← Chapters

ညီလေးပြောတာ ‌နားထောင်မယ်

Vol. 6 Ch. 86

ညီလေးပြောတာ ‌နားထောင်မယ်

Vol. 6 Ch. 86

“ညီလေး၊ ငါတို့ နည်းနည်းလောက် စောင့်ကြည့်ကြဦးမလား” မော့ကျိုးယွီသည် ဖမ်းဝမ်က စိတ်ဆုံးဖြတ်လို့ မရနေကြောင်း သတိပြုမိသဖြင့် ကူကယ်ရာမဲ့စွာ သတိပေးစကား ပြောလိုက်သည်။

“အကိုဖမ်း မမှောင်ခင် ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင် တောင်ပေါ်တက်ဖို့က ပိုပြီး ခက်သွားလိမ့်မယ်”

ဖမ်းဝမ်က ခေါင်းငြိမ့်လိုက်သည်။ *ကောင်းပြီ၊ ‌နာရီဝက်အတွင်း မိုးဆက်ရွာနေသေးတယ်ဆိုရင် အကို မင်းစကားကို နားထောင်ပြီး တောင်ပေါ်တက်မယ်”

မော့ကျိုးယွီသည် ဟဲကျစ်ယန်အား ဖမ်းဝမ်၏ ဆုံးဖြတ်ချက်ကို ပြန်ပြောပြလိုက်ပြီးနောက် အရာရှိများ နားနေခန်းသို့ ပြန်လာခဲ့သည်။

ဤနေရာက မိုးအခြေအနေကို စောင့်ကြည့်ဖို့ ကောင်းရုံသာမက အရေးကြီးဆုံးမှာ ဖမ်းဝမ်ကို တောင်ပေါ် တက်ခိုင်းဖို့ နားချလို့ ရသောကြောင့်ပင်။

ဖမ်းဝမ်ပြောခဲ့သည့် နာရီဝက်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး မိုးမှာ ရပ်ဖို့အရိပ်အယောင်မပြောနှင့်၊ ပိုတောင် သည်းထန်လာသေးသည်။

မိုးရေများကြောင့် အခန်းလဲ ရေမြုပ်နေပြီဖြစ်သည်။

မော့ကျိုးယွီက အခွင့်အရေးယူကာ ပြောလိုက်သည်။ “အကိုဖမ်း၊ လူတိုင်း အန္တရာယ်ကင်းဖို့ ကျွန်တော်တို့ အခုပဲ တောင်ပေါ်တက်မှ ရပါမယ်”

ဖမ်းဝမ်သည် အံကြိတ်လိုက်၏။ “ကောင်းပြီ၊ ညီလေးစကားကို နားထောင်လိုက်မယ်”

ထိုသို့ပြောပြီးနောက် သူသည် အရာရှိများကို တခြားအခန်းရှိလူများကို ချက်ချင်း ထုပ်ပိုးခိုင်းကာ ထွက်ခွာဖို့ သွားပြောခိုင်းလိုက်၏။

ဟဲကျစ်ယန်သည် ပြဿနာကို လေးလေးနက်နက် သဘောပေါက်ထားပြီးဖြစ်သည်။ သူမသည် ဖမ်းဝမ်ဆီသို့ ပြေးသွားကာ ပြောလိုက်သည်။

“အကိုဖမ်း၊ အကို လီကျန်းကို ရွားသားတွေကို တောင်ပေါ်တက်ခိုင်းရင် တက်ခိုင်း ဒါမှမဟုတ် မြင့်တဲ့နေရာကို ရှာထားကြဖို့ အကြံပေးသင့်တယ်၊ ဒီရွာသားတွေက ဒီမှာပဲ ကျန်နေခဲ့ကြမှာ”

ဟဲကျစ်ယန်၏ စကားများသည် ဖမ်းဝမ်အား ဖိအားများ သက်ရောက်စေသည်။ လူတိုင်းက ထုပ်ပိုးရင်း အလုပ်ရှုပ်နေကြချိန်တွင် သူသည် လျိုလီကျန်း၏ တံခါးကို သွားခေါက်လိုက်သည်။

