← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

"ဘုန်း!"

လေဟာနယ်ပြင်ကြီး ပေါက်ကွဲထွက်သွားပြီး စွမ်းအင်လှိုင်းလုံးကြီးများ လှိမ့်ထွက်လာကာ လူတိုင်း၏နှလုံးသားကို ပြင်းစွာတုန်လှုပ်စေ၏။

သတ်လတ်ပိုင်းအရွယ် ခေါင်းဆောင်ဘုန်းကြီး၏ လက်သီးပြင်းအားသည် မုန်တိုင်းတစ်ခုလို တောင့်ခံဖို့ရာခက်ခဲစေသည်။

ရွှမ်း...ရွှမ်း...ရွှမ်း...

မြို့စားမင်းမူရုန်က ဓားရှည်ကို ကိုင်စွဲပြီး တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်သည်။ ခုတ်ချက်များမှာ တရိပ်ရိပ်ဖြင့် တောက်ပလျက်ရှိပြီး ဓားလွှဲသည့်လေအဟုန်ကပင် ဓားသွားတစ်ခုလို ထက်ရှလျက်ရှိ၏။

နှစ်ဖက်စလုံးက ဝိညာဉ်သန္ဓေတည်အဆင့် ကျင့်ကြံသူတွေဖြစ်ကြသောကြောင့် ပြင်းထန်သောတိုက်ပွဲမှာ အနိုင်အရှုံးပေါ်မလာသေးပေ။

"ဒကာကြီး၊ ဒီဘုန်းကြီးက အမှားအယွင်းမလုပ်မိဖို့ ဆုံးမပါရစေ။ လူငယ်ရှစ်ရာလောက် စုဆောင်းနိုင်ပြီးရင် ဒီမြို့ကို နောက်နှစ်အနည်းငယ်အတွက် ငြိမ်းချမ်းနေစေဖို့ အာမခံပေးနိုင်ပါတယ်။ ဒကာကြီးလည်း မြို့စားရာထူးမှာ ခိုင်ခိုင်မြဲမြဲ ဆက်ထိုင်နိုင်မှာပါ။ မဟုတ်လို့ ဒီတစ်ခေါက်အလုပ်ကိစ္စ ပျက်စီးခဲ့ရင် တောင်သခင်က အမျက်ထွက်ပြီး လဲ့ရှန်းပြည်ထောင်တစ်ခုလုံးကို ပြစ်ဒဏ်ပေးလိမ့်မယ်!"

ခေါင်းဆောင်ဘုန်းကြီးက အေးစက်စက် လေသံဖြင့် ဆက်ပြောသည်။ "အရင်မြို့စားတွေ ကြုံတွေ့သွားရတဲ့ ကံကြမ္မာကို စဉ်းစားကြည့်ပါ! သာမန်ပြည်သူတွေဆိုတာ ပုရွက်ဆိတ်တွေနဲ့ ဘာမှမခြားဘူး၊ ပုရွက်ဆိတ်တစ်အုံရဲ့ သေခြင်းရှင်ခြင်းကို အပင်ပန်းခံပြီး ဘာလို့ ဂရုစိုက်နေရမှာလဲ?"

မြို့စားမင်းမူရုန်က လက်မခံစွာ ပြန်လည်ကျိန်ဆဲလာသည်။ "မှားယွင်းပြီး ဆိုးယုတ်တဲ့ အယူဝါဒပဲ! မင်းတို့ လေပေါ်တောင်ကို ငါကြောက်ရင် ဒီမြို့စားရာထူးကို လာယူပါ့မလား? ဗုဒ္ဓဘာသာဂိုဏ်းဝင်တစ်ယောက်လုပ်နေပြီး စိတ်ဓာတ်က တိရိစ္ဆာန်ထက်တောင် အောက်တန်းကျသေးတယ်!"

