေးချင်း လျှောက်နော်။ တည်းခိုဆောင်ဆီရောက်ရင် ကျွန်မ ဒဏ်ရာတွေကို သေသေချာချာ ပြန်ကြည့်ပေးမယ်နော်”

မော့ကျိုးယွီ၏ ခန္ဓာကိုယ်သည် ဟဲကျစ်ယန်အပေါ် မှီထားပြီး အပြင်လူများ၏ အမြင်တွင် သူက အလွန်အားနည်းနေသည့်ပုံစံပင်။

ဖမ်းဝမ်သည် မော့ကျိုးယွီက တကယ်နေမကောင်းဖြစ်သွားတာဟု ထင်လိုပ်၏။ သူသည် အဖွဲ့ကို ခပ်ဖြေးဖြေး လျှောက်ရန် မြန်မြန်ပြောလိုက်ပြီး သူကိုယ်တိုင် အရှိန်ကိုလျှော့ချရန် လူအုပ်ကြီးရှေ့သို့ ပြေးသွားလေသည်။

ဖမ်းဝမ် ထွက်သွားသည်ကို မြင်သောအခါ မော့ကျိုးယွီသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏ မိသားစုဝင်များကသာ သူ့အား စိတ်ပူစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

သူသည် သခင်မကြီးမော့နှင့် တခြားလူများကို မျက်ရိပ်ပြကာ သူဘာမှမဖြစ်ကြောင်း ပြောလိုက်သည်။ ထို့နောက်မှ ဟဲကျစ်ယန်အား တိုးတိုးလေး ပြောလိုက်၏။

“မင်းရဲ့ ထွက်ပေါ်လာမှုက သူတို့ဆုံရမဲ့အချိန်ကိုပဲ ပြောင်းလဲသွားစေခဲ့တာ”

မော့ကျိုးယွီ ဆိုလိုသည်မှာ သူတို့နှစ်ယောက်က ဆုံဖို့ရှိနေတုန်းပဲဟုပင်။

ဟဲကျစ်ယန်ကတော့ ထိုအကြောင်းအရာကြောင့် အံ့ဩမသွားပေ။ ထို့အပြင် နန်ချီနှင့် ဖေးနန်ယွီတို့ တစ်ဦးနှင့်တစ်ဦး သိသွားကြမည်ကို သူမက ပိုတောင်ပျော်သေးသည်။ ဖေးနန်ယွီကသာ နန်ချီ၏ အမှုထမ်းဖြစ်လာပါက သူမသည် သမိုင်းကြောင်းထဲမှ ခြေရာကောက်နိုင်ပြီး သူမအတွက်ရော သူမရန်သူအတွက်ပါ ခန့်မှန်းနိုင်ပေမည်။

“ဒါက ဆိုးဝါးတာတော့ မဟုတ်ပါဘူး”

“ဘာလို့လဲ” မော့ကျိုးယွီ နားမလည်ပေ။

ဟဲကျစ်ယန်သည် မော့ကျိုးယွီအား ထိုအရာကို ဘယ်လိုရှင်းပြရမလဲမသိပေ။

“ကျွန်မ အများကြီး ရှင်းမပြနိုင်ဘူး။ ဒါက ကျွန်မရဲ့ အလိုလိုသိစိတ်ကြောင့်ပဲ”

သူမက ထိုသို့ပြောလိုက်သောအခါ မော့ကျိုးယွီသည် ပိုပြီး ရှုပ်ထွေးသွားလေသည်။

သို့သော် သူသည် ဟဲကျစ်ယန်ထံမှ အသုံးဝင်သော အချက်အလက်များ ထပ်မရနိုင်တော့ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူ့စိတ်ထဲတွင်သာ တိတ်တိတ်လေး ခွဲခြမ်းစိတ်ဖြာကြည့်လိုက်၏။

ဇနီးမောင်နှံနှစ်ယောက်သား တစ်ယောက်နှင့် တစ်ယောက် မှီတွဲကာ ကိုယ်စီ ကိုယ်စီ အတွေးများထဲ နစ်မြှုပ်နေကြပြီး နောက်ဆုံးတွင် ဖင်းယွမ်ကောင်တီ၏ အနောက်ဆုံးအပိုင်းသို့ ရောက်ရှိလာလေသည်။

ထိုနေရာတွင် ဖမ်းဝမ်နှင့် သိကျွမ်းသော တည်းခိုဆောင်တစ်ခုရှိနေပြီး သူက လူတိုင်းကို အထဲသို့ ဝင်ခိုင်းလိုက်သည်။

ဆန်းတာ့ကျိုးက အထဲသို့သွားကာ သူဌေးကို တစ်ခုခု ပြောလိုက်သည်။ မကြာခင်ပင် သူနှင့်အတူ အစောင့်လေးတစ်ဦးထွက်လာကာ လူတိုင်းကို ပထမထပ်ရှိ အခန်းများ လိုက်လံပြသပေးတော့သည်။

