← Chapters

အကြံအမှားတွေများ ပေးမိသွားရင် အဲ့ဒါ ကျွန်မအမှားပါ

Vol. 6 Ch. 84

အကြံအမှားတွေများ ပေးမိသွားရင် အဲ့ဒါ ကျွန်မအမှားပါ

Vol. 6 Ch. 84

ဟဲကျစ်ယန် အံ့ဩသွားရသည်။

သူမသည် နားကို ပြင်းပြင်ထန်ထန် ပွတ်လိုက်ကာ သူမများ အကြားမှားသလားဟု တွေးလိုက်၏။

သူမ၏ မော့ကျိုးယွီအပေါ် အထင်အမြင်များမှာ - ထိုလူသည် ခပ်ခွာခွာ နေတတ်သည်၊ ပါးနပ်ပြီး လေးနက်သူ ဖြစ်သည်၊ တစ်ခါတစ်ရံ ရှက်တတ်သေးသည်။

အခုလေးတင် သူမ၏ နားနှစ်ဖက်ဖြင့် သေချာကြားလိုက်ရသောကြောင့်သာ မဟုတ်ပါက မော့ကျိုးယွီ ဒီလိုစကားမျိုးပြောလိမ့်မည်ဟု သူမ လုံးဝယုံမှာမဟုတ်ပေ။

ပြီးတော့ ငါတို့ရဲ့ မင်္ဂလာဦးညကို ဖြတ်သန်းဖို့အတွက် ငါ ဘယ်တုန်းကများ တောင်းဆိုဖူးလို့လဲ။

ငါ တစ်ခုခုပြောလိုက်မိလို့များ ရှင် အထင်လွဲသွားရတာလား။ ငါ အကြံအမှားတွေ ပေးမိသွားရင် အဲ့ဒါ တကယ် ငါ့အမှားပါ ..

သို့သော် သူမ သေချာပြန်တွေးကြည့်လျှင် သူမသည် မော့ကျိုးယွီနှင့် အသားချင်း ထိတွေ့ရသည်ကို စိတ်ထဲ မကြိုက်တာမျိုး မရှိခဲ့ပေ။

သူမက သူ့ကိုစပြီး သဘောကျမိနေတာများလား။

ဒါမဖြစ်နိုက်ဘူးလေ - သိတာမှ ရက်နည်းနည်းပဲ ရှိသေးတာကို။

သူမက လူတစ်ယောက်ကို ဒီလောက်မြန်မြန်ကြီး သဘောကျသွားတာ လုံးဝ ဖြစ်နိုင်စရာ အကြောင်း မရှိပေ။

သူမ၏ အရင်ဘဝတွင် သူမသည် မော့ကျိုးယွီကို လေးစားအားကျခဲ့သော်လဲ အိုင်ဒေါတစ်ယောက်နှင့် ချစ်သူရည်းစားတစ်ယောက်၏ အဓိပ္ပါယ်မှာ အလွန်ကွာခြားပေသည်။

ခဏလောက်တော့ သူမ အတွေးများ ကမောက်ကမဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

သို့သော် သူမက ပြဿနာကို ဘယ်တော့မှ မရှောင်ပေ။

ခေတ်လူငယ်တစ်ယောက်အနေနှင့် သူမက ပွင့်ပွင့်လင်းလင်း ချစ်ရဲမုန်းရဲသည်။ အခုသာလျှင် သူမ၏ ခံစားချက်က ဘာလဲဆိုတာ သေချာမသိသေးလို့ ဖြစ်သည်။

ဟဲကျစ်ယန်သည် ခေါင်းကို ခပ်ပြင်းပြင်း ခါလိုက်ပြီး စိတ်ကြည်ကြည်လင်လင်ထားဖို့ ကြိုးစားလိုကါသည်။

သူမနှင့် မော့ကျိုးယွီကြား ဘယ်လို အရာမျိုးပဲဖြစ်လာပါစေ ကိစ္စတိုင်းက သူ့ဟာသူ ရှေ့ဆက်သွားမှာ ဖြစ်သည်။

“ကျွန်မ အပြင်ထွက်ပြီး ခရီးစတော့မှာလား သွားကြည့်လိုက်ဦးမယ်” ကသိကအောက်ဖြစ်မှုကြီးကို ရှောင်ရှားရန်အတွက် ဟဲကျစ်ယန်သည် စကားလမ်းကြောင်း အမြန်လွှဲလိုက်၏။