"မင်းရဲ့ လွဲမှားတဲ့ စွဲလမ်းမှုတွေကို ဆက်ပြီးဆုပ်ကိုင်ထားဦးမယ်ဆိုရင် ဒီဘုန်းကြီးက အခုပဲ မင်းကို ဖယ်ရှားပစ်မယ်!" သတ်လတ်ပိုင်းအရွယ် ဘုန်းကြီးသည် ဒေါသကြောင့် နဖူးကြောများထောင်ထလာပြီး မကျေမလည် ရှုံ့မဲ့နေသောမျက်နှာဖြင့် အံကြိတ်လိုက်သည်။

ဆုပ်ထားသောလက်သီးမှာ ရွှေရောင်အလင်းတန်းများဖြင့် ဝန်းရံထားပြီး ဒေါသထွက်နေသော နဂါးတစ်ကောင်ကဲ့သို့ အရှိန်ဖြင့် ‌ပြေးဝင်သွားသည်။ လက်သီးပုံရိပ်များစွာဖြာထွက်လာကာ တောင်တန်းပင်လယ်အပေါင်းကိုပင် ခြုံငုံလွှမ်းမိုးသွားတော့မလိုထင်ရ၏။

"ကောင်းကင်လှည့်လည် ဓားကျင့်စဥ်!" မြို့စားမင်းမူရုန်သည် လက်ကောက်ဝတ်ကို ကျင်လည်စွာလှည့်ကစားလိုက်သော် ဓားရိပ်တွေက အလွှာလိုက် အလွှာလိုက် ဖြာထွက်လာပြီး သိမ်မွေ့သော ရေစီးကြောင်းတစ်ခုလို အသေးစိတ်ကျသည့် ဓားစိတ်ဆန္ဒက အရာအားလုံးကို တွန်းလှန်တိုက်ဖျက်မည့်အင်အားဖြင့် ထွက်ပေါ်လာခဲ့သည်။

နှစ်ဖက်စလုံးက အနိုင်မခံ အရှုံးမပေး ဆက်လက်တိုက်ခိုက်နေကြဆဲပင်။

"မြို့စားမင်း၊ ကျွန်တော် ကူညီပါရစေ!"

မိုးခြိမ်းသံလို အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

သံချပ်ဝတ်တန်ဆာ အနက်ရောင်ကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်စီမှာ ကြေးနီတူတစ်ချောင်းစီ ကိုင်ဆောင်ထားသော ခန္ဓာကိုယ်ထွားထွားနှင့် လူတစ်ဦးက ဒေါသတကြီး ပြေးဝင်လာသည်။

"တပ်မှူးယန်၊ အချိန်ကိုက်ရောက်လာတာပဲ!" မြို့စားမင်းမူရုန် က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

ရောက်လာသူမှာ မြို့စားမင်းစံအိမ်၏ နန်းတွင်းအစောင့်တပ်မှူးဖြစ်သည်။ ကျင့်ကြံဆင့်က မြို့စားမင်းထက် အနည်းငယ်နိမ့်သော်ငြား ဒီလိုအရေးကြီးသည့်အချိန်မှာတော့ အသုံးဝင်နိုင်ပေမည်။

တပ်မှူးယန် ပါဝင်ပြီးနောက်တွင် တိုက်ပွဲအခြေအနေမှာ ချက်ချင်း ဆန့်ကျင်ဘက်အခြေအနေရောက်သွားခဲ့ပြီး ခေါင်းဆောင်ဘုန်းကြီးကို သေလုနီးပါးအထိ ဖိနှိပ်ထားနိုင်ခဲ့သည်။

"ဟေ့ နတ်ဆိုးဘုန်းကြီး၊ ဘာလို့ ခုထိ လက်မလျှော့သေးတာလဲ!" မြို့စားမင်းမူရုန် က အော်ဟစ်လိုက်တယ်။

"ဒကာကြီး ယန်၊ ဘယ်လောက်ကြာအောင် ဖုံးကွယ်ထားချင်သေးတာလဲ?" ဘုန်းကြီး၏မျက်နှာထားက တည်ငြိမ်နေပြီး စကားတစ်ခွန်းက အဓိပ္ပာယ်အပြည့်ပါနေသည်။

တပ်မှူးယန်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး သူက မြို့စားမင်းမူရုန်၏ ကျောပြင်ကို ပစ်မှတ်ထားပြီး ကြေးနီတူဖြင့် ရိုက်ချလိုက်၏။

ဘုန်း!