အခန်းများမှာ ဆယ်ယောက်ခန်းနှင့် စုံတွဲခန်းများဟူ၍ ခွဲခြားထားလေသည်။

ဤတစ်ကြိမ်တွင် အရာရှိများက အခန်းခကို နှိုက်ဖို့ မကြံစည်တော့ပေ။ ထိုအစား တည်းခိုခန်းဝန်ထမ်းလေးက ဈေးများကို တိုက်ရိုက်ပြောပေးခဲ့သည်။

ဈေးသည် ဆယ်ယောက်ခန်းရော စုံတွဲခန်းပါ ဝမ် ၁၀၀ စီ ဖြစ်၏။

ယခု ဟဲကျစ်ယန်က မိသားစု၏ ခေါင်းဆောင်ဖြစ်သောကြောင့် စတုတ္ထမရီးက ငွေများကိုင်ကာ သူမကိုပေးရန် လျှောက်လာသည်။

“ယောင်းမလေး၊ ဒီနေ့ အခန်းတွေအဆွက် စတုတ္ထမရီးကပေးမယ်။ ကျွန်မတို့အတွက် ဘယ်လိုအခန်းမျိုးက သင့်တော်တယ်လို့ထင်လဲ”

ဟဲကျစ်ယန်သည် လောလောဆယ် မိသားစုခေါင်းဆောင်ဖြစ်သော်လဲ သူမက လူတိုင်း၏ အမြင်ကို တိုင်ပင်ချင်သည့် အရာများ ရှိသေးသည်။ သူမသည် စတုတ္ထမရီးကို သခင်မကြီးမော့နှင့် တခြားအမျိုးသမီးများထံ ခေါ်သွားလိုက်သည်။

“အမေ၊ ကျွန်မတို့ ဒီနေ့ အခန်းတွေ ဘယ်လိုခွဲကြမလဲ”

သခင်မကြီးမော့က လှည့်ပတ်ကြည့်ကာ ပြောလိုက်သည်။ “ဒါက အရင်တစ်ခေါက်ကနဲ့ အတူတူပဲလို့ထင်တယ်။ သမီးနဲ့ ‌ကျိုးယွီက နှစ်ယောက်ခန်းယူပေါ့၊ ကျန်တဲ့လူတွေကတော့ အမေနဲ့ အတူတူ ဆယ်ယောက်ခန်းမှာ နေကြမယ်”

ဟဲကျစ်ယန်သည် သခင်မကြီးမော့၏ အကြံအ‌တိုင်း စတုတ္ထမရီးကို ပြောလိုက်သည်။ “မရီး၊ အမေပြောတဲ့အတိုင်း လုပ်ကြရအောင်”

“ကောင်းပြီ” စတုတ္ထမရီးက ပြောလိုက်ကာ ဝန်ထမ်းလေးကို ပိုက်ဆံပေးရန် ‌သွားလိုက်သည်။

ရှဲ့မိသားစုနှင့် ဖန့်မိသားစုတွင် ငွေချောင်းများသိပ်မရှိသောကြောင့် သူတို့မိသားစုများတွင် လူဆယ်ယောက်ထက် ပိုနေသော်လဲ နောက်ထပ်တစ်ခန်း မငှားတော့ဘဲ ဆယ်ယောက်ခန်းတစ်ခန်းစီသာ ငှားလိုက်ကြသည်။

ဟယ်မိသားစုသည် ဖမ်းဝမ်အား သနားစဖွယ်ကြည့်နေကြပြီး သူတို့အပေါ် သနားညှာတာကာ အပြင်တွင် နောက်ထပ် ညမအိပ်ခိုင်းဖို့ မျှော်လင့်နေကြလေသည်။

ပြည်နှင်ဒဏ်ပေး အရာရှိဖြစ်လာသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သော ဖမ်းဝမ်သည် တစ်ပါးသူ၏ ဒုက္ခလေးကို မြင်လိုက်ရုံနှင့် စိတ်ပျော့သွားသည့် လူစားမျိုး မဟုတ်ပေ။

“မင်တို့က ဘာကြည့်နေကြတာလဲ။ ‌ငွေမရှိဘူးဆိုရင် အနောက်ဘက်က ထင်းတဲထဲမှာ အိပ်ကြ”

ဟယ်မိသားစုတွင် ထိုကံကြမ္မာကို လက်မခံနိုင်မှီ တစ်ယောက်ကိုတစ်ယောက် အကူအညီမဲ့စွာ ကြည့်လိုက်ကြ၏။