သူမက ငှက်ပျံနေသလို အမြန်ထွက်သွားသည်ကို မြင်ပြီး မော့ကျိုးယွီ၏ တင်းမာနေသော စိတ်သည် အနည်းငယ် သက်သာရာရသွားသည်။

ရိုးရှင်းသော မနက်စာစားကာ အကုန်လုံး သပ်သပ်ရပ်ရပ် ထုပ်ပိုးပြီးနောက် ဖမ်းဝမ်က အမိန့်ပေးလိုက်သောအခါ လူတိုင်း ခရီးဆက်ကြတော့သည်။

မထင်မှတ်ထားစွာပင် မြို့တံခါးတွင် သူမတို့ ဖေးနန်ယွီနှင့် ထပ်တွေ့လိုက်ရသည်။

ပြည်နှင်ဒဏ်အကျဉ်းသားအတန်းရှည်ကြီးကို မြင်လိုက်ရသောအခါ ဖေးနန်ယွီသည် သူတို့ဆီကို လျှောက်လာခဲ့သည်။ သူက ဒီနေရာမှာ တမင်တကာ စောင့်နေတာ ထင်ရှားပေသည်။

ဖေးနန်ယွီသည် ထိုနေ့က သူ့ကို ပြဿနာကြားထဲမှ ဟဲကျစ်ယန်နှင့်အတူ ကူညီပေးခဲ့သော ဖမ်းဝမ်ကိုလဲ ချက်ချင်း မှတ်မိလိုက်၏။

ဖေးနန်ယွီသည် ဖမ်းဝမ်အား ဂါရဝပြုလိုက်ကာ ခဏစကားစမြည်ပြောပြီးနောက် မော့မိသားစုရှိရာဆီသို့ လာခဲ့သည်။ သူ့ဦးတည်ရာမှာ ဇနီးမောင်နှံ‌နှစ်ယောက် ဖြစ်ကြောင်း ထင်ရှားပေသည်။

မော့ကျိုးယွီသည် ချက်ချင်းပင် နိုးနိုးကြားကြားရှိလာပြီး ဖေးနမ်ယွီက နန်ချီလွှတ်လိုက်သည့်လူဟု ထင်မိသွားသည်။

ဖေးနန်ယွီသည် သူတို့နှစ်ယောက်ရှေ့တွင် ရပ်လိုက်သည်။

“မဒမ်မော့၊ ပြည်နှင်ဒဏ်ခရီးက ရှည်လျားပြီး ကြမ်းတမ်းတာ ကျွန်တော်သိပါတယ်” သူက စကားပြောရင်းနှင့် ဝတ်ရုံထဲမှ ငွေစက္ကူ တစ်ထပ်ကို ဆွဲထုတ်လိုက်သည်။

“ဒါက ကျွန်တော်ရဲ့ ကျေးဇူးတင်မှုလေးပါ၊ ခင်ဗျားတို့ကို နည်းနည်းပဲဖြစ်ဖြစ် အကူအညီရစေမယ်လို့ မျှော်လင့်ပါတယ်”

ဖေးနန်ယွီ ကိုင်ထားသော ငွေလက်မှတ်များသည် တစ်ရွက်ကို ငွေချောင်း ၁၀၀ တန်ပြီး စုစုပေါင်း ဆယ်ရွက်ရှိကြောင်း ဟဲကျစ်ယန် တွေ့လိုက်သည်။ ဖေးနန်ယွီက သူမတို့အား ငွေချောင်း ၁၀၀၀ ဖြင့် ကျေးဇူးဆပ်နေခြင်းပင်။

ပုံမှန် ပြည်နှင်ဒဏ်အကျဉ်းသားများအတွက် ငွေချောင်း ၁၀၀၀ သည် အမှန်တကယ်ပင် များပြားလှသော ငွေကြေး ဖြစ်သည်။

သို့သော် နိုင်ငံ့ဘဏ္ဍာတိုက်ကြီးကို ဦးစီးနေသော ဟဲကျစ်ယန်အတွက်တော့ ထိုအရာက ဘာမှ မဟုတ်ပေ။