ဟဲကျစ်ယန်သည် ဖမ်းဝမ်က လီကျန်းကို ဘယ်လို နားချလိုက်လဲ သူမ မသိလိုက်သော်လဲ ဖမ်းဝမ် ပြန်ထွက်လာသောအခါ သူ့မျက်နှာပေါ်တွင် ကူကယ်ရာမဲ့မှုများကို မြင်တွေ့လိုက်ရသည်။

သူလုပ်သင့်တာကို လုပ်ပြီးသွားပြီ ဖြစ်သောကြောင့် ဖမ်းဝမ် နောင်တမရပေ။ စိတ်ရှုပ်ထွေးနေသော မျက်နှာများနှင့် အကျဉ်းသားများကို တောင်ပေါ်သို့တက်ရန် အမိန့်ထပ်ပေးလိုက်သည်။

မရီးများက အခန်းထဲမှ ထွက်လာသောအခါ သူမတို့၏ ပိုင်ဆိုင်မှုများကို ကျစ်ကျစ်ပါအောင် ပွေ့လာကြသည်ကို မြင်လိုက်ရ၏။

ဟဲကျစ်ယန်က အကြံပေးလိုက်သည်။ “အစ်မတို့၊ ဒီဟာတွေက မိုးရေတွေနဲ့ ရွှဲနေပြီလေ။ သူတို့ကို သယ်မလာတာ ပိုကောင်းပါတယ်”

“ယောင်းမလေး၊ ဒီပစ္စည်းတွေက ရဖို့ ခက်တယ်လေ။ သူတို့ကို အခြောက်ခံပြီး သုံးရက်လောက် သုံးလို့ ရပါသေးတယ်။ ဒုတိယ မရီးက ပင်ပန်းမှာ မကြောက်ပါဘူး၊ ဒါတွေကို သယ်နိုင်ပါတယ်”

“ဟုတ်တယ် ယောင်းမလေး၊ ပဉ္စမ မရီးလဲ လုပ်နိုင်ပါတယ်။ ပင်ပန်းမှာ မကြောက်ပါဘူး”

“သတ္တမ မရီးလဲ လုပ်နိုင်တယ်”

“…”

ဟဲကျစ်ယန်သည် ဤမရီးများက မြို့တော်တွင် မြင့်မြတ်သူများ ဖြစ်ခဲ့ကြသည်ကိုသိထား၏။ သူမတို့၏ သဘာဝဘေးအန္တရာယ်အပေါ် သတိထားမှုမှာ အလွန်နိမ့်ကျသည်။

သူမသည် သူမတို့အား အကြောင်းပြချက်ကို ရှင်းပြပြီး နားချရုံသာ တတ်နိုင်တော့သည်။

“အစ်မတို့၊ အဲ့ဒီကို အမြန်သွားရတဲ့အခါ ဒီလောက် ရွှံ့တွေနဲ့ လမ်းမှာ ပစ္စည်းတွေပါ သယ်ထားရရင် ဘယ်လောက်ခက်မလဲ သိလာလိမ့်မယ်။ တောင်တက်လမ်းဆိုရင် ပြောမနေနဲ့တော့။ ခြေတစ်လှမ်းလောက် ဂရုမစိုက်မိတာနဲ့ လူတစ်ကိုယ်လုံး အောက်လျှောကျသွားနိုင်တယ်။ အခု အသုံးမဝင်တဲ့ အဲ့ဒီဟာတွေကို ယူလာတာက တကယ်မိုက်မဲတာပဲ”

ဟဲကျစ်ယန်ပြောတာ မှန်သည်ကို သိသော်လဲ မရီးများသည် သူမတို့၏ ပစ္စည်းများ ချန်ထားခဲ့ရမည်ကို တွန့်ဆုတ်နေကြသည်။

သူမတို့၏ တွန့်ဆုတ်နေသော အမူအရာများကို မြင်သောအခါ သခင်မကြီးမော့က လေးနက်စွာ ပြောလိုက်သည်။ “မိန်းကလေးဟဲရဲ့ စကားကို မင်းတို့အားလုံး နားထောင်သင့်တယ်”