မြို့စားမင်းမူရုန် လွင့်စင်သွားပြီး အိမ်အတော်များများကို ဖြတ်ကျော်ကာ အပျက်အစီးတွေကြားထဲ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားပြီး ဘေးပတ်လည်တွင် ဖုန်မှုန့်များ တလုံးလုံးထလာတော့သည်။

သူ့မျက်နှာမှာ နာကျင်မှုတွေ ပြည့်နေပြီး ဓားကိုထောက်ကိုင်ကာ ထရပ်ဖို့အတွက်ပင် မနည်းရုန်းကန်နေရတော့သည်။ ထို့နောက် သွေးများနှင့်အတူ အတွင်းဒဏ်ရာရသွားသော ကိုယ်တွင်းအင်္ဂါ အစအနတွေ ရောပြီး အန်ထွက်ကျလာခဲ့၏။

"ယန်၊ မင်း…"

မြို့စားမင်းမူရုန် အံကိုတင်းတင်းကြိတ်ကာ သူ၏ ရဲရင့်ပြတ်သားပြီး သစ္စာရှိသော နောက်လိုက်ကိုစိုက်ကြည့်ရင်း သူ့နှလုံးသားထဲမှာ သစ္စာဖောက်ခံရသော ခံစားချက်ဖြင့် နာကျည်းခါးသက်လျက်ရှိ၏။

ပုံရိပ်နှစ်ခုက လျှပ်တပြက်ပင် သူ့ရှေ့ကို ရောက်လာခဲ့ကြသည်။

"အော်မီထော်ဖော၊ ဒကာကြီး မူရုန်က အရမ်း အံ့အားသင့်နေပုံပဲ။" ဘုန်းကြီးက လက်အုပ်ချီလျက် လှောင်ပြောင်လိုက်သည်။

"မူရုန်ဟိုင်၊ မင်း လေပေါ်တောင်ရဲ့ အထင်ကရဘုန်းတော်ကြီးတွေကို ဆက်ပြီး ဆန့်ကျင်နေမယ်ဆိုရင် ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ မခြားဘူးနော်!" တပ်မှူးယန်က အယောင်ဆောင်မျက်နှာဖုံးကိုဖြုတ်ချကာ စကားဆိုလာသည်။

"မင်းက လေပေါ်တောင်နဲ့ လျှို့ဝှက် ပူးပေါင်းပြီး မြို့စားမင်းတစ်ယောက်ကို သတ်ခဲ့လိုက်မယ်ဆိုရင် ဘုရင့်နန်းတော်ရဲ့ စုံစမ်းစစ်ဆေးရေးကနေ လွတ်မြောက်လိမ့်မယ်မထင်နဲ့!" မြို့စားမင်းမူရုန်က အော်ဟစ်ခြိမ်းခြောက်လိုက်သည်။

"ဟားဟားဟား၊ မင်းက အတော်လေးတုံးအတာပဲ။ လဲ့ရှန်းပြည်ထောင်ကို လေပေါ်တောင်ရဲ့ အတွင်းလူတွေနဲ့ နေရာတကာဖြန့်ကျက်ထားပြီးသား။ ဘုရင်တောင် မတတ်သာဘဲ မျက်ကွယ်ပြုထားရတာ။ မင်းသာ ခေါင်းမာမာနဲ့ ကောင်းကင်ဘုံကိုယ်စား လူစွမ်းကောင်းလုပ်ချင်ပြီး လေပေါ်တောင်သခင်ရဲ့ ကောင်းမှုကုသိုလ်တွေကို လိုက်နှောင့်ယှက်ဖျက်ဆီးနေတာပဲ။ တောင်သခင်သာ အပြစ်မြင်လာရင် လဲ့ရှန်းပြည်ထောင် ဘယ်လိုအန္တရာယ်နဲ့ကြုံတွေ့ရမလဲ မင်းသိလား?"