ဖေးနန်ယွီက ငွေတွေ ဒီလောက်ကြီး တစ်ခါထဲ ထုတ်နိုင်သည် ဆိုသည်မှာ နန်ချီ၏ ကျေးဇူးကြောင့်သာ ဖြစ်ပေမည်။

နန်ချီက ဖေးနန်ယွီကို ဘယ်လောက်ပဲ မျှော်မှန်းထားပါစေ၊ အခုမှ စသိသည့်လူကို ဒီလောက် အများကြီးတော့ ပေးမှာ မဟုတ်ပေ။

ဖေးနန်ယွီသည် ထိုငွေများ သူမကို တစ်ခါထဲ ပေးနိုင်ရန်အတွက် သူ့မှာ ရှိသမျှ အရာအားလုံးကို ရောင်းထုတ်ပစ်လိုက်သည့်ပုံပင်။

ဟဲကျစ်ယန်သည် ထိုအချက်ကြောင့် ကျေနပ်သွားရသည် - ဖေးနန်ယွီက ကျေးဇူးတရားကို သိတတ်သောသူဖြစ်ကြောင်း ပြသနေလေသည်။

သို့သော် သူမသည် ဖေးနန်ယွီ၏ ငွေလက်မှတ်များကို လက်မခံပေ။

ဖေးနန်ယွီက သူမကို ငွေမြောက်များစွာ ပေးရခြင်းမှာ ထိုနေ့က အကူအညီအတွက် အကြွေးပြန်ဆပ်လိုခြင်းကြောင့်သာ ဖြစ်သည်။

သူက သာမန်လူသာဆိုလျှင် ထိုအရာက အဆင်ပြေသည်။ သို့သော် သူက သာမန်လူ မဟုတ်ပေ - အနာဂတ်၏ ဧကရာဇ်လောင်း ဖြစ်သည်။

ဟဲကျစ်ယန်သည် သူမအပေါ် ဖေးနန်ယွီ တင်နေသည့် ကျေးဇူးကြွေးကို ငွေချောင်း ၁၀၀၀ လောက်ဖြင့် ရောင်းစားရလောက်အောင် မမိုက်မဲသေးပေ။

သူမတို့ကြားတွင် အဆက်အသွယ်များ ထပ်ရှိလာနိုင်ဦးမလားဆိုတာ သူမ မသိသော်လဲ ဖေးနန်ယွီ၏ လူသားဆန်မှုကို လောင်းကစားထပ်လိုသည်။

ဤဘဝတွင် မော့ကျိုးယွီ၏ ကံကြမ္မာက ပြောင်းလဲသွားပြီဖြစ်သည်။ သေပြီးနောက်မှ လွတ်ငြိမ်းချမ်းသာခွင့်ရခြင်းနှင့် အသက်ရှင်နေတုန်း မတရားမှုကို ရှင်းလင်းပေးခြင်းမှာ အကြီးကြီး ကွာခြားပေသည်။

မော့ကျိုးယွီ အသက်ရှင်နေစဉ် သူ့နာမည်ကို ကူညီရှင်းလင်းပေးနိုင်သောလူမှာ တခြားမဟုတ် ဖေးနန်ယွီသာ ဖြစ်နိုင်သည်။

ထို့ကြောင့် ဟဲကျစ်ယန်သည် ငွေလက်မှတ်များကို မယူလိုက်ဘဲ လုံးဝ ငြင်းပယ်လိုက်သည်။ “‌လူကြီးမင်းဖေး၊ ကျွန်မ ဒီငွေတွေကို လက်မခံနိုင်ပါဘူး။ ပြန်ယူသွားလိုက်ပါ”

ဖေးနန်ယွီက ဆက်ပြောသည်။

“သခင်မမော့၊ ခင်ဗျားကတော့ မသိလောက်ဘူးဆိုပေမဲ့ အဲ့ဒီနေ့က ခင်ဗျားသာ မကူညီခဲ့ရင် ကျွန်တော့်အဖေကို အခေါင်းတောင် မဝယ်ပေးနိုင်လောက်ဘူး။