ယောက္ခမကြီးက စကားပြောလာသည်ကို မြင်သောအခါ မရီးများသည် သူမတို့၏ ပစ္စည်းများကို နှမြောစွာ ထိုအခန်းထဲတွင်သာ ချန်ထားခဲ့ရတော့သည်။

ဖန့်နှင့် ရှဲ့မိသားစုက သိတတ်သည်။ ဟဲကျစ်ယန်က လူတိုင်းကို အထုပ်တွေ ပစ်ထားခဲ့ဖို့ ဘာလို့ပြောလဲ သူတို့ မသိကြသော်လဲ ချက်ချင်းပင် သူမပြောသည့်အတိုင်း လုပ်လိုက်ကြသည်။

လူတိုင်းက အထုပ်များကို အခန်းထဲတွင် ပစ်ထားခဲ့ကြသည်။ ဟဲကျစ်ယန်၏ စကားကို‌ နားထောင်ကာ ရွက်ဖျင်တဲများကိုသာ သယ်လာကြသည်။

လူတိုင်းအဆင်သင့်ဖြစ်ပြီဆိုတာ မြင်သောအခါ ဖမ်းဝမ်က အမိန့်ပေးလိုက်ပြီး မိုးရေထဲတွင် စထွက်ကြတော့သည်။ 

သူတို့သည် ရွာ၏ ရွှံ့လမ်းပေါ်တွင် ခက်ခက်ခဲခဲ လမ်းလျှောက်ကြရသည်။ ဘယ်သူကမှ ဖမ်းဝမ်၏ ရည်ရွယ်ချက်ကို နားမလည်သော်လဲ အထွန့်မတက်ရဲသည့်အတွက် မကျေနပ်ချက်များ မြိုသိပ်ရင်း သူ့နောက်မှ နာနာခံခံလိုက်သွားကြရသည်။

ဘယ်သူကမှ သူမကို ဂရုမစိုက်နေသည့်အချိန်တွင် ဟဲကျစ်ယန်သည် ထောင်းပေါင်မှ မီးသွေး နှစ်အိတ် ဝယ်လိုက်ကာ ဆီစိမ်စက္ကူများဖြင့် တင်းကြပ်စွာ ရစ်ပတ်လိုက်ပြီး နေရာလွတ် အပြင်သို့ ထုတ်လိုက်၏။

တစ်ဖွဲ့လုံးတွင် ကျောပေါ်တွင် မီးသွေးအိတ် သယ်ထားသော ဟဲကျစ်ယန်မှလွဲ၍ လူတိုင်းသည် မိုးကာဖို့အတွက် ရွက်ဖျင်တဲများကိုသာ သယ်ဆောင်ထားကြသည်။

မော့ကျိုးယွီက သတိရှိသည်။ တစ်ချက်ကြည့်ရုံနှင့် ဟဲကျစ်ယန်၏ အိတ်ကြီးကို သတိပြုမိသွားသည်။ သူသည် ချက်ချင်းပဲ လက်လွှဲယူလိုက်ကာ သူ့ကျောပေါ်သို့ တင်လိုက်သည်။

တခြားလူများမှာ တစ်ယောက်နှင့်တစ်ယောက် အားပြုကြရင်း နောက်မှ လိုက်လာကြသည်။

မလှုပ်ရှားနိုင်သည့် ဟယ်မင်ကို တောင်ပေါ်သို့ သယ်သွားရမည့် ဟယ်မိသားစုအတွက်တော့ အခက်ခဲဆုံးပင်။ အခက်အခဲက အလွန်ကြီးမားလှသည်။

ဟယ်မိသားစုကြောင့် ခရီးမကြန့်ကြာစေရန်အတွက် ဟဲကျစ်ယန်သည် သူတို့အား အကြံပေးလိုက်၏။

ထိုပရာမှာ သစ်သားလှည်းမှ ပျဉ်ချပ်များကို ဆွဲထုတ်ကာ ဟယ်မင်ကို ထိုပျဉ်ပြားများဖြင့် ချည်လိုက်ပြီး ကြိုးနှင့် ဆွဲခေါ်ရန် ဖြစ်သည်။