တပ်မှူးယန်က ရယ်သွမ်းသွေးလျက် စကားဆက်သည်။ "တကယ်တော့ အရင်မြို့စားတွေလည်း‌ ခေါင်းမာလွန်းလို့ ငါ့လက်နဲ့ကိုယ်တိုင် အဆုံးသတ်ခဲ့ရတာပဲ။ ဒါပေမဲ့ အခုချိန်အထိ ဘုရင့်နန်းတော်မှာ ဘယ်သူမှ ငါ့ကိုလာမစစ်ဆေး မမေးမြန်းကြဘူး။ ဘာကြောင့်လို့ မင်းထင်လဲ?"

မြို့စားမင်းမူရုန်တစ်ယောက် ကြောက်လန့်တုန်လှုပ်သွားရသည်။

ဒါဆို ဒီဖြစ်ရပ်တွေအားလုံးက ကြိုတင်စီစဉ်ထားတာဖြစ်ပြီး သူကတော့ မုဆိုးတွေကြားက သားကောင်သက်သက်ပဲပေါ့?

"ဒကာကြီး မူရုန်၊ ဒီဘုန်းကြီးက မင်းကို သတိပေးခဲ့ပြီးပြီ။ ဒါပေမဲ့ မင်းက လေပေါ်တောင်ကို ဆက်ပြီးဆန့်ကျင်ဖို့ဆန္ဒရှိတယ်။ ဒီဘုန်းကြီးအကြောင်း မကောင်းပြောခဲ့တယ်၊ တောင်သခင်ကိုတောင် စော်ကားခဲ့သေးတယ်။ ဒီတော့ မင်းရဲ့ပြစ်မှုတွေက သေဖို့ထိုက်တန်တယ်!"

"မူရုန်ဟိုင်၊ ကိုယ့်ကိုယ်ကို သတ်သေလိုက်။ ဒါက မင်းအတွက် တစ်ခုတည်းသော ဂုဏ်သိက္ခာရှိတဲ့ သေဆုံးနည်းပဲ! နောက်တက်မယ့်မြို့စားက ဒီအဆုံးသတ်ကို မြဲမြဲမှတ်မိနေဖို့ မျှော်လင့်ပါတယ်!"

မထင်မှတ်ထားသော သစ္စာဖောက်ခံရခြင်းကြောင့် မြို့စားမင်းမူရုန်၏ သံမဏိနှလုံးသားမှာ ဆက်လက်တောင့်ခံနိုင်စွမ်းမရှိတော့ပေ။ ဓားကိုင်ထားသော ညာဘက်လက်က အဆက်မပြတ် တုန်ယင်နေပြီး ဓားရှည်ကို လည်ပင်းထက်တင်လိုက်သော် ဓားသွားမှတစ်ဆင့် သွေးများစီးကျလာခဲ့သည်။

သူ ကိုယ့်ကိုယ်ကို သတ်သေတော့မယ့်အချိန်မှာမှ ကောင်းကင်ထက်က မိုးခြိမ်းသံလို အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို ကျယ်ပြန့်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုက သူတို့အားလုံးအပေါ်ကို လွှမ်းခြုံလာပြီး လူတိုင်းဟာ နှလုံးသားအောက်ခြေက စိမ့်တက်လာသည့် အကြောက်တရားကို ခံစားလိုက်ရကြရသည်။ စိတ်ဝိညာဥ်များပင် တုန်ယင်နေသည်ထင့်။

မြို့တစ်မြို့လုံး၊ ဆူညံသံတွေအားလုံး တိတ်ဆိတ်သွားခဲ့၏။

ဘုန်းကြီးအုပ်စုတစ်ခုလုံးလည်း ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မြေပေါ်ပြားပြားဝပ် ဒူးထောက်ချလိုက်ကြ၏။

ဝေလငါးနှင့် ပုံစံတူသည့် သတ္တဝါကြီးတစ်ကောင်၊ တိမ်တိုက်ကြီးလို ပေါ့ပါးကြီးမားသော အတောင်ပံကြီးအား ဖြည်းညင်းစွာခတ်ကာ လေစီးကြောင်းကြီးတစ်ခုကိုသယ်ဆောင်ရင်း ဝင်ရောက်လာခဲ့ခြင်းပင်။