ခင်ဗျားရဲ့ ကြင်နာမှုကို ကျွန်တော် အမြဲတမ်း သတိရနေပါမယ်။ ပြီးတော့ ဒီငွေတွေကို ကျွန်တော့်ရဲ့ ကျေးဇူးတင်မှုအနေနဲ့ လက်ခံစေလိုပါတယ်၊ ဒါမှသာ ကျွန်တော်လဲ စိတ်သက်သာရာရမှာပါ”

စိတ်သက်သာရာရမယ်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါက နင် အဲ့ဒီအကြွေးကို သေတဲ့အထိ မှတ်မိစေချင်နေတာလေ ...။

ဟဲကျစ်ယန်သည် စိတ်ထဲမှ ရေရွတ်လိုက်ပြီး ငွေလက်မှတ်များကို သူ့ဆီ ပြန်တွန်းပို့လိုက်သည်။

ထိုအရာကို မြင်သောအခါ မော့ကျိုးယွီသည် ရှေ့သို့တက်လာပြီး ပြောလိုက်၏။ “လူကြီးမင်း၊ ကျွန်တော်မိန်းမက ခေါင်းမာတယ်။ သူ လက်မခံဘူးလို့ ပြောပြီးရင် တကယ်ပဲ လက်ခံမှာ မဟုတ်ဘူး။ ကျေးဇူးပြုပြီး ကိစ္စတွေကို ခက်ခဲအောင် မလုပ်ပါနဲ့”

သူတို့ဇနီးမောင်နှံက ပေးလာသော ငွေများကို ငြင်းပယ်နေသည်ကိုကြည့်ကာ လူတိုင်းသည် သူတို့အစား နှမျောစရာကောင်းသည်ဟု ခံစားနေကြရသည်။

လက်ထဲတွင် ငွေချောင်း ၁၀၀၀ သာရှိပါက ပြည်နှင်ဒဏ်ခရီးအတွင်း ကြံလာသမျှ ပြဿနာကို ရင်ဆိုင်နိုင်ရုံသာမက အနောက်မြောက်အရပ်သို့ ရောက်လျှင်ပင် ပိုလျှံနေဦးမည်ဖြစ်သည်။

ဒီစုံတွဲက ငွေတွေ ဘာလို့ မလိုချင်ရသလဲ သူတို့ တကယ်နားမလည်နိုင်ကြပေ။

တခြားအမျိုးသမီးများမှာ စိတ်ပူစွာ ကြည့်နေကြသော်လဲ ဟဲကျစ်ယန်တွင် ကိုယ်ပိုင် အကြောင်းပြချက်ရှိမှန်း သိနေသည်။ ထို့ကြောင့် ဘာမှမပြောကြဘဲ အငြင်းခံလိုက်ရသော ငွေလက်မှတ်များကိုသာ မျှော်ကိုးစွာ ကြည့်နေကြလေသည်။

ဖေးနန်ယွီသည် ထိုငွေလက်မှတ်များက သူတို့လက်ထဲ ဒီနေ့ရောက်တော့မှာ မဟုတ်ကြောင်း နားလည်လိုက်သည်။ သူသည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ကာ ငွေလဲလက်မှတ်များကို ဝတ်ရုံထဲ ပြန်ထည့်လိုက်သည်။

“ဒီလိုဆိုမှတော့ ကျွန်တော် တွန်းအားမပေးတော့ပါဘူး”

သူပြောပြီးနောက် ဖေးနန်ယွီသည် ရှေ့သို့တိုးလာကာ မော့ကျိုးယွီ၏နားနားတွင် ခပ်တိုးတိုးလေး ပြောလိုက်သည်။ “ကျွန်တော် အာဏာရှိလာခဲ့ရင် ခင်ဗျားကို သေချာပေါက် လွတ်အောင် လုပ်ပေးပါ့မယ်”

သူ့အသံက တိုးသော်လဲ ဟဲကျစ်ယန်သည် သူ ဘာပြောလိုက်တာလဲဆိုတာ တစ်စွန်းတစ်စ ကြားလိုက်မိသည်။

ဤအရာက ဖေးနန်ယွီဆီမှ သူမ လိုချင်သော ကတိ ဖြစ်သည် - ဒါက ငွေချောင်း ၁၀၀၀ ထက် ပိုတန်ဖိုးရှိတယ်လေ။