အရာရှိများပင်လျှင် ထိုပိုကောင်းသော အလုပ်ကြီး လျစ်လျှူမရှုနိုင်တော့ဘဲ ကြိုးများ ထုတ်ပေးလာကြသည်။

ထိုသို့ဆိုလျှင်တောင် ဟယ်မိသားစုကတော့ နောက်မှာ ကျန်ခဲ့သေးသည်။

ကံကောင်းစွာပင် လူတိုင်း တောင်တစ်ဝက်လောက် ရောက်သောအခါ သိပ်မဝေးသောနေရာတွင် တောင်တန်းအချိုင့်များကို တွေ့လိုက်ရသည်။

ဟဲကျစ်ယန်၏ သဘာဝဘေးအန္တရာယ်ကို နားလည်မှုအရ ထိုနေရာသည် လူတိုင်း ခဏတာခိုလှုံကြရန် အကောင်းဆုံးနေရာဖြစ်ကြောင်း သိလိုက်သည်။

လေနှင့်မိုးကိုကာရန် နေရာမရှိသော်လဲ အားသာချက်မှာ ထိုနေရာတွင် သစ်ပင်များ ရှိမနေခြင်းပင်။ မိုးကြိုးပစ်လျှင်တောင်မှ မတော်တဆ ဖြစ်စရာ မရှိတော့ပေ။

ထို့အပြင် သူမသည် ဤရာသီဥတုအခြေအနေတွင် မြေပြိုခြင်းများ ဖြစ်နိုင်သည်ကိုလဲ စဉ်းစားထားသည်။

ထို့ကြောင့် တောင်ပေါ်ရှိ ချိုင့်ဝှမ်းငယ်သည် ရေကြီးမှုမှ ‌ပုန်းခိုဖို့ အကောင်းဆုံးနေရာ ဖြစ်ပေသည်။

သူမသည် ဖမ်းဝမ်အား ထိုနေရာသို့သွားရန် စတင်အကြံပြုလိုက်သည်။

ဖမ်းဝမ်သည် အစက ငြင်းဆန်ချင်ခဲ့၏။ သူက ဂူတစ်လုံးရှာကာ မိုးရေမစိုတော့အောင် နားခိုချင်ခဲ့တာ ဖြစ်သည်။

ဟဲကျစ်ယန်သည် သူ့အား သူမ၏ ရည်ရွယ်ချက်နှင့် အကြောင်းပြချက်များကို ရှင်းလင်းပြလိုက်သည်။

ဖမ်းဝမ်သည် ဟဲကျစ်ယန်က သတိထားလွန်းနေသည်ဟု ခံစားခဲ့ရသော်လဲ သူမ၏ လုပ်နိုင်စွမ်းများကို တွေးကာ နောက်ဆုံးတွင် သဘောတူလိုက်သည်။

သူတို့မျှော်လင့်ထားသည်ထက်ပင် ပိုနေသည်မှာ လူတိုင်း တောင်ချိုင့်ဝှမ်းဆီသို့ သို့ရောက်သောအခါ ထိုနေရာတွင် အရွယ်အစား မတူသည့် ဂူကြီး သုံးဂူ ရှိနေသည်ကို တွေ့လိုက်ရသည်။

ဖမ်းဝမ် ပျော်ရွှင်သွားရသည်။ ဂူများကို စစ်ဆေးကြည့်ပြီးနောက် သူသည် လူဦးရေအလိုက် ယာယီခိုလှုံရန် နေရာချထားပေးလိုက်သည်။

သူသည် ‌အကြောင်းရင်းတချို့ကြောင့် မော့မိသားစုကို အလေးထားပေသည်။ ထို့ကြောင့် အသေးဆုံးဂူထဲတွင် သူမတို့မိသားစုတစ်ခုထဲကိုသာ နားခိုခိုင်းလိုက်သည်။

ဂူက သေးငယ်သော်လဲ မော့မိသားစုသည် သူမတို့မိသားစုတစ်ခုထဲသာ နေရသောကြောင့် အလွန်ကျေနပ်မိကြသည်။