သူ့ပါးစပ်မှ ထွက်ပေါ်လာသော ဟိန်းသံကျယ်ကြီးကား နားမခံသာလောက်အောင် ကျယ်လောင်ပြီး ကောင်းကင်ယံကို ထိုးဖောက်တော့မတတ် ပြင်းထန်၏။

"အဲ့ဒါ၊ အဲ့ဒါက ဘေးဒုက္ခကျော်လွှားခြင်းအဆင့် ဒဏ္ဍာရီလာသားရဲကြီးလား!?"

ခေါင်းဆောင်ဘုန်းကြီးနှင့် တပ်မှူးယန်တို့မှာ ထိတ်လန့်မှုဖြင့် ရေခဲခန်းထဲကျရောက်သွားသလို့ အေးစက်တောင့်ခဲသွားရသည်။

ဘေးဒုက္ခ ကျော်လွှားခြင်းအဆင့်ဆိုသည်မှာ မသေမျိုးအရိပ်အဖြစ် ကိုးကွယ်ခံရသူတွေဖြစ်ပြီး နေနှင့်လကဲ့သို့ တန်ခိုးအာနုဘော်ကြီးမား၏။ ကောင်းကင်ကိုထိုးဖောက်ကာ မဟာပထဝီမြေကြီးကို ကိုင်လှုပ်နိုင်သော အတုမရှိ စွမ်းအားရှင်များပါပေ။

ထိုဒဏ္ဍာရီလာ သားရဲကြီးသာ အလိုရှိပါလျှင် လဲ့ရှန်းပြည်ထောင် တစ်ခုလုံးကို တစ်ပါတည်း မျိုချပစ်နိုင်စွမ်း ရှိပေသည်။

"အားခွင်း၊ အောက်က မြည်းကတုံး တွေကို ဒီသခင့်အတွက် အကုန်စားပစ်ပေးစမ်း။" ခွင်းဖန်းပေါ်မှ လူငယ်တစ်ယောက်၏ အသံထွက်ပေါ်လာခဲ့သည်။

လူတိုင်း မိုးကြိုးပစ်ခံရသလို တောင့်တင်းသွားရ၏။

ဒီဘေးဒုက္ခကျော်လွှားခြင်းအဆင့် သားရဲကြီးက တစ်စုံတစ်ယောက်ရဲ့ စီးတော်ယာဥ်တဲ့လား?

မသေမျိုးအရိပ် အဆင့် စီးတော်ယာဉ်တဲ့လား? ဒါ နောက်စရာမဟုတ်ဘူးနော်!

ခွင်းဖန်းက ချောက်နက်ကြီးလို ပါးစပ်ကြီးကို ဖွင့်ဟပြီး ပြင်းပြင်းထန်ထန် စုပ်ယူလိုက်သည်။

ထိုစုပ်ယူအားက လူအများကို တစ်စွန်းတစ်စပင်မသက်ရောက်စေသည်အား အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ သို့ပေမဲ့ သင်္ကန်းဝတ်ဘုန်းကြီးအုပ်စုမှာတော့ တောင့်ခံနိုင်စွမ်းမဲ့စွာ တစ်ယောက်ပြီးတစ်ယောက် ဝက်လိုအော်ဟစ်ရင်း အစုပ်ယူခံလိုက်ရတော့၏။

"ကယ်ပါ! အကြီးအကဲ၊ ကယ်ပါဦး!" ခေါင်းဆောင်ဘုန်းကြီးသည်လည်း အသည်းအသန်ရုန်းကန်နေပေသည့် အချည်းနှီးဖြစ်စွာ ကြောက်လန့်တကြားအော်ဟစ်ရင်း စုပ်ယူခံလိုက်ရတော့လေသည်။

