ရေကြီးရင် မြင့်တဲ့နေရာကို တက်ဖို့က အရေးကြီးဆုံးပဲ
Vol. 6 Ch. 85
မော့မိသားစုဝင်များ ခေါင်းပေါ်ရှိ ကောက်ရိုးဦးထုပ်များလဲ မကြာခင် စိုရွှဲသွားတော့သည်။ ထိုအရာများကို ဆက်ဆောင်းထားရခြင်းမှာ မိုးပေါက်များ မျက်နှာဆီသို့ တိုက်ရိုက် ထိမှန်မလာအောင် အကာအကွယ်အနေနှင့် ဆောင်းထားခြင်းသာ ဖြစ်သည်။
ဟဲကျစ်ယန်သည် လူတိုင်းအတွက် ရွက်ဖျင်တဲများကို ခပ်ကျယ်ကျယ်ဖွင့်ကာ ယာယီအမိုးအကာအနေနှင့် အသုံးပြုကြရန် အကြံတစ်ခု ရလာခဲ့သည်။
သူမတို့ခြေထောက်အောက်မှ ညစ်ပတ်နေသော လမ်းမကြီးသည်လဲ ပိုပိုပြီး ချောလာခဲ့သည်။
ဟဲကျစ်ယန်ရော မော့ကျိုးယွီပါ သခင်မကြီးမော့ မတော်တဆ ချော်လဲသွားမည်ကို စိတ်ပူသောကြောင့် သူမအနားသို့ ပြေးသွားလိုက်ကြသည်။
သခင်မကြီးမော့အတွက် လမ်းလျှောက်ရခြင်းမှာ အလွန်ခက်ခဲနေခဲ့သည်။ သူမ၏ သားနှင့် ချွေးမက ကူထိန်းပေးသောအခါမှသာ ဟန်ချက်ညီသွားသည်။
မရီးများနှင့် မော့ဟန်ယွဲ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကူညီအားပြုပေးရင်း လျှောက်လာကြသည်။ ထိုသည်သာမဟုတ် လူတိုင်းသည် တတ်နိုင်သမျှ အရှိန်မြှင့်ကာ လျှောက်နေကြ၏။
တခြားမိသားစုများသည် မော့မိသားစုကို အတုယူကာ ခြေလှမ်းများကို ထပ်ကြပ်မကွာ လိုက်နေကြသည်။
ထိုအချိန်တွင် ဟယ်မိသားစုမှာ အခက်ခဲဆုံးပင်။
သူတို့သည် ပုံမှန်အတိုင်း ဗိုက်ပြည့်အောင် မစားရ၊ အိပ်ရေးဝအောင် မအိပ်ရရုံသာမက မိုးကိုကာဖို့လဲ ဘာပစ္စည်းမှ ရှိမနေပေ။ သူတို့သည် ထိုလေးလံသော လှည်းကြီးကိုလဲ ခက်ခက်ခဲခဲ အားထုတ်တွန်းနေရသေးသည်။
သူတို့၏ လက်ရှိဒုက္ခမှာ ပြီးပြည့်စုံသော စကားပုံလိုပင်: ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ။
ပိုပြီးစိတ်ပျက်စရာကောင်းသော အရာမှာ ထိုအချိန်တွင် သစ်သားလှည်းက ရွှံ့များကြား နစ်သွားခြင်း ဖြစ်သည်။
ဟယ်မိသားစုတွင် ဟယ်ကျီယွမ်သည် တစ်ဦးတည်းသော အရွယ်ရောက်ပြီးသား ယောက်ျားဖြစ်ပြီး တခြားလူများမှာ လူအိုများ၊ အားနည်းသူများ၊ အမျိုးသမီးများနှင့် ကလေးများ ဖြစ်ကြလေရော လူများစွာ ကူဆွဲနေသော်လဲ ထိုလှည်းကို ရွှံ့ထဲမှ လွတ်အောင် မဆွဲနိုင်ကြပေ။