ထင်းတဲဆိုသည့်အတိုင်း အခန်းတော့ ဖြစ်သေးသည်။ ညစ်ပတိပြီး နံစော်နေသော ကောက်ရိုးတဲထဲ အိပ်ရသည်ထက်တော့ သာပေသည်။

လူတိုင်းက ပစ္စည်းများ နေရာချကြပြီးနောက် မိသားစုတစ်ခုစီက နေရာလွတ်ရှာကာ မီးမွှေးပြီး ညစာချက်ကြတော့သည်။

တစ်ရက်လုံး ခရီးနှင်လာပြီးနောက် အကုန်လုံး ပင်ပန်းနေကြပြီဖြစ်သည်။ ကောင်းကင်ကြီးက မမှောင်သေးသော်လဲ အခန်းသို့ စောစောပြန်ကာ အနားယူကြတော့သည်။

ဟဲကျစ်ယန်သည် မော့ကျိုးယွီက ဖေးနန်ယွီအကြောင်း ထပ်မေးလာမှာ စိုးရိမ်သောကြောင့် မအိပ်ချင်သေးသော်လဲ အိပ်ပျော်ချင်ယောင် ဆောင်နေလိုက်၏။

မော့ကျိုးယွီသည် လိမ္မာပါးနပ်ပြီး သူမ အမှန်တကယ် အိပ်မပျော်သေးမှန်းသိသော်လဲ ဘာမှထပ်မပြောတော့ပေ။

ညက အေးအေးချမ်းချမ်းနှင့် ပြီးဆုံးသံားမည်ဟု သူတို့ထင်ခဲ့ကြသည်။ သို့သော် ညည့်နက်ပိုင်းအချိန်တွင် တစ်စုံတစ်ယောက်က သူတို့တံခါးကို လာခေါက်လေသည်။

မော့ကျိုးယွီသည် သတိရှိစွာ ထလိုက်ပြီး အသံနက်နက်ဖြင့် မေးလိုက်သည်။ “ဘယ်သူလဲ”

“ကျိုးယွီ၊ ဒီမင်းသားပါ”

ဟဲကျစ်ယန်လည်း ထထိုင်လိုက်ပြီး မော့ကျိုးယွီနှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

နန်ချီ့ဘက်ကနေ အစပြုကာ လာတွေ့လိမ့်မည်ဟု သူမတို့နှစ်ယောက်လုံး မမျှော်လင့်ထားပေ။

ခဏကြာ တုံ့ဆိုင်းနေပြီးမှ မော့ကျိုးယွီသည် တံခါးကို ဖြည်းညှင်းစွာ ဖွင့်ပေးလိုက်သည်။

ထိုအချိန်တွင် ဟဲကျစ်ယန်လည်း အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ကာ စားပွဲပေါ်တွင် မီးအိမ်လေး ထွန်းလိုပ်သည်။

တံခါးပွင့်သွားသောအခါ နန်ချီသာမက ဖေးနန်ယွီပါ သူမ‌တို့ရှေ့တွင် ပေါ်လာခဲ့သည်။

ဆီမီးခွက်၏ မှိန်ဖျော့ဖျော့ အလင်းအောက်တွင် ဖေးနန်ယွီက မော့ကျိုးယွီကို ပထမဆုံး တွေ့လိုက်ရသောအခါ သူ့မျက်လုံးထဲ အနည်းငယ်သော ရှုပ်ထွေးမှုများ ဖြစ်သွားသည်ကို ဟဲကျစ်ယန် အသေအချာ တွေ့လိုက်ပေသည်။

သို့သော် သူ၏ မူမမှန်မှုကို ချက်ချင်း ထိန်းသိမ်းလိုက်ကာ နန်ချီ၏ ဘေးတွင် သေသေချာချာ ရပ်လိုက်၏။

“ကျိုးယွီ၊ ငါ ခဏလောက် ဝင်ထိုင်ဖို့ မဖိတ်ခေါ်တော့ဘူးလား”

မော့ကျိုးယွီ၏ အမူအရာမှာ တည်ငြိမ်နေကာ နန်ချီ၏ သူ့အပေါ် ရည်ရွယ်ချက်များကို မသိထားသည့်အလားပင်။ သူသည် ဘေးသို့ ရွေ့ပေးကာ တံခါးပေါက်ကို ဖွင့်ဟပေးလိုက်သည်။

နန်ချီသည် ဝင်လာပြီးနောက် စားပွဲဝိုင်းတွင် ထိုင်ရန် သွားလိုက်သည်။ ထို့နောက် မော့ကျိုးယွီကိုလဲ ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။

အလျင်မလိုစွာပင် မော့ကျိုးယွီက ထိုင်ချလိုက်ပြီး ဟဲကျစ်ယန်ကိုလဲ သူ့ဘေးတွင်ထိုင်ရန် ဆွဲခေါ်ဖို့ မမေ့ပေ။