လူတိုင်း၏ အံ့သြတကြီး မျက်လုံးတွေကြားထဲမှာ တိရစ္ဆာန်တွေလောက်တောင် အဆင့်မရှိသော နတ်ဆိုးဘုန်းကြီးအုပ်စုလိုက်ကြီးသည် ချောက်နက်လိုပါးစပ်ကြီးထဲ အကုန်စုပ်ယူခံလိုက်ရပြီး ခွင်းဖန်း၏ဗိုက်ကြီးထဲတွင် အပြီးတိုင်မြှုပ်နှံခံလိုက်ရတော့သည်။

ခွင်းဖန်းက ကျယ်ပြန့်သော ကောင်းကင်ယံမှာ ပျံဝဲနေပြီး နေလုံးကြီးကိုပင် ကွယ်မိနေတာကြောင့် မြို့တစ်ခုလုံးနီးပါး အရိပ်ကျကာ မှောင်မိုက်နေလျက်။

တပ်မှူယန်မှာ အံ့သြမှုကြောင့် ခန္ဓာကိုယ်ထဲမှ သွေးစီးကြောင်းများ‌ ရေခဲရိုက်ခံလိုက်ရသကဲ့သို့ မလှုပ်မယှက်ဖြစ်နေပေသည့် တဆတ်ဆတ်တုန်ယင်မှုကိုတော့ ထိန်းမထားနိုင်ခဲ့ပေ။

သူဟာ တစ်သက်မကြုံစဖူးသော ကြောက်ရွံ့မှုကို ခံစားလိုက်ရလေသည်!

မြို့စားမင်းမူရုန်သည်လည်း ရင်တုန်စွာဖြင့် တံတွေးတစ်ချက် မျိုချလိုက်ရသည်။ ဒီအခိုက်အတန့်က သူ့ဘဝမှာ ဘယ်တော့မှ မမေ့နိုင်မယ့် မြင်ကွင်းတစ်ခုပါပဲ။

ရွှစ်!

နှစ်ယောက်စလုံး ရုတ်တရက် ခေါင်းတစ်ခုလုံး ချာချာလည်သွားပြီး ပြန်ပေါ်လာသောအခါတွင်တော့ ခွင်းဖန်း၏ ကျောပြင်ပေါ်ကို ရောက်နှင့်နေခဲ့ပြီ။

အပန်းဖြေကျွန်းတစ်ခုလို လှပသာယာသော နေရာတစ်ခုကို သူတို့မြင်လိုက်ရ၏။

ရွှေချည်ထိုး အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်၊ ငွေဖြူရောင် ဆံပင်ရှည်တွေက စည်းနှောင်ထားခြင်းမရှိ ဖြစ်သလိုပြန့်ကျဲနေပြီး ဆံပင်တစ်ချောင်းစီက ကြည်လင်တောက်ပလျက်ရှိသည်။ သူက ကုလားထိုင်တစ်လုံးထက်မှာ ပျင်းတိပျင်းလျော့ထိုင်နေပြီး လက်တစ်ဖက်ဖြင့် မေးကိုထောက်ကာ သူတို့နှစ်ဦးအား ပေါ့ပေါ့ပါးပါး ပြုံးကြည့်လျက်ရှိသည်။

ထိုသူ၏ပတ်ပတ်လည်တွင် မတ်တပ်ရပ်လျက် တရိုတသေ ဝန်းရံလျက်ရှိသော လူအချို့ကိုလည်း မြင်တွေ့ရ၏။

"ပြောပါဦး၊ ဘာတွေဖြစ်နေကြတာလဲ? ဘာလို့ ဒီမြည်းကတုံးတွေက မီးတွေရှို့၊ လူတွေသတ်ပြီး ကလေးတွေကိုလုယက်နေရတာလဲ?"

"အကြီးအကဲ၊ ကျွန်တော်၊ ကျွန်တော်က လဲ့ရှန်းပြည်ထောင်က ဝူမြို့ရဲ့ မြို့စားမင်းပါ။ ခုနက နတ်ဆိုးဘုန်းကြီးတွေကတော့ လေပေါ်တောင်ရဲ့ အစေအပါးတွေပါ။ ဒီတစ်ခါ သူတို့က လေပေါ်တောင် ရဲ့ တောင်သခင်ပျော်ပါးဖို့ မိန်းကလေးငယ် ယောကျ်ားလေးငယ် အယောက်ရှစ်ရာကို ပြန်ပေးဆွဲဖို့အတွက် ရောက်လာကြတာပါ!"