အရာရှိများသည် မြန်မြန်သွားဖို့ လိုနေပြီ ဖြစ်သည်။ ဟယ်မိသားစုက နောက်ကျန်ခဲ့သည်ကို မြင်သောအခါ သူတို့သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ ကြာပွတ်ဖြင့် အကြိမ်အနည်းငယ် ရိုက်လိုက်သည်။
ထို့ကြောင့် ဟယ်မိသားစုများမှာ နာကျင်စွာ ငိုကြွေးကြလေသည်။
ထိုလှည်းပေါ်တွင် မော့မိသားစုများ၏ အစားအစာများ၊ ဟင်းသီးဟင်းရွက်များနှင့် တခြား နေ့စဉ်သုံး အသုံးအဆောင်များ ရှိနေသေးသည်ကိုတွေးကာ မော့ကျိုးယွီသည် လှည်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လှောက်သွားလိုက်သည်။
မော့ကျိုးယွီလာသည်ကို မြင်သောအခါ ဟယ်မိသားစုသည် အော်ဟစ်နေကြသည်ကို ရပ်လိုက်ကြ၏။
မော့ကျိုးယွီက သူတို့ကို လှည့်တောင်မကြည့်ပေ။ လှည်းလက်ကိုင်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။ အားတစ်ချက် ထုတ်ကာ ဆွဲလိုက်ပြီး လှည်းကို ရွှံ့တောထဲမှ ဆွဲထုတ်ပေးလိုက်လေသည်။
မော့ကျိုးယွီက လှည်းကို ဆွဲသွားသည်ကို မြင်သောအခါ ဟယ်ကျီယွမ်သည် မျက်နှာပေါ်မှ မိုးရေများကို သုတ်လိုက်ကာ လှည်းကိုတွန်းပေးရန် အားစိုက်ထုတ်လိုက်သည်။
မော့ကျိုးယွီကို ကျေးဇူးတင်ရမည်ပင်၊ ဟယ်မိသားစုလဲ နောက်ဆုံးတော့ လိုက်မှီသွားခဲ့သည်။
ဟယ်ကျီယွမ်သည် ရှေ့မှ ထီးထီးကြီး တည်ရှိနေသော တစ်ကိုယ်တည်းသော တောင့်တောင့်တင်းတင်း ပုံရိပ်ကိုကြည့်လိုက်၏။
“ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”
မော့ကျိုးယွီဟည် ဟယ်မိသားစုအတွက် လှည်းကိုဆွဲပေးခြင်း မဟုတ်ပေ။
ဟယ်ကျီယွမ်၏ ကျေးဇူးတင်စကားကို ကြားသောအခါ သူက အေးစက်စွာပြောလိုက်သည်။ “ငါ့မိသားစုရဲ့ ပစ္စည်းတွေကြောင့် လာဆွဲတာ။ အများကြီး မတွေးနဲ့”
ဟယ်ကျီယွမ်၏ ကျေးဇူးတင်ခြင်းသည် သူ့နှလုံးသားအောက်ခြေမှ လာခြင်း ဖြစ်၏။ မော့ကျိုးယွီက ဘယ်လိုသဘောထားဖြင့် လှည်းဆွဲပေးသည် ဖြစ်ပါစေ၊ နောက်ဆုံးတော့ သူက ဟယ်မိသားစုအတွက် ဒုက္ခတစ်ရပ်ကို ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။
“ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်တော့ ငါ မင်းကို တကယ်ကျေးဇူးတင်ရမှာပဲ”
မော့ကျိုးယွီက စကားထပ်မပြောတော့ဘဲ ခေါင်းကိုသာ ငုံ့ပြီး လှည်းဆက်ဆွဲနေလိုက်သည်။