သူသည် တခြားမိသားစု သုံးခုအတွက် ဂူအကြီးဆုံးတစ်ခုကို ခွဲပေးလိုက်သည်။

အရာရှိများက အလယ်အလတ်ဂူတွင် နေရာယူလိုက်သည်။

လူတိုင်း မိုးခိုရန် နေရာတစ်ခုရခဲ့ပြီ ဖြစ်သော်လဲ နောက်ဆက်တွဲ ပြဿနာများက လိုက်ပါလာသည်။

သူတို့အဝတ်အစားများမှာ မိုးရေများဖြင့် စိုရွှဲနေလေရာ အချိန်မှီ အခြောက်မခံပါက သို့မဟုတ် အချိန်မှီ မလဲလှယ်ပါက အအေးမိခြင်းကဲ့သို့သော ရောဂါလေးများ ဖြစ်ပွားနိုင်ပေသည်။

ထို့အပြင် သူတို့တွင် ယခု စားစရာရော သောက်စရာပါ မရှိကြပေ။ တစ်ညလုံး ဗိုက်ဆာနေရခြင်းက သူတို့အတွက် အမှန်တကယ် နှိပ်စက်မှုကြီးပင်။

ဟဲကျစ်ယန်သည် ထိုအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သူမသည် လူတိုင်းရှေ့တွင် ဆီစိမ်စက္ကူကို ဖွင့်ကာ အထဲရှိ မီးသွေးများကို ပြလိုက်သည်။

မော့အမျိုးသမီးများသည် မီးသွေးကို မြင်မြင်ချင်း မျက်လုံးများ ဝိုင်းစက်သွားရ၏။

“ယောင်းမလေး၊ ဒါက ဘာလဲ”

ဟဲကျစ်ယန်သည် ရှင်းပြဖို့အတွက် အကြောင်းပြချက် ရှာပြီးသားပင်။

“လျိုမိသားစုရဲ့အိမ်မှာ မီးသွေးတွေ တွေ့မိတော့ ကျွန်မတို့ တောင်ပေါ်မှာ လိုအပ်မယ်ထင်လို့ ငွေနည်းနည်းပေးပြီး ယူလာလိုက်တာ”

မော့ဟန်ယွဲ့သည် သူမအား လေးစားစွာ ကြည့်လိုက်သည်။ “ယောင်းမလေးက တကယ်ကို တော်တာပဲ။ ဒီလိုကိစ္စတွေတောင် တွေးထားနိုင်တယ်”

“ဟုတ်တယ် ယောင်းမလေး၊ ဒုတိယမရီးကတော့ ယောင်းမလေးကို အလေးစားဆုံးပဲ”

ဟဲကျစ်ယန်က လူတိုင်းကို ပြုံးပြလိုက်သည်။ သူမသည် အိတ်ထဲမှ ဆီစိမ်စက္ကူစဖြင့် ပတ်ထားသော မီးခုစ်ကို ထုတ်လိုက်ကာ မော့ကျိုးယွီနှင့်အတူ မီးမွှေးလိုက်ကြသည်။

တစ်ချိန်တည်းပင် မော့ကျိုးယွီသည်လည်း ဟဲကျစ်ယန်ကို သူမ၏ တွေးတောတတ်မှုအတွက် လေးစားမိလေသည်။

တောင်ပေါ်ရှိ ထင်းများမှာ မိုးရေကြောင့် စိုရွှဲကုန်ပြီဖြစ်သည်။ သူတို့ တချို့တစ်လေ ရှာတွေ့ခဲ့လျှင်တောင်မှ မီးညှိနိုင်မည်မဟုတ်ပေ။ သို့သော် မီးသွေးကတော့ ကွဲပြားသည်။ မီးစွဲရန် လွယ်ကူရုံသာမက အချိန်အကြာကြီး တောက်လောင်ပေသည်။

ဟဲကျစ်ယန်သည် မီးစွဲလွယ်သော မီးသွေးများကို ဝယ်ခဲ့ခြင်းဖြစ်သည်။ နည်းနည်းလေး အားစိုက်ထုတ်ရုံနှင့် မီးစွဲသွားခဲ့သည်။

All Chapters