မော့ကျိုးယွီသည် လေးနက်စွာ ခေါင်းငြိမ့်ပြလိုက်ပြီး ခပ်တိုးတိုးပင် ပြန်ပြောလိုက်သည်။ “ဒါဆို ကျေးဇူးကြိုတင်ထားပါတယ် လူကြီးမင်းဖေး”

ဖေးနန်ယွီသည် မော့ကျိုးယွီ၏ ပုခုံးကို ခပ်ဖွဖွပုတ်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားလေသည်။

အဖွဲ့ကြီးသည် ဆက်လက်သွားနေပြီး သုံးရက်ဆက်တိုက် ခရီးနှင်လာကာ လေးရက်နေ့ နေ့လည်ခင်းသို့ ရောက်ရှိလာခဲ့သည်။ ရာသီဥတုသည် တဖြေးဖြေး ဆိုးရွားလာပေသည်။

ကောင်းကင်အိုကြီးသည် ဤအချိန်ကိုရွေးကာ သူ့ဒေါသများကို ပုံချလိုက်၏။ အစတုန်းက ကြည်လင်နေခဲ့သော ကောင်းကင်ကြီးသည် ဖြည်းဖြည်းချင်း တိမ်မဲများ ဖုံးအုပ်လာကာ လေပြင်းများ စတင်တိုက်ခတ်လာလေသည်။

ကျိုးလောင်ပါ့ (ဆန်းတာ့ကျိုး) သည် အဖွဲ့‌၏အနောက်ဘက် ဖမ်းဝမ်ရှိရာသို့ အပြေးသွားလိုက်၏။

“ခေါင်းဆောင်၊ မိုးရွာတော့မယ်”

ဖမ်းဝမ်သည် တိမ်များဖြင့်ပြည့်နေသော ကောင်းကင်ကြီးကိုကြည့်ကာ ပြောလိုက်သည်။ “မိုးက နည်းမဲ့ပုံမပေါ်ဘူး။ နောက်ဆယ်လီလောက် သွားပြီးရင် အဲ့ဒီမှာ ရွာလေး ရှိတယ်။ ငါတို့ အရှိန်ကို မြန်မြန်တင်ပြီး ရွာသားတွေရဲ့ အိမ်မှာ တည်းခိုဖို့ သွားကြရအောင်”

“ကောင်းပါပြီ” ‌ကျိုးလောင်ပါ့သည် သူ့ကိုပြောကာ အဖွဲ့ကြီးဆီသို့ လှည့်ပြီး အော်လိုက်သည်။ “မြန်မြန်သွားကြ။ နောက်ကျန်နေခဲ့တဲ့ ဘယ်သူမဆို ကြာပွတ်စာမိမယ်”

စိတ်ပူနေသလိုပင် ဘယ်သူမှလဲ မိုးမမိချင်ကြပေ။ ကျိုးလောင်ပါ့၏ အော်သံကြောင့် သူတို့သည် အရှိန်ကို မြှင့်လိုက်ကြသည်။

မိုးကောင်းကင်က သူတို့ဘက်တွင် မရှိသည့်ပုံပင်။ သူတို့ နည်းနည်းလောက်သွားပြီးသည်နှင့် မိုးစက်ကြီးများက စတင်ကျဆင်းလာတော့သည်။

ကိစ္စများ ပိုဆိုးသွားသည်မှာ သူတို့သည် ကွင်းပြင်ကျယ်ကြီးတွင် ရှိနေကြခြင်းဖြစ်ပြီး နားခိုဖို့ရာ တစ်နေရာမှ မတွေ့ရပေ။

ရွေးချယ်စရာ မရှိတော့သောကြောင့် ဖမ်းဝမ်သည် သူတို့အား ရှေ့‌ဆက်လျှောက်ဖို့သာ ပြောရတော့သည်။

မိုးသည် ပိုပြီး အားကောင်းလာကာ သည်းထန်စွာ ရွာချနေသည်။

အရာရှိများက အဆင်ပြေသေးသည် - သူတို့ မြို့တော်မှ ထွက်လာကတည်းက တစ်ယောက်ချင်းစီအတွက် ဆီစိမ်စက္ကူထီး တစ်ချောင်းစီ ပါလာခဲ့သည်။ သို့သော် အကျဉ်းသားများကတော့ ကံမကောင်းစွာပင် မိုးခိုဖို့ ဘာမှမရှိကြပေ။

All Chapters