သည်းထန်စွာ ရွာသွန်းနေသော မိုးကြီးသည် ရပ်မည့် အရိပ်အယောင် မရှိပေ။
လမ်းပေါ်ရှိ ရေများသည် မကြာခင်ပဲ လူတိုင်း၏ ခြေကျင်းဝတ်ရှိ ရောက်လာသည်။
ဟဲကျစ်ယန်သည် သူမနှလုံးသားထဲတွင် ဒုက္ခတစ်ခု တွေ့တော့မည်ဆိုသော ခံစားချက်ကြီး ရုတ်တရက် ရလိုက်သည်။
ရှေးခေတ်အချိန်များတွင် လမ်းများတွင် ရေစီးဆင်းမှု စနစ်များ မရှိကြသေးပေ။ မိုးသည်းထန်စွာ အဆက်မပြတ် ရွာနေပါက ကြိုတင်ခန့်မှန်း၍ မရသော ဘေးအန္တရာယ်တချို့မှာ တားဆီးဖို့ ခက်ခဲပေသည်။
ထိုအချိန်တွင် ဖမ်းဝမ်က ရှေ့သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အားလုံး မြန်မြန်သွားကြ။ ရှေ့ရွာက မဝေးတော့ဘူး”
ဟဲကျစ်ယန်သည် ဖမ်းဝမ် လက်ညှိုးထိုးသော နေရာသို့ ကြည့်လိုက်၏။
မိုးရေထဲတွင် မှုန်ဝါးဝါးမြင်နေရသော ရွာလေး တစ်ရွာ ဖြစ်သည်။
မျှော်လင့်ချက်လေး မြင်လာရသောအခါ အားလုံး အရှိန်တင်လိုက်ကြသည်။
မကြာခင်ပင် ဖမ်းဝမ်နောက်မှ လိုက်လာသော လူအုပ်ကြီးသည် ရွာဝင်ပေါက်သို့ ရောက်ရှိလာခဲ့သည်။
ကံကောင်းစွာပင် ဤနေရာရှိ ရေများက လမ်းမှာတုန်းကလောက် မနက်တော့ပေ။
ဖမ်းဝမ်သည် ဤရွာလေးနှင့် စိမ်းနေပုံမပေါ်ပေ။ သူသည် လူတိုင်းကို ဦးဆောင်ပြီး လမ်းမကြီးတစ်လျှောက် ရွာထဲသို့ ဝင်လိုက်သည်။ သိပ်မကြာမီ သူသည် အလွန်ကြီးမားသော ခြံဝန်းတစ်ခုရှေ့တွင် ရပ်ကာ တံခါးခေါက်လိုက်သည်။
“ရွာသူကြီးလျို ရှိပါသလား”
မိုးသည်ထန်စွာ ရွာသွန်းနေသောကြောင့် ဖြစ်နိုင်သည်၊ ဖမ်းဝမ် အကြိမ်အနည်းငယ် အော်ခဲ့သော်လဲ ဘယ်သူမှပြန်မထူးပေ။
ရွေးချယ်စရာမရှိတော့ဘဲ သူသည် တံးခါးဖွင့်ကာ ဝင်သွားလိုက်၏။
ဖမ်းဝမ် ဝင်သွားပြီး မကြာခင်တွင် တံခါးသည် နောက်တစ်ခေါက် ပြန်ပွင့်လာကာ သူနှင့်အတူ အသက် ၅၀ ၆၀ ခန့် လူတစ်ယောက်လဲ ပါလာသည်။
ဖမ်းဝမ်သည် တံခါးဝမှ လူအုပ်ကြီးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ရွာသူကြီးလျို၊ ခင်ဗျား ကျွန်တော်တို့ မိုးခိုဖို့အတွက် နေရာစီစဉ်ပေးပါ”
ရွာသူကြီးလျိုသည် ရပ်နေကြသော လူတန်းကြီးကိုကြည့်ကာ ပြောစရာများ ပျောက်ရှသွားရသည်။
“အရာရှိကြီး၊ ကျွန်တော့်အိမ်မှာ ဒီလောက် လူတွေ အများကြီးအတွက် အခန်းမရှိတာ စိုးရွံ့မိပါတယ်”