မြို့စားမင်းမူရုန်က ကြောက်စိတ်ကို ထိန်းချုပ်ကာ တည်ငြိမ်စေရင်း လျှောင်တင်လိုက်သည်။

"လေပေါ်တောင်?"

ယဲ့ကျွင်းလင်က မျက်ခုံးပင့်လိုက်သည်။ ဒီနာမည်က လေပေါ်ဘုရားကျောင်းနဲ့ ဆက်စပ်မှု ရှိနေနိုင်လား?

"လေပေါ်ဘုရားကျောင်း ရဲ့ မူရင်းဇစ်မြစ်ကို အသေးစိတ်ပြောပြပါဦး!"

"ဟုတ်ကဲ့!"

ကယ်တင်ရှင်အစ်ကိုကြီး စိတ်ဝင်တစားမေးမြန်းလာတော့ မြို့စားမင်းမူရုန်လည်း အလျင်အမြန် ပြောပြလာသည်။ "လေပေါ်တောင်ကို လွန်ခဲ့တဲ့ နှစ်နှစ်ရာကျော်လောက်က အနောက်ဘက်ဒေသတစ်လျှောက်မှာ တည်ထောင်ခဲ့ကြတာပါ။ အပြင်ပန်းကတော့ ဗုဒ္ဓဘာသာအဖွဲ့အစည်းဖြစ်ပေမဲ့ တကယ်တမ်းကျတော့ နတ်ဆိုးတွေကပဲ ထိန်းချုပ်ထားတာပါ။ ဗုဒ္ဓကို ခုတုံးလုပ်ပြီး မိစ္ဆာနတ်ဆိုးတွေက အသရေဖျက်နေခဲ့တာပါ။ လေပေါ်တောင်ရဲ့ တောင်သခင်က ဝက်ဝံနက်ဝိညာဉ်ပိုင်ရှင်လို့ သတင်းတွေထွက်နေပြီး သူ့လက်အောက်မှာ ဝိဇ္ဇာခန္ဓာပိုင်ရှင်လေးဦး ရှိပါတယ်။ သူတို့အားလုံး နတ်ဆိုးကျင့်ကြံသူတွေဖြစ်ပြီး နတ်ဆိုးနောက်လိုက် လေးသောင်းရှစ်ထောင်ကို ဦးဆောင်ကြပါတယ်။"

"ဒါ့အပြင် ဝက်ဝံနက်ဝိညာဉ်မကောင်းဆိုးဝါးက ဆုတော်ငွေထုတ်ခံထားရတဲ့ ဝရမ်းပြေးတွေကိုလည်း လက်ဦးအောင်လိုက်ဖမ်းပြီး စုဆောင်းပါတယ်။ 'ဓားကိုပစ်ချလိုက်ရင် ချက်ချင်းဘုရားဖြစ်တယ်'ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုပါတယ်။ သူ့ရဲ့ လေပေါ်တောင်ဂိုဏ်းကို ဝင်ရောက်တာနဲ့ နိဗ္ဗာန်မဂ်ဖိုလ်အသိဉာဏ်ကို ချက်ချင်းရနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မကြာသေးတဲ့နှစ်တွေမှာ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ တိုင်းပြည်အသီးသီးက ဘုန်းကြီးအမြောက်အမြားကို ဆွဲဆောင်နိုင်ခဲ့ပြီး လူတိုင်းက လေပေါ်တောင်ရဲ့အရိပ်ကိုခိုလှုံဖို့ စိတ်အားထက်သန်နေကြပါတယ်"

(ဓားကိုပစ်ချလိုက်ရင် ချက်ချင်းဘုရားဖြစ်တယ် - မကောင်းမှုကိုရပ်တန့်လိုက်တာနဲ့ တစ်ဖန်သန့်ရှင်းစင်ကြယ်သွားမယ်)