ထိုအခါမှသာ နန်ချီသည် ဟဲကျစ်ဟန်၏ တည်ရှိမှုကို သတိပြုမိသွားသည်။

သူ့မျက်လုံးများ ချက်ချင်းပင် ဝင်းလက်သွား၏။ တစ်ချိန်တည်းမှာပင် ဖေးနန်ယွီသည် လမ်းပေါ်တွင် စာသင်သားများထံမှ အနိုင်ကျင့်ခံရသော အခြေအနေကို ချက်ချင်း မှတ်မိသွားလေသည်။

ဟဲကျစ်ယန်ကို အသိအမှတ်ပြုမည့်အစား သူသည် ထိုအကြောင်းအရာကို ချက်ချင်း မှတ်မိနိုင်သည့်အတွက် ဂုဏ်ယူနေမိ၏။ ထို့နောက် သူက မော့ကျိုးယွီကို ကြည့်ကာ ပြောလိုက်သည်။ “ကျိုးယွီ၊ မင်းဇနီးနဲ့ မိတ်ဆက်မပေးတော့ဘူးလား”

သူတို့ အရင်ကလဲ ဒီလိုပဲပြောဆိုဆက်ဆံကြတာ ဖြစ်သော်လဲ မော့ကျိုးယွီသည် နန်ချီပြောလိုက်သော စကားတွင် သူ အရင်က မရိပ်မိခဲ့သော လှောင်ပြောင်မှုများကို ခံစားလိုက်ရသည်။

အထူးသဖြင့် နန်ချီ၏ မျက်လုံးများက ဟဲကျစ်ယန်ကိုကြည့်လိုက်ခြင်းကို သူ့ကို နားမလည်နိုင်အောင် စိတ်မသက်မသာဖြစ်စေရသည်။

“ဒီလောက်နောက်ကျတဲ့အချိန်မှာ ကျွန်တော်နဲ့ အတူတူ တစ်ခန်းထဲ ရှိနေတဲ့လူက ကျွန်တော့်မိန်းမပဲပေါ့။ ဘယ်သူများဖြစ်ရဦးမှာလဲ”

နန်ချီက မော့ကျိုးယွီအပေါ် ဆက်ဆံပုံ မပြောင်းလဲသွားပေ။ သူက အလျင်မလိုဘဲ ဆက်ပြောလိုက်၏။ “ခယ်မလေးက မော့မိသားစုရဲ့ ဇနီး ဖြစ်ထိုက်ပါပေတယ်။ နန်ယွီ အခက်အခဲတွေ တွေ့တုန်းက သူမက မကြောက်မရွံ့နဲ့ သူ့အတွက် ဝင်ကူညီပေးခဲ့တာလေ”

နန်ချီက ရှင်းရှင်းလင်းလင်း ထုတ်ပြောလာပြီဖြစ်သောကြောင့် ဟဲကျစ်ယန်လဲ ထိန်းသိမ်းနေရန် မလိုအပ်တော့ဟု ခံစားလိုက်ရသည်။

“ဒီသာမန်အမျိုးသမီးက စွမ်းရည် သိပ်မရှိပေမဲ့ အာဏာစွမ်းရည်ကို အလွဲသုံးစားလုပ်ပြီး တခြားလူကို အနိုင်ကျင့်တာမျိုး သည်းမခံနိုင်လို့ပါ။ ပြဿနာဖြစ်သွားစေလို့ ခွင့်လွှတ်ပေးပါ အရှင်မင်းသား”’

ထိုအချိန်တွင် ဖေးနန်ယွီသည် လက်သီးကိုဆုပ်ကာ ဟဲကျစ်ယန်ကို အရိုအသေပေးလိုက်သည်။ “မှန်ကန်စွာ ကူညီပေးခဲ့လို့ကျေးဇူးတင်ပါတယ် အမျိုးသမီးမော့”

ဟဲကျစ်ယန်သည် ဖေးနန်ယွီ၏ မျက်နှာအမူအရာကို သေချာကြည့်လိုက်သည်။ သူက ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်နေကြောင်း တွေ့လိုက်ရသောအခါ သူမက အသာအယာ ‌ပြန်ပြောလိုက်သည်။ “အရမ်းကြီး ယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး။ အဲ့ဒီနေရာမှာ တခြားလူသာဆိုရင်လဲ အဲ့လိုအခြေမျိုးကို မသိချင်ယောင်ဆောင်ထားမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်”

သူမ ပြောပြီးနောက် နန်ချီ့ကို အဓိပ္ပါယ်ပါပါကြည့်ကာ ပြောလိုက်၏။ “ဟုတ်တယ် မဟုတ်လား အရှင်မင်းသား”

All Chapters