“ရွာသူကြီးလျို၊ မိုးသာခိုနိုင်ရင် ကျွန်တော်တို့ ပူးကပ်နေလို့ ရပါတယ်၊ ပြဿနာမရှိဘူး” ရွာသူကြီးလျိုကို ငြင်းခွင့်မပေးချင်သည့်အတွက် ဖမ်းဝမ်သည် ပြောပြောပြီးချင်း လူအုပ်ကြီးကို လက်ယမ်းပြကာ ဝင်းထဲသို့ ဝင်လိုက်သည်။
ရွာသူကြီးလျိုသည် ကူကယ်ရာမဲ့သွားပြီး ခြံဝန်းတံခါးကိုဖွင့်ကာ အိမ်၏ ဘေးခန်းနှစ်ခန်းကို ဖွင့်ပေးလိုက်ရသည်။
“ဒါက လွတ်နေတဲ့ အခန်း နှစ်ခုပါပဲ။ အရာရှိကြီးပဲ ကြည့်စီစဉ်လိုက်ပါတော့”
ဖမ်းဝမ်သည် သူနှင့် အရာရှိများအတွက် အခန်းတစ်ခန်း ရွေးလိုက်ပြီး ကျန်လူများကတော့ တခြားအခန်းထဲ ဝင်လိုက်ကြသည်။
မိုးခိုဖို့ နေစရာတစ်ခုရလိုက်သောအခါ လူတိုင်း အထဲသို့ တိုးဝင်လိုက်ကြသည်။ ကံကောင်းစွာပင် အခန်းက အရမ်း မသေးပေ။ အကျဉ်းသားအားလုံး ဝင်ပြီးနောက် သူတို့ ဘေးချင်းကပ်လျက် မတ်တပ်ရပ်နေကြရသော်လဲ မိုးရေထဲတွင် မတ်တပ်ရပ်ရသည်ထက်တော့ သာသေးသည်။
သည်းထန်စွာ ရွာနေသောမိုးက စဲသွားမည့် ရပ်သွားမည့် အရိပ်အယောင် လုံးဝ မရှိပေ။ ရွာသူကြီးလျို၏ ခြံဝန်းထဲရှိ ရေများသည် တဖြည်းဖြည်း များပြားလာကာ အိမ်တောင် ရေမြုပ်မည့် အခြေအနေကို ပြသနေသည်။
တံခါးဝတွင် မတ်တပ်ရပ်နေသော ဖန့်မိသားစုက အော်လိုက်သည်။ “မိုးရေတွေက အိမ်ထဲထိ စီးဝင်လာပြီ”
ဟဲကျစ်ယန်သည် သူမနှလုံးသားထဲတွင် ထိတ်လန့်နေသော သတိပေးချက်ကြီးကို ခံစားလိုက်ရ၏။
သူမသည် မော့ကျိုးယွီကို သူမဘေးသို့ဆွဲကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဒီနေရာမှာ မိုးခိုဖို့ မနေသင့်ဘူးလို့ ကျွန်မ ခံစားမိနေတယ်”
ထိုအချိန်တွင် မော့ကျိုးယွီလည်း မျက်မှောင်ကြုံ့လိုက်၏။
“ဟုတ်တယ်၊ မိုးက ဒီလိုသာ ဆက်ရွာနေရင် ရေကြီးဖို့ဖြစ်လာမှာကို ကိုယ်စိတ်ပူနေတာ”
ဟဲကျစ်ယန် ဆက်ပြောလိုက်သည်။ “ရွာရဲ့တောင်ဘက်မှာ တောင်တစ်လုံး ကျွန်မ တွေ့ထားတယ်။ အဲ့ဒီကိုသွားတာ ပိုပြီး လုံခြုံလိမ့်မယ်”
မော့ကျိုးယွီသည် ခဏတွေးကြည့်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ “ကိုယ် အခုပဲ အကိုဖမ်းနဲ့ သွားတိုင်ပင်လိုက်မယ်၊ သူ သဘောတူ မတူ ကြည့်ကြတာပေါ့”
ဖမ်းဝမ်သည် အခန်းထဲရှိ တစ်ခုံတည်းသော ထိုင်ခုံလေးတွင် ထိုင်နေကာ ညိုမဲနေသော ကောင်းကင်ကြီးကို ခါးသီးစွာ ကြည့်နေသည်။
မော့ကျိုးယွီ လာသည်ကိုမြင်သောအခါ သူက ဦးစွာဖိတ်ခေါ်လိုက်သည်။ “ညီလေး၊ အဲ့ဒီအခန်းမှာ အရမ်းကြပ်နေမှာ။ အကိုတို့ဘက် လာနေပါလား”
မော့ကျိုးယွီသည် ဤအခန်းထဲတွင် ပူးကပ်နေချင်စိတ်လဲ ရှိမနေပေ။ သူက လာရင်းအကြောင်းကို ချက်ချင်းပြောလိုက်သည်။
“အကိုကြီးဖမ်း၊ ဒီလိုသာ မိုးဆက်ရွာနေရင် နာရီအနည်းငယ်အတွင်း တစ်ရွာလုံး ရေအောက်မြှုပ်သွားမှာ ကျွန်တော် စိတ်ပူမိတယ်”
မော့ကျိုးယွီ၏ စကားကိုကြားသောအခါ ဖမ်းဝမ်သည် ခြံဝန်းထဲရှိ ရေပမာဏကို တစ်ချက်ကြည့်လိုက်သည်။ သူတို့ ရောက်လာစဉ်ကထက် တော်တော်လေး နက်နေပြီဖြစ်သည်။ မော့ကျိုးယွီ၏ စကားများက သတိပေးစက်လိုပင်။
“ဒါဆို ဘာလုပ်ဖို့ အကြံပေးချင်လဲ”
မော့ကျိုးယွီသည် အနီးနားရှိ တောင်ထိပ်ကို လက်ညှိုးထိုးပြလိုက်သည်။
“ရေကြီးတယ်ဆိုရင် အကောင်းဆုံးက မြင့်တဲ့နေရာကို သွားဖို့ပဲ”
ဖမ်းဝမ်သည် မော့ကျိုးယွီ၏ စကားများက ကျိုးကြောင်းဆီလျော်မှန်းသိသော်လဲ သူအနည်းငယ် တုံ့ဆိုင်းနေမိသည်။
မော့ကျိုးယွီပြောသည်က အမှန်တကယ် ဖြစ်လာလျှင်တောင် တကယ်ပဲ ရေကြီးလာပါက လူအများကြီး ထိုတောင်ပေါ်သို့ တက်သွားကာ မိုးခိုဖို့နေရာမရှာနိုင်လျှင် အကုန်လုံး မိုးစိုပြီး သေကုန်ကြပေမည်။
ဖမ်းဝမ်သည် သူ့သံသယများကို တိုက်ရိုက်ပဲ ဖွင့်ပြောလိုက်၏။
“ညီလေး၊ တကယ်လို့ အကိုတို့ တောင်ပေါ်မှာ မိုးခိုဖို့နေရာမရှာနိုင်ရင် ဘယ်လိုလုပ်ကြမလဲ”
ဖမ်းဝမ်က ဉာဏ်ကောင်းသောသူဟု ထင်ခဲ့သော်လဲ ဒီလောက်အရေးကြီးတဲ့အချိန်မှာ ရူးကြောင်ကြောင် မေးခွန်းမျိုး ထွက်လာလိမ့်မည်ဟု ဘယ်သူမှ ထင်ထားမိမှာ မဟုတ်ပေ။
“အကိုကြီးဖမ်း၊ ကျွန်တော်တို့ ရွေးစရာနှစ်ခုပဲရှိတယ်။ တောင်ပေါ်မှာ မိုးစိုခံနေမလား၊ ဒါမှမဟုတ် တောင်အောက်မှာပဲ နေပြီး ရေကြီးမှုနဲ့အတူ မျောပါသွားမလားဆိုတာပဲ”
ထိုအချိန်တွင် မော့ကျိုးယွီသည် အခြေအနေကို ပိုပြီးလေးနက်စွာ ပုံဖော်သင့်သည်ဟု ခံစားမိသည်။
ဖမ်းဝမ်သည်လည်း ထိုအရာက ကျိုးကြောင်းဆီလျော်ကြောင်း သိနေသော်လဲ သူသည် အတွေးဆုတောင်းလေးတစ်ခုကို လက်ကိုင်ထားမြဲပင်။ တကယ်လို့ မိုးတိတ်သွားခဲ့ရင်ရော။ သူတို့က ဘာမှမဟုတ်ဘဲ ဒုက္ခတွေကို ဖြတ်ကျော်သွားရမှာလား။