"နောက်ပိုင်းမှာ နှစ်အနည်းငယ်လောက်ကြာရင် တစ်ကြိမ်ပုံမှန်လောက် လေပေါ်တောင်ကလက်ပါးစေဘုန်းကြီးတွေရောက်လာပြီး မိန်းကလေးငယ် ယောကျ်ားလေးငယ်တွေကို အတင်းအကျပ် လုယက်ခေါ်ဆောင်ပါတယ်။ ကျွန်တော်တို့ရဲ့ လဲ့ရှန်းပြည်ထောင် အပါအဝင် အနောက်ဘက်ဒေသက နိုင်ငံသုံးဆယ့်ခြောက်နိုင်ငံဟာ အမျိုးမျိုးသော ဒုက္ခတွေကို တစ်ချိန်လုံး ခံစားနေခဲ့ရတာပါ။ အထူးသဖြင့် မကြာသေးခင်က လေပေါ်တောင် ၏ရဲ့ လုပ်ဆောင်ချက်တွေက ပိုပြီးရဲတင်းလာခဲ့ပါတယ်။ လေပေါ်တောင်ဘက်ကို ကူးပြောင်းသွားတဲ့ မိစ္ဆာနတ်ဆိုးဘုန်းကြီးအုပ်စုတစ်စုဟာ တောင်သခင်အတွက် အလုပ်လုပ်တယ်လို့ အမည်ခံပြီး နေရာတိုင်းမှာ ထင်တိုင်းကျဲနေကြပါတယ်။ သင်္ကန်းရုံထားပေမယ့် ဗုဒ္ဓအဆုံးအမကို ချိုးဖောက်တဲ့ အလုပ်မျိုးစုံကိုပဲ လုပ်ဆောင်နေကြပါတယ်!"

စကားအဆုံးတွင်...

လီဝူကျယ် ဒေါသတကြီးဖြင့် ဆဲဆိုလာသည်။ "ချီးပဲ၊ ဘုန်းကြီးအရေခြုံထားတဲ့ မိစ္ဆာသားရဲကောင်တွေ!"

ယဲ့ကျွင်းလင်၏ မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ "ဒီလောက် နှစ်တွေကြာခဲ့တာတောင် နိုင်ငံသုံးဆယ့်ခြောက်နိုင်ငံက လေပေါ်တောင်ကို ဒီတိုင်း ပြဿနာရှာခွင့် ပေးထားတာလား? စုပေါင်းပြီး ခုခံဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြဘူးလား?"

လဲ့ရှန်းပြည်ထောင်ဟာလည်း ရှေးအဆက်ဆက်က ကျင့်ကြံရေး နိုင်ငံတစ်နိုင်ငံပါပဲ။ တရုတ်ပြည်မကြီးရဲ့ အဆင့်အတန်းကိုတော့ မမီပေမဲ့ အခြေခံဆိုးတဲ့ထဲတော့မပါပေ။ နိုင်ငံသုံးဆယ့်ခြောက်နိုင်ငံကိုသာ ကြိုးတစ်ချောင်းတည်းလို စုစည်းလိုက်ရင် ဒီအင်အားစုက လေပေါ်ဘုရားကျောင်းကို ပြန်လည်တွန်းလှန်ဖို့ မဖြစ်နိုင်စရာမရှိ။

"အကြီးအကဲခင်ဗျာ၊ ဝက်ဝံနက်ဝိညာဉ်က ဘာလို့ ဗုဒ္ဓအယောင်ဆောင်ပြီးတော့ သူ့ကိုယ်ပိုင်တောင်ကို ထူထောင်ပြီး လေပေါ်တောင် လို့ နာမည်ပေးခဲ့တာလဲဆိုတာ ခန့်မှန်းကြည့်ပါဦး။ အဖြေက ရှင်းနေပြီပဲ!"

မြို့စားမင်းမူရုန်က ခါးသီးစွာ ပြောလာသည်။ "သူတို့မှာ နောက်ခံကောင်းကောင်းရှိနေပါတယ်!"

စာစဉ်ပြီး၏

All